ကချင်ပြည်နယ်က အမေခေါ်သံကြီး


တစ်လိမ့်ချင်း လှိမ့်တက်လာတဲ့
ကချင်ပြည်နယ်က အနီရောင် လှိုင်းကြီးတွေလေ
လွှတ်တော်ထဲက အစိတ်သားကို
တဝုန်းဝုန်း ရိုက်နေကြပေါ့
မဲစာရင်းသာစစ်ကြ။

အမေခေါ်သံကြီးက ညံလွန်းတော့
စထရိတ်တိုင်းမ်က သတင်းထောက်တောင်
ကြောချမ်းနေသလိုလိုပဲ
မဲစာရင်းသာစစ်ကြ။

"အမေစုရဲ့ ပူတူတူးလေးတွေ
မင်းတို့အမေစု အုပ်ချုပ်တော့ရော နိုင်ငံက
ရုတ်တရက်ကြီး ချမ်းသာလာမှာတဲ့လား
"
ဟဲ ဟဲ ဟဲ
အဲသလိုတော့ မနောက်ကြေးလေဗျာ
နိုင်ငံရဲ့ စီးပွားရေးမှာ နတ်ရေကန်မှ မရှိတာပဲ
မဲစာရင်းသာစစ်ကြ။ ။


ဇင်ဝေသော်





ဝန်ခံတာ၊ မခံတာကလွဲရင်


မဘသကို ရာနှုန်းပြည့်လည်း မထောက်ခံခဲ့ဘူး၊ ရာနှုန်းပြည့်လည်း မကန့်ကွက်ခဲ့ဘူး။ သမိုင်းကို သမိုင်းအနေနဲ့ပဲ ကြည့်တယ်။
တရုတ်ပြည်၊ မော်စီတုံးနဲ့ တိန်ရှောက်ဖိန်ကြားက သမိုင်းအကူးအပြောင်းကို မဘသထဲက ညီတော်တွေ (နောင်တော်တွေ မပါ) ဖတ်စေချင်တယ် (အကြံပြုတာပါ)။
မြန်မာ့နိုင်ငံရေး ကူးပြောင်းနေပုံဟာ ဒီမိုကရေစီ ဝန်ခံတာ၊ မခံတာကလွဲရင် တရုတ်နဲ့ ၈၀ ရာခိုင်နှုန်းကျော်တူတယ်။

မချစ်လို့ကတော့ မန်ယူရှုံးလည်း မောင်ရဲထွဋ်ကြောင့်ပဲ။ ဟဲဟဲ။


စောစောက မသိခဲ့ဘူး၊ ချယ်လ်ဆီးတွေက နောက်နေကြတယ်ပဲ ထင်နေတာ။ တကယ် ဦးရဲထွဋ်ကလည်း မန်ယူတဲ့ဗျာ။ သိတဲ့နေ့ အာဆင်နယ်ကို ရုပ်ပျက်ဆင်းပျက် ရှုံးတော့တာပဲ။ ကံမကောင်းလိုက်ပုံတော့။
လူချစ်အောင်နေဖို့ အရေးကြီးတယ်။ မချစ်လို့ကတော့ မန်ယူရှုံးလည်း မောင်ရဲထွဋ်ကြောင့်ပဲ။ ဟဲဟဲ။ လာမတားကြနဲ့။

ဘဝချင်းတူလို့ ပိုယုံတယ် (၂)


(ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်)

သီရိလင်္ကာကျောင်းမှာ မြန်မာရဟန်း ကျောင်းထိုင်ဖြစ်လာတော့......
သီဟိုဠ်ဖက်ကလည်း ဒီကျောင်းမှာ သီရိလင်္ကာရဟန်း ရှိမှာမဟုတ်တော့ဘူး။
စလုံးဒကာ၊ ဒကာမတွေကလည်း မြန်မာနိုက်ဇ် (မြန်မာ့ယဉ်ကျေးမှုအသွင် လုံးလုံးလျားလျား) ဖြစ်သွားပြီး မြန်မာတွေနဲ့ ပြည့်သွားလေမလား။
မြန်မာတွေဖက်ကလည်း မြန်မာအက်တီဗီတီတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတော့မယ်၊ (မြန်မာကိုယ်တော်တွေ ခေါ်ထားကွာ) စတဲ့ သံသယ ဆန်တဲ့ အတွေးတွေ၊ စကားတွေ ရှိနေခဲ့တယ်။

ဒေါ်စု အာဏာရသွားရင် သူမလက်ခံ ယုံကြည်တဲ့ လစ်ဘရယ်ဒီမိုကရေစီ စတာတွေကြောင့် မြန်မာရဲ့ ရှိရင်းစွဲ လက်ခံယဉ်ကျေးမှု စတာတွေ ပေးဆပ် ရလိမ့်မယ်၊ နိုင်ငံ ကမောက်ကမဖြစ်သွားလိမ့်မယ်ဆိုတဲ့ သံသယတွေနဲ့ ဆင်တူမနေဘူးလာ။
******************************************************************
ဒါနဲ့ သီဟိုဠ်ရဟန်းတစ်ပါး ဒီကျောင်းမှာ ရှိကို ရှိနေရမယ်၊ ဒါပေမဲ့ အဲဒီ ရဟန်းဟာ မိမိထက် ဝါ ငယ်နေရမယ် လို့ ကော်မတီကိုပြောပြီး သီဟိုဠ် ရဟန်းငယ်ရှာကြတော့ လက်ရှိ ဘန္တေ သီလာနန္ဒကို ရခဲ့ကြပါတယ်။ ကံကောင်းတော့ သီလာနန္ဒက ရာမညဂိုင်းကဖြစ်နေပြီး သူ့ဆရာဆိုရင် မြန် မာပြည်မှာ အကြာကြီးနေပြီး ပဌာန်း သင်ယူခဲ့သူမို့ မြန်မာစကားတောင်ေ တ်ာတော်ပြောနိုင်ပါတယ်။ သီဟိုဠ်သားပေမဲ့ သူက မြန်မာသွေးနဲ့ စပ်နေတော့ ပွဲဦးထွက် ကံကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်စေ သီဟိုဠ်ဖက်က သံသယတွေကိုတော့ ချေဖျက်နိုင်ခဲ့တယ်။

သိပ်မကြာခင်မှာဘဲ မြန်မာပြည်မှာ ရဟန်းဖြစ်လာတဲ့ စင်္ကာပူရီးယန်းရဟန်း ဘန္တေရာဇ က သူ ဒီကျောင်းကို ပြန်လာချင်တယ်လို့ ဆိုလာပြန်ပါတယ်။ သီဟိုဠ်ဆရာတော်တွေလက်ထက်မှာ ပြန်လာဖို့ သူ့အတွက် အခက်အခဲ ရှိပေမဲ့ မိမိကတော့ သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ သူ့လုပ်ပိုင်ခွင့် နယ်ပယ်ကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်တယ်။ Express yourself ပါပဲ။ ဒီတော့ စလုံးတွေကလည်း ဒီမြန်မာရဟန်းက အမြင် မကျဉ်းဘူးဆိုတာကို လက်ခံလာကြတယ်။

"မင်းကျောင်းထိုင်ဖြစ်နေပြီပဲ မြန်မာကိုယ်တော်တွေ အများကြီး လက်ခံ ကွာ၊ မြန်မာပွဲတွေလုပ်ကွာ" စတဲ့ အားပေးစကားတွေကတော့ ကျေးဇူးတင်ဖို့ကလွဲပြီး လက်တွေ့ လုံးဝ အကောင်အထည်ဖော်လို့ မရတဲ့ စကားတွေပါပဲ။ ဒါကြောင့် ကျောင်းရဲ့ လက်ရှိတန်ဖိုးတွေနဲ့ သဟဇာတဖြစ်ပြီး လူဦးရေ ရာဂဏန်းသာရှိ၊ သာသနာ အတွက်လည်း ရေရှည် ပိုခိုင်စေတဲ့ အဘိဓမ္မာသင်တန်း၊ အဘိဓမ္မာစာမေးပွဲ၊ ကလေးယဉ်ကျေးမှု သင်တန်းတွေကိုသာ လက်ခံထားလိုက်ပြီး လူဦးရေ ထောင်ဂဏန်းအထိရှိတဲ့ နိုင်ငံကျော်၊ မကျော် ဓမ္မကထိကတွေရဲ့ တရားပွဲတွေကို (ပြောချင်ရာပြော ကြ၊ မျက်စေ့မှိတ်ပြီး) လုံးဝ ရပ်ဆိုင်း လိုက်ပါတယ်။ ယဉ်ကျေးမှု ဟန်ချက်၊ လူဦးရေဟန်ချက်ကို မျက်စေ့မှိတ်ပြီး ညှိယူလိုက်ပါတယ်။

ဒေါ်စုမှာကော နိုင်ငံတော်ရဲ့ မူလယဉ်ကျေးမှု အဓိက အမွေအနှစ်တွေကို မထိခိုက်စေဘဲပြောင်း လဲယူနိုင်တဲ့ မဟာဗျူဟာတွေ ရှိမနေနိုင်ဘူးတဲ့ လား။
ပြောင်းလဲမှုဆိုတာ့ ပညာပါတဲ့ အပေးအယူ၊ အလျော့အတင်း လုပ်ယူခြင်း ပါ။
အဓိက တန်ဖိုးကြီးတွေ ဖြစ်မနေရင် ပြီးတာပါပဲ၊ ပေးတော့ပေးရပါတယ်။

သံသယလောက်နဲ့လည်း ဒေါ်စုကို မစွပ်စွဲချင်ပါ။
တီးတေတူးလိုလည်း ခြေထောက်ထောင် မအိပ်ချင်ပါ။

ဆက်ရန်
ဇင်ဝေသော်

မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျေးဇူးဂုဏ်များကို ပို၍ပို၍ အောက်မေ့နေမိပါသည်


ယခုရက်တွေအတွင်း မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျေးဇူးဂုဏ်များကို ပို၍ပို၍ အောက်မေ့နေမိပါသည်။ အမှန်မူ မိမိသည် ဂန္ဓာရုံမှာ မနေဖူး၊ ကျမ်းစာအုပ်များဖြင့်သာ ဆရာတော်ကြီးကို သိခွင့်၊ ကြည်ညိုခွင့်ရခဲ့ပါသည်။ ဘုရားရှင်ကို လူကိုယ်တိုင် မဖူးမျှော်ရဘဲ ဆရာတစ်ဆူအဖြစ် တင်ထားရသလို ဆရာတော်ကြီးကိုလည်း ဆရာတင်ချင်ရင် ရတာပဲလေဆိုပြီး တစ်ဖက်သတ် ဆရာတင်ထားလိုက်မိခြင်းမျှသာ။ အကယ်၍ ဆရာတော်ကြီးသာ သက်တော် ထင်ရှား ရှိနေဦးမည်ဆိုလျင်................
တိကျ ပြတ်သားသော ဩဝါဒတစ်ခွန်း .............

ပစ္စည်းတူ၊ ဈေးတူ၊ရင် ပြန်လာအားပေးပါ


ဟိုတနေ့က ညီအကို နှစ်ယောက် ဆွမ်းစားလာပင့်တယ်။
"....ရက်၊ တနင်္ဂနွေနေ့၊ နေ့ဆွမ်းပင့်ချင်လို့ပါဘုရား"
"ဒီမှာ သင်တန်းတွေနဲ့ မအားလို့ တနင်္ဂနွေ နေ့ဆွမ်းတော့ ငါတို့ လိုက်လို့ မရဘူး၊ စနေနဲ့ တနင်္ဂနွေ အာရုံဆိုရင်တော့ ကြွတယ်"
ခဏ တိတ်ဆိတ်သွားတယ်။



"တပည့်တော်တို့ အဒေါ်က အဝေးကြီးက လာရမှာဆိုတော့ အာရုံဆွမ်းက သိပ်အဆင်မပြေဘူးဘုရား"
"အေးပေါ့၊ ဟုတ်နိုင်တာပေါ့"
"တပည့်တော်တို့ တိုပါးရိုးကျောင်းကြီးကို ဆက်သွယ်ကြည့်ပါအုံးမယ်ဘုရား"
"ဆက်သွယ်ကြည့်ပေါ့ကွ၊ သူတို့က သံဃာများတော့ ရနိုင်ပါတယ်"
"တင်ပါ့ဘရား၊ ဒါနဲ့ တခြားကျောင်းတွေက မရရင်တော့ ပြန်လာခွင့် ပြုပါ ဘုရား၊ ရက်ကလေး မှတ်ပေးထားပါအုံး"

နောက်ချင်တဲ့စိတ်က အလိုလိုပေါ်လာတာနဲ့
"ရပါတယ်၊ ဈေးတူ၊ ပစ္စည်းတူရင် ဒီကို ပြန်လာအားပေးနော့်"
ဝါး ဟား ဟားဟား ဟား။ (အတော်ကြာတယ်၊ အရှိန်သတ်လို့ မရကြဘူး။)

"ဒါနဲ့ အာရုံဆွမ်းက ဘယ်အချိန်လဲဘုရား"
"ငါတို့ အာရုံဆွမ်းက ၇ နာရီခွဲ အစောဆုံးပါ"
"ဟာ ဒါဆို အဆင်ပြေပါတယ် ဘုရာ့၊ တပည့်တော်တို့က ၅ နာရီ ၆ နာရီ ထင်နေလို့ပါ ဘုရာ့"
အတိုချုပ်တော့ ကုသိုလ် အရောင်းအဝယ် တည့်သွားကြတယ်ပေါ့လေ။

အမှာ တစ်။ ဓါတ်ပုံနဲ့ စတေးတပ် လုံးဝမဆိုင်ပါ။ ဖဘမှာ မဆိုင်လည်း တင်လို့ရပါတယ်။
အမှာ နှစ်။ စီးပွားရေးနဲ့ အားကစားသတင်းတွေပါတဲ့ စထရိတ်တိုင်းမ်၊ အပိုင်း စီ ကို လုံးဝကောက်မကိုင်ပါ။

သီဟနာဒ

ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်


လောကုတ္တရာ တရားပွဲမှာ
သာဓုခေါ်သံတွေ ရပ်ဝန်းတစ်ခုဆီ ညီတူ
ဦးတည် ပျံ့လွင့်သွားရဲ့။

လောကီ တရားပွဲမှာ
လက်ခုပ်သံတွေ ရပ်ဝန်းတစ်ကွဲစီဆီ ကွဲပြားစွာ
ဦးတည် ပျံ့လွင့်သွားရဲ့။

မှားသူမရှိ မှန်သူမရှိ
ဘယ်ဆီကိုပဲ ပြန့်ပြန့်
ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်
နေရာသာ မမှားကြေး။ ။

သီတဂူဆရာတော်


သီတဂူဆရာတော် သုတ္တန်၊ အဘိဓမ္မာတရားဟောရင် (ဘုရားဟောကို ရှင်းလင်းအောင် ဟောပြတတ်လို့) နာတတ်ပါတယ်၊ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေးတရားတွေကိုတော့ ပုထုဇဉ်ဟာ (ဆရာတော်ဖြစ်ဖြစ်၊ ဟားဘတ် ပါမောက္ခဖြစ်ဖြစ်) နယ်ပယ်နှစ်ခုကို ပညာရှင်ဆန်စွာ မနိုင်နင်းဘူး ယုံကြည်လို့ တခုတ်တရ မနာဖြစ်ပါ။ တရားနာမယ့်အစား ဟန်တင်တန်၊ ကစ်ဆင်းဂျား၊ ဖူကူယားမားတို့ စာအုပ် တွေကိုပဲ ဖတ်ပါတယ်။ ကြည်ညိုပါတယ်။ မဆဲကြေး။

ခက်တော့လည်း အခက်သား


ခက်တော့လည်း အခက်သား။ ကိုယ်ကလည်း မန်ယူကို ချစ်၊ ဦးသိန်းစိန်ကို ချစ်၊ ဒေါ်စုကို ချစ် (ဒေါ်စုကိုတော့ လေးစား၊ မြတ်နိုး၊ နားလည်၊ အထင်ကြီး၊ အားကိုး စသည် စသည် ပေါ့လေ၊ စုံလို့) တာကလွဲရင် ဦးဘူးလက်ကြီးကို လည်း မမုန်း၊ ဦးရဲထွဋ်ကိုလည်း မမုန်း၊ (တကယ်လို့ စစ်တပ်ထဲ စောစော စီး စီးရောက်မသွားရင် ဦးလှဆွေနဲ့ ဦးရဲထွဋ်က သူတော်ကောင်းကြီးတွေေ တာင် ဖြစ်ခွင့်ရမှာလို့ စတေးတပ် ရေးဖူးတယ်။)
ဦးဌေးဦးကိုတော့ မမုန်းပေမဲ့ လက်ရှိနေရာနဲ့ မတန်လှဘူး၊ ဦးသိန်းစိန် လူရွေးမှားတာလို့ ထင်တယ်။ (သူ့ကိုဆော်ထားတဲ့ ဆောင်းပါးလည်း နှစ်ခါ ဆို ထောင်ဂဏန်း ရှယ်ထားကြ) ဖြစ်နေတာ။
ဦးအောင်မင်းဆို သူ စင်္ကာပူကို မလာခင်လေးတင် ကပ်ပြီး "နေကြော်တဲ့ ပဲကြီးလှော်" ဆောင်းပါး ချစ်စနိုးရေးတင်လိုက်လို့ (အဲ့ ဆောင်းပါး ကလည်း ပေါက်တယ်) "ဇင်ဝေသော် ရေးထားသလို ကျနော်က တရုတ်ကြောက်တဲ့လူ မဟုတ်ပါဘူးလို့တောင် (မလုံမလဲ တရုတ်ပြည်ဖက် မျက်နှာလှည့်ကြည့်ရင်း) ပြောခဲ့သေးတယ်။

ကဲ ဘယ်သူ့ကို ဘာအတွက် မုန်းနေရမှာတုန်း။
ဓမ္မဂင်္ဂါစကားနဲ့ပြောတော့ ဘဝက တိုတိုလေး၊ အလွမ်းက အရှည်ကြီး။

ဒါက တို့ အနာဂတ်လေ


မဘသကို ထောက်ခံပေမဲ့ စာလည်းဖတ်၊ အစွန်းလည်းမရောက်၊ သိမ်မွေ့စွာ ကွဲလွဲတတ်တဲ့ ညီငယ်ရဟန်းတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....
ရိုးသား၊ ကြိုးစား၊ မသိတာရှိရင် ရဲရဲဝန့်ဝန့်မေး၊ အကြံတောင်း၊ သူတို့ သဘော မတူတဲ့ စတေးတပ်တင်ရင် ငြိမ်ငြိမ်လေး ရှောင်သွားတတ်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ သားသမီးတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....ကို ဝမ်းသာမိတယ်။
အထူးသဖြင့် နိုင်ငံတော်အတွက် ပိုဝမ်းသာတယ်။ ဒါက တို့ အနာဂတ်လေ။