လူရှင်းရတဲ့ နတ် အငြင်းပွားမှု အပြီး အဘိုး ဦးဘခင် နဲ့ ပတ်သက်တဲ့ ပြုံးစရာလေးတွေကို ဖောက်သည်ချ ချင်လာပါတယ်။ အဖေ ကကို တတိယ ဂျင်နရေးရှင်း ဖြစ်နေတော့ ဝေးတော့ ဝေးလှပါပြီ။ ရွာမှာတောင် ဒီအကြောင်း သိသူ မီသူက သိပ် မရှိတော့ မှတ်မိသမျှ လေးတွေကိုပဲ ပြန်ရေးလိုက်မိပါတယ်။
" အဘိုး ရွှေတိဂုံ ဥက္ကဋ္ဌ ဖြစ်တာ လက်ဝှေ့ ကြောင့်လို့ ပြောရင် ရတယ်ကွ....................."
"မာစတာက သက်လုံ ပိုကောင်းတယ်"
မောင်ဘခင်က ငယ်ငယ်ကတည်းက မြန့်မာရိုးရာ လက်ဝှေ့ကို ကောင်းကောင်း တတ်တယ်။ လူကလည်း တုတ်တုတ် ခိုင်ခိုင်ပဲ။ ဂျပန်ခေတ်၊ ဂျပန်တွေရွာထဲ ဝင်လာချိန် ဘခင်တို့ ကာလသားတွေက ကောက်ရိုးပုံပေါ်မှာ နပမ်းလုံးနေကြတယ်။ ဂျပန်တွေကို မြင်တော့ တစ်ချို့ကထွက်ပြေးတာပေါ့။ ဂျပန်က မပြေးနဲ့ သူလည်း အသန်ဆုံးရွာသားနဲ့ နပမ်းလုံးချင်တယ် လို့ ပြောသတဲ့။ ဒီတော့ လက်ညှိုးတွေက ကာလသား ခေါင်း ဘခင် ဆီကိုပေါ့။
ဒီလိုနဲ့ နပမ်းပြိုင်ကြရော။ မောင်ဘခင် ကပဲ ပြိုင်တိုင်း နိုင်နေတယ်။ သဘောကောင်းတဲ့ ဂျပန်က စိတ်မတိုဘူး။ တစ်ခုရှိတာက သူရှုံးတိုင်းထပ်ထပ် စိန်ခေါ်တာ။ အိမ်ပြန်လို့ မရဘူး။
ဒါကိုသိတဲ့ မောင်ဘခင်က မသိမသာလေး အရှုံးပေးလိုက်တယ်။ သူတို့ခေတ် မဟုတ်လား။ ဒီတော့မှ ဂျပန်ဗိုလ်က
" ဘူးရမား က သန်တယ်။ မာစတာလောက် သက်လုံ မကောင်းဘူး။ ဒါကြောင့် နောက်ဆုံး အချီမှာ ရှုံးရတာ၊ သက်လုံကောင်းအောင် မာစတာ သင်ပေးဦးမယ် " တဲ့။
ဘာပဲပြောပြော မောင်ဘခင် အိမ်ပြန်ခွင့် ရသွားတယ်။
"လက်ဝှေ့ ချန်ပီယံ ( သို့ ) ပဲလှော်စားနေတဲ့ အညာသား"
ခေတ်အမြင်ရှိတဲ့ မောင်ဘခင် ဟာ တစ်ရွာမပြောင်း သူကောင်း မဖြစ်ကို ယုံတယ်။ ဆွေမရှိ၊မျိုးမရှိ ရန်ကုန်ကို တက်သွားတယ်။ ဖြစ်ရိုး ဖြစ်စဉ် အတိုင်း ဘုန်းကြီးကျောင်းမှာ ကပ်နေတာပေါ့။
သူ့ ဘဝ အချိုးအကွေ့ ကတော့ လက်ဝှေ့ပွဲ ဝင်ကြည့်မိရာက စခဲ့တာပါ။ စိန်ခေါ် အလွတ်ထိုးပွဲမှာ စဉ်ပေါ်က ချန်ပီယံကို ယှဉ်ရဲသူ မထွက်လာဘူး ဖြစ်နေတယ်။ ချန်ပီယံ ကလည်း လက်ရုံး လက်မောင်းတွေ ပြလို့ပေါ့။ ပဲလှော်ဝါးရင်း တစ်ယောက်တည်း
" ဒီကောင်ကွာ ငါတက် ထိုးလိုက်ရ " လို့ ညည်းမိရာက ဘေးလူက ကြားသွားပြီး
" ညီလေး တကယ် ချမလား၊ အကိုတို့လည်း ဒီကောင့်ကို ကြည့်မရဘူး။ မယှဉ်နိုင်လို့သာ၊ ဒီကောင်က ဗမာ မစစ်ဘူး၊ အဖြူစပ် "
" သူနဲ့ တကယ် တက်ထိုးလို့ရသလား "
" ရတာပေါ့၊ လာ၊ ကြိုးဝိုင်း ဒိုင်ဆီ သွားမယ် " ဆိုပြီး လူငယ် တစ်စုက ဝိုင်းတင်ပေးလိုက်ကြတယ်။ အဲဒီ အချိန်မှာ သူ့ခါးပိုက်ထဲက ပဲလှော်တွေ မကုန်သေးဘူး။
ဒါနဲ့ပဲ ချန်ပီယံ ကို စိန်ခေါ်တဲ့ ပဲလှော်စားနေတဲ့ အညာသား တို့ ပွဲ ဖြစ်သွားတော့တယ်။ သူ ထိုးဖြစ်တဲ့ အဓိက အကြောင်းကတော့ ငွေ ပြတ်နေတာရယ်၊ ဒီကောင်က ဗမာ မစစ်ဘူး၊ အဖြူစပ် ဆိုတာ ရယ်ပါ တဲ့။
ချန်ပီယံ ကလည်း ချန်ပီယံ ပဲ မဟုတ်လား။ ပွဲအဖြေက သရေ လို ဖြစ်နေတယ်။ အဖြေကို ရူးရူး မိုက်မိုက် ရှာတာကတော့ အညာသားပဲ။ အရပ် အမောင်း နဲ့ ပညာမှာ ချန်ပီယံက သာတယ်။ လက်သီး ပိုပြင်းတာက အညာသား။
အနာခံ ဝင်တိုးပြီး အညာသားက လက်သီး နှစ်လုံးချင်း လဲ ပစ်လိုက်တယ်။ " ငါလည်း မူးနောက်သွားတာ ပဲ " အဘိုးခင်က ပြန်ပြော တယ်။ ချန်ပီယံ ကတော့ ဒုတိယ လက်သီးချက် အပြီး ထကို မထ နိုင်တော့တာ တဲ့။
ဒီလိုနဲ့ ပဲလှော်စားနေတဲ့ အညာသား ဟာ ချန်ပီယံ ဖြစ်သွားတော့တယ်။
"ရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ"
အဲဒီနောက် လူလည်း အထိုက်အလျောက်သိ၊ ဩဇာရှိတဲ့ ဆရာတော်တွေကလည်း သဘောကျ၊ ဆက်ဆံရေလည်း ပြေပြစ်၊ အရည် အချင်းလည်းရှိတော့ ရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ အဖြစ် တင်မြှောက်တာ ခံရတယ်။
ဦးသန့်အတွက် မြန်မာက ဂုဏ်ယူသလို ရွာကလည်း အဘိုးခင် အတွက် ဂုဏ်ယူမဆုံးကြဘူး။ ဒီလိုနဲ့ ပဲလှော်စားနေတဲ့ အညာသား ဟာရွှေတိဂုံ ဂေါပက ဥက္ကဋ္ဌ ဖြစ်ခဲ့ရပြန်တယ်။
"သူ့ အဖေ ပစ္စည်း သူ့ သားက ယူတာပဲ"
တစ်နေ့တော့ ရွှေတိဂုံ ဩဝါဒါစရိယ ဆရာတော် တစ်ပါးက ဘုရား ခြေတော်ရင်းက ပန်းအိုး ကြီး တစ်လုံးလောက် သူ့ ကျောင်းအတွက် လိုချင်တယ်လို့ မိန့်ပါ သတဲ့။ ဂေါပက ဥက္ကဋ္ဌ ဒုက္ခ ရောက်တာပေါ့။ ဆရာတော် ကိုလည်း မငြင်းချင်၊ ဘုရား ပစ္စည်း လက်လွှဲပေးလို့ကလည်း တာဝန် မကင်း၊ ဒါနဲ့
" တပည့်တော် တာဝန်ကျတဲ့ အချိန်မှာ မြင်းလှည်းနဲ့ လာသာ တင်ယူသွားပါ၊ ဘယ်သူ့ကိုမှလည်း ဘာမှ အမိန့်မရှိပါနဲ့။ အရှင် ဘုရား ကိုယ်တိုင် မြင်းလှည်းပေါ်မှာတော့ ပါမှ ဖြစ်မယ် ဘုရား " တဲ့။
ညနေ စောင်းတော့ မြင်းလှည်းနဲ့ လာတင်တယ်။ ဦးဘိုးခင်ကလည်း ကြည့်နေတယ်။
ဂေါပက အစည်းအဝေးမှာ ဒီကိစ္စ ပြောကြတော့တာပေါ့။ ဦးဘိုးခင် တာဝန်။ သူ့ မျက်စေ့အောက်မှာ ဖြစ်သွားတာ စသည်ပေါ့။ ဒီတော့ စကားတတ်တဲ့ အညာသားက
" ကိုရင်တို့၊ ကျုပ်တို့ ဂေါပက ဆိုတာ မပျက်စီးဖို့ပဲ စောင့်ရှောက်ရတာပါ။ သူ့ အဖေ ပစ္စည်း သူ့ သားက လာယူတာကို တားပိုင်ခွင့် မရှိလို့ ဘာမှ မပြောသာ၊ ကြည့်လို့သာ နေလိုက်ရပါတယ် " ဖြေသတဲ့။
ဘုရားနဲ့ ရဟန်းက သား အဖ ။ ဂေါပက က လူ၊ တစိမ်းတရံ သက်သက် မဟုတ်လား။
ဒါတွေ အထဲမှာ နမ်းစား နမ်းစေ ကတော့ ရေပမ်း အစားဆုံး အဘိုးခင် ရဲ့ ဖြတ်ထုံးပါ တဲ့။

ဇင်ဝေသော်
Post a Comment