သာရေး နာရေး၊ လွမ်းတာနဲ့ ဝမ်းစာ

မနေ့က အဖွားကြီးတစ်ယောက်ရဲ့ ဈာပန ကို သွားခဲ့ရတယ်၊ ရေစက်ချလို့အပြီး ယူလော်ဂျီတွေ ပြောကြတဲ့ အထဲမှာ သွားလေသူရဲ့ မြေးမကလေးနဲ့ သူမကို အနီးကပ် စောင့်ရှောက်ခဲ့ရတဲ့ အိမ်ဖော်မလေးလည်း ပါဝင်ခဲ့တယ်။

ထူးဆန်းတာက မြေးမလေးက မျက်ရည်လည်း မကျ ဘာမှလည်း ထူးထူးခြားခြား မခံစားရသလို ပြောသွားခဲ့ပေမယ့် အိမ်ဖော်မလေးကတော့ ဝမ်းနဲ တကြီးငိုနေတာနဲ့ ယူလော်ဂျီတောင် ကောင်းကောင်း အဆုံးမသပ်နိုင်ဘူး။

ဘာမှမဟုတ်ပေမယ့် စဉ်းစားစရာတွေတော့ အများကြီးပဲ။ မြေးမလေးက အမှန်တကယ် တည်ငြိမ်တာလား၊ အိမ်ဖော်မလေးက အဖြစ်သည်းတာလား။ မဆုံးခင်မှာ သွားလေသူနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူ့ ဒုက္ခကို နားလည်နိုင်တာက မြေးမလေးလား၊ အိမ်ဖော်မလေး လား။

လူနာဆုံးသွားရင် ကျမလဲ အလုပ်ပြုတ်သွားပြန်ပြီလို့ တစ်ခါက အိမ်ဖော်မလေးတစ်ယောက် ပြောခဲ့တာက မဆီမဆိုင် ခေါင်းထဲ ဝင်လာသေးတယ်။

အရင်က ရှုပ်ပြီးသား ဘဝထဲ ခေတ်သစ် လူနေမှုစနစ်ဖြစ်တဲ့ အချိန်ပါးလျမှု၊ မနေမနား ရုန်းကန်နေရမှု ( ကြွက်ပြိုင်ပွဲ-rat-race ) ထည့်လိုက်တော့ သံယောဇဉ် အထူ အပါး နဲ့ နေရာ အထားအသိုတွေလည်း လွဲသွားနိုင်တာဘဲ မဟုတ်လား။

ရေးတတ်ရင် ဝတ္ထု တစ်ပုဒ်ပါဘဲ။ နေရေး သေရေး။ သာရေး နာရေး။ လွမ်းတာနဲ့ ဝမ်းစာ။ ဘဝ ထိုထိုတို့သည် .....................


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment