A-Z ဗုဒ္ဓဘာသာအကြောင်း (၁)
ပထမဆုံးအမှာစကား ပြောချင်ပါတယ်။ A Guide To Buddhism A to Z စာအုပ်က S- Dhammaki ဆိုတဲ့ သြစတေးလျ ရဟန်းတော်တစ်ပါး ရေးတဲ့စာအုပ်ပါ။ အက္ခရာစဉ်အလိုက် ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဝေါဟာရ၊ ထင်ရှားတဲ့ဆရာတော်၊ လူပုဂ္ဂိုလ်တွေကို အရင်းပြုထားတာပါ။ အက္ခရာစဉ်မှာ အင်္ဂလိပ်အက္ခရာအတိုင်းစဉ်ထားတာမို့ ကခဂဃင နဲ့တော့ သွားလို့မရတော့ပါဘူး။ A ဆိုရင် အဘိဓမ္မ၊ အဘိဓမ္မာ ပိဋကတ်စတာတွေနဲ့ ဖွင့်ဆိုသွားပါတယ်။ သိပ်သိပ်သည်းသည်းရှိပြီး ကျမ်းညွှန်းလည်တိကျလို့ ရှိသင့်တဲ့စာအုပ်လို့ ထင်ပါတယ်။
            ဒီစာအုပ်ထဲက မြန်မာတွေသိသင့်တယ် ထင်တာလေးတွေကို မျှဝေသွားဖို့ ဆန္ဒရှိပါတယ်။ အက္ခရာစဉ်ဆိုတော့ မတတ်နိုင်တော့ဘူး။ Abortion နဲ့ပဲ စလိုက်ပါရစေတော့။
Abortion (ကိုယ်ဝန်ဖျက်ချခြင်း)
            ပါဠိလို “ဂဗ္ဘပတန” လို့ ရှိပါတယ်။ ဒီကိုယ်ဝန်ဖျက်ချခြင်းဟာ ရှေးခေတ်ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ ခွဲစိတ်လို့ဖြစ်စေ၊ ကိုယ်ဝန်ကို ပျက်ကျစေအောင် ပြင်းပြင်းထန်ထန် ခါရမ်းခြင်းဖြင့်ဖြစ်စေ၊ ဆေးဝါးစသည် သုံးစွဲစေခြင်းအားဖြင့်ဖြစ်စေ ကိုယ်ဝန်ကိုကျစေနိုင်ပါတယ်။
            ဗုဒ္ဓဘာသာအရ ကိုယ်ဝန်တည်လိုက်သည်နှင့်တပြိုင်နက် သတ္တဝါက အသက်ရှိပြီမို့ ပါဏာတိပါတကံရောက်ပါတယ်။ ဇာတ်တော်များအရ ကိုယ်ဝန်ဖျက်ချခြင်းအားဖြင့် မကောင်းတဲ့ဘုံဘဝတွေမှာ မွေးဖွားစေနိုင်ပါတယ်။ ( ဇာတက- ၅၊ ၂၆၅) ရဟန်းသီလရှင်များ ဤကိစ္စကို မပြုလုပ်မိစေဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ( ဝိနယ ၁၊ ၁၁)
            အချို့အခြေအနေများမှာ မိခင်ရဲ့အသက်ကို ကာကွယ်ဖို့ ကိုယ်ဝန်ကိုမလွဲမရှောင် ဖျက်ချရခြင်းလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အရှက်ကိုကာကွယ်ဖို့နဲ့ ကလေးယူဖို့ အဆင်သင့် မဖြစ်သေးခြင်းစတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၏ ရှုထောင့်အရ လွန်စွာကျိုးကြောင်းမညီညွတ်တဲ့ ဆင်ခြေများဖြစ်ပါတယ်။
            ကိုယ်ဝန်ဖျက်ချခြင်းသည် သီရိလင်္ကာနှင့် မြန်မာနိုင်ငံတွင် တရားဥပဒေနှင့်ဆန့်ကျင်ပြီး၊ ထိုင်းနိုင်ငံမှာတော့ တရားဥပဒေနဲ့ ညီတယ်လို့ သိရပါတယ်။
AJHAN CHAH- (အဂျန်ချာ)
            အဂျန်(အရှင်နှင့်တူမည်) ချာဟာ (၂၀) ရာစုမှာ အထင်ရှားဆုံး ကမ္မဌာန်းနည်းပြဆရာတော်တစ်ပါး လို့ပြောရင် ရကောင်းရပါတယ်။ ၁၉၁၈-ခု ထိုင်းနိုင်ငံမှာ မွေးဖွားတော်မူခဲ့ပြီး ငယ်စဉ်ကတည်းက သာမဏေဝတ်ခဲ့ပါတယ်။ နောက်ပိုင်း သမရိုးကျ ဘုန်းတော်ကြီးကျောင်း ရဟန်းဘဝကို ငြီးငွေ့ပြီးတောတောင်ထဲမှာပဲ လှည့်လည်တရားကျင့်နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ တောကျောင်းတည်ထောင်ပြီး တရားဘာဝနာပွါးများလိုသူတွေကို နည်းပြပေးခဲ့ပါတယ်။
            အဂျန်ချာဟာ သူ့ရဲ့နွေးထွေးလှိုက်လှဲတဲ့ ပြုံးရွှင်စရာစကားတွေနဲ့ တရားရှုမှတ်မှုအပေါ်မှာ လက်တွေ့ကျပြီး ရှင်းလင်းတဲ့ ရုတ်တရက် အဖြေစကားတွေကြောင့် လူသိထင်ရှားခဲ့ပါတယ်။
            ၁၉၇၀- ဝန်းကျင်မှာတော့ အနောက်တိုင်းသား ယောဂီများကို စည်းရုံးနိုင်ခဲ့ပြီး တော်တော်များများ ရဟန်းဖြစ်၊ ရဟန်းတော်များကလည်း အနောက်တိုင်းနိုင်ငံများမှာ ကျောင်းတွေထောင်၊ တရားရိပ်သာတွေဖွင့် လုပ်ကြပါတယ်။
            သူကိုယ်တိုင် စာအုပ်မရေးခဲ့ပေမယ့် သူမိန့်ကြားခဲ့တဲ့စကားတွေ၊ တရားတွေ၊ ပုံတိုပတ်စတွေကတော့ အသံဖမ်းယူဖြန့်ချီကြလို့ ကမ္ဘာ့လူထုကြား တော်တော်ပျံ့နှံ့ပါတယ်။
            အဂျန်ချာဟာ ၁၉၉၂- ခုမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
            (Venerable Father: A Life With Ajhan Chah, Paul Breiter, 1993)
ALPHABET- အက္ခရာ
            ပါဠိလို ဝဏ္ဏမာလာလို့ ခေါ်ပါတယ်။ အက္ခရာသီကုံးခြင်းပါ။
            ဘုရားရှင်ရဲ့ ဒေသနာတော်တွေကို ခရစ် (၂) ရာစုခန့်မှာ အက္ခရာအဖြစ်ရောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဗြဟ္မီအက္ခရာ (Brahmi) နဲ့ပါ။ အသောကမင်းကြီး ရေးထွင်းခဲ့တဲ့ အက္ခရာနဲ့အတူတူပါ။ Brahmi ဘာသာမှာ အက္ခရာ (၇၂) လုံးရှိပြီး ဒီဘာသာစကားကနေ သီဟိုဠ်ဘာသာ၊ တိဗက်ဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာနဲ့ ရှေးဟောင်းမလေးဘာသာတွေဆီ ကူးစက်သွားခဲ့ပါတယ်။ ဘုရားရှင်၏ အကျော်ကြားဆုံးစကားကတော့ “ မကောင်းမှုရှောင်၊ ကောင်မှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတာ ဖြစ်ပါတယ်။ ( ဒီဃ ၁၈၃) အောက်မှာ ပြထားတာက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားရဲ့ မူရင်းပါဠိအက္ခရာတွေပါ။
ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
သူသာ သူဆိုရင်
 အမေရိကန်သမ္မတ အိုဗားမား ၁၉၆၀ ဝန်းကျင် အင်ဒိုနီးရှားမှာနေစဉ်က
ကလေးထိန်းလုပ်ခဲ့တဲ့ မစ္စတာ Turdi ဆိုသူက မိန်းမလျာတစ်ယောက်ဖြစ်ပြီး
သူက အိုဗားမားနဲ့တွေ့ဆုံဖို့ဆန္ဒရှိပါသတဲ့။
    "ဒီအခန်းကျဉ်းလေးထဲသူလာဖို့ လည်းမဖြစ်နိုင်၊
    အမေရိကကိုသွားလည်ဖို့ကလည်း အိပ်မက်ထဲမုာပဲဖြစ်နိုင်တယ်"
လို့သူက(သူမက)ဆိုပါတယ်။
အိုဗားမား ၆ နှစ်သားဘဝက ၂ နှစ်ကြာအောင် မိသားစုနဲ့မခြားထိန်းပေးခဲ့တယ်လို့ဆိုတယ်။
အိုဗားမားကိုတော့ သူမိန်းမလျာတစ်ယောက်ဖြစ်တယ်ဆိုတာအသိမပေးခဲ့ပါဘူး၊
သူက မိန်းကလေးလို ဝတ်စားထားရရင် ထောင်ကလွတ်လာတဲ့လူလိုခံစားရသတဲ့။
သူက ထိန်းပေးနေတော့ သူနဲ့ပတ်သက်ပြီး အိုဗားမားလေးကိုလည်း
အခြားကလေးတွေက စကြတယ်လို့ဆိုတယ်။
ဒါပေမဲ့အိုဗားမားလေးက ငယ်စဉ်ကထဲက ရင့်ကျက်တဲ့အကြောင်း သူက ပြောတယ်။ အိုဗားမားနေခဲ့တဲ့ကျောင်းထဲကိုအိုဗားမားနဲ့ အတူတူ ဖြတ်လျှောက်လိုတဲ့ဆန္ဒရှိပါသတဲ့။
    "အမေရိကန်ရဲ့နံပတ်တစ် ပုဂ္ဂိုလ်ဖြစ်တဲ့ Barry (အိုဗားမားကိုခေါ်တာ) ဟာ
    ကျနော်(ကျမ)သိတဲ့ Barry ဆိုရင်  မိန်းမလျာဖြစ်ဖြစ် ဘာ ဖြစ်ဖြစ်သူတွေ့မှာပါ"
လို့ရင်ဖွင့်ရှာသတဲ့။
AGENCE FRANCE-PRESS.
The Strait Times. Mar 12,2012
Original Story >> Obama's transgender nanny remembers 'little Barry'
ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ရတာ ...
တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ပြီး နှစ်တစ်ရာခန့် ကြာသောအခါ
ထိုတိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ရခြင်း၏ တရားခံကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုအရာက လ ဖြစ်သည်။
တိုင်တန်းနစ်သွားနေသော ရေလမ်းပေါ်သို့ ကြီးမားလှသော ရေခဲတောင်ကြီးများ လျှောဆင်းလာရခြင်းမှာ
လ နှင့်ဆက်စပ်နေကြောင်း တက်(က်)ဆက် တက္ကသိုလ် ပါမောက္ခ ရူပဘေဒပညာရှင် ဒေါ်နယ် အိုလ် ဆင်က ရှင်းပြခဲ့သည်။
သူနှင့်သူ့အဖွဲ့က လနှင့်ပတ်သက်သော အချက်အလက်များကိုသုတေသနပြုလျှက်ရှိကြသည်။
၁၉၁၂ခု၊ ဧပြီလ ၁၅ ရက်နေ့ ၌ တိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၁၇ ယောက် သေဆုံးခဲ့သည်။
ထိုစဉ်ကထဲက ကပ္ပတိန် အက်(ဒ်)ဝါ(ဒ် ) စမစ်၏ ရေခဲတောင်ကြီးများ သင်္ဘောခုတ်မောင်းရာ လမ်းပေါ်သို့ ရောက်ရှိနေကြောင်း သတိပေးစကားနှင့်ပတ်သက်ပြီး သုတေသနပညာရှင်များ စဉ်းစားမရဖြစ်နေခဲ့ကြသည်။
စမစ်သည် အတွေ့အကြုံအများဆုံး ကပ္ပတိန် ဖြစ်သဖြင့် ထိုခရီးကို ဦးဆောင်ရွက်လွှင့်ရန် အထူးရွေးချယ်ခံရသူလည်းဖြစ်သည်။အလွန်ဗဟုသုတကြွယ်ဝပြီး စေ့စပ်သေချာလှသူဖြစ်သည်။
ဤမျှများပြားသောရေခဲတောင်ကြီးများ ထိုညက အဘယ့်ကြောင့် သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရသနည်း။ 1912 ခု ဇန်နဝါရီလ က ကမ္ဘာနှင့် လ အလွန်နီးကပ်နေခြင်းကြောင့်
ဒီရေ အဆမတန်တက်လာပြီး ထိုကြောင့်ပင် Greenland မှာရှိနေသောရေခဲတောင်ကြီးများ
ပင်လယ်ရေပြင်သို့ ထိုးဆင်းလာခဲ့ခြင်းဖြစ်နိုင်ကြောင်း အဏ္ဏဝါဗေဒပညာရှင်  Fergus Woodက အကြံပြုခဲ့သည်။
၁၉၁၂ခု၊  ဇန်နဝါရီလ လေးရက်က အနေအထားသည် အလွန်ကြုံကြိုက်ခဲကြောင်း(Once-in-many-lives)၊
နေနှင့်လ အပြန်အလှန် ဆွဲငင်နေကြကြောင်း၊ ထို့ကြောင့်ပင် လ သည် လပြည့်ဖို့  ၆ မိနစ်အလိုတွင်
ကမ္ဘာမြေနှင့် နှစ် ၁၄၀၀ အတွင်း  အနီးဆုံး၌ရှိနေခဲ့သည်။
ပို၍အရေးကြီးသောအချက်မှာ  ဇန်နဝါရီလ သုံးရက်နေ့က နေသည်လည်းကမ္ဘာမြေနှင့်အနီးဆုံး၌ရှိနေခဲ့သည်။
"ဒီလို နေ နဲ့ လ တို့ အပြန်အလှန် ဆွဲငင်နေကြခြင်းကြောင့်            
လ ဟာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံးမှာရှိနေပြီး
ဒီရေဟာလည်း အမြင့်ဆုံးမှာ ရှိနေပါတယ်၊
နောက်ပြီးတော့နေနဲ့ ကမ္ဘာမြေ အလွန်နီးခြင်းကြောင့်
ရေခဲတောင်တွေ ပဲ့ထွက်လာပြီး အဲဒီ ပဲ့ထွက်လာတဲ့ရေခဲတောင်တွေက
သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရခြင်းဖြစ်ပါတယ်"
လို့ ပရော်ဖက်ဆာ အိုလ်ဆင် ကရှင်းပြခဲ့သည်။
ထို Greenland  မှပဲ့ထွက်လာ ရေခဲတောင်များကပင် ဧပြီ လလယ်၌ရွက်လွှင့်ခဲ့သော တိုင်တန်းနစ်သင်္ဘောကြီးကို နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။
REUTERS.
The Strait Times. March 8, 2012.
ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
Freedom Fighter
          မတ်လထုတ်၊ ရီးဒါးဒိုက်ဂျက်ထဲက “The Lady” ကို ဦးဆောင်ခဲ့တဲ့ Michelle Yeoh ရဲ့ “The Role Of Life Time” ကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ။
ရီးဒါးဒိုက်ဂျက်(R-D)  စုကြည်ဟာ ကမ္ဘာ့ရဲ့အထင်ကရ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကြီးပဲ။ ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ဘာတွေက ဆွဲဆောင်ခဲ့လို့လဲ။
M-Y                       ကျွန်မက ဒေါ်စုရဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ မလေးရှားမှာ ကြီးပြင်းခဲ့တာပါ။ သူမဟာ တကယ်အားကျစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အထူးသဖြင့်တော့ အာရှတိုက်က အမျိုးသမီးတွေအတွက်ပေါ့။ နိုင်ငံနဲ့ လူမျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့တိုက်ပွဲဝင်နေတဲ့ သူမလို ကိုယ်ကျိုးစွန့် အမျိုးသမီးတစ်ယောက် နေရာကနေ သရုပ်ဆောင်ခွင့်ရတယ်ဆိုတာ ကျွန်မအတွက်တော့ တကယ့်ကို အခွင့်ထူးတစ်ခုပါ။
R-D                       ဇာတ်ညွှန်းရေးဆရာ Rebecca Frayn က ခင်ဗျားကို ချဉ်းကပ်ပြီးတဲ့နောက် အတူတူအလုပ်လုပ်ကြဖို့ ဒါရိုက်တာ Luc Besson ကို ခင်ဗျားကစပြီးတောင်းဆိုခဲ့တယ်နော်။ ဒါက အဓိပ္ပါယ်တမျိုး ပေါက်သွားနိုင်တယ်။ ဘာဖြစ်လို့ ဒီဇာတ်ကားကိုရိုက်ဖို့ အဲသလောက် ဆန္ဒပြင်းပြခဲ့တာလဲ။
M-Y                       ဒီဇာတ်ညွှန်းရရချင်းပဲ “အိုး- မိုင်ဂေါ့ ၊ ဘာဖြစ်လို့ ဒီဇာတ်ကားကို လက်လွတ်ခံမလဲ။ ကျွန်မတို့ ဒီဇာတ်ကားကို ရိုက်ဖြစ်အောင် ရိုက်ရမယ်လို့” စိတ်ကူးမိပါတယ်။ ဒါပေမယ့် ဒေါ်စုက တကယ်အသက်ရှိထင်ရှားကြီး၊ အများကြီး ဂရုစိုက်ရမယ်ဆိုတာတော့ သဘောပေါက်မိပါတယ်။
                             ဒါပေမယ့် လုပ်ဖြစ်အောင် လုပ်ရမယ်။ ဒီဇာတ်လမ်းဟာ ဖွင့်ကို ဖွင့်ပြောရမယ့်ဇာတ်လမ်းဆိုတာလည်း ကျွန်မသဘောပေါက်ပါတယ်။ ဒီလို အာရှတိုက်ရဲ့ ဂုဏ်ထူးဆောင်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပုံဖော်ခွင့်ရဖို့ဆိုတာ အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ ကျွန်မရိုက်ခွင့်ရတာကို အများကြီး ကျေနပ်မိတယ်။ ကံအလွန်ကောင်းလို့ ရခဲ့တာလို့လဲ ယူဆပါတယ်။ ကျွန်မဖြင့်လေ “ ဒါ ငါရိုက်ရမဲ့ဇာတ်ကား၊ ဒီဇာတ်ကားကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားမယ်” လို့လည်း သန္ဓိဌာန်ချခဲ့တယ်။
R-D                       ဒါရိုက်တာ Besson က အက်ရှင်ကားတွေပဲ အရိုက်များတာ။ ဘာကြောင့်သူ့ကို ဒါရိုက်တာလုပ်ဖို့ ရွေးခဲ့တာလဲ။
M-Y                       ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရာမှာ ဒါရိုက်တာဟာ အရေးအကြီးဆုံးလို့ ကျွန်မယုံကြည်ပါတယ်။ သူက ဇာတ်ကားတစ်ကားလုံးရဲ့ ဝိဥာဉ်ပါ။ အားလုံးကို ပေါင်းစည်းပေးရတာက သူပါ။ အစကထဲက ကျွန်မအမှန်တကယ်လက်တွဲပြီး အလုပ်လုပ်သွားချင်တာက Luc ပါ။ သူက ကျွန်မရဲ့ Mentor လည်း ဖြစ်ပါတယ်။ လူတွေက သူ့ကို အက်ရှင်ဒါရိုက်တာလို့ ပြောကြပေမယ့် ကွန်မအမြင်မှာတော့ သူဟာအလွန်တော်တဲ့ ဒါရိုက်တာ တစ်ယောက်ပါ။
                             တစ်ခါက သူကျွန်မကို ပြောဖူးတာရှိတယ်။ ဇာတ်ညွှန်းတစ်ခုက ရူးသွပ်လောက်အောင် မဆွဲဆောင်နိုင်ဘူးဆိုရင်တော့ ဒီဇာတ်ကား မျိုးကိုရိုက်ဖို့ မိသားစုရဲ့ အချိန်တွေကို ဖဲ့မပေးနိုင်ပါဘူးတဲ့။
R-D                       ဒီအခန်းကနေ သရုပ်ဆောင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရသလဲ။
M-Y                       ဒေါ်စုက လူသိများပြီး တမူထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမ ပြောပုံဆိုပုံ၊ သူမလှုပ်ရှားပုံ စတာတွေပေါ့။ ကျွန်မတို့မှာ အနီးကပ် အကူအညီပေးနေကြတဲ့ အင်္ဂလိပ်၊ မြန်မာ ဒိုင်ယာလော့ နည်းပြနှစ်ယောက် ရှိခဲ့ရပါတယ်။ ကျွန်မက စန္ဒယားအတီး သင်ခဲ့ရတယ်။ ဝိတ်လျှော့ခဲ့ရတယ်။ သူမကို စတွေ့ခဲ့ရတဲ့ ၁၉၈၈-ခုနှစ်ကနေ သူမအမျိုးသား သေဆုံးသည်အထိ သူမဘဝရဲ့ ဆယ်နှစ်တာကာလကို ရိုက်ကူးကြမှာပါ။ ကျွန်မကိုယ်တိုင် သူမဘဝထဲကို နှစ်လ၊ သုံးလကြာအောင် နေခဲ့ရပါတယ်။
                             အများနဲ့မတူတဲ့ သူမရဲ့အမူအရာတွေကို အသေးစိတ် လေ့လာခဲ့ရပါတယ်။ သူမ ခေါင်းညိတ်ဟန်၊ သူမ လက်ရမ်းဟန်၊ သူမ ငြီးငြူဟန်၊ စိတ်မသက်မသာဖြစ်ဟန် စတာတွေပေါ့။ အစပထမ တုန်းကတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိပ်မသေချာလှဘူး။ တဖြည်းဖြည်းနဲ့မှ ယုံကြည်မှုရလာတာပါ။ ဒါတွေဟာ ဒီရုပ်ရှင်ဇာတ်လမ်းအတွက် ကျွန်မရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေပါ။
R-D                       Besson က သူမအိမ်နဲ့ တစ်ပုံစံတည်းတူတဲ့အိမ်ကို ဖန်တည်းခဲ့တယ်နော်။ သူမတီးတဲ့ စန္ဒယားတံဆိပ်ကစလို့ပေါ့။ ဒီလို တစ်ပုံစံတည်းတူနေတာက အထူးအဆန်းကြီးဖြစ်နေပြီး သူမနဲ့ လူချင်းတွေ့ရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။
M-Y                       ဒေါ်စုနဲ့တွေ့ဖို့ ပထမဆုံးသွားတဲ့အခေါက်ကို ကျွန်မကောင်းကောင်းကြီး မှတ်မိနေတယ်။ ကျွန်မ အလွန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူမဘဝနဲ့ ကျွန်မနေခဲ့ရတယ်။ သူမပြောတာတွေ နားထောင်ခဲ့ရတယ်။ သူမကို နေ့တိုင်း ကြည့်နေရတယ်။ အခု ကျွန်မ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ရတော့မယ်၊ သူမက ကျွန်မကို စကားပြောတော့မယ်ဆိုတဲ့ အတွေးကြောင့်ပါ။ သူမ ကျွန်မကို နှစ်ခြိုက်လက်ခံပါစေလို့လည်း အမှန်တကယ် ဆန္ဒရှိခဲ့တယ်။ ပြီးတော့ ငါ့ဘဝအကြောင်း ရိုက်မယ့်ရုပ်ရှင်ဟာ စိတ်ချရတဲ့လူတွေရဲ့ လက်ထဲမှာလို့လည်း သူမခံစားရစေချင်တယ်။
                             ဒေါ်စုရဲ့ ပုံစံတူ ရက်ပလေကာ အိမ်ထဲကထွက်မလာခင်လေးမှာ ကျွန်မစိတ်ထဲ မျှော်လင့်ထားတာလေးရှိတယ်။ ကျွန်မအိမ်ထဲက ထွက်အလာမှာ David (ဒ်ါစုရဲ့အမျိုးသား အဲရစ်အဖြစ်နဲ့ သရုပ်ဆောင်သူ) နဲ့ ကျွန်မသားနှစ်ယောက် ကျွန်မဆီပြေးအလာ Luc က ချက်ချင်းကြီးပေါ်လာပြီး “မလာကြနဲ့၊ ဒီအခန်းမှာ မင်းတို့မပါဘူး” လို့ ပြောလိုက်တာမျိုးလေး မျှော်လင့်ခဲ့မိတယ်။
                             ကျွန်မလည်း အိမ်ထဲကထွက်လာရော သူမရဲ့ NLD အဖွဲ့ဝင်တွေက၊ ကျွန်မရဲ့ NLD အဖွဲ့ဝင်တွေလိုပဲ တစ်ပုံစံတည်း ဝတ်စားထား ကြတာလေ။ ကျွန်မဖြင့် တကယ့်ကို အရူးအမူးပါပဲ။
R-D                       ဒေါ်စုကရော ဘယ်လိုအနေအထားရှိပါသလဲ။
M-Y                       ကျွန်မလှည့်ကြည့်လိုက်တော့ သူမကို တွေ့ရတော့တာပါပဲ။ သူမက ကျွန်မကို တင်းတင်းကြပ်ကြပ်ကြီးဖက်တယ်။ ဒေါ်စုက သေးသေးသွယ်သွယ်ပေမယ့် တော်တော်သန်ပါတယ်။ တကယ် ခမ်းနား၊ ရိုးသားတဲ့ အမျိုးသမီးတစ်ယောက်လို့ ခံစားမိပါတယ်။ ပျော်လည်း ပျော်တတ်ပါတယ်။
                              သူမကိုတွေ့ပြီး ချက်ချင်းပဲ သက်တောင့်သက်သာ ဖြစ်သွားခဲ့ပါတယ်။ သူမက ဆိုဖာပေါ်ထိုင်ပြီး “အိမ်က ရှုပ်ပွနေတာ စိတ်မကောင်းပါဘူး၊ ကျွန်မလွတ်လာကတည်းက လူတွေက ဝင်လိုက်၊ ထွက်လိုက်၊ ပြီးတော့ သားလေး Kim ကလည်းရောက်နေ၊ သူ့ပစ္စည်းတွေကလည်း နေရာတကာပဲ” လို့ ပြောတယ်။ ကျွန်မကတော့ ကျွန်မအန်တီအိမ် ရောက်သွားရသလိုပါပဲ။
                             အဲဒီအချိန်မှာ ကျွန်မက ကျွန်မသရုပ်ဆောင်ခဲ့တာတွေကိုပဲ စိတ်စွဲနေတာလေ။ ဘုရား…ဘုရား…ငါသရုပ်ဆောင်ခဲ့တာတွေက သိပ်များရိုင်းသွားပြီလား။ သူမက တကယ့်ကို အဇ္ဈတ္တအလှရှိသူပဲ- လို့လေ။ မေ့လို့မရနိုင်တဲ့ အချိန်လေးပါ။ ကျွန်မတို့ ရုပ်ရှင်အကြောင်း မပြောဖြစ်ကြပါဘူး။ တမင်မပြောပဲ ကျွန်မတို့ ရှောင်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ Kim က ကျွန်မတို့လုပ်နေတာတွေကို ဖြည့်စွက် ပြောပြပါတယ်။ အဲဒီနောက် သူမနဲ့အင်တာဗျူးဖို့ မလိုအပ်တော့ပါဘူး-
R-D                       ကွန်ဖူးကားတွေကိုမရိုက်တော့ပဲနဲ့ ဒီကရှေ့ ဒရားမား တွေကိုပဲ အာရုံစိုက်တောမဲ့ သဘောလား။
M-Y                       မင်သမီး တစ်လက်အနေနဲ့ တစ်ယောက်ယောက်က ကျမဇာတ်ကားကို ကြည့်ပြီး ဒီကားဟာ အက်ရှင်လား ဒရားမားလို့ မခွဲခြားနိုင်တာမျိုးကို သဘောကျပါတယ်။ ရှင်တို့စိတ်ထဲမှာ အပြောင်းအလဲ တစ်ခုလို့ ထင်လိုက်ရင ကျမ ဖြော်ဖြေမှုကိစ္စ အောင်မြင်တာပေါ့။
R-D                       သူမလွတ်မြောက်တဲ့ အခန်းလည်းရိုက်ပြီးရော သူမလည်း တကယ် လွတ်မြောက်သွားတယ်၊ဒီသတင်းကိုဖတ်ပြီး အရူးအမူး မခံစားရဘူးလား။
M-Y                       အဲဒီသတင်း တီဗွီကလာနေတုန်း Luc  ရဲမျက်နှာကို ရှင်တို့ မြင်စေ့ချင်တယ်၊ သူက တစ်ယောက်ယောက် ကျမတိုရုပ်ရှင်ထဲက သတင်းကိုများ ခိုးယူသွား သလားတောင် ထင်နေတာ။
R-D                       ဒေါ်စု ဒီဇာတ်ကားကို ကြည်ပြီးပြီလား၊ စိတ်ဝင်စားမှုရော ရှိသလား။
M-Y                       သူမဘယ်တော့မှ ပြန်မလာနိုင်တော့မဲ့ အောက်စဖို့မှာရှိတဲ့မိသားစုကို ခွဲခွာရတဲ့ အခန်းကို စိတ်ကူးနဲ့ သာ မှန်းကြည့်လိုက်ပါ၊ အဲဒီနောက် အိမ်တွင်းထောင်နန်းစံခရီးရှည်။ သူမပါတီ အနိုင်ရတော့   သူမအများကြီး ပျော်ခဲ့ရတယ်၊ ပြီး သူမ အမျိုးသား ဆုံးတော့ ဝမ်းနည်းပက်လက် ကျေကွဲရပြန်ရော။သေဆုံးတဲ့အထိ သူမ အမျိုးသားကို မတွေ့လိုက်ရရှာဘူး။ ဒီဇာတ်ကားကိုကြည့်ရင်း ကျမတော့ငိုမိတယ်၊  ကျမတော့ငိုမိတယ်၊ သူ ဘယ်လိုနေမလဲတော့ မပြောတတ်တော့ဘူး။        
R-D                       ရှလူငယ်တွေအတွက် ဒေါ်စုကလွဲရင် ဘယ်သူစံပြဖြစ်နိုင်ဦးမလဲ။
M-Y                   ဟောင်ကောင်က မာဂရက်ချန်း ပါ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ပေါ့။ ကျမတို့ဘဝမှာ စံပြပုဂ္ဂိုလ်တွေရှိနေဖို့ အရေးကြီး ပါတယ်၊ ဒါပေမယ်အဝေးကြီးလိုက်ရှာဖို့တော့မလိုပါဘူး၊ သူတို့က     ကျမတို့မိခင်တွေပါ။ အခုကျမတို့မှာ အမျိုးသမီးနိုဘယ်လ်ဆုရှင် သုံးယောက်တောင်ရှိနေပါပြီ၊ဒါက အများကြီးအပြောင်းအလဲတွေဖြစ်စေနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်မိပါတယ်။
ပြီး။     ။ 
ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
သားအတွက် စကားလက်ဆောင်
ဘုရားရှင်ကိုယ်တော်မြတ် တရားဟောကောင်းတော်မူချက်က ရာဟုလာကိုယ်တော်လေးကို ရာဟုလာလေးနဲ့တန်အောင် ရိုးရိုးလေးဆုံးမတော်မူခဲ့တယ်။ ခက်တာက ဆုထားတို့လူကြီးတွေက မလိုက်နာနိုင်သေးတာ။
"If there is a deed , Rahula, you wish to do, reflect thus:
Is this deed conducive to my harm,
Or to others' harm,
Or that of both?
Then is this a bad deed entailing suffering.
From such a deed you must resist."
"ချစ်သား၊ တစ်ခုခုလုပ်တော့မယ်ဆို ဒီလိုလေးစဉ်းစား...
သားကို ထိခိုက်နာကျင်စေမလား၊
သားသူငယ်ချင်း၊ ဖေဖေ မေမေ ၊ ဘိုးဘိုးဘွားဘွားတို့ကို 
ထိခိုက်နာကျင်စေမလား၊
သားကိုရော သူတို့ကိုပါ ထိခိုက်နာကျင်စေမလား၊
နာကျင်စေတယ်ဆို - ဒါမျိုးတွေကို မလုပ်နဲ့၊
ဒါက အကုသိုလ်" ။    ။
"If there is a deed you wish to do, reflect thus:
Is this deed not conducive to my harm,
Nor to others
harm,
Nor to that of both?
Then is this a good deed entailing happiness.
Such a deed you must do again and again."
"သားတစ်ခုခု လုပ်တော့မယ်ဆို ဒီလိုလေးစဉ်းစား...
ဒါလုပ်ရင် သားပျော်ပျော်ရွှင်ရွှင်ရှိမလား၊
သားသူငယ်ချင်းတွေ၊ ဖေဖေ မေမေ ၊ ဘိုးဘိုးဘွားဘွားတွေရော ပျော်
ရွှင်မလား၊
သားရော သူတို့ကိုပါ ပျော်ရွှင်စေမလား
ပျော်ရွှင်တယ်ဆို - ဒါမျိုးကိုလုပ် ။
ခဏ ခဏလုပ် ၊ ဒါက ကုသိုလ် ။"
Majjhima Nikaya, Rahulovada Sutta.
မဇ္ဈိမနိကာယ ၊ ရာဟုလော ဝါဒသုတ်
  ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
ဘုရား၊ လယ်သမားနဲ့ (၈၄) ခုမြောက်ပြဿနာ
တစ်ခါက ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ လယ်သမားကြီး ဘုရားရှင်ဆီကို ရောက်လာတယ်။ သူ့ဘဝရဲ့ အခက်အခဲတွေကို လျှောက်တာပေါ့။
         “တပည့်တော်က လယ်သမားပါ။ ထွန်ယက်စိုက်ပျိုးရတာကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မိုးခေါင်လို့၊ တစ်ခါတစ်ရံမှာ မိုးများလို့ သီးနှံထွက်က သိပ်မကောင်းဘူး”
          ဘုရားရှင်က သူ့ပြဿနာတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။ ဒီတော့သူက-
       “တပည့်တော်မှာ အိမ်ထောင်ရှိပါတယ်။ ဇနီးကလည်း ဇနီးကောင်းပါ။ ဒါပေမယ့် တစ်ခါတစ်ခါ ပြဿနာထထရှာတတ်လွန်းလို့ စိတ်ကုန်မိတယ်”
           ဘုရားရှင်က ဘာမှ ဝင်မမိန့်ပါဘူး။ လယ်သမားကဆက်ပြီး-
          “ကလေးနှစ်ယောက်လည်း ရှိပါတယ်။ တကယ်ဆို သူတို့လည်း လိမ္မာတဲ့ကလေးတွေပါပဲ။ ခက်တာက တစ်ခါတစ်ခါ လူကြီးတွေကို လေးစားရမှန်းမသိဘူး။ စိတ်တိုစရာ သိပ်ကောင်းပါတယ်”
          ဘုရားရှင်က ဘာမှ ဝင်မမိန့်သေးဘူး။ ဒါနဲ့ လယ်သမားက-
           “အရှင်ဘုရားဆီ တပည့်တော်လာခဲ့တာက ဒီပြဿနာတွေရဲ့ အဖြေကိုရချင်လို့ လာခဲ့တာပါ”
          “ ဒါဆိုရင်တော့ လယ်သမားကြီးကို ဘုရားရှင်က ဘာအကူအညီမှ မပေးနိုင်တော့ပါဘူး”
          “ဘယ်လိုမိန့်လိုက်တယ်။ အရှင်ဘုရားဆီမှာ ပြဿနာတွေရဲ့ အဖြေမရှိဘူး၊ ဟုတ်လား။ ဒါဆို အရှင်ဘုရားမှာ ကျော်ကြားနေတဲ့ “ တော်လိုက်တဲ့ ဆရာ။ အသင်အပြကောင်းလိုက်တဲ့ ဆရာ” ဆိုတာတွေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ”
          “လယ်သမားကြီး၊ လူတိုင်း လူတိုင်းမှာ ပြဿနာ (၈၃) မျိုးဆီရှိတယ်။ သင်ကြိုးစားအားထုတ်မှု၊ ထက်မြက်တဲ့ အတွေးအခေါ် စတာတွေနဲ့ ပြဿနာအချို့ကို ကျော်လွှားလို့ရတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ နေရာကို နောက်ပြဿနာတစ်ခုက ဝင်ယူသွားတတ်တယ်။  ဒီ ဘဝပြဿနာတွေကို ငါဘုရားရှင်လည်း ဖြေရှင်းပေးလို့ မရဘူး”
          ဒီတော့ လယ်သမားကြီး အရမ်းစိတ်ဆိုးစိတ်ပျက်သွားတယ်။
          “ ဒီလိုဆိုရင်တော့ အရှင်ဘုရားဟာ ဂရိတ်တီးချား မဟုတ်ဘူး။ အဖြစ်မရှိတဲ့ တီးချားပဲ”
          “ လယ်သမားကြီး၊ ဒါဆိုရင်တော့ သင့်မှာ (၈၄) ခုမြောက် ပြဿနာရှိသွားပြီ”
          “ ဘာဖြစ်လို့လဲ၊ အရှင်ဘုရားကို အဖြစ်မရှိတဲ့ဆရာလို့ ပြောလို့လား”
    “မဟုတ်ပါဘူး လယ်သမားကြီး၊ သင်က ပြဿနာမရှိတဲ့ဘဝကို တောင်းဆိုနေလို့ပါ။ ရိုးရိုးသားသား နေထိုင်သူတွေမှာ ပြဿနာ (၈၃) ခုဆီရှိပြီး၊ ပြဿနာမရှိတဲ့ဘဝကို တောင်းဆိုနေသူတွေအတွက်တော့ နောက်ထပ်ပြဿနာတစ်ခု ထပ်ရတတ်ပါတယ်။ မှန်တယ် ပုဏ္ဏားကြီး၊ အခု သင့်မှာ ပြဿနာ (၈၄) ခု ရှိနေပြီ”
          ဒါပါပဲရှင်၊ Steven Hagen ရေးတဲ့ “ Buddhism Plain and Simple” စာအုပ်ထဲက ပုံပြင်လေးကိုကြိုက်လို့ အဆင်ပြေသလို မြန်မာမှုပြုလိုက်တာပါ။ “ ဇင်” ဗုဒ္ဓဘာသာ ပုံပြင်လေးတစ်ခုပါ။
          ဆုထားတို့ဘဝမှာ ပြဿနာတွေများလှပေမယ့် (၈၄) ခုမြောက် ပြဿနာဝင်လာမှာစိုးတာနဲ့ပဲ ရှိရင်းစွဲပြဿနာလေးတွေကို အမြတ်တနိုး ချစ်လိုက်ရတော့တာပါပဲရှင်။ ဟုတ်တယ်လေ။ (၈၃) ခုဆို တော်ပြီပေါ့။
(နဂိုဒုက္ခတွေ ကိုယ်စီကိုယ်စီရှိနေကြတဲ့ ဘတွေမှာ အပိုဒုက္ခတွေကိုလည်းရှာမိတတ်ကြလေရဲ့၊
သဘာဝပဲပေမို့လေလား)
  ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
ဧည့်သည် ကျွန်မ၊ ကျွန်မ ဧည့်သည်
လောကကြီးထဲမှာ တစ်ခါတစ်ခါ ကျွန်မတို့ကိုယ်တိုင်က ဧည့်သည်တွေဖြစ်ပြီး၊ တစ်ခါတစ်ခါ ဧည့်သည်တွေက ကျွန်မတို့ဆီလာကြတာမို့ ကျွန်မတို့က အိမ်ရှင်ဖြစ်နေတတ်ပြန်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကျွန်မတို့ဟာ ဧည့်သည်ရော အိမ်ရှင်ပါဖြစ်နေရပြန်ရော
          မြန်မာလိုတော့ အိမ်ရှင်နှင့် ဧည့်သည်။
          ပါဠိလိုတော့ အာဝါသိကနဲ့ အာဂန္တုက။
          အင်္ဂလိပ်လိုတော့ ဟို့(စ်ထ်) နဲ့ ဂတ်(စ်ထ်)။
          မြန်မာလူမျိုးတွေဧည့်သည်ကိုချစ်တတ်ကြပေမယ့် “လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့”  လို့ အရုပ်ဆိုးဆိုး စာတန်းလေးတွေကို တွေ့ရတတ်ပြန်ရော။
          ဒီထက်ပိုဆိုးတာက ပါဠိလိုဆိုထားတဲ့ ဝိဂြိုဟ်လေးပါ။ (ဆရာတော်တွေလည်း ဝင်မန့် တတ်ကြလို့ သေချာအောင်လျှောက်ရတာပါ) အာဂန္တာဟနတီတိ အာဂန္တုကောတဲ့ရှင်။ စင်္ကာပူက ဒကာမတွေ ပါဠိလေးမတောက်တခေါက်တော့ သိကြပါတယ်။ အာဂန္တာ- ရောက် ရောက်လာပြီး၊ ဟနတိ- အိမ်ရှင်ကို နှိပ်စက်တတ်၏၊ ဣသိတသ္မာ- ထို့ကြောင့်၊ အာဂန္တုကော- အာဂန္တုကမည်၏ တဲ့။ ရောက်ရောက်လာပြီး အိမ်ရှင်ကို နှိပ်စက်တတ်လို့ အာဂန္တုတဲ့။ သိပ်သဘောမတွေ့လှပါဘူး။ ဧည့်ကောင်းစောင်ကောင်းတွေကို အားနာစရာ။
          ဘုရားရှင်ကို ဇေတဝန်အထိလိုက်ပြီး စွပ်စွဲရဲတဲ့ စိဉ္ဖမာနလို အမျိုးသမီးအတွက်ဆိုရင်တော့ အဲဒီ ဝိဂြိုဟ်လေးရဲ့ အဓိပ္ပါယ်က ကွက်တိပဲ။ ဟုတ်တယ်လေ။ ဘုရားရှင်က အိမ်ရှင်၊ သူမက ဧည့်သည်ပေကိုး။
          ဒါပေမယ့် ဆွမ်းကပ်ချင်လို့ပါဆိုပြီး ဘုရားရှင်နဲ့ သံဃာတော်တွေကို အိမ်ပင့်၊ ဘာဆွမ်းမှ မကပ်ပဲ ဆဲရေးတိုင်းထွာခြင်းတွေနဲ့ ဧည့်ခံတဲ့ ပုဏ္ဏားမျိုးကျတော့ ဘယ်လိုလုပ်မလဲ။ ဘုရားက ဧည့်သည်၊ သူက အိမ်ရှင်လေ။ ဘုရားရှင်ကလည်း ခေတော်မူသူမှ မဟုတ်ပဲ။
          “ ပုဏ္ဏားကြီး၊ ဧည့်သည်တွေ ရောက်လာရင် စားစရာ သောက်စရာတွေနဲ့ သင်ဧည့်ခံတယ်။ ဧည့်သည်တွေ စားမသွားလို့ ကျန်ခဲ့ရင် ကျန်ခဲ့သမျှ သင့်ဥစ္စာတွေ။ ဒီလိုပဲ သင်က ဘုရားရှင်ကို ဆဲရေးတိုင်းထွာမှုတွေနဲ့ ဧည့်ခံတယ်။ ဒါတွေကို ဘုရားရှင်က မဘုန်းပေးဘူး။ ဒီတော့ သင့်ရဲ့ ဆဲရေးတိုင်းထွာမှုတွေဟာ သင့်ဥစ္စာတွေချည်းပါပဲ၊ ငါဘုရားရှင်နဲ့မဆိုင်” လို့ မိန့်တော်မူခဲ့ပါသတဲ့။
          ဒီလို(ဘုရားရှင်လို) ဧည့်သည်မျိုးကို လာပြီးနှိပ်စက်သူလို့ ဘယ်ပြောလို့ရပါတော့မလဲ။ အိမ်ရှင်ကနှိပ်စက်နေတာ။
          ဒါကြောင့် ဖြစ်မှာ-
          ရွာတုန်းက ကိုရင်လေးတွေ ကျက်နေတဲ့စာအုပ်လေးကို ယူကြည့်မိလို့ စုဒ္ဒသ ခန္ဓကဝတ်ဆိုတာလေးတွေ တွေ့ဖူးတယ်။ စုဒ္ဒသက တစ်ဆယ့်လေး၊ ခန္ဓကဝတ်ကတော့ ခန္ဓာမှာလာတဲ့ တာဝန်ဝတ္တရားလို့ သိခဲ့ရပါတယ်။
          ကိုရင်လေးတွေကိုသင်ပေးတဲ့ တာဝန်ဝတ္တရား(၁၄) ပါးလို့ အကြမ်းဖျင်း သိခဲ့ရပါတယ်( မှားရင် ပြင်ပေးတော်မူကြပါ အရှင်မြတ်တို့ဘုရား)။ အဲဒီ ဆယ့်လေးပါးထဲမှာ အာဂန္တုကဝတ်နဲ့ အာဝါသိကဝတ်ဆိုတဲ့ ဧည့်သည်ရဟန်းလိုက်နာရမယ့် ဝတ္တရား၊ ကျောင်းနေရဟန်းတွေ လိုက်နာရမည့် ဝတ္တရား ဆိုတာတွေ တွေ့ရတယ်။ ဘုရားရှင်က တော်တော်ကရုဏာကြီးတော်မူတာကိုးလို့ ကြည်ညိုခဲ့ရပါရဲ့ရှင်။
          ပိုပြီးစိတ်ဝင်စားစရာကောင်းတာက စိန္တကျော်သူ ဦးသြ ရေးသားတဲ့ ရယ်ခြင်းသုံးမျိုးပါပဲ။ ဒါကလည်း ရွာက ပထမလတ်တန်း ဖြေတော်မူတဲ့ ကိုရင်လေးတစ်ပါးရဲ့ မြန်မာစာသင်ရိုးစာအုပ်ကို ခဏယူကြည့်မိလို့ တွေ့ရတာပါ။( ပထမလတ်တန်းလို့တော့ ထင်တာပဲ)။ အဲဒီ အထဲမှာ-
          ၁။ ရွှေ၊ ငွေရဲ့ ရယ်ခြင်း
          ၂။ ကမ္ဘာမြေရဲ့ ရယ်ခြင်း
          ၃။ ဇနီးမယားရဲ့ ရယ်ခြင်း တဲ့။
          ငါ့ရွှေ၊ ငါ့ငွေလို့ လူတွေကပြောတိုင်း ရွှေ ငွေက ရယ်သတဲ့။ တော်တော်ရူးမိုက်တဲ့လူ၊ ငါတို့က သူဆီ ခဏလေးလာတာ။ လာတာကလည်း သူ့စီးပွါးရေး ကောင်းနေလို့၊ သူစီးပွါးရေး မကောင်းတော့ရင် ကောင်းတဲ့သူဆီသွားမှာ။ တို့က ဧည့်သည်ဆိုတာတောင် မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဧည့်သည်မျိုး။ ဒါတောင်မှ ငါ့ရွှေ ငါ့ငွေနဲ့ သည်းနေလိုက်တာ။ တော်တော်ညံ့တဲ့လူဆိုပြီး ရွှေ ငွေက ရယ်သတဲ့။
          ကမ္ဘာမြေကြီးကလည်း ရယ်သတဲ့။ ငါ့မြေ၊ ငါ့နိုင်ငံ စသဖြင့် လူတွေက ပြောကြရင်တဲ့။ ဒီလူတွေက အခုမှ ခဏလေးရောက်လာပြီး ငါ့ကိုများ ငါ့မြေ၊ ငါ့နိုင်ငံ စတာတွေနဲ့ “ တို့ ဘိုးဘွား အမွေစစ်မို့” တွေ လုပ်နေကြတယ်။ ငါက ကမ္ဘာဦးကတည်းက ရှိနေတာ။ သူတို့က အခုမှ ရောက်လာတာ။ နှစ်တစ်ရာအတွင်း အားလုံးပြန်ကြရမယ့် ဧည့်သည်တွေချည်းပဲ။ ဒါနဲ့များတောင် ငါ့မြေ၊ ငါ့နိုင်ငံတွေ လုပ်နေလိုက်ကြတာဆိုပြီး ရယ်ပြန်သတဲ့။
          ရွှေ ငွေတွေနဲ့ ပတ်သက်တော့ ကျွန်မတို့က အိမ်ရှင်၊ ရွှေငွေတွေက ဧည့်သည်။
          ကမ္ဘာမြေနဲ့ ပတ်သက်တော့ ကမ္ဘာမြေက အိမ်ရှင်၊ ကျွန်မတို့က ဧည့်သည်။
          ဒါ့ကြောင့် ကျွန်မပြောတာပါ။ ကျွန်မတို့က တစ်ခါတစ်ခါ အိမ်ရှင်ရော ဧည့်သည်ရော တပြိုင်နက် ဖြစ်နေကြတာလို့။
          ဇနီးမယားရဲ့ ရယ်ခြင်းကိုတော့ မရေးချင်လို့ မရေးတော့ဘူး။ ဖတ်ချင်ရင် ရှာသာဖတ်ကြပေတော့။ စိန္တကျော်သူ ဦးသြရေးတဲ့ သြဝါဒထူးပျို့တဲ့။
          နောက်ဆုံး ဘုရားရှင်က ဆုထားတို့ ပုထုဇဉ်တွေကို ခပ်စပ်စပ်လေး သတိပေးတော်မူခဲ့တာက
 “အရူးအနှမ်း ပုထုဇဉ်တွေအတွက် အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့”။ ကြောက်စရာ ကောင်းလိုက်တာ။ ကမ္ဘာမြေပေါ်မှာ လူသားဆိုတဲ့ ဧည့်သည်အနေနဲ့ ရောက်ခဲ့ရတာတောင် ဒုက္ခတွေက ဒုနဲ့ဒေး။ ရုံးနဲ့ အိမ်ပြန်ရတာကဝေး၊ ဘော့(စ်) နှစ်ယောက်စလုံး ခရီးထွက်တိုင်း တာဝန်တွေကလေး၊ အမေမွေးတဲ့ လက်နှစ်ဘက်က အလုပ်နဲ့စာရင် နည်းနေသေး၊ သူစိတ်ကောက်တော့ ကိုယ်ချော့ရ၊ ကိုယ်စိတ်ကောက်တော့ သူချော့ရ၊ ဒါတောင် ကျန်းမာရေးလေးက ကောင်းနေလို့ တော်သေးတာ။ နို့မို့တော့ စင်္ကာပူမှာက မလွယ်ရေးချ အောက်ကမြစ် မလွယ်။
          ဒီကြားထဲ အပါယ်လေးဘုံကိုများ အလည်သွားရမယ့် ဧည့်သည်ဆိုရင်တော့ စဉ်းစားတောင် မနေနဲ့တော့ပဲ။
          ဘုရား….ဘုရား….။
          ဧည့်သည်ဖြစ်တဲ့အစ်မက အိမ်ထောင်ခွဲသွားပြီ။ ဖေဖေနဲ့ မေမေ သဘောတရားမညီတာတွေ ဘယ်လိုညှိရပါ့။ ကျွန်မဆိုတဲ့ ဧည့်သည်ကရော ဘယ်ကို ခရီးဆက်ရမှာပါလိမ့်။
           “ခွဲခြားကန့်သတ်ကာ၊ ပိုင်းထားတဲ့ လူ့အရွယ်
          တစ်ကွေ့တော့ဖြင့် ဖြတ်ကျော်သွားခဲ့ပြီ၊
          မဆုံးသေးလို့ ခရီးစဉ် သတ်မှတ်ပြီးရွေးချယ်
          ရှေ့ဆက်မယ့်လမ်း…..ဘယ်
          တရွေ့ရွေ့နဲ့ အဝေးဆီ… 
          အဆိုတော် ရာပြည့်ရဲ့ ကျောင်းပိတ်ရက် တပေါင်းနွေ သီချင်းလေးကိုပဲ ညည်းမိပါတော့ရဲ့။
အမှာ။       ရွာမှာရှိစဉ်က အန်တီတူး(ဒေါ်တူးတူးမြင့်သိန်း) ကိုင်တဲ့ မုခ မဂ္ဂဇင်းရဲ့ “ ဧည့်ခန်းများကို ဖြတ်သန်းခြင်း” အခန်းမှာ (အကောင်စုတ်) ဇင်ဝေသော် ရေးခဲ့တဲ့ “ကျွန်တော် ဧည့်သည်၊ ကျွန်တော့ ဧည့်သည်” ကို ပြန်တွေးပြီး ရေးလိုက်တာပါ။ ဒါလေး ကောင်းတယ်၊ ပြန်ရေးပါလားဆိုတော့ ငါတော့ မရေးချင်ပါဘူး၊ နင်ရေးချင်ရေးပေါ့ဆိုတာနဲ့ ကျွန်မဆိုတဲ့မဖြစ်ညစ်ကျယ် ဆုထားမျက်ချယ်က…။        ။
  ဆုထားမျက်ချယ်
Copyright © 2011 ကမ်းလက်. All rights reserved.
ဘုရားရှင်သမာပတ်မှ ထခဲ့ရတဲ့ “ပဉ္စသီင်္ခဆိုတီးတဲ့ သီချင်းတစ်ပုဒ်” (အပိုင်း - ၂)
(ရင်ခုန်သံ တစ်ရေးနိုး)
ရ။     ၀ါရုမု သဇ မံ ဘဒ္ဒေ၊ သဇ မံ မန္ဓ လောစနေ
        ပလိဿဇ မံ ကလျာဏီ၊ ဧတံ မေ အဘိပတ္ထိတံ။
         Come, embrace me, maiden fair of thighs,
         Seize and hold me with your lovely eyes,
         Take me in your arms,
         It’s all I ask!
         ဖွေးလွှလွှ မင်းပေါင်ပေါ်ပါးအပ်
         အမြတ်တနိုးနဲ့ မင်းမျက်လုံးတွေရဲ့အကြည့်
         ပြီး- မင်းလက်အစုံနဲ့ ထွေးပိုက်လှည့်
         ဘ၀မှာ လိုတာ ဆိုလို့ ဒါအကုန်ပါပဲကွယ်။
၈။     အပ္ပကောဓ ၀တ မေ သေ န္တာ၊ ကာမော ၀ိလ္လိတကေ သိယာ
        အနေက ဘာဝေါ သမုပ္ပါဒိ၊ အရဟန္တေ၀  ဒက္ခိဏာ။
         My desire was slight at first, Oh maid,
         Of waving tresses, but it grew apace,
         As grow the gifts that Arahants receive.
         အစက- ရင်ထဲဆာလောင်မှုလေး
         တဖြည်းဖြည်း စည်ပင်လာလိုက်ပုံများ
         ရဟန္တာအရှင်မြတ်တွေကို ပေးလှူရတဲ့ အကျိုးတွေလိုပဲ။
၉။      အယံမေ အတ္တိ ကတံ ပုညံ၊ အရဟန္တေသု တာဒိသု
         တံ မေ သမ္ဗင်္ဂ ကလျာဏီ၊ တယာ သဒ္ဓိံ ၀ိပစ္စိတံ။
         Whatever merit I have gained by gifts
         To those Noble Ones, may mind reward
         When it ripens, be your love, most fair.
         အရှင်မြတ်တွေကို ပေးလှူခဲ့သမျှ
         အကျိုးတရားတွေ ငါပြန်ရရင်
         အချစ်ဆုံးလေး…အားလုံး မင်းအတွက်ချည်းပါပဲ။
၁၀။    သကျပုတ္တောဝ ဈာနေသု၊ ဧကောဒိ နိပကော သတော။
         အမတံ မုနိ ဇိဂိဿာနော၊ တ မဟံ သူရိယ ၀စ္ဆသေ။
         As the Sakyan’s Son in Jhana rapt
         Intent and mindful, seeks the deathless goal,
         Thus intent I seek your love, my Sun.
         (သာကိယအရှင်) ဈာန်ရင်ခွင်မှာ (သိဒ္ဓတ္ထမင်းသား)
         မသေရာ မွတ်သိပ်စွာ စူးစိုက်ရှာနေသလို
         ကိုယ့်အလင်းရောင်ကလေးရေ
         မင်းအချစ်ကို ငတ်မွတ်စွာ ငါရှာနေသကွဲ့။
၁၁။    ယထာပိ မုနိ နေႏၵယ်၊ ပတြာ သေမၺာဓိ မုတၱမံ။
         ဧ၀ံ နေႏၵယ် ကလ်ာဏီ၊ မိႆီ ဘာ၀ံ ဂေတာ တယာ။
         Just as that Sage would be rejoiced, if he
         Were to gain Supreme enlightenment,
         So I’d rejoice to be made one with you.
        ဂေါတမအရှင် ၀မ်းမြောက်
        သဗ္ဗညု ခရီးရောက်တဲ့အခါမှာ
        ငါလည်းလေ မိုးမမြင် နေမှာ
        မင်းနဲ့များ အတူကြင်ရရင်။
၁၂။    သက္ကောစမေ ၀ရံ ဒဇ္ဇာ၊ တာဝတိံသာန မိဿရော။
         တာဟံ ဘဒ္ဒေ ၀ရေယျာယေ၊ ဧ၀ံ ကာမော ဒဠှော မမ။
         If Sakka, Lord of Three-and-Thirty Gods
         Were perchance to grant a boon to me,
         It’s you I’d crave, my love for you is so strong.
        တာဝတိံသာဘုရင် သက္ကအရှင်ကများ
        ဗေလုဝ…မင်းကြိုက်သမျှ ဆုလာဘ်ယူစေဆိုရင်
        ငါခုံမင်တာက မင်းတစ်ယောက်ထဲ
        တို့အချစ်က အဲသလောက် မြဲမြံတယ်။
၁၃။   သာလံဝ နစိရံ ပုပ္ဖံ၊ ပိတရံ သေ သုမေဓသေ။
         Your father, maid so wise, I venerate
         Like a sala-tree fairly blossoming,
         For his offspring’s sake, so sweet and fair.
        ပင်လုံးကျွတ်ပွင့်တဲ့ အင်ကြင်းပင်အိုကို
        မွှေးလှတဲ့ ပန်းတွေကြောင့် မြတ်နိုးရသလို
        ပညာတွေ ပင်လုံးကျွတ်တဲ့
        မင်းဖေဖေ တိမ္ဗရုကို
        ပဉ္စသီ ဦးညွှတ်လိုက်ပါရဲ့….ကွယ်
        နေနတ်မင်းသမီး…အလင်းမလေးရယ်…….။
ဘုရားရှင်သမာပတ်မှ ထခဲ့ရတဲ့ “ပဉ္စသီင်္ခဆိုတီးတဲ့ သီချင်းတစ်ပုဒ်” (အပိုင်း - ၁)
ဆုထားမျက်ချယ်
ဘုရားရှင်သမာပတ်မှ ထခဲ့ရတဲ့ “ပဉ္စသီင်္ခဆိုတီးတဲ့ သီချင်းတစ်ပုဒ်” (အပိုင်း - ၁)
ပဉ္စသီင်္ခစောင်းသမားတို့များလုပ်လိုက်ရင် ဘုရားရှင်တောင် အေးအေးဆေးဆေး သမာပတ်ဝင်စားလို့မရဘူး။ သိကြားမင်းက ဘုရားရှင်ကိုမေးချင်၊ ဘုရားရှင်က သမာပတ်မှာဝင်စား၊ ဒါကို အရှင့်မျက်နှာလို မျက်နှာရ သူ့အနုပညာအစွမ်းကိုပြပြီး ဘုရားရှင်ကို သမာပတ်ကထအောင် တီးခတ်ပစ်လိုက်တာလေ။ ဆုထားမျက်ချယ်တို့ ပေါက်တတ်ကရလျှောက်ရေးနေတာ မဟုတ်ရပါရှင်။ မယုံရင်၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ သက္ကပဉှ သုတ်ကို သွားကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။
          သူချစ်နေတာက တိမ္ဗရုနတ်မင်းကြီးရဲ့သမီး သူရိယ၀စ္ဆသာတဲ့။ အနုပညာရှင်များ ရည်းစားစကားပြောတာ ဘုရား၊ ရဟန္တာတွေတောင်မှ အလွတ်မပေးဘူး။
          သူဖွဲ့သီဆိုတဲ့ သီချင်းကိုကြားတော့ ဘုရားရှင်တောင် သမာပတ်က ထတော်မူပြီး “ကောင်းလှပါလား ပဉ္စသီင်္ခ၊ သင်ဘယ်တုန်းကများ ဖွဲ့သီထားသလဲ”တဲ့။ ဒီတော့မှ စောင်းသမား (အညတရတော့ ဟုတ်ဟန်မတူ)က “အရှင်ဘုရား၊အရှင်မြတ် မဟာဗောဓိခြေတော်ရင်း သစ္စာပွင့်ဦး ဆွတ်မူးမူးအချိန်မှာ ဖွဲ့သီခဲ့ရခြင်းပါဘုရား”တဲ့။
          ပါဠိမတတ်တဲ့ မြန်မာတွေအတွက် မျက်စိတော့မနောက်လောက်ဘူးလို့ ထင်ပါတယ်။ ဒါကြောင်း ပါဠိ၊ အင်္ဂလိပ်၊မြန်မာ သုံးဘာသာနဲ့ ပဉ္စသီင်္ခရဲ့ အနုပညာကိုခံစားဖို့ တင်ဆက်လိုက်ပါတယ်။ အင်္ဂလိပ်လိုကတော့ ပီ၊ တီ၊ အက်(စ်)လို့ခေါ်တဲ့ Pali Text Society, London. ကမူကိုပဲ သုံးလိုက်ပါတယ်။ ပိဋကတ်ကို အင်္ဂလိပ်ပြန်ရာမှာတော့ ဒေါက်တာရိုက်(စ်)ဒေးဗစ်တို့ P.T.S ထက်သာတာလည်း ရှိတော့ဘူးလေ။ မြန်မာပြန်ကတော့ ကျမဆိုတဲ့ ဆုထားမျက်ချယ်။ (အကောင်စုတ် ဇင်ဝေသော်ရဲ့စကားနဲ့ဆို-ကန်တော့ပါရဲ့) မဖြစ်ညစ်ကျယ် ဆုထားမျက်ချယ်ရဲ့ လက်ရာပေါ့ရှင်။
          (ဓမ္မဂင်္ဂါ ဆရာတော်ရဲ့စကား ငှားသုံးရရင်) "ခြေသံလုံလုံနဲ့ ရင်ခုန်ကြည့်ကြရအောင်"လား။
၁။       ဝန္ဒေတေ  ပိတရံ   ဘဒ္ဒေ၊  တိမ္ဗရုံ   သူရိယ   ဝစ္ဆသေ။
          ယေန      ဇာတာသိ   ကလျာဏီ၊  အာနန္ဒ   ဇနနီ   မမ။
          Lady, your father Timbaru greet,
          Oh sunshine fair, I give him honor due,
          By whom was sired a maid as fair as you
          Who is the cause of my heart’s delight.
          အရှင်မလေး မင်းဖခင် တိမ္ဗရု
          အို-နေနတ်သမီးလေး သူ့ကိုဦးညွှတ်မိရဲ့
          ငါ့ရင်ကို နွေးစေတဲ့ မင်းဆိုတဲ့ အလှတစ်ပါး
          သူမွေးဖွားစေခဲ့လို့ပေါ့
၂။       ဝါတောဝ   သေဒတံ  ကန္တော၊  ပါနိယံဝ   ပိပါသတော။
          အင်္ဂီရသိ   ပိယာမေဟိ၊  ဓမ္မော   အရဟတာ  မိစ။
          Delightful as the breeze to one who sweats,
          Or as cooling draught to one who thirsts,
          Your radiant beauty is to me as dear
          As the Dhamma is to Arahants.
          ချွေးပြိုက်သူအတွက် လေအေးတစ်ပေါက်
          အာခေါင်ခြောက်သူအတွက် ရေအေးတစ်ခွက်
          တောက်ပလွန်းတဲ့ မင်းအလှကို တွယ်မက်လေပေါ့
          ရဟန္တာ အရှင်မြတ်တို့ ဓမ္မကို မြတ်နိုးသလို။
၃။       အာတုရေဿဝ   ဘေသဇ္ဇံ၊   ဘောဇနံဝ   ဇိဃစ္ဆတော။
          ပရိနိဗ္ဗာပရ   မံ   ဘဒ္ဒေ၊   ဇလန္တာမိဝ   ဝါရိနာ။  
          Just as medicine to him who is ill,
          Or nourishment to one who is starving still,
          Bring me, gracious lady, sweet release,
          With water cool from my consuming flames.
          နာဖျားသူအတွက်  ဆေးတစ်ခွက်
          မွတ်သိပ်သူအတွက်တော့ အာဟာရ၊
          မင်းရေတစ်မှုတ်နဲ့ ချိုမြိန်စွာ လွတ်မြောက်စေပါတော့
          ရင်မှာလောင်နေတဲ့ မီးကနေ။
၎။       သီတောဒကံ ပေါက္ခရဏီ၊ ယုတ္တံ ကိဉ္ဖက္ခ ရေဏုနာ။
          နာဂေါ ဂမ္ဘာ ဘိတတ္ထောဝ၊ သြဂါ ဟေတေ ထနူဒရံ။   
          The elephant, oppressed by summer heat,
          Seeks out a lotus-pool upon which float,
          Petals and pollen of that flower,
          So into your bosom sweet, I’d plunge.
          နွေနဲ့ လောင်မြိုက်နေတဲ့ဆင်
          ကြာပန်းရင်ပြင် ရေကန်ကိုရှာပြီး
          ကြာပွင့်ကြာပန်းတွေနဲ့တူ သောက်ချိုးသလို
          လှပတဲ့ မင်းအပြုံးကန်သာလဲ့လဲ့ထဲ ခုန်ပဲ ခုန်ချလိုက်ချင်တော့ရဲ့။
၅။       အစ္စကုင်္ေဿာဝ နာဂေါဝ၊ ဇိတံမေ ထုတ္တရော ပရံ။
          ကာရဏံ နပ္ပဇာနာမိ၊ သမ္ပတ္တော လက္ခဏူ ဂုဟာ။
          As an elephant, urged by the goad,
          Pays no heed to pricks of lance and spear,
          So I, unheeding, know not what I do,
          Intoxicated by your beauteous form.
          ချွန်းရှရှနဲ့ အမောင်းခံရတဲ့ဆင်
          လေး မြား လှံ စစ်မြေပြင်ကို အရေးမထားသလို
          ငါလည်း ကိုယ့်ကိုယ်ကိုတောင်မေ့လျော့
          မင်းအလှကို ရီဝေသည်အထိ သောက်သုံးခဲ့လို့ပေါ့။
၆။       တယိ ဂေဓိတ စိတ္တောသ္မိ၊ စိတ္တံ ဝိပရိဏာမိတံ။
          ပဋိဂန္တုံ နသက္ကောမိ၊ ဝင်္က ဃသ္တောဝ အမ္ဗုဇော။
          By you my heart is tightly bound in bonds,
          All my thoughts are quite transformed, and I
          Can no longer find my former course;
          I am like a fish that’s caught on baited hook.
          ရင်တွေမွန်းကြပ်စွာခုန်တယ်
          အတွေးတွေကလည်း ပုံမှန်မစီးမျော
          ဟိုတစ်ခါက "ငါ"ပျောက်ဆုံးပြီး
          ပါးဟပ်မှာ ချိတ်တန်းလန်းနဲ့ ငါးတစ်ကောင်လို။
(ရင်ခုန်သံတွေ တစ်ခန်းရပ်ကြဦးစို့နော်)
ဆုထားမျက်ချယ်