ဘ၀ဟူသည် ယား၏

ဘ၀ဟူသည် အလွန်ယားယံသော ကိစ္စတစ်ခုဖြစ်ပါသည်။ ဤအကြောင်းကို ငယ်စဉ် ကတည်း ကပင် လေ့လာခဲ့ရသည်။ တစ်နေ့... အဖေက ဘ၀အကြောင်း သိရအောင်ဆိုပြီး စပါးရိတ်ရာ လယ်တောသို့ အစ်မများနှင့်အတူ လိုက်သွားရန် စေခိုင်းသည်။ ထိုအချိန်မှစ၍ ဘ၀အကြောင်းကို မသိချင်တော့ပါ။ "အလွန်ယားယံလှပါသည်။"

အသက်အရွယ် အတန်ရလာပြီး "ဆုထားမျက်ချယ်" ဆိုသည့် ကောင်မလေးနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါ ထိုအယူအဆသည်ပို၍ပင် ခိုင်မာလာခဲ့လေသည်။ "ဆုထားမျက်ချယ်" သည်မဖြစ်ညစ်ကျယ် အလွန်နိုင်သောကောင် မလေး ဖြစ်သည်။ ဧပြီလ ကတည်းက "ရန်ကုန်ပြန်မည်"ဟု သူမကို ပြောသောအခါ ချမ်းရင် ၀တ်ဖို့ဆိုပြီး သိုးမွှေး ဆွယ်တာကြီး တစ်ထည် လက်ဆောင်ပေးသည်။

ထိုသိုးမွှေးဆွယ်တာကလည်း ၀ယ်လာတာဟုတ်ဟန်မတူပါ။ သူမဘာသာသူမ သိုးမွှေးထိုးကျင့်ရင်း ဆွယ်တာလို့ လည်းပြောမရ၊ သိုးမွှေးတဘက်လိုလည်း အနားသတ်မညီ၊ အူချာပေါက်နေသည့် သိုးမွှေးချည်လုံးကြီး မျှသာဖြစ်သည်။ ဥပမာနှိုင်းပြရလျှင် ဆိတ်ပုဆိုးကြမ်းနှင့် ခပ်ဆင်ဆင် တူနေသည်ဟု ထင်ရပါသည်။

မှတ်မှတ်ရရ မနှစ်ကသူမ လက်ဖက် တစ်ခါ သုတ်ကျွေးဖူးသည်။ ထို့နောက် သူမ လက်ဖက်သုတ် ကို ကောင်းကောင်း သုတ်တတ်ကြောင်း၊ ကျွန်တော့်ကိုလက်ဖက်သုတ် ကျွေးမည်ဖြစ်ကြောင်း ပြောသည်မှာ (၆၈)ကြိမ်ရှိပြီဖြစ်ပါ သည်။ ကျွန်တော့်ကို ပြောသည်မှာ ပြသနာမဟုတ်ပါ။ ဒီစကားကို တွေ့တဲ့လူတိုင်းကို ပြောနေတတ်သည်။ လူအရေအတွက် တိတိကျကျ မဖော်ပြနိုင်သည် ကို တောင်းပန်ပါ၏။

ကျွန်တော် မဂ္ဂဇင်းတစ်စောင်မှာ အယ်ဒီတာလုပ်စဉ်က သူမ နားပူနားဆာ လုပ်သည်ကို မခံနိုင်တော့ သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သူမဆောင်းပါးလေးတစ်ပုဒ် မဂ္ဂဇင်းမှာ ထည့်ပေးခဲ့ဖူးသည်။ တကယ်ဆိုလျှင် သူမ ရေးသည့်ဆောင်းပါး ကို တည်းဖြတ်ရတာထက်ကိုယ်တိုင် ကောက်ရေးလိုက်ရတာကမှ လွယ်ကူပါလိမ့်ဦးမည်။ သူမရေးတာအစစ်ဟူ၍ "ဆုထားမျက်ချယ်" တစ်ခုတည်းသာ ကျန်အောင် တည်းဖြတ်ပစ်လိုက်သည်။

သူမကစိတ်မဆိုးပါ။ စိတ်မဆိုးသည့်အပြင် သူမဆောင်းပါး မဂ္ဂဇင်းမှာ ပါပြီး ကတည်းက "ဆရာမတို့ စာရေးဆရာ တွေဆိုတာကလေ" ဆိုတာကို နားကြားပြင်းကတ်အောင် ထပ်တလဲလဲ သုံးစွဲပါတော့သည်။ ဤမျှဆိုလျှင် ကျွန်တော့်ဘ၀သည် မည်မျှ ယားယံကြောင်း သင်တို့ အထိုက် အလျောက် သဘောပေါက်ပြီဟု ထင်ပါသည်။

ကျွန်တော့်ဘ၀ထဲသို့ ယားယံမှုတွေ သယ်ဆောင်လာသူ နောက်တစ်ယောက် (တစ်ပါး)ကတော့ ဆရာတော်ဦးစိတ္တရ ဖြစ်သည်။ ဒီအရှင်ဘုရားကလည်း ကမ္မဋ္ဌာန်းပြရင်း "ဖာဂူဆန်"ဆီ ရောက်သွားတတ်သလို ပဋ္ဌာန်းကနေလည်း "ပို့(စ်)မော်ဒန်"ဆီ ရောက်သွား တတ်ပြန်သည်။

အရှင်ဘုရားက လိုက်ခဲ့ပါဟု   ပြောသဖြင့် တလောလေးက မလေးရှားကို လိုက်ခဲ့ ရပါသည်။ ခြင် အလွန်ပေါသော   ဒေသဖြစ်သည်။ ခြင်တစ်ကောင်က ကျွန်တော့်ကို ကိုက်နေတုန်း ကျွန်တော်လည်း ရိုက်သတ်လိုက်မိသည်။ ဒါကို မျက်စိရှင် နားပါး အရှင်ဘုရားက တွေ့ဖြစ်အောင် တွေ့လိုက်သည်။

"ဟဲ့...ဇင်ဝေသော်၊ ခြင်က   နင့်သွေးလေးတစ်ပေါက်ကိုပဲ သောက်တာ၊ နင်က သူ့အသက် တစ်ချောင်း လုံး ပြန်ယူ လိုက်တော့ ဘယ်တရားမလဲ" ဟု ပြောပါသည်။ စိတ်ကောင်း ၀င်ခိုက်မို့ဖြစ်မည်။ ဤတစ်ခါတော့ အရှင်ဘုရား စကားက မှန်လည်းမှန်၊ ချိုလည်း ချိုသာ၊ ကျိုးကြောင်းညီညွတ်သည်ဟု သုံးသပ်ကာ မှတ်ယူထားလိုက်မိသည်။ (ဤစကားသည် သူမိန့်သမျှထဲ အချိုသာဆုံးဖြစ်သည်။)

မှတ်ထားလိုက်မိသည်ဆိုခါမှ ရှိရှိသမျှ ခြင်တွေက ကျွန်တော့်ကို ၀ိုင်းဖဲ့ ကြပါတော့သည်။ အမှန်ဆိုလျှင် ခြင်ကိုက်စရာ လူခြောက်ယောက်ရှိပါသည်။ ကျန်တဲ့ ငါးယောက်ကို မကိုက်ဘဲ ကျွန်တော့်ကိုသာ ၀ိုင်းကိုက်နေကြခြင်း ဖြစ်သည်။ မိတ်ဆွေ အသိတစ်ယောက်က သွေးချိုလို့ ကိုက်တာဟုသူ ကြားဖူးတာကို ပြောသည်။ ကျွန်တော် မကြိုက်ပါ။ ဒီလိုဆိုလျှင် သွေးချိုတာထက် ဆီးချိုတာကမှ တော်လိမ့်ဦးမည်ဟုလည်း မဆီမဆိုင် တွေးနေမိသည်။

ဦးစိတ္တရက ဆရာမကြီးတစ်ယောက်က သူ့ကို လျှောက်ဖူးသည့်အကြောင်းကို မိန့်သည်။

"ဆရာမကြီးတစ်ယောက် ပြောဖူး     တယ်ကွ။ ခြင်ဆိုတာ ကိုက်စရာ လူအများကြီး ရှိရင် ပညာရှိတဲ့ လူကို ရွေးကိုက် တာတဲ့။ ဒါကလည်း သိပ္ပံနည်းကျ စမ်းသပ်ပြီးတွေ့ရှိတာ။ လူတွေအများ ကြီးတောထဲကို လွှတ် လိုက်ရင် ပညာတတ်တွေ၊ ပရော်ဖက်ဆာတွေပဲ ခြင်ကိုက်                  ခံရသတဲ့။ ပညာမတတ်၊ သာမန်လူတွေ ကတော့ ခြင်ကိုက်မခံရ ဘူး   တဲ့ကွ။ ခြင်လည်း ပညာတတ်ကို ကြိုက်တယ်။ တို့ခြောက်ယောက်ထဲမှာ မင်းက ပညာအရှိဆုံး၊ ဒါကြောင့် မင်းကို ၀ိုင်းကိုက်ကြတာ"ဟု ပြောသည်။

အမှန်ပြောရလျှင် ဒီအဖြေကို ကျွန်တော် သဘောကျပါသည်။ သိပ္ပံနည်းကျပြီး ယုတ္တိလည်းရှိသည်ဟု ရိုးရိုးသားသား ထင်မိပါသည်။ ထိုမျှမကပါ ဦးစိတ္တရတို့၊ ဒေါက်တာ အရှင်အာစာရတို့ ရှိနေပါလျှက် ကျွန်တော့်ကို ၀ိုင်းကိုက်နေကြသည့် ခြင်များကို ဒေါသ မထားမိသည့်အပြင် ကျေးဇူးပင် တင်နေမိပါတော့သည်။ သိပ္ပံနည်းကျ တွေ့ရှိမှုအရ ထိုခြောက်ယောက်တွင် ကျွန်တော်သည် ပညာဥာဏ် အကြီးဆုံး ဖြစ်နေသည်မဟုတ်ပါလား။ ကိုက်ကြ။ သူတို့ ကိုက်လေ ကျွန်တော် ဥာဏ်ကြီးလေဖြစ်၏။

တကယ်တော့ ပညာရှိလုပ်ရသည့် အလုပ်သည် မလွယ်ပါ။ အလွန် ယားယံ လှပါသည်။ မလေးရှားကနေ အိမ်ပြန်ရောက်တော့မှ ယားယံမှုအဓိပ္ပါယ်ပို၍လေးနက် လာပါသည်။ ကျွန်တော့်ဘ၀ထဲ ၀င်လာသော ယားယံမှုများတွင် ဦးစိတ္တရပေးခဲ့သည့် ယားယံမှုသည် အဆိုးဝါးဆုံး၊ အချိုမြိန်ဆုံးသော ယားယံမှုတစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် ဘ၀ဟူသည် "ယား"၏ဟု ဆိုခြင်းဖြစ်ပါသည်။

ဤအဆိုကို မယုံကြည်သူရှိလျှင် ရေမချိုး၊ ခေါင်းမလျှော်ပဲ တစ်ပတ်ခန့် နေကြည့် စေချင်ပါသည်။ သို့မဟုတ် "ဆုထားမျက်ချယ်"ဆိုသည့် ကောင်မလေးနှင့် သော်လည်းကောင်း၊ "ဆရာတော်ဦးစိတ္တရ"နှင့်သော်လည်းကောင်း မိတ်ဆက်ပေး ချင်ပါသည်။ ထိုအခါ ဘ၀သည် ယားယံကြောင်း ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မည်။

"ဘ၀သည် ယား၏ "

ဆရာတော်ဦးစိတ္တရ နှင့် ဆုထားမျက်ချယ် တို့ကို ကျေးဇူးတင်ပါသည်။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

နွေဦးအက်ဆေး ( တနင်္ဂနွေ အပျင်းပြေ)


သူများတွေအတွက် နွေဦးသည် လှပသောကာလတစ်ခု ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ ကျနော့်အထင်မှာတော့ ရာသီသုံးခုအနက် နွေရာသီသည် စိတ် ပျက်စရာ အကောင်းဆုံးဟု ထင်မိပါသည်။ ထို့ကြောင့် နွေဦးကိုလည်း လုံးဝ သဘောမတွေ့ပါ။

ဥဩတွန်သံသည် လွမ်းစရာကောင်းသည်ဟု တချို့က ဆိုကြသည်။ တွန်ေ နသော ဥဩကိုလည်း အဖော်ကွာ၊ အထည်းကျန်ခြင်းဟု လူတွေက ထင်သ လို အဓိပ္ပါယ်ဖော်နေကြသည်ကိုလည်း တွေ့မြင်နေသည်။ အမှန်မှာ ဥဩက တွန်ချင်လို့ တွန်နေခြင်းသာဖြစ်ပြီး အဖော်ကွာခြင်း၊ အထည်းကျန်ခြင်းနှင့် မဆိုင်လှပါ။ ရှင်းပြပါမည်။ တစ်ခါက " ဥဩ ဥဩ " ဟု ဟိုဖက်သစ်ပင်နှင့် ဒီဖက်သစ်ပင်မှနေပြီး ပြိုင်တူအော်နေသည့် ဥဩဖိုနှင့်ဥဩမကို တွေ့ရဖူး သည်။ သူတို့သည် လွမ်းလို့အော်နေခြင်း လုံးဝမဖြစ်နိုင်ပါ။ အော်ချင် လို့ေ အ်ာနေခြင်းသာဖြစ်ပါသည်။ ဟိုဖက်သစ်ပင်နှင့် ဒီဖက်သစ်ပင် လွမ်းနေစရာ လုံးဝအကြောင်းမရှိပါ။ ထို့ကြောင့် လူအများစု ခံစားနေရသည့် နွေဦးဂီတ ဆိုသည်ကလည်း ကျနော့အတွက် မချိုတော့ပါ။ လွမ်းစရာကောင်းသည်ဟုလည်း လုံးဝ မထင်မိတော့ပါ။ ပါးစပ်ဆော့သော ဥဩတို့၏ ပူညံပူညံ အသံသာ ဖြစ်နေပါတော့သည်။

နွေဦးရောက်ပြီဆိုသည်နှင့် ရွာလယ်လှည်းလမ်းဘေးမှာရှိသော ကျနော်တို့ အိမ်ထဲကို ဖုန်တွေ အလုံးလိုက် အလုံးလိုက်ဝင်လာတတ်သည်။ တားဆီးလို့ လုံးဝမရပါ။ ထမင်းစားပြီဆိုလျင်လည်း ထမင်းပုဂံပြားမှာသဲတရှပ်ရှပ်နဲ့ ဖြ စ်ေ န တတ်သည်။ ထမင်းတစ်ခါစားတိုင်း ဗိုက်ထဲကို သဲဘယ်လောက် ရောက် သွားမှန်းပင်မခန့်မှန်းနိုင်တော့ပါ။ ရေသောက်မလို့ ရေခွက်ကိုင်လိုက် လျင်လည်း ခွက်နှင့်လက် မထိမီ ဖုန်မှုန့်တွေနဲ့ အရင်ထိသလို ခံစားရသည်။ သန်းထွန်းလေး သီချင်းထဲက ဖုန်လုံးကြီးများသည် အပြင်မှာ စိတ်ပျက် စ ရာ တော်တော်ကောင်းပါသည်။

အဆိုဆုံးကတော့ အေးရာ ရှာနေတတ်သည့် ခွေးဝဲစားကြီးက သောက်ရေ အိုးစဉ်အောက် လာဝပ်တတ်ခြင်းဖြစ်သည်။ ခွေးဆိုသည့်အတိုင်း ဘာ အဝတ် အစားမှ ဝတ်မထားပါ။ သောက်ရေအိုးစဉ်အောက် ရောက်ပြီဆိုသည်နှင့် တစ် ကိုယ်လုံးက သူ့ဝဲတွေကို တဗျင်းဗျင်းကုတ်လေတော့သည်။ သူကုတ်လိုက်တိုင်း ဝဲများ၊ ခွေးသန်းများ ထွက်ထွက်လာတတ်သည်။ ထွက် လာသော ခွေးသန်းများကို တစ်ခါတစ်ခါ သူက ကိုက်စားနေတတ်ပြန်သည်။ အလွန် မနှစ်မြို့စရာကောင်းသော နွေဦးရှုခင်းဖြစ်သည်။

နွေဦးရောက်လာပြီဆိုလျင် လင်မယား ရန်ဖြစ်တာလည်း ပိုများလာသည်။ အဓိက အကြောင်းက ထန်းရေ လှိုင်လှိုင်ပေါခြင်းနဲ့ အလုပ်မရှိသဖြင့် ဖဲဝိုင်း များ ပေါလာခြင်းကြောင့်ဟု ထင်ပါသည်။ မူးလာလို့ ရန်ဖြစ်တာ၊ ဖဲရှုံးလို့ ရန်ဖြစ်တာစသဖြင့် ရန်ဖြစ်လို့သာနေကြတော့သည်။

ထိုမျှမက နွေဦးရောက်လာပြီဆိုလျင် မျက်စေ့ကျိန်းသူ၊ မျက်ခန်းစပ်သူများ လည်း အတော်ပေါပါသည်။ တချို့က သန့်သန့်ရှင်းရှင်း မနေကြသဖြင့် မျက်ချေးများပင် အလုံးလိုက် မြင်နေရတတ်သည်။ ရွံစရာ ကောင်းလှသည်။ ထို့ကြောင့် နွေရာသီကို လုံးဝ မနှစ်မြိုပါ။

တချို့က "သစ်ရွက်ရော်ရည်၊ ဣန္ဒနီဝယ်" စသဖြင့် ဖွဲ့ဆိုတတ်ကြသေးသည်။ အမှိုက်လှဲရသည့် ဒုက္ခကို လုံးဝသိဟန်မတူပါ။ ကျနောတို့ ကလေးဘဝ က နွေရာသီရောက်လျင် အကြောက်ဆုံးက တံမျက်စည်းလှဲရသောအလုပ်၊ အမှုက်ကျုံးရသော အလုပ်ဖြစ်ပါသည်။ တံမျက်စည်းလှဲတာ မပြောင် လျင် ကောင်ဘိုက နားရွက်ကို ဆွဲလိမ်သည်။ ကောင်ဘိုသည် လူမဟုတ်ပါ။ ကိုရင်ဖြစ်သည်။ ကိုရင်အောင်ဘိုဖြစ်သည်။ သို့သာ် ကျနော်တို့ ကလေးပါး စပ်မှာ မြန်မြန်ခေါ်တော့ ကိုရင်အောင်ဘိုက ကောင်ဘို ဖြစ်သွားတော့သည့်။

နွေဦးက ကြောက်စရာလည်း အလွန်ကောင်းသည်။ "လက်ပန်ဖူး ခွေးရူး၊ လက်ပန်ပွင့် ခွေးလွင့်" ဟုဆိုးစကား ရှိသည်။ ထိုစကားက တကယ်လည်း မှန်သည်။ နွေဦးရောက်လာပြီဆိုလျင် ခွေးရူးလည်း အတော်ပေါသည် ။ ခွေး ရူး၏ မျက်လုံးများက ကြည့်ရဆိုးသည်၊ ခွေးရူးအကိုက်ခံရလျင် ခွေးရူးပြန်ေ ရာဂါ ရတတ်သည်။ ထိုထက် စိတ်ညစ်စရာကောင်းသည်က ဘယ်သူ့ခွေးေ တာ့ ရူးပြီဆိုတာနှင့် လှံဆွဲ၊ ဓားဆွဲဖြင့် ထိုခွေးကို ဝိုင်းသတ်ကြတော့သည်။ မသေမရှင် သွေးသံရဲရဲဖြင့် လျှောက်ပြေးနေရသော ထိုခွေးကို ကပ်ပေါက်ထဲ က ချောင်းကြည့်ရသည်ကပင် အတော် စိတ်ပျက်စရာ ကောင်းလှပါသည်။

နွေဦးရောက်လာပြီဆိုသည်နှင့် ကန်ရေများ ခမ်းခြောက်ကာ ရေပြဿနာ လည်း တက်လေတော့သည်။ ကျနော် မကြိုက်နှစ်သက်ဆုံးအရာက နွား စားကျဉ်းထဲမှာ ရေဆင်းချိုးရခြင်းဖြစ်သည်။ ချိုးသည့်ရေ အလကားမဖြစ် ဘဲ နွားသောက်ရေ ရအောင် ရီဆိုက်ကယ်လုပ်သောသဘော ဖြစ်သည်။ မည်သို့ဖြစ်စေ နွားစားကျဉ်းထဲရေချိုးရခြင်းက ကသိကအောက် အတော်နိုင်လေသည်။ ငယ်သေးသဖြင့် မီရေး ထင်းရေးကိစ္စ ကြောက် စ ရာကောင်းပုံကိုတော့ ကျကျနနမသိပါ။

နွေနှင့်ပတ်သက်လို့ ပျော်စရာဆိုလျင် အသန့်ကြိုက်သော မသက်ချွေးဘေး မှာ ဖုန်လုံးကြီးများ အလိပ်လိုက် အလိပ်လိုက် ကျန်ရစ်အောင် ခြေထောက် ဒရွတ်ဆွဲ ပြေးခဲ့ရခြင်းတစ်ခုသာ ရှိပါသည်။ သူစိတ်ဆိုးလေလေကျနော် တို့ ပျော်လေလေဖြစ်သည်။
အားလုံးကို ခြုံကြည့်လျင် နွေဦးသည် အလွန်အရုပ်ဆိုးပြီး ကဗျာတဖွဲ့ စာတဖွဲ့ လုပ်နေစရာအကြောင်း လုံးဝမရှိပါ။

(မှတ်ချက်။ ။ ဆရာဇော်ဇော်အောင် ငယ်စဉ်က ရေးခဲ့သည့် နွေဦး စာစီ စာကုံးကို ဖော်မက်ယူပြီး ရေးထားတာ ဖြစ်ပါသည်။)

 ဇင်ဝေသော်

ဝါကျများ စုစည်းမှု


( မင်းတို့လိုကောင်မျိုးတွေဆို ဘယ်နေရာ တွေ့တွေ့ မင်းတို့က စပြီး မခေါ်ရင် မခေါ်နိုင်ဘူး လို့ ရွှတ်နောက်နောက် ပြောခဲ့တဲ့ သူငယ်ချင်း သို့ )

-စိတ်ထင်လို့ မဟုတ်ပါဘူး၊တစ်ခုခုကို မျှော်လင့်မထားရင် နာရီတိုင်းရဲ့ အသွားနှုန်းဟာလည်း အတူတူပဲနေမှာပါ။
-ဘယ်သူ အကြီးဆုံးလည်း မမေးခင်အထိ လူသားအားလုံးဟာ ညီအကိုပဲလို့ ဆိုကြတယ်မဟုတ်လား။
-ဘာရယ် မဟုတ်ဘူး၊ လမ်းမလျှောက်တာ ကြာလို့ လမ်းလျှောက် ကြည့်တာ ပါ။
-တကယ်က လမ်းလျှောက်တာထက် စိတ်လျှောက်နေတာက ပိုမြန်ပါတယ်။
-စိတ်တကယ်လျှောက်နေရင် ခြေလှမ်းတိုင်း၊ အသက်ရှူမှုတိုင်းဟာလည်း အတူတူဖြစ်သွားတယ်။
-အနှေးအမြန်ဆိုတာလည်း မရှိတော့ပါဘူး။

-အနှေးအမြန် မရှိလည်း လူက ရွေ့နေတယ်။ခြေလှမ်းတွေက လှမ်းနေဆဲ ထင်တယ်။
-ရွာဘက်မှာ ( မြန်မာပြည် အလယ်ပိုင်းမှာ ) ငလျင်လှုပ်လို့တဲ့။ ဟုတ်လား။ ဘယ်လောက် စကေးအထိ လှုပ်တာလဲ။
-ဒါတော့ မသိဘူး။ ရွာကလူတွေအတွက် မစိုးရိမ်မိဘူးလား။
- မစိုးရိမ်လှပါဘူး။ ရွာမှာ ငလျင်လှုပ်လို့ တိုက်ပြိုကျပြီး လူပေါ်ပိ သေရအောင် တိုက်မြင့်မြင့်တွေ မရှိဘူး။
-ဘာပဲဖြစ်ဖြစ် စိုးတော့ စိုးရိမ်သင့်တာပေါ့။ အင်း ဟုတ်တယ်။ စိုးရိမ်သင့်တယ်။
- ငလျင်လှုပ်လို့ အိမ်ပေါ်က ဝါးလုံးအချင်တွေ ဘာတွေ ပြုတ်ကျရင်တော့ ခေါင်းလောက်တော့ ပေါက်နိုင်တယ်။
- သေလောက်အောင်တော့ မဖြစ်နိုင်ဘူး။
-မဟုတ်ဘူး၊ ဒီနှစ် ငလျင်လှုပ်တော့ မြေဩဇာတွေ ဟာသွားလို့ ပြောင်းဖူးတွေက မချိုဘူး။
-ဟုတ်သလား။ ဒါမျိုးတွေ ရှိသလား၊ ရှိတယ်။ စားကြည့်၊ တကယ် မချိုဘူး။ ချိုပါတယ်။
-ငလျင်လှုပ်တော့ ဒီနှစ် ထန်းရေချိုလည်း မရှိလောက်ဘူး။ ထန်းရေချိုတွေရော အချိုပေါ့သလား။
-ထန်းရေတွေမချိုတော့ရင် ထန်းလျက်တွေလည်း ချိုမှာမဟုတ်တော့ဘူး နော်။
-မဆိုင်ဘူးထင်တယ်။ စကား ကပ်ပြီး မမေးနဲ့။
-မေးတော့ မေးရဦးမယ်။အမှားတစ်ခုရဲ့ အခြေက ကိုယ့်ကြောင့်စတာ၊
-ဒါပေမယ့် အဲဒီအမှားကို အခြေခံပြီး လူနှစ်ယောက်ပျော်ရွှင်နေကြတယ် ဆိုရင် အဲဒီ အမှားကို ၀န်ခံပြီး ပြောပြသင့်လား။
- ပြောပြသင့်တယ်။
- ပြောပြလိုက်ရင် နှစ်ယောက်စလုံးရဲ့ အပျော်တွေ ရပ်တန့်သွားကြလိမ့်မယ်။
-တကယ် ရပ်သွားမှာလား။ ထင်တယ်။ မရပ်သေးဘူး၊ဆက်လျောမယ်လေ။
- ဒီအတိုင်း ထားရင်လည်း ဘယ်သူ့မှတော့ မထိခိုက်ဘူး။
-အင်းလေ။ တိုက် မြင့်မြင့်ကြီးတွေမှ မရှိတာ။ အလွန်ဆုံးဖြစ်လှ အချင်တွေ ဘာတွေ ပြုတ်ကျလို့ ခေါင်းပေါက်ရုံပေါ့။
- ဘာဆိုင်လို့လဲ။ အခုပြောနေတာ ( စဉ်းစားနေတာ ) ငလျင်အကြောင်း မဟုတ်တော့ဘူး။ အော် ဟုတ်လား။ ရုတ်တရက်ကြီး။
-ရုတ်တရက်ကြီး ကိုယ့်နာမည်တွေ့လိုက်တော့ ဒိန်းခနဲ လန့်သွားတာပေါ့။
-ဟုတ်လား။ နာမည်က အဲလို ကြောက်စရာကောင်းသလား၊ ကြောက်စရာကောင်းရင် နာမည် မမှည့်နဲ့တော့လေ။
-ဘာဆိုင်လို့လဲ၊ မျော်လင့် မထားတဲ့နေရာမှာ မျော်လင့် မထားတာတွေ့ရင် လန့်တတ်တာပဲ၊ ဘာတွေ့တာနဲ့ ဆိုင်ဘူး။
-ဟုတ်လား၊စာမေးပွဲ ဂေဇက်ထဲမှာ ကိုယ့်နာမည် တွေ့လိုက်ရသလိုလား။ မနောက်နဲ့၊ မတူဘူး၊
-အင်း ဟုတ်တယ်၊ မတူဘူး။
-တူတယ်၊ တူတာကိုမဟုတ်ဘူး၊ သူမှ သူ ရယ်၊ အခု နည်းနည်းဝနေလို့။ လှမ်းခေါ်လိုက်ရအောင်လေ။
-မခေါ်ပါဘူး၊ စင်္ကာပူရောက်သွားပြီး ဘဝင်ကိုင်နေလို့ မမြင်ချင်ယောင် ဆောင်သွားတာနေမှာ။
-မဟုတ်လောက်ပါဘူး၊ အရင်ကလည်း သူမြင်ချင်မှ မြင်တတ်တာ၊ အဲလိုစိတ် မရှိလောက်ပါဘူး။
-ရှိရှိ မရှိရှိ သူတို့လိုလူကို ကိုယ်ကစပြီးတော့ နှုတ်မဆက်နိုင်ပါဘူး၊ လက်ဆောင်လိုချင်လို့၊ တစ်ခုခု အကျွေးခိုင်းမလို့ နှုတ်ဆက်တယ်ထင်မှ ဟုတ်ပေ့။

-အရင်က တစ်ယောက်က မမြင်ရင် တစ်ယောက်က လှမ်း ခေါ်တယ်။ အခု.......


ဇင်ဝေသော် 

“ထား”


“ထား” ဆိုတာ သူမနာမည် မဟုတ်သလို “ထား” လို့ ခေါ်တယ်ဆိုတာကို လည်း သူမကိုယ်တိုင်ကတောင် မသိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်စုံတရာကို ထားခဲ့ရမယ်ဆိုတာ သေချာသွားလို့ သူမကို “ထား” လို့ စိတ်ထဲမှာ ခေါ်လိုက်မိတာပါ။ ထားက အသားညိုတယ်၊ မျက်နှာချိုတယ်၊ စိတ်ရင်း ဖြူတယ်၊ တိုင်းရင်းသားလေသံ နည်းနည်း ဝဲတယ်။ နယ်က၊ ရွာလေး တစ်ရွာကပါ။

သူမနဲ့ လုပ်ဖော်ကိုင်ဖက် အမကြီးတစ်ယောက်နဲ့ ဆက်စပ်ပြီး ထားကိုကျနော် သိခဲ့ရတာ။ သူမ စင်္ကာပူကို ရောက်လာခဲ့ရတာက လူအိုရုံမှာ သူနာပြုအကူ (နာ့စ်) တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ ကိုယ်ရေး ကိုယ်တာ သိပ်ဆန်သွားမှာစိုးလို့ လစာကို မမေးမိပေမဲ့ စင်္ကာပူဒေါ်လာ လေး ရာနဲ့ ငါးရာကြားမှာ ဖြစ်လိမ့်မယ်လို့တော့ အကြမ်းဖျင်း တွက်ဆလို့ ရပါ တယ် ။ နေစရိတ်နဲ့ စားစရိတ်က အလုပ်ရှင်က တာဝန်ယူထားတာရယ်၊ အပြင် ထွက်ခွင့် သိပ်မရတာရယ်၊ ကွန်ပျူတာ အင်တာနက် သုံးခွင့် မရတာ ရယ်ကြောင့် သူမရတဲ့ လစာလေးထဲကနေ ယိုဖိတ်စရာ အပေါက်တော့ သိပ် မရှိနိုင်ပါဘူး။

သူမ စိတ်လိုလက်ရ ရှိတုန်း ပြောပြလို့ သူမအကြောင်း သိလိုက်ရတာက သူမမှာ (၆၅) နှစ် ကျော်နေပြီး ဖြစ်တဲ့ မိဘနှစ်ပါးလုံး ရှိသေးတယ်။ အမကြီး တစ်ယောက် ရှိတယ်။ သူမ အမကြီးကတော့ သူ့အိမ်ထောင်နဲ့ ကလေးနှစ်ယောက်နဲ့။ မိဘကို လုပ်ကျွေးခွင့်ရအောင် စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်တည်း ထွက်လာခဲ့တာ။ ဒါပါပဲ။ အဲ … သူမရတဲ့ လစာလေးထဲ ကနေ တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပုံမှန် ပို့ပေးတယ်။

သူမ ပြောပြတာက ဒါအကုန်ပေမဲ့ ကျနော့်အတွေးက ကုန်မသွားခဲ့ဘူး။ မိဘတွေကို ထောက်ပံ့ဖို့ ထွက်လာခဲ့တော့ မိဘတွေကို ပြုစုခွင့် သူမ လက် လွှတ်ခဲ့ရတယ်။ သူမက လူအိုရုံမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေ ရချိန်မှာ သူမရဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ဘယ်သူက စောင့်ရှောက်နေ မလဲ။ သမီးကြီးကလည်း သူ့အိမ်ထောင်နဲ့သူ၊ သူ့ကလေး နှစ်ယောက်နဲ့သူ၊ မိဘနှစ်ပါးအတွက် အချိန်ပေးနိုင်မယ် မဟုတ်ဘူး။ ဒါဆိုရင်တော့ ဒီ ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် ဖေးမ ရင်း စောင့်ရှောက်လို့ ပဲ နေကြရလိမ့်မယ်။
ဒါဟာ သူမကို “ထား” လို့ ခေါ်မိခြင်းရဲ့ ပထမ အကြောင်းတရားပါ။
တစ်လကို ဒေါ်လာနှစ်ရာ ထောက်ပံ့နိုင်ဖို့ ကိုယ်ပိုင် မိဘတွေကို “ထား” ခဲ့ရပြီး ကိုယ့်မိဘ မဟုတ်တဲ့ သူစိမ်းတစ်ရံ သက်ကြီးရွယ်အိုတွေကို ရပ်ဝေးမြေခြား လာပြီး စောင့်ရှောက်နေရလို့ ထားလို့ ခေါ်မိတာပါ။

ဒီအသက်၊ ဒီအရွယ်ဆိုတော့ ချစ်သူတွေ ဘာတွေလည်း သူမမှာ ရှိနေနိုင် ပြီပေါ့။ စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်ထဲ ထွက်လာခဲ့တဲ့ မိန်းကလေး တစ်ယောက်မှာ ချစ်သူနဲ့ တစ်ချိန်ချိန်မှာ အတူတူ နေရဖို့ဆိုတဲ့ အိပ်မက်ကို လည်း ထားခဲ့ရမှာပေါ့။ ဒါဆို သူမနာမည်က “ထား” ဆိုတာထက် “ထားထား” လို့တောင် ခေါ်ဖို့ သင့်နေပြန်ပါပြီ။
တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပို့ပေးတယ်ဆိုရင် ကျန်တဲ့ ဒေါ်လာနှစ် ရာလောက်ကို သူမချစ်သူနဲ့ နီးစပ်ဖို့ ကြိတ်ပြီးတော့များ စုစောင်းနေရှာမလား။ စတင် တွေ့ရှိချိန်ကစလို့ ချစ်စရာ၊ ခင်စရာကောင်းတဲ့ ထားနဲ့ ပတ်သက်လို့ ဖြူ စင်စွာ တွေးကြည့်ခဲ့မိပါတယ်။

ကျနော်သိတဲ့ “ထား” ဟာ စိုင်းထီးဆိုင် သီချင်းထဲက ထားမဟုတ်သလို တစ်ပြည်သူ မရွှေထားထဲက ထားလည်း မဟုတ်ရှာဘူး။ သက်ကြီးရွယ်အိုတွေကို ပြုစုရတာဟာ ကုသိုလ်ရတဲ့ အလုပ်လို့ ဗုဒ္ဓဘာသာ ဝင်ပီပီ နှလုံးသွင်းထားမှာ ဖြစ်သလို ကိုယ့်မိဘတွေကို ပြုစုခွင့်နဲ့ အကြောင်း မလှစွာ လွဲချော်နေရတာကိုလည်း သူမ ကြိတ်ပြီး ကြေကွဲနေရှာမှာပါ။

ကျနော်သိတဲ့ “ထား” လို ထားတွေ စင်္ကာပူမှာ ဘယ်နှစ်ယောက်များ ရှိနေ မလဲ???

အရင်တစ်ပတ်ကပဲ ထားနဲ့တွေ့တော့ သူ ရွာပြန်တော့မယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။
“ဘာ ဖြစ်လို့လဲ၊ ဒီမှာ အဆင်မပြေလို့လား”
“မဟုတ်ပါဘူး။အဆင်ပြေပါတယ်။အရင်တုန်းက အေးဂျင့်ကို ပေးစရာတွေကလည်း မကျေသေးတော့ ဒါတွေကျေအောင် ကြိတ်မှိတ်ပြီး လုပ်နေရတာပေါ့။ အခုတော့ ကျေသွားပါပြီ။ စိတ်လည်း ပေါ့သွားတယ်။ ဒေါ်လာလေး သုံးလေးရာနဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို စောင့်ရှောက်သူ မရှိဘဲ ပစ် ထားခဲ့ရတာကို စိတ်လည်း မကောင်းပါဘူး။ ရှိတဲ့ပိုက်ဆံလေးနဲ့ ရင်းနှီး စားသောက်ပြီး မိဘတွေနားမှာပဲ နေသင့်တယ် ထင်လို့ ပြန်မယ်လို့ ဆုံးဖြတ် လိုက်တာပါ”

စိတ်ထင်မှ ပြောတတ်တဲ့ ထားဟာ ဒီတစ်ခါတော့ ရှည်ရှည်မျောမျောကို ရှင်းပြရှာတယ်။
ဒီတစ်ခါတော့ “ထား” ဟာ ကျနော်နဲ့အတူ စင်္ကာပူကိုပါ ထားခဲ့ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။ ကျနော်ကတော့ ထားအတွက်၊ ထားမိဘနှစ်ပါးအတွက်၊ အကယ်၍ စောင့်နေသူ ရှိခဲ့ရင် ထားချစ်သူအတွက် ဝမ်းသာမိပါတယ်။
အဲ သူမ “ထား” ခဲ့သမျှတွေထဲမှာ ဒီတစ်ခါ ထားခဲ့ခြင်းဟာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့လည်း တွေးနေမိတယ်။ မှန်ချင်မှတော့ မှန်မှာပေါ့။ ထားခဲ့ပါ ထားရယ်။ ထားခဲ့ရမယ့် အရာအားလုံးဟာ ထားကို ထားခဲ့ရမှာပဲ မဟုတ်လား။

အထားခံရတဲ့ ကျနော်က ဝမ်းသာမိသလိုမျိုး နောက် အထားခံလိုက်ရတဲ့ စင်္ကာပူကရော ဝမ်းသာနိုင်မလား။ ဒီကိစ္စကို သေသေချာချာ မသိဘူး။ စင်္ကာပူက “ထား” တို့လို မိန်းကလေးတွေကို တကယ် ထားချင်ပါတယ်။
ဘာလို့လဲ သိလား။
သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို ထားတို့က လာလုပ်ပေးနေလို့ပဲပေါ့။ သူမကို ထားချင်တဲ့ စင်္ကာပူကို ထားခဲ့ပြီး “ထား” တစ်ယောက် ပြန်သွားခဲ့ တယ်။

မိတ်ဆွေအပေါင်းအသင်းတွေ လာလို့၊ ပြန်လို့ အကြိုအပို့ မလုပ်တတ်တဲ့ ကျနော်ဟာ ထားပြန်တဲ့နေ့က ချန်ဂီလေဆိပ်ကို လိုက်ပို့လိုက်မိတယ်။ “ထား” ပြီး ပြန်သွားတဲ့ “ထား” ကို ဂုဏ်ပြုဖို့ပါ။
အဲဒါ အဖြူထည် ရင်းနှီးလိုက်ရတဲ့ ကျနော်သိတဲ့ “ထား” ပါပဲ။
“ထား” မှ ရယ်လို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ အားလုံးလည်း ထားခဲ့ရမှာ မှန်သမျှကို ထားခဲ့ကြရဦးမှာပဲ မဟုတ်လား။
ဒါပေမဲ့ အဲဒီနေ့က ချန်ဂီလေဆိပ်မှာ တမာရနံ့လိုလို ဘာလိုလို ရနံ့ တစ်ခု တောင် ခပ်သင်းသင်းရလိုက်မိတယ်။


ဇင်ဝေသော်

လူကြိုက်များပြီး မူပိုင်ခွင့်ပျောက်နေတဲ့ အနုပညာ


ဒီနှစ်မှာတော့ အကယ်ဒမီဆု ပေးတဲ့နေ့မှာမှ ထူးထူးခြားခြား ရွာကို ရောက်နေလျက် ဖြစ်နေတယ်။ ရွာက အရင်က ရွာမဟုတ်တော့ ရွာသူရွာသားတွေကလည်း တီဗွီရှေ့မှာ ဘယ်သူများ အကယ်ဒမီ ရလေမလဲ ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ပဲ။
သိပ်မကြာပါဘူး။ ဇာတ်ပို့ဆု အကယ်ဒမီဆုရှင်ကို ကြေညာတော့ လူရွှင်တော် မော့စ် ဖြစ်နေတယ်။ ရွာသားတွေရဲ့ ပါးစပ်ထဲမှာ
“ဟင် … ဟာ …”
“ဒီ မော့စ်ကြီးကိုများ၊ အမြင်ကပ်လိုက်တာ။ အကယ်ဒမီ ပေးစရာ ရှားလို့”
“အေးလေ၊ သူ့ပေးမယ့်အစား ‘ ………….’ ကို ပေးလိုက်ရောပေါ့”
သဘောမတူတဲ့ အသံတွေ တညီတညွှတ်တည်း ထွက်လာတယ်။
အကယ်ဒမီပေးဖို့ ဆုံးဖြတ်တဲ့အဖွဲ့ဟာ ရွာသားတွေဆိုရင် မော့စ်အနေ နဲ့ သေချာပေါက် အကယ်ဒမီနဲ့ လွဲနိုင်တယ်။

သူတို့က မော့စ် ရတဲ့ အကယ်ဒမီကို သဘောမတူနိုင် ဖြစ်နေချိန်မှာ ကျနော် ကတော့ ပူပိုင်ခွင့်တွေ ပျောက်ဆုံးနေရရှာတဲ့ ဟာသပညာရပ်အေ ကြာင်းေ တွးနေမိတယ်။
ပထမဆုံးက ဟာသလေးတွေ (Jokes) ဖော်ပြတတ်တဲ့ ရီဒါးဒိုင်ဂျက် အကြောင်းပါ။ အခုတလော ထွက်တဲ့ ရီဒါးဒိုင်ဂျက်ရဲ့ ပြက်လုံးတွေက မရီ ရတော့ဘူး။ ပညာမပါလို့ မဟုတ်ဘူး။ ဟာသတွေ ထပ်နေလို့။ ဒါပေမဲ့ ပေးပို့သူရဲ့ နာမည်တွေကတော့ မတူတော့ဘူး။ သူတို့ အယ်ဒီတာ အဖွဲ့လည်း တတ်နိုင်သမျှတော့ စိစစ်ကြမှာပဲ။ ဒါပေမဲ့ မရဘူး။ ဟာသတွေ က ကော်ပီရိုက်တန်းဖိုးကို အလေးထားတဲ့ အင်္ဂလိပ်မီဒီယာ ထဲမှာကိုပဲ ထိမ်း မနိုင်၊ သိမ်းမရ ဖြစ်နေတယ်။

ဒါဟာ ဘာ့ကြောင့်များ ပါလိမ့်လို့ ဘကြီးနွား အလကား ကျောင်းနေမိတယ်။
လူဟာ ဟာသကို ချစ်ပေမဲ့ တန်ဖိုးတော့ သိပ်မထားဘူး။ ရယ်စရာ အနေနဲ့ပဲ သဘောထားတယ် ဆိုတာ အဓိကအချက်လို့ ထင်တယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုအမိန့်တွေဆို ဘယ်သူ ပြောတာဆိုတဲ့ မူလ ပိုင်ရှင်နဲ့တွဲပြီး မှတ်တတ်ကြပေမဲ့ ကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက် ရတဲ့ ပြက်လုံးကိုတော့ (Joke) ပိုင်ရှင်နဲ့ တွဲမှတ်ဖို့ မေ့လျော့ နေတတ်ကြ တယ်။
နားထောင်သူ ဘက်ကလည်း ဒီအတိုင်းပါပဲ။ မှတ်သားစရာ အဆိုအမိန့်ဆိုရင် ဘယ်သူ ပြောတာလဲလို့ မေးတတ်ကြပေမဲ့ ရယ်စရာကိုတော့ ရယ်လိုက်ရုံနဲ့ ပြီးသွားတတ်ကြတယ်။


နောက်ပြီး ရယ်စရာကို ရယ်စရာအနေနဲ့ ထားလိုက်တော့ အကိုးအကား နဲ့ ဖော်ပြနေစရာလည်း မလိုပြန်ဘူး။
နောက်တစ်ချက် ဖြစ်နိုင်တာက ရယ်စရာက တစ်ခါ အူလှိုက်သည်းလှိုက် ရယ်ပြီးရရင် မှတ်မိသွားတယ်။ မမေ့တော့ဘူး။ ဒါ့ကြောင့် ရယ်စရာတွေ ထပ်နေရင် ထပ်နေကြောင်း ချက်ချင်း သိတာလည်းပဲ ဖြစ်နိုင်ပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရယ်စရာ ဟာသတွေမှာ စာပေမှာပဲ ဖြစ်ဖြစ်၊ ပြက်လုံး အနေနဲ့ ပဲ ဖြစ်ဖြစ် မူရင်းပျောက်နေတာတော့ အမှန်ပဲ။

အင်္ဂလိပ်လို ဖတ်တဲ့သူအတွက်ဆိုရင် ဒီကိစ္စက ပိုပြီး စိတ်ပျက်စရာ ကောင်း တယ်။ တော်တော်များများတွေက သူတို့ Joke တွေနဲ့ လွတ်ကို မလွတ်ဘူး။ ခပ်တည်တည်နဲ့သာ ကိုယ်ပိုင်လိုလို ဘာလိုလို ရေးနေကြ၊ ပြက်နေကြတာ။ ဟုတ်ပြီ။ ဒီပြက်လုံးကို ဘယ်သူ ပြောတာလဲလို့ လိုက်ပြန်တော့ အင်္ဂလိပ် မီဒီ ယာထဲမှာကိုပဲ ဝေဝါးသွားပြန်ရော။
ရယ်စရာ၊ ပြုံးစရာ အရေးကောင်းတဲ့ စာရေးဆရာတွေထဲမှာ မင်းလူနဲ့ တာရာမင်းဝေကို တော်တော်လေး လေးစားမိတယ်။ မင်းလူက ရယ်ရအောင် ရေးတတ်တာ။ တာရာမင်းဝေကတော့ ပြုံးစိစိဖြစ်အောင် ရေး တတ်တာ။ ဘယ်ဟာသမှ မပါဘဲ ဒိုင်ယာလော့ဂ် ချရေးတာကိုပဲ တာရာမင်းဝေ ရေးရင် ပြုံးချင်စရာတွေ အများကြီး။ တစ်ခု ကောင်းတာက သူတို့ ရေးဟန်ကျတော့ ဟာသက အတုံးလိုက် အတစ်လိုက် မဟုတ်တော့ ခိုးတာ မခံရတော့ဘူး။




သူတို့ထက် ပိုပြီး လေးစားစရာ ကောင်းတာကတော့ ဘာစကားလုံးမှ မပါဘဲ ရယ်ရအောင် လုပ်နိုင်တဲ့ ချာလီချက်ပလင်တို့၊ မစ္စတာ ဘီးန် တို့ပဲ။ ရယ်လိုက် ရတာသာ မောသွားတယ်။ စကားလုံး မပါတော့ သူများကို ပြောပြလို့ မရတော့ဘူး။ ပြောပြလည်း သူများက မရယ်တော့ဘူး။

အငြိမ့်တွေ အခြေအနေ မကောင်းတာက ခေတ်ကြောင့်လို့ အဓိက ပြောရင် ရသလို လူရွှင်တော်တွေ ပြက်လုံးထပ်နေတာလည်း ပါမယ်။ ထပ်လို့လည်း အပြစ်ပြောစရာ မရှိဘူး။ လွယ်ကူတဲ့ ပညာရပ်မှ မဟုတ်တာပဲ။ ကမ္ဘာမှာတောင် ကမ္ဘာကျော် စာရေးဆရာက ရေတွက်လို့ မကုန်ဘူး။ မစ္စတာဘီးန်နဲ့ မစ္စတာ ချာလီချက်ပလင်က ဘယ်နှစ်ယောက် ရှိတာမှတ်လို့။ ရယ်စရာ၊ ရယ်စရာလို့ ပြောနေကြပေမဲ့ ဒီကိစ္စက ရယ်စရာကိစ္စတော့ မဟုတ် ဘူး။ အခက်ဆုံး အတတ်ပညာ၊ အနုပညာလို့တောင် ဆိုချင်ဆိုလို့ ရနိုင်တာပဲ။

နောက်ဆုံးအချက်က အရင်က ရှိပြီးသား ဟာသတစ်ခုကို နာမည်ကြီး တစ်ယောက်က ဝင်သုံးလိုက်ရင် အဲ့ဒီဟာသက နာမည်ကြီးရဲ့ ကိုယ်ပိုင် ဟာသ ဖြစ်သွားတယ်။ မူရင်း မပေါ်တော့ဘူး။
ကဗျာတွေမှာဆို အတုံးလိုက်၊ အတစ်လိုက် မပြောနဲ့ စကားလုံးလေး တစ်လုံး ယူလိုက်တာနဲ့တင် သူ့ဟာ မဟူတ်ဘူးဆိုတာ သိကြတယ်။သိရင်လည်း ပြော ကြတယ်။

ဟာသလေးတွေကတော့ (အရင်ကလည်း ဟာသလို့ပဲ သဘောထားတော့) အတုံးလိုက် အတစ်လိုက် ယူတာတောင် ယူသူက ဝန်မခံသလို သိသူက လည်း အရေးတယူ သိပ် မရှိလှဘူး။ ရှိရင်တောင် လူရွှင်တော်လော ကလောက်ပဲ ဖြစ်မယ် ထင်တယ်။ ကျန်တဲ့နေရာမှာတော့ ဟာသလေးတွေက မူလဖန်တီးသူနဲ့ ဝေးနေရတာပဲ များတယ်။

ရယ်စရာဟာ ရယ်စရာပေမဲ့ ရယ်စရာပေါ့ရွှတ်ရွှတ်ပညာတော့ မဟုတ်ဘူး။
ဟာသစစ်စစ် ဖန်တီးနိုင်သူများ ထိုက်တန်တဲ့ဆုလဒ် ရကြပါစေ။


 ဇင်ဝေသော်

" ဝ " တာက ကောင်းပါတယ်


ကလေးတုန်းက သိခဲ့ရတာက နွားတွေ မြွေကိုက်ရင် အဆီမရှိလို့ ချက်ချင်း အဆိပ်သင့်တယ်။ ဝက်တွေကျ မြွေကို မကြောက်ဘူး။ ကိုက်လည်း အဆီေ တွများတော့ အဆိပ်မတိုးဘူး။
ဒီ အချက်က အခု သိပ္ပံနည်းကျကို မှန်နေတယ်။ ( တခါတခါ သိပ္ပံလည်း အူ တူတူတော့ နိုင်တာပေါ့။ )
မက္ကစီကို နိုင်ငံသား Stephen ဆိုသူက " a man who survived a being shot when his pot belly caught " ဆိုတဲ့ သူ့ကိုယ်တိုင်ရဲ့ အတွေ့အကြုံ သတင်းကိုြေ
ပာပြခဲ့တယ်။ ဝမ်းဗိုက်ကို ကျည်ဆံ ထိတာတောင် အဆီတွေ ကြားမှာ ကျည်မတိုးနိုင်တော့ သူ မသေခဲ့ဘူး။
ဆရာဝန်တွေကလည်း ထောက်ခံပါတယ်။ " အဆီမရှိတဲ့ ဝမ်းဗိုက်ဆိုရင် အခုနေ သေနေလောက်ပြီ " တဲ့။
နောက်ထပ် ဆရာဝန်ပြောတာက ပို မှတ်သားထိုက်တယ်။
" ကျည်ဆံရယ်တောင် မဟုတ်ဘူး၊ ဓါး စတာတွေနဲ့ ဝမ်းဗိုက်ကို အထိုးခံ ရ ရင်လည်း အဆီများများ ဝမ်းဗိုက်နဲ့ လူက သေဆုံးဖို့ ရာခိုင်နှုန်း ပိုနည်းတယ်၊
ဒါပေမယ့် ကျည်ဆံ၊ ဓါး စတာတွေရဲ့ အန္တရာယ်ကို ကာကွယ်ရုံ သက် သက် အတွက်တော့ ( ဒါကိုထောက်ရင် တခြား ကောင်းကွက်တွေ ရှိနိုင်သေးတယ် ) ဝလွန်းတာကို အားမပေးပါဘူး " တဲ့။

အမေရိကန်တွေက လူလည်တွေ၊ ဒါ့ကြောင့် သူတို့ လူဦးရေရဲ့ သုံးပုံ နှစ်ပုံက အိုဗာဝိတ်တွေ ဖြစ်နေတာ။ " ဝ " ခြင်းရဲ့ အားသာချက်တွေကို သိထား ကြ လို့ နေမှာ။ ဒါကို အာရှက မသိကြဘူး။
အထူးသဖြင့် မိန်းကလေးတွေ။ ဆောင်းပါတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်။ မိန်းကလေးတွေက မသိလို့ ပိန်ချင်တာ၊ ဖက်ရှင် ရှိုး၊ မော်ဒယ် ရှိုး တွေ ကို ယောက်ျားစစ်စစ် ၈၅ ရာခိုင်နှုန်းက မကြည့်ဘူး။
ယောက်ျားစစ်စစ်တွေ ကြည့်တာက " မယ် " ပြိုင်ပွဲတွေ တဲ့။ ဒါကြောင့် မော်ဒယ် စတိုင် ပိန်ပိန်လေးတွေက ယောက်ျားကောင်း ( စစ်စစ် ) ရဖို့ ရာနှုန်း အတော်နည်း တယ်တဲ့။

အာရှလည်း ပြောင်းလဲ စတော့ ပြုလာနေပြီ။ ဖက်တီး Psy က ဂန်းနန် စတိုင် နဲ့ ပိန်တာရိုးတွေကို ကျော်တက်သွားတယ်။
မြောက်ကိုရီးယား ဖက်တီး ခေါင်းဆောင်သစ် ကင်ဂျုံအွန်း ကို မြောက်ကိုရီး ယား သားတွေက ( ကြောက်လို့ပဲ ဖြစ်ဖြစ် ) " The sexiest man a live in the world " တဲ့။
ဒီ အထောက်အထားတွေ ရှိလို့ ပြောတာပါ " ဝ " တာက ကောင်းပါတယ်။ ။

ပေါ့ပေါ့ ပါးပါးလေးပါ


ဇင်ဝေသော်

ကမ္ဘာအရွေ့ လူအရွေ့


ကလေးဘဝက ကြားရဖူးတဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံး တစ်ခုကို သတိရမိ ပါတယ်။
တောင်ကလူတွေက မြောက် သွား၊ မြောက်ကလူတွေက တောင် သွား၊ ဘာဖြစ်လို့ အဲသလို သွားနေကြတာလဲဆိုတော့ နောက် တစ်ယောက်က....
တစ်နေရာထဲ စု သွားနေကြရင် ကမ္ဘာကြီး " စောင်း " သွားမှာ စိုး လို့တဲ့။

ကမ္ဘာကြီး စောင်းမသွားဖို့ တစ်ပတ်အတွင်း ဒီ ဆန့်ကျင်ဖက် သတင်းနှစ်ခု ပါလာပါတယ်။

" အမေရိကား က မြန်မာအင်ဂျင်နီယာတွေအတွက် အလုပ်ခေါ်

အမေရိကနိုင်ငံမှာ ရှိတဲ့ Society of North America Employment မှ မြန် မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနဲ့ အနောက် ဥရောပနိုင်ငံတွေ က လုပ်သက် ၅ နှစ်အထက်ရှိတဲ့ အင်ဂျင်နီယာတွေကို ယခု အပတ်အတွင်း မှာ အလုပ် ခေါ်ယူထားပါတယ်။ သူတို့ရဲ့ ဝက်ဆိုက်မှာတော့ အလုပ်လျှောက် ထားမယ့် အင်ဂျင်နီယာတွေက ဘွဲ့ရ၊ လုပ်သက် ၃ နှစ်မှ ၅ နှစ် အထက် ရှိရ မယ်လို့ သိရပါတယ်၊ ဘာညာ ဘာညာ............ "

ဒီဇင်ဘာ ၁ ရက်၊ စနေနေ့ စထရိတ်တိုမ်းစ် မှာ Emily Matchar ရေးတဲ့ " Living the American Dream- outside the US " ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပြန်တယ်။
အမေရိကားမှာ အလုပ်ရှာမရလို့ ( ရှာရခက်လို့ ) အပြင်ထွက်လာသူတွေ ထဲ မှာ အီလနွိုက် တက္ကသိုလ်က PhD ဘွဲ့ရ Dr. Liz Jacksons လို ၃၆ နှစ်အ ရွယ် အမျိုးသမီးတွေတောင် ပါနေပါတယ်။
" အမေရိကားမှာ အလုပ်ရှာမရဘူး ပြောရင် လူတွေက မယုံကြည်ကြဘူး၊ အလုပ်ရှာလို့ ရတယ်ဆိုရင်တောင် အများကြီး လစာ အဖြတ်ခံရတယ် " တဲ့။
ဒီတော့ ပညာတတ်လူငယ် အမေရိကန်တွေ ဦးလှည့်လာတာက အာရှနဲ့ အရှေ့ အလယ်ပိုင်း ဖြစ်လာခဲ့ကြတယ်။
" လေယာဉ်လက်မှတ်ဖိုး မနှမြောရင် အာရှကိုသာသွား၊ အခွင့်အရေး သေ ချာပေါက်ရှိတယ်။ အနည်းဆုံး အင်္ဂလိပ်စာပဲ သင်ဦး၊ Boom! " တဲ့။
အန္ဒိယန်း၊ ထိုင်ဝမ် အမေရိကန်တွေဆိုရင်လည်း အမေရိကားမှာ မနေဘဲ အိမ်ကို ပြန်တဲ့ ရာခိုင်နှုန်းက တဟုန်ထိုး တက်လာတယ်။

အရှေ့တောင် အာရှထဲမှာလည်း အတူတူပါပဲ။ ပြည်တွင်းက မြန်မာတွေက စင်္ကာပူလာဖို့ ကြိုးစားကြ၊ စင်္ကာပူက မြန်မာတွေ အိမ်ပြန် ချိန်ကို စဉ်းစားကြ။ ကမ္ဘာကြီး စောင်းသွားမှာ စိုး ကြလို့နေမှာ။

ဒီကြားထဲ အချိန်ကုန် ငွေကုန်ခံပြီး ကမ္ဘာပတ်တဲ့ လူတွေရှိသေးတယ်။ ကမ္ဘာ ကိုယ်တိုင်က ပတ်နေတာကြီးကို။ ကိုယ့် နေရာ ကိုနေ ရင် အလိုလို နေ စကြ ဝဠာကို ပတ်ပြီးသားပဲ မဟုတ်လား။
ကိုယ်က ကမ္ဘာပတ်လို့ ကိုယ်ပတ်နေတဲ့ လမ်ကြောင်းက ကမ္ဘာ့ အရွေ့နဲ့ ဦးတည်ရာ တူနေရင် ရှေ့ မရောက်တောင် ဖြစ်နိုင်သေး တယ်။ အကောင်းဆုံးက ကိုယ့်နေရာလေးမှာ ကိုယ့် အိပ်မက်နဲ့ ကိုယ် နေလိုက်ဖို့ပဲ။
BOOM!



 ဇင်ဝေသော်

စကားကြီး ဆယ်ခွန်း ( မမှန်ဖို့ ရာခိုင်နှုန်း များတဲ့ )


1) သူ အစည်းအဝေးခန်းထဲမှာ ရှိနေပါတယ်ရှင်။
2) ဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ ကျနော်ရောက်လာတာ မဟုတ်ပါဘူး။
3) စကားပြောချိန် ငါး မိနစ်လောက်ပဲ ကြာမှာပါ။
4) တစ်ခုခု ရောင်းချင်လို့ စကား လာပြောတာ မဟုတ်ပါဘူး။
5) လူထုဟာ ကျနော်တို့အတွက် အရေး အကြီးဆုံးပါ။
6) ခင်ဗျား ပို့တဲ့ အီးမေး မရမိပါဘူး။
7) အပြင်သွားစရာ ရှိနေလို့ နောက်မှ ပြောရအောင်။
8) ကျနော်က အစိုးရ (
) ဌာနကပါ၊ ပြည်သူကို အကူအညီလို ရင်ပေးနိုင် ဖို့ ရောက်လာတာပါ။
9) The customer comes first.
10) The dog ate my homework.

ဒါတွေက အင်တာနေရှင်နယ် စကားကြီး ဆယ်ခွန်း ပါ။ မြန်မာလို ဆိုရင်

၁ ။ ဟယ် မတွေ့တာ ကြာလို့ထင်တယ်၊ ဝပြီး လှနေပါလား။
၂ ။ သားအမိသာဆိုတယ်၊ ညီအမ ကျနေတာပဲ။ မြှောက်နေတာ မဟုတ်ဘူး၊ တကယ်။
၃ ။ ဦးက အရမ်း နု တာပဲနော်။
၎ ။ အရမ်းကျေးဇူးများပါတယ်ဘုရား၊ ဝင် ဖတ်၊( မှတ် ) သွားပါတယ်။ ( ဖေ့စ်ဘုတ် ကွန်မင့် )
၅ ။ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးလုပ်ဆောင်နေကြပါတယ်။
၆ ။ လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပတ်သည်.......
ကျန်တာတော့ ကိုယ့်ဘာသာကိုပဲ ဖြည့်ကြပါတော့ဗျာ၊ ပေါပါတယ်။



ဇင်ဝေသော်

ကမ္ဘာက ထင်သလောက် လေးလေးနက်နက်ကြီး မဟုတ်ဘူး

အရင်က ( အခုလည်း အတူတူပဲ ထင်ပါတယ် ) မြန်မာပြည်မှာ အရောင်းရ ဆုံး၊ အငှားရဆုံး ၊ လူအဖတ်ဆုးံ မဂ္ဂဇင်းတွေကို ကြည့်ရင် နက္ခတ္တ စတဲ့ လိုင်း က မဂ္ဂဇင်းတွေ ဖြစ်နေတယ်။ ဒါနဲ့ မြန်မာတွေ ညံ့တယ်၊ ဘယ်စာမျိုး ဖတ် ရ မယ်ဆိုတာ မသိဘူး၊ ကိုယ်နဲ့ မဆိုင်တဲ့ အဝေးကြီးက နက္ခတ်တွေ အကြောင်း စိတ်ဝင်စားနေတယ် လို့ အပြစ်တင်စောရင် မှားပါတယ်။

ကမ္ဘာကို ကြည့်ပါ။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေက ကမ္ဘာမှာလည်းအ တူတူပဲ လို့ ပြောပြနေတာ တွေ့ရပါလိမ့်မယ်။ ဟယ်ရီပေါ်တာ စာအုပ်ထွက် မယ့်နေ့မှာ မအိပ်ဘဲထိုင်စောင့်ဝယ်မယ့် ပရိဿတ်က စင်္ကာပူလို နိုင်ငံ ပေါက်စမှာတောင် တစ်တန်းကြီး ရှိတယ်။ ဆယ်ကျော်သက် ကလေး ကြိုက်ပါလို့ ပြောချင် ပြောလို့ရပေမယ့် တကယ် ဟယ်ရီပေါ်တာ ရဲ့ စာဖတ် ပရိဿတ်က ကလေးတွေတင် မဟုတ်ဘူးဆိုတာ သုတေသနတွေ က ပြောပြနေတယ်။ ဘာပဲပြောပြော ဟယ်ရီပေါ်တာ ဟာ လူကို အင်တာ တိန်း လုပ်ပေးနိုင်လို့ပဲ လို့ ယူဆရမှာပါ။

နောက်ဆုံး လတ်တလောကိစ္စက ဂန်းနန်းစတိုင်။ ရှိရှိသမျှ ပါဖောင်း မင့်တွေ ကို ကျော်တက်သွားတယ်။ ယူကျုမှာ သန်း ၈၀၀ ကျော်။ ဒါက မူရင်းတင် ထားတဲ့ ဆိုက်ဒ် ကိုပဲ ရေတွက်တာ တဲ့။ ရှိရှိသမျှ ကွန်မင့်တွေက အစ အားလုံး ကို ရေတွက်ရင် ၂ .၂ ဘီလီယံ တဲ့။ သူ့ကိုလည်း " ကံ " ပါလို့ ( ဝမ်းမမြောက်နိုင်သူ တချို့က ) ပြောသူ များ တယ်။ မဟုတ်လောက်ပါဘူး။ သူ့မှာလည်း ပါဖောင်းမင့် တန်ဖိုး ရှိမှာ ပဲ။ နောက်ပြီး ဒီ ဂိုင်းက မိဘတွေက စီးပွားရေးပညာသင်ဖို့ အမေရိက ပို့၊ သူက ကျူရှင်ခ ပိုက်ဆံတွေနဲ့ ကျောင်းမတက်ဘဲ ဂစ်တာတွေ ဝယ်တာ တဲ့။

တစ်ကမ္ဘာလုံး အနေနဲ့ ကြည့်ရင် ပေါ့ပေါ့ ပါးပါးလေးတွေကို လူတွေ ပို ကြိုက် တယ်ဆိုတာ သိသာပါတယ်။ ရေးကြီးခွင်ကျယ်တွေ လုပ်နေစရာ မလိုလှဘူး။ ခပ်တည်တည်ကြီးတွေ၊ လေးလေးနက်နက်ကြီးတွေ များလွန်းရင်.... ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းလည်း နှေးချင် နှေးသွားမှာ။ ဘယ်ပြောလို့ ရမလဲ။

လူပြောများတဲ့ ဘုရားဟော ရှိတယ်။
" စိတ္တေန နီယတိ လောကော=စိတ်က လောကကြီးကို ခေါင်းဆောင်မှုလီဒါရှစ်(ပ် ) ပေးထားတာ " တဲ့။

ပေါ့ပေါ့ ပါးပါး ပါ

 ဇင်ဝေသော်

လူ ( လောဘနဲ့ မောဟ )

ရှေးသရော အခါ လူတစ်ယောက်ထံ၌ တစ်နေ့လျှင် ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းမကြီးတစ်ကောင် ရှိလေသည်။
တစ်နေ့လျှင်  ရွှေဥတစ်လုံးမျှသာ ဥပေးနေသဖြင့် စိတ်မရှည်တော့သော ထိုလူက ဘဲငန်းမကြီးသတ်၊ ဝမ်းဗိုက်ထဲ ရှာကြည့်လေရာ
 ရွှေဥနှင့်တူတာဆို၍ ဘာမှ မရှိတော့သည်ကို တွေ့ရလေသည်။




ထိုအခါ ထို ပုဂ္ဂိုလ်က များစွာ ကျေနပ်မိလေတော့သည်။
အကြောင်းကား
" ဤ ဘဲငန်းမကြီး၌  ရွှေဥ ဥပေးရန် လက်ကျန်မရှိတော့၊ မစူးစမ်းမိသော် ဥလာနိုး ဥလာနိုး ဖြင့် အစာတွေ ကျွေးနေရဦးမည် " ဟု တွေးမိသောကြောင့် ဖြစ်လေသည်။


ဇင်ဝေသော်

လူနဲ့ ဝံပုလွေ

၁။
လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ဝံပုလွေနဲ့ယုန်ကလေး အတူတူ ဆော့ကစားနေတာကို တွေ့ရတယ်။
ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ယုန်ကလေးဟာ သွေးအိုင်ထဲမှာ သေဆုံးနေတာကို တွေ့ရတယ်။
( အင်္ဂလိပ် စကားပုံ )

၂ ။

" လူက တော်တော်ဆိုးတာပဲနော် "
" လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးနိုင်ပြီး ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း မပေးနိုင်လို့၊ ဆရာ ညံ့လို့ လို့ လူတွေက သုံးသပ်ကြပါတယ် "


ဇင်ဝေသော်

No Entry ၊ No Exit

(No Entry @ No Exit)
ပထမလူ ။        ။ တော်တော်ဆိုးတဲ့ လူတွေဗျာ။ တံခါးတွေအားလုံး ပိတ်ထားကြတယ်။ ဝင်ခွင့်မရှိ၊ နိုး အင်ထရီတဲ့။
ဒုတိယလူ ။        ။ သူတို့ကို ကျေးဇူးတင်လိုက်ပါဗျာ။
ပထမလူ ။        ။ ဘာ့ကြောင့် ကျေးဇူးတင်ရမှာလဲဗျ။
ဒုတိယလူ ။        ။ တချို့လူတွေက အားလုံးကို အထဲထဲ ထည့်ပြီး သော့ပိတ်ထားကြတာဗျာ။ 
                         ထွက်ခွင့် မရှိ။ No Exit တဲ့။ အဲ့ဒါကမှ ပိုဆိုးတာ။


ဇင်ဝေသော်

အီးကျူပေတံထဲ မဝင်သူများ

(ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဖေသန်း(ဦးသာဓု)၊ ဂျော့ဂ်ျဘားနတ်ရှော၊ ကိုလတ်-အင်းဝ)

EQ ဆိုတဲ့ စိတ်ပညာဆိုင်ရာဝေါဟာရ ပေါ်လာတာ သိပ်မကြာလှသေးပါဘူး။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွါးရေးကဏ္ဍတွေမှာ အီးကျူဟာအရေးပါလာလို့ ဒီနေ့အစိုးရ တော်တော်များများက လူငယ်တွေကို အိုင်ကျူသာမက အီးကျူပါအဆင့်မြင့်လာဖို့ ကြိုးစားပေးနေကြပါတယ်။ ဒီအကြောင်း စဉ်းစားမိနေချိန်မှာ မောင်သွေးချွန်ရဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်စစ်တမ်း” စာပေဝေဖန်ရေးဆောင်းပါးကို ဖတ်လိုက်မိတယ်။ ပိတောက်ပွင့်သစ် အနှစ် (၂၀) မြောက် မဂ္ဂဇင်းထဲမှာပါ။ မောင်သွေးချွန် ခပ်စပ်စပ် (အမြဲတမ်းလိုလို) ဝေဖန်လိုက်တာက ဇေယျသူရဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်မှုရှာပုံတော်”်ပါ။

“ဗိုလ်ချုပ်အသက်ရှင်စဉ်က EQ အယူအဆ မပေါ်သေးသော်လည်း ဗိုလ်ချုပ်သည် EQ အယူအဆမြင့်မား သူဖြစ်ကြောင်း အကဲခတ်နိုင်သည်-” (ဇေယျသူ၊ စာ ၂၁)

“EQ ပေတံကြောင့် ဗိုလ်ချုပ်ရဲ့ အင်မတန်ပေါ်လွင်ထင်းရှားလှတဲ့ မဟုတ်မခံစရိုက်ဟာ မှေးမှိန်ငုပ်လျှိုးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ စိတ်မြန်ကိုယ်မြန် စရိုက်လက္ခဏာတွေကို ကျွန်တော်တို့ စာအုပ်တော်တော်များများမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်ရေးပြီး မောင်မြတ်မိုးဘာသာပြန်တဲ့ “မြန်မာ့ အောင်ဆန်း” စာအုပ်မှာ ဗိုလ်လက်ျာာမှတ်တမ်းတင်ထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ (မောင်သွေးချွန်၊ စာ ၁၄၁ ပိတောက်ပွင့်သစ်)

“ဗိုလ်ချုပ်ရဲ့ ဒီလိုရဲရဲတောက် ပြောင်မြောက်တဲ့ဖြစ်ရပ်တွေကို EQ ပုံစံခွက်ထဲ ဘယ်လိုဇွတ်ရိုက်သွင်းမှာလဲ။ EQ သီအိုရီနဲ့ ဘယ်လိုတိုင်းတာမှာလဲ။ ဗိုလ်ချုပ်ကို “သံတမန်ခေါင်းဆောင်” ခေါင်းစဉ်အောက်မှာ သံတမန်ပေတံနဲ့ တိုင်းတာနေပုံဟာလည်း ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဗိုလ်မိုးကြိုးကို ဓား- ဓားခြင်း၊ မောင့်ဘက်တန်ကို စကား- စကားခြင်း ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပုံတွေဟာ ဘယ်မှာသံတမန်ဆန်နေပါသလဲ။ ဗိုလ်ချုပ်ရဲ့မျက်နှာပေါ်မှာ ဘယ်တုန်းကမှ သံပြုံးတမန်ပြုံး မရှိခဲ့ပါ။ (ဟန်ဆောင်ပြုံးမရှိခဲ့ပါလို့ ဆိုလိုပါတယ်) ။ (မောင်သွေးချွန်၊ နှာ -၁၄၁၊ ပိတောက်ပွင့်သစ်)

တော်တော်ထိမိတဲ့ တုန့်ပြန်ချက်ပါ။ ဗိုလ်ချုပ်ဟာ အီးကျူပေတံနဲ့ ဘယ်လိုမှ ညှိလို့မရပါဘူး။ သူ့ကိုချစ်သူတွေကလည်း သူ့ရဲ့ဘွင်းဘွင်းကြီးကို ချစ်ကြတာပါ။ သူ့ကွန်မစ်(တ်) မန့် ကို ချစ်ကြတာပါ။

တိုက်ဆိုင်မှုပါပဲ။ ပိတောက်ပွင့်သစ် အမှတ်-၃၅ မှာ အီးကျူပေတံထဲ လုံးဝမဝင်တဲ့ လူတစ်ယောက်ထပ်တွေ့လာပြန် ပါတယ်။ သူကတော့ သခင်ဖေသန်းဆိုတဲ့ စာရေးဆရာ၊ ဒါရိုက်တာ (ဦး) သာဓုပါပဲ။

“မဟုတ်မခံစိတ်ရှိသူဟာ
ရန်သူပေါတယ်…….
မှန်ရာကို တဲ့တိုးပြောလို့
အမုန်းခံရတယ်ဆိုရင်
ဒါဟာ
သာဓုအဖို့ အရသာပဲ” တဲ့။

၁၈-၆-၈၉ သာဓုလက်ရေးမူ လက်မှတ်တို့နဲ့ တွေ့ရတယ်။ “သာဓု လူဝါးဝတယ်” “ ဝန်ကြီးတစ်မတ်” စတာတွေကို ဖတ်ကြည့်ရင် (ဦး) သာဓုလည်း ဘယ်နည်းနဲ့မှ အီးကျူပေတံထဲ မဝင်နိုင်ပါဘူး။

“သို့သော် သူ့အိမ်ရောက်လာသော သူများကတော့ ဖြုံသွားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဧည့်ခန်း၌ရှိနေသော စာတို့က “အလိုက်သိပါ” “ကိုယ်နှင့်မဆိုင် မကိုင်နှင့်” “အလုပ်လုပ်မှ ထမင်းစားရမည်” “ညဥ့်အိပ်ဧည့်သည် လက်မခံ” “သောက်စားမူးယစ်သူများ မလာရ” စသော သူ၏မူဝါဒများဖြစ်လေရာ နောက်ဆုံးစာကိုတော့ ကျွန်တော်နှင့်တင့်တယ်က သူ့အိမ်ပဒေသာပြောင်းသည့်နေ့မှာပင် “ဟေ့- ဒါကိုတော့ ဖြုတ်ပစ်လိုက်ပါ၊ တို့မူဝါဒနှင့်မကိုက်ညီဘူး” ဆိုသဖြင့် နေရာတကာ ခေါင်းမာတတ်သော သာဓုသည် “သောက်စားမူးယစ်သူများ မလာရ” ဆိုသောစာကို ဖြုတ်ပစ်လိုက်ရတော့၏။ (ကျွန်တော့်ဘဝဇာတ်ကြောင်း၊ သော်တာဆွေ(ပြန်လည်ဖော်ပြ)၊ ပိတောက်ပွင့်သစ်၊ နှာ-၃၄ )

သူတို့ရယ်မှလည်း မဟုတ်ပါဘူး။ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ခ်ျ ဘားနတ်ရှောဆိုရင်လည်း စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောတတ်လွန်းလို့ အီးကျူပေတံက သူ့အနားတောင် ကပ်လို့ရမယ်မထင်ပါဘူး။

“မွေးလာတဲ့ကလေးက ငါလိုအရုပ်ဆိုးပြီး၊ နင်လို အူတူတူလေး ဖြစ်နိုင်တယ်ဆိုတာလည်း တွက်ထားအုံး” ဆိုတဲ့စကားတွေ။

“လူကို စက်နဲ့အစားထိုးလို့ရတယ်။ နွားမကိုတော့ အစားထိုးလို့မရဘူး။ ဒါဆို လူက နွားမလောက် အသုံးမကျလို့ပေါ့” လို့ ပြောတတ်တာမျိုးတွေကိုကြည့်ရင် သိသာနိုင်ပါတယ်။

ဒါ့ကြောင့် သူ့ကို မတ်တွိန်းက မှတ်ချက်ချတာဖြစ်ပါလိမ့်မယ်။ “ဂျော့ဘားနတ်ရှောဟာ လူကောင်းကြီးပါ။ သူ့မိတ်ဆွေတွေကတော့ သူ့ကိုတစ်ယောက်မှ မချစ်ကြဘူး” တဲ့။

ကျွန်တော် ပုဂ္ဂိုလ်ရေးအရသိတဲ့ ရွှေမြန်မာ အယ်ဒီတာချုပ် ဒေါက်တာခင်မောင်လတ်(ကိုလတ်၊ အင်းဝ) ဆိုရင်လည်း အီးကျူထိုင်ငိုရမယ့်လူပါပဲ။ ကျန်းမာရေးကြောင့် မဂ္ဂဇင်းရပ်သွားလို့သာပါ။ နို့မို့တော့ သူ့ရဲ့ “တော်တော်ခွကျတဲ့လူ” က ဆက်ပြီးခွကျနေမယ့် သဘောရှိပါတယ်။ မဟုတ်မခံစိတ်နဲ့ ခွကျကျအမူအယာဟာ တွဲပါလာသလားလို့ စဉ်းစားစရာပါ။

တစ်နေ့က မြန်မာမီဒီယာတစ်ခုက အင်တာဗျူးဖို့ (၅) နာရီချိန်းတယ်။ ဗျူးမယ့်ကောင်လေးက သူ့အကြောင်းနဲ့သူ နောက်ကျပြီး ၆-နာရီခွဲလောက်မှ ရောက်လာတယ်။ ရောက်လာပြန်တော့လည်း ကတ်ကုန်နေရတာနဲ့၊ ဘာနဲ့။ ဒါနဲ့ ကိုလတ်(အင်းဝ) နဲ့ မဗျူးလိုက်ရဘူး။ မဗျူးရယုံတင်မကဘူး၊ အချိန်ကိုလေးစားဖို့ ဆောက်နဲ့ထွင်းလိုက်သေးတယ်။

တကယ်တမ်းပြောရရင် ရိုးသားမှုကို လျော်ကြေးအနေနဲ့ မပေးလိုက်ရဘူးဆိုရင် အီးကျူရှိနေတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထုတ်ကြည့်မိတဲ့ လူလေးယောက်စလုံးကတော့ “အီးကျူတွေ ဘာတွေ လာမလုပ်နဲ့၊ မဟုတ်တာ မဟုတ်တာဘဲ” လို့ ပြောကြမယ့်သူတွေချည်းပါပဲ။

သူတို့အားလုံးဟာလည်း သူတို့အတိုင်းအတာနဲ့ သူတို့ အရည်အချင်းရှိကြသူတွေချည်းပါပဲ။ ဒါနဲ့ပဲ ကျွန်တော့်အီးကျူ ဆောင်းပါးလည်း အဆုံးသတ်လို့မရတော့ ဒီအတိုင်းပဲ ထားလိုက်မိပါတယ်။

“ထားတယ်၊ ဘာဖြစ်လဲ။ အီးကျူတွေ ဘာတွေ လာမလုပ်နဲ့”


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

ပြုံးမိတဲ့ သတင်း သုံးပုဒ်

၁။ မဇ္ဈိမဒေသက ယောဂ ဆရာ Baba Ramdev
ကွန်ဂရက်ပြောင်းလဲဖို့ လူစု လူဝေး နဲ့ ဆန္ဒပြတာ ခွင့်ပြုချက် မရဘဲ ပြလို့ ဒီတစ်ခါ အဖမ်းခံရတယ်။ ကွန်ဂရက်ခေါင်းဆောင်က ဂုရု စွတ်ထားတဲ့ မျက်နှာဖုံး ကွာကျသွားပြီ။ သူ တကယ်စိတ်ဝင်စားတာက နိုင်ငံရေး၊ ယောဂ က အယောင်ဆောင်ထားတာ တဲ့။ ယောဂ ဆရာက ဒါတင်မကဘူး၊ ပြည်တွင်းဖြစ်ကို အားပေးကြဖို့လည်း လှူံ့ဆော်ဖူးတယ်။ ပြုံးမိတာက အဲဒါပါ။ မီဒီယာက ဝင်ထောက်တယ်။ ပြည်တွင်းဖြစ်ကို အားပေးကြဖို့သာ ပြောတယ်။ သူကတော့ အမေရိကန်ဖြစ် ပရိုက်ဘိတ် ဂျက်လေယဉ်ကို စီးတာ တဲ့။

၂။ အိုလံပစ်လည်းပြီးရော မယ်မယ်ရရ ဆုမရ လိုက်တဲ့ အိန္ဒိယ
တိုင်းမ် သတင်းစာက ဖွင့်ချလိုက်တယ်။ စားပွဲတင်းနစ် မှာ အားကစားသမား ၁၇၃ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ ၅၅ ယောက်က တရုတ်သွေး။ ၄၅ ယောက်က တရုတ်ပြည် မွေး။ ဘရာဇီးက Lin Gui ၊ အမေရိက ကိုယ်စားပြုတဲ့ Ariel Hsing ၊ လူဇင်ဘတ်က Xia Liam Ni ၊ တူရကီက Bora Wong ။ အားလုံး တရုတ်တွေ။ ၂၃ နိုင်ငံ ခွဲပြီး ပြိုင်နေကြတာ။ အဲဒါ အင်တာနေရှင်နယ် အားကစား လား တဲ့။ မဆိုးဘူး။ ခရစ်ကက်ထက်တော့ ကြည့်လို့ ပိုကောင်းတယ် ထင်တာပဲ။

၃။ အာဆင်နယ် ဘောလုံးသမားအသစ် ဂျာမနီက ပိုဒေါစကီး
ဂိုးသွင်းတော့ အာဆင်နယ် ပရိဿတ်တွေက ဂုဏ်ပြုရင်း အော်ကြတယ်။ "Lukas Podoski scores goals when he wants" တဲ့။ နောက်တာမှတ်နေတာ။ တကယ်ရယ်။ မြန်မာလိုတော့ သရော် နေသလိုပဲ။ သူဂိုးသွင်းချင်စိတ်ပေါက်ရင် ဂိုသွင်းတယ် ရယ်လို့။ ဒါနဲ့ မိုက်တိုင်ဆန် ကလည်း သူ့ One-man ရှိုးမှာ ကတိပေးထားခဲ့တယ်။ ကျနော် ကတိပေးပါတယ်။ ပရိသတ်တွေ အားလုံး နားရွက် နှစ်ဖက်နဲ့ အိမ်ပြန်ရပါစေမယ် တဲ့။ ကိုယ့်နားရွက်ကို သူပြောမှ ပြန် စမ်းမိတယ်။



ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

တောင်မှန်းမသိ မြောက်မှန်းမသိ

အိုလံပစ်က မစရသေးဘူး ဗြိတိသျှအိုလံပစ်ပွဲ ဖြစ်မြောက်ရေး ကော်မတီကတော့ အဝါကတ် ထိသွားပြီ။ ကိုလံဘီယာ နဲ့ အမျိုးသမီး ဘောလုံးပွဲ မကန်မီ မြောက် ကိုရီယား အားကစား သမားတွေကို တောင် ကိုရီယား နိုင်ငံ အလံ နဲ့ တွဲပြီး မိတ်ဆက်လိုက်ပါလေရော။ ဒါကို မကျေနပ်တဲ့ ဘောလုံးသမားတွေက ကွင်းထဲဆင်းဖို့ ငြင်းဆန်နေလို့ တစ်နာရီ ကျော်ကျော် နောက်ကျသွားခဲ့တယ်။ မြောက်ကိုရီယား အိုလံပစ်အဖွဲ့ ခေါင်းဆောင်က မကျေမနပ် အဖြစ်ဆုံး၊ ဒါမျိုး အမှား ထပ်ပြီး မကျူးလွန်မိစေဖို့ အိုလံပစ် ကော်မတီကို တောင်းဆိုခဲ့တယ်။ နိုင်ငံတော် အလံ နဲ့ နိုင်ငံတော်သီချင်း ကို ပွဲမစမီ မှန် မမှန် စစ်ဆေးဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်ယောက်ကို စေခိုင်းသင့်ကြောင်းလည်း အကြံပြု သွားခဲ့တယ်။


အိုလံပစ် ကော်မတီ ဂျက်ကွက် က ဒါမျိုး ထပ်မဖြစ်စေရဖို့နဲ့ ဖြစ်သွားတာကလည်း နိုင်ငံရေး ပယောဂ မပါ ဟျူးမင်း မစ်စ်တိတ် သက်သက်သာဖြစ်ကြောင်း တောင်းပန်ခဲ့တယ်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတောင် သူ့ နေရာသူ နေမရတော့ဘဲ ရိုးသားတဲ့ အမှား တစ်ခု ဖြစ်ကြောင်း ဝင် တောင်းပန်ခဲ့ရတယ်။

ဂလက်စကို မှာရှိတဲ့ ပွဲ ဖြစ်မြောက်ရေး ကော်မတီက ဗီဒီယို အမှားကို ပို့လိုက်တဲ့ လန်ဒန် ဌာနချုပ်ကို လှမ်းပြီး အပြစ်တင်တယ်။ လန်ဒန်အိုလံပစ်ပွဲ နဲ့ ပတ်သက်လို့ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး တဲ့။ တောင် အာဖရိက အသင်းကို လည်း တောင်းပန်ခဲ့ရ ပြီးပါပြီ။ လူမျိုးရေး အသားရောင် ခွဲခြားတဲ့ နိုင်ငံတော်သီချင်း ကို မှား ဖွင့်လိုက်မိလို့ ပါ တဲ့။

ဒါတင် မပြီးသေးဘူး။ ကိုလံဘီယာ နည်းပြက ပွဲစဉ် ကပျက် ယပျက် ဖြစ်ပြီး သူ့ ကစားသမားတွေ စိတ် ကသိကအောက် ဖြစ်ရတာမို့ မြောက် ကိုရီယားကို နှစ် ဂိုးပြတ် ရှူံးရတာလို့ စောဒက တက်နေဆဲ ပါ။

လန်ဒန်အိုလံပစ်ပွဲတော် ကတော့ အမှားတွေနဲ့တင် စိတ်ဝင်စားစရာ ကောင်းနေပြီ။

Ref: The Times,London. Associated Press. AGENCE France-press.


ဇင်ဝေသော်
(16-Jul-2012)







Copyright © 2012 ကမ်းလက်. All rights reserved.

ကွန်ကရစ်လမ်းမကြီးပေါ် ဖြန့်ခင်းနေမိသည့် လူပြောသူပြော ဒီမိုကရေစီ

ကျနော်တို့ ဘလော့ဂ်မှာ တင်ဖို့ ရွေးထားတဲ့ ကမ်းလက်ရဲ့ ပင်တိုင်စာရေးဆရာများထဲက တစ်ယောက်ဖြစ်တဲ့ ဆရာဇင်ဝေသော်ရဲ့ ဆောင်းပါးပါ။ ဒါပေမယ့် ဒီစာမူက The Voice Weekly မှာ ပါလာတော့ ဂျာနယ်လစ်ဇ် သိက္ခာကို စောင့်စည်းတဲ့ အနေနဲ့ Perspective လင့် ကိုပဲ ပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ (The Voice ရဲ့ Link ကအလုပ်မလုပ်တော့တဲ့အတွက် ဒီမှာပဲတင်ပေးလိုက်ပါတယ်။)
နေပြည်တော်ဘဝက ဈာန်လျောခဲ့ရတဲ့ ရန်ကုန်ကနေ သရဖူဆောင်းထားတဲ့ နေပြည်တော်အသစ်နဲ့ ကုန်းဘောင်မြို့တော်ကြီးဆီ မြင်းဖြူကြီးတစ်ကောင်လို ထွက်ပြေးသွားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရေစက်ဆုံရဖို့ အကြောင်းနှစ်ချက်က ဖန်တီးပေးလိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့ မှတ်ပုံတင်ရုတ်တရက် ရှာလို့မတွေ့တာရယ်၊ မြန်မာပြည်ရောက်တုန်း သူ့ကားကို ကြိုက်သလို၊ ကြိုက်သလောက်သုံးဆိုတဲ့ အကိုကြီးတစ်ယောက်ရဲ့ ရက်ရောမှုရယ်ကြောင့်ပါ။ ကိုယ့်နိုင်ငံနဲ့ (၇) နှစ်ကျော်ကျော် ဝေးကွာနေရသူအဖို့ ရန်ကုန်=မန္တလေးလမ်းမကြီးရဲ့ ဝဲယာရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုခွင့်ရဖို့ အခွင့်ထူးကြီးတစ်ခုပါပဲ။

အဲဒီအဝေးပြေးလမ်းမကြီးကို တစ်ချို့က အဝေးပြေးအမြန်လမ်းမကြီးလို့လည်း ခေါ်ကြတယ်။ တကယ်ဆို ကားကမြန်လို့ရပေမယ့် လမ်းမကြီးကတော့ မြန်လို့မရပါဘူးလို့ ကပ်သီးကပ်သပ်စဉ်းစားမိရင်း Express Way ဆိုတဲ့ အင်္ဂလိပ်စကားကို သတိရမိလို့ ဒီလိုဆိုတော့လည်း ဟုတ်တုတ်တုတ်လို့ တွေးမိတယ်။ ဒီလမ်းမကြီးက တကယ့်ကို အမြန်လမ်းမကြီးပါ။

ဒီလမ်းမကြီးကို ကန့်သတ်ထားတဲ့ အချိန်အတိုင်း အမြန်ပြီးအောင် ခင်းထားရပုံလည်းရတယ်။ ကားလမ်းမတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မြေတစ်ထပ်၊ ကျောက်ကြမ်းတစ်ထပ်၊ သဲတစ်ထပ်၊ ကျောက်ချော ကတ္တရာတစ်ထပ် ဆိုတာတွေ မတွေ့မိဘူး။ ကားလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ အရွယ်မတိုင်မီ ဇရာဝင်လာလို့ ပေါက်ပြဲစပြုနေကြပြီ။ အချိန်နဲ့အမှီ ပြီးစီးအောင် အမြန်ခင်းထားရလို့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်ရင်လည်း ရနိုင်လိမ့်မယ်လို့ထင်တယ်။

ဒါတင်ဘယ်ကမလဲ၊ အမြန်ခင်းထားတဲ့အတိုင်း အမြန်လည်း ပေါက်ပြဲနေတာမို့ အမြန်လမ်းလို့ ခေါ်မယ်ဆိုရင် ခေါ်လို့ရနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ အဓိပ္ပါယ်ကောက်ကောက် ဒီလမ်းမကြီးဟာ အဝေးပြေး အမြန်လမ်းမကြီးပါ။

လမ်းမကြီးက ဖြောင့်ဖြူးနေရုံတင်မကဘူး၊ သစ်ပင်ဝါးပင်ကြီးတွေပါ ရှင်းနေတော့ (နဂိုက မရှိတာလား၊ ခုတ်လှဲပစ်ထားတာလားတော့ မသိဘူး) ဝဲယာကိုသာမက ရှေ့နောက်ကိုလည်း မျက်စေ့တစ်ဆုံး လှည့်ကြည့်ရတယ်။ ကားတစ်စီးနဲ့တစ်စီး တော်တော်အဆက်ကျဲနေတာ သတိထားမိလို့ ကားဆရာကို မေးကြည့်တော့ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီးတွေ မောင်းခွင့်မပြုဘူးတဲ့။ အကြောင်းကတော့ အမြန်လမ်းမကြီးပျက်စီးမှာ စိုးရိမ်ရလို့တဲ့။ ကျွန်တော့်အတွက် တော်တော်ထူးဆန်းတဲ့သတင်း ဖြစ်သွားတယ်။ ဒီလမ်းမကြီးရဲ့ ဥပဒေအရ ကုန်တင်ကားကြီးတွေဟာ နွားလှည်း၊ မြင်းလှည်းစာရင်းထဲ ပါသွားတော့တယ်။ ကုန်တင်ကားကြီးတွေက ငါတို့မသွားလည်း မင်းတို့လမ်းက ပျက်နေပါပြီကွာလို့ စကားများပြောတတ်ရင် ပြောလေမလားလို့ စဉ်းစားမိရင်း ပြုံးမိသေးတယ်။

ဒါတင်မကပါဘူး၊ ကုန်တင်ကားကြီးတွေ တစ်ဝီဝီပြေးနေတဲ့ စင်္ကာပူ-မလေးရှား အဝေးပြေးလမ်းမတွေ၊ မလေးရှား၊ ထိုင်းတို့မှာရှိတဲ့ အဝေးပြေးလမ်းမကြီးတွေကို မဆီမဆိုင်ပြေးလို့ မြင်မိသေးတယ်။

ကျွန်တော်တို့လမ်းမကြီးရဲ့ ထူးခြားချက်က ကွန်ကရစ်တွေ အပြည့်ခင်းထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကားတာယာတော်တော်ချမ်းသာတဲ့ နိုင်ငံပေပဲလို့ တွေးမိပြန်သေးတယ်။ ဒီအတွေးဟာ သိပ်ပြီး ယုတ္တိမရှိလှကြောင်း စင်္ကာပူပြန်ရောက်မှ သိခွင့်ရခဲ့တယ်။ မြန်မာပြည်ကထုတ်တဲ့ ဘိလပ်မြေတွေ သုံးစွဲခွင့်ရအောင် ဘိလပ်မြေပဲ ခင်းထားရသတဲ့။ ပြည်တွင်းဖြစ်ကို အားပေးရမှာပေါ့လေလို့ပဲ အောင့်သက်သက်နဲ့ ယောနိသောမနသိကာရ ပွားလိုက်မိပါတယ်။ ပြည်တွင်းဖြစ် ဘိလပ်မြေကို အားပေးသလို ကားတာယာတွေပါ ပြည်တွင်းမှာထုတ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ မဆီမဆိုင်တွေးမိပြန်သေးတယ်။ အဲဒီ ကားတာယာတွေက ဘိလပ်မြေတွေထက် အရည်အသွေး ပိုကောင်းမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။

နှစ်လမ်းပြိုင်ကားလမ်းတွေသာ ခင်းထားပေမယ့် လမ်းမကြီးကို ကြည့်ရတာကတော့ လေးလမ်းပြိုင် လမ်းမကြီးအသွင်ကို ဆောင်နေပါတယ်။ လောလောဆယ် ကားအသွားအလာ၊ ကုန်တင်ကားကြီးတွေ မမောင်းရဆိုတဲ့ ဥပဒေနဲ့သာဆိုရင်တော့ လေးလမ်းပြိုင်စရာ မလိုသေးပါဘူး။ နှစ်လမ်းဆိုရင်ပဲ တော်တော်လေး လုံလောက်နေပါပြီ။



လေးလမ်းခင်းမယ်ဆိုရင်လည်း သိပ်မဆိုးလှတဲ့စိတ်ကူးလို့ ပြောရမယ်ထင်တယ်။ အခုမောင်းနေတဲ့ လမ်းတွေပျက်နေတုန်း အသစ်ခင်းမယ့်လမ်းတွေပေါ် ပြောင်းပြီးမောင်းလို့ရတာပေါ့။ ဒီအကြံက အင်တာနေရှင်နယ်တော့ ဖြစ်မှာမဟုတ်ဘူးပေါ့လေ။ အင်တာနေရှင်နယ်မဖြစ်လည်း ကိစ္စတော့မရှိပါဘူး။ ဒီလမ်းမရဲ့ ဖောင်ဒေးရှင်းနဲ့ ဘိလပ်မြေတွေကလည်း အင်တာနေရှင်နယ်မှ မဟုတ်တာပဲ။ ကွန်ကရစ်လမ်းမကြီးရဲ့ဝဲယာမှာ ပေါက်တူးလေးတွေနဲ့ ဘာလုပ်နေမှန်းမသိတဲ့ လက်မောင်းပိန်ပိန် အမျိုးသမီးတစ်ချို့ကိုလည်း မကြာမကြာ တွေရတတ်တယ်။ သူမတို့က မြက်ပင်ကို ပေါက်နေကြတာလား၊ မြေညှိနေကြတာလားဆိုတာ မရှင်းလှပေမယ့် မိုင်ငါးရာကျော်ရှည်တဲ့ လမ်းမကြီးကို ထိန်းသိမ်းဖို့တော့ အဲဒီလက်မောင်းလေးတွေရဲ့ ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။

စိတ်မကောင်းစရာကောင်းတာက လမ်းမကြီးပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ ကားအက်ဆီးဒင့်ကိစ္စတွေပါပဲ။ ကားသမားတွေကို စေတနာကောင်းကောင်းနဲ့ သတိပေးဖို့ အာဏာပိုင်တွေက ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာတိုင်းမှာ ပုံတူကားချပ်ကြီးတွေနဲ့ ထင်သာမြင်သာအောင် ပြထားတတ်တယ်။ ကျေးဇူးတင်စရာ ကောင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဘူး။

ကျွန်တော်တို့ လူမျိုးတစ်ချို့ဟာ လမ်းမကောင်းကောင်းတွေနဲ့ မထိုက်တန်သေးဘူး။ တဒုန်းဒုန်း ခုန်နေတဲ့ လမ်းပေါ်ကနေ ညက်ညောတဲ့လမ်းပေါ် တင်ပေးလိုက်တော့ ပေါ့လျော့မှု၊ ငိုက်မြည်းမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရင်ဆိုင်တိုက်စရာ ကားမရှိတာတောင် သစ်ပင်ကို ဝင်တိုက်သူက တိုက်၊ အုတ်ခုံကို ဝင်ဆောင့်သူက ဆောင့်၊ ချောက်ထဲကို မောင်းချသူက မောင်းချ။

ကားသမားတစ်ချို့ဟာ လမ်းဖြောင့်လမ်းကောင်းနဲ့ မထိုက်တန်သေးဘူး။ သဘောမတူရင် တောင်းပန်ပါရစေ။

ကျွန်တော်တို့နဲ့ ဒီမိုကရေစီဆိုတာကရော။

ကျွန်တော်ရေးချင်တဲ့အကြောင်း အခုမှပဲ ရောက်လာပါတော့တယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ တောင်းဆိုခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတာတွေကို ပြည်သူကတောင်းလို့ အစိုးရကပေးရင် ရနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ ဘယ်အစိုးရဆီမှာမှ မရှိလို့ ဘယ်အစိုးရကမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ဖော်ရွေပျူငှာတဲ့ အစိုးရရဲ့ ပုံဆောင်မှုဆိုတဲ့ ဆရာကြီးဆိုကရေးတီးကို ကြိမ်တစ်ချောင်းနဲ့ ထိန်းကြောင်းပေးနေတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီပုံသဏ္ဍာန်က ခပ်ဟဟ ပျက်ရယ်ပြုနေပါတယ်။

တစ်ခါက သမိုင်းနဲ့ အနောက်တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရထားတဲ့ ဒေါက်တာတစ်ယောက်ရဲ့ လက်ချာကို မှတ်သားခဲ့ရဖူးတယ်။ သူဆွဲလိုက်တဲ့ ကောက်ချက်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံတွေလောက် အချိန်မကြာဘူးလို့ ဆိုပါတယ်။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူတို့ကို ထောက်ပြပါတယ်။ ပြီးတော့ စင်္ကာပူနဲ့ အမေရိကတို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ထောက်ပြတယ်။ အမေရိကရဲ့ ဒီမိုကရေစီက နှစ်ရာချီပြီး ကြာခဲ့ပေမယ့် စင်္ကာပူရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကတော့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ အလုပ်ဖြစ်သွားခဲ့တဲ့အကြောင်းနဲ့ အဓိကအချက်ကတော့ အာရှတိုက်ရဲ့ မိသားစုဗဟိုပြုယဉ်ကျေးမှု (Family oriented culture) ကြောင့်လို့ ဆိုပါတယ်။

ဒီမိုကရေစီအကြောင်းပြောရင် အိမ်နီးချင်း အိန္ဒိယကလည်း စွာကျယ်စွာကျယ် ထလုပ်တတ်တယ်။ ပထမဆုံး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနဲ့ပေါ့။

ဒါပေမယ့် နာမည်တူ “ဒီမိုကရေစီ” အောက်မှာ ကွဲပြားနေတဲ့ အသွေးအရောင်တွေ ရှိနေပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီက ပြောလို့မရရင် ကြိမ်နဲ့ရိုက်တယ်။ ဘာသာတရားတွေကို နှိုင်းယှဉ်ပြတဲ့ Religious Comparison သင်ခွင့်မရှိဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် ယူရတယ်။ သက်မှတ်ပေးထားတဲ့ နေရာမှာပဲ ဆန္ဒပြကြရတယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက လူကို မပြောနဲ့ နွားကိုတောင် ကြိမ်နဲ့ရိုက်ခွင့် မရှိဘူး။ ကမ္ဘာပေါ် ရှိရှိသမျှ ဘာသာတရားတွေအားလုံး အိန္ဒိယမှာ အစပျိုးတယ်လို့ ယုံကြည်ထားကြတော့ ဘာမှ ပြဿနာမရှိဘူး။ အချိန်မရွေး ကြေငြာပြီး ဆန္ဒပြခွင့် ရှိကြတယ်။ အကြီးအသေးပဲ ကွာမယ်၊ နေ့တိုင်း နေရာတိုင်းမှာလိုလို ဆန္ဒပြမှုတွေ ရှိနေတတ်တယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက ပိုပြီး လွတ်လပ်တယ်။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာနေတဲ့ နွားတွေက ယဉ်ကြောကို ပိတ်စို့စေတယ်။ နွားချေးတွေနဲ့ လမ်းကို ညစ်ပေစေတယ်။ ထစ်ကနဲဆို လမ်းပေါ်ထွက်ထွက်ပြီး ဆန္ဒပြနေကြတော့ (တစ်ချို့ကိစ္စတွေက ဘာမှ မပြောပလောက်ဘူး) ပြည်သူတစ်ရပ်လုံးရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်စေ၊ နွေးကွေးစေတယ်။

အထက်ဖော်ပြပါ ဆရာကြီးရဲ့ အယူအဆကို သဘောမတွေ့မိတော့ဘူး။ နိုင်ငံရေးပညာရှင်တွေရဲ့ အယူအဆအရ ဘယ်နိုင်ငံက ကျင့်သုံးတဲ့ ဒီမိုကရေစီမှ မပြည့်စုံဘူး။ လိုအပ်ချက်တွေနဲ့ ချည်းပဲ။ ဒါပေမယ့် ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်အောင် တစ်ဖြည်းဖြည်းပဲ သွားလို့ ရမယ်။ လူထောက်ပြတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီနဲ့ အမေရိကရဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးခြားနားချက်တွေဟာ အများကြီးပါ။ ဒီမိုကရေစီဆိုတဲ့ နာမည်တူရုံနဲ့ တန်ဖိုးတူမသွားပါဘူး။

အသောကမင်းကြီးရဲ့ မွေးရပ်မြေမှာ ဆင်းရဲသားဦးရေတွေ၊ အလုပ်လက်မဲ့တွေ၊ အခြေခံပညာ သင်ခွင့်မရတဲ့ ကလေးတွေ တိုးပွားလာတာနဲ့ ဆိုကရေးတီးတို့ ပလေတိုတို့ရဲ့ မွေးရပ်မြေနိုင်ငံကြီး ပုံပျက်ပန်းပျက် ပြိုလဲနေပုံကို ကြည့်ရင်း ဒီမိုကရေစီစနစ်ဆိုတာလည်း လွတ်လပ်တာကလွဲလို့ လိုတရ မန္တာန်တစ်ခု မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနိုင်ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီပုံစံက မျက်စိနောက်စရာ ကောင်းသလို စင်္ကာပူရဲ့ ဒီမိုကရေစီပုံစံကလည်း မလွတ်မလပ်နဲ့ ခပ်ကျပ်ကျပ်ပါပဲ။ အမေရိကရဲ့ ဒမိုကရေစီမျိုးဆိုရင်လည်း အဝေးပြေးလမ်းမကြီးပေါ်က ကားအက်ဆီးဒင့်တွေက ခပ်တိုးတိုး သတိပေးနေပြန်ပါရော။

ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီမိုကရေစီရဲ့ ပုံသဏ္ဍာန်က ဘယ်လိုများ ဖြစ်လာမှာပါလိမ့်။ ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ပဲ ပုံပေါ်လာမယ်လို့ ထင်ပါတယ်။

အာဏာရှင်တွေ အရှုံးပေးရတာက ဒီမိုကရေစီ။
ဒီမိုကရေစီ အရှုံးပေးရတာက နိုင်ငံရဲ့ ယဉ်ကျေးမှု။
နိုင်ငံရဲ့ ယဉ်ကျေးမှု အရှုံးပေးရတာက ဂလိုဘယ် ဆန်လာမှု။

နုနုနယ်နယ် ဒီမိုကရေစီလမ်းမနဲ့ ပတ်သက်လို့ စိုးရိမ်မိတာကတော့ …
၁။ ဖောင်ဒေးရှင်းမကောင်းတဲ့ အဝေးပြေးလမ်းမကြီးလိုဖြစ်မှာ
၂။ အဆင့်မှီသည်ဖြစ်စေ၊ မမှီသည်ဖြစ်စေ ပြည်တွင်းဖြစ် ဘိလပ်မြေကိုပဲ သုံးရမယ်ဆိုတဲ့ သဘာဝမကျတဲ့ အမိန့်တွေ
၃။ ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ မမောင်းရဆိုတဲ့ အဆင့်ခွဲခြားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေ
၎။ လွတ်လပ်မှုရလေလေ ထိမ်းချုပ်စရာတွေ ပိုများလေလေဆိုတဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မေ့မေ့လျော့လျော့နဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင်း ကြုံတွေ့ရလာနိုင်တဲ့ ကားအက်ဆီးဒင့်လို ဟာတွေ …

ဒါတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။

ကားလမ်းမကြီးက ပြင်လို့ လွယ်ပေမယ့် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လူထုရဲ့ စိတ်နေစရိုတ်နဲ့ အပြုအမူက ပြင်ဖို့ ခက်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာတွေ ပြောပြောနေတတ်တဲ့ “ငါတို့ မြန်မာတွေ မညံ့ဘူး” ဆိုတာကို ယုံကြည်ထားမိတယ်။

အဲ … ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကောက်ရိုးပုံဘေး ဆေးလိပ်ထိုင်သောက်တာတော့ မမိုက်လှဘူးပေါ့ဗျာ။


ဇင်ဝေသော်




Copyright © 2012 ကမ်းလက်. All rights reserved.

¿ ဘူလေး လဲ ¿

မေးမနေနဲ့၊ ဘူမှ မသိဘူး။
အဲဒါ မြောက် ကိုရီယား ခေါင်းဆောင် ကင်ဂျွန်အန် နဲ့ အတူ နိုင်ငံပိုင် မီဒီယာကနေ တီဗွီမှာ မိတ်ဆက်ပေး လိုက်တဲ့ ကောင်မလေး။

သူမ နာမည် ဘူလဲ၊ ဘူမှ မသိဘူး၊ သူမ နဲ့ သူ နဲ့ ဘာတော်လဲ၊ ဘူမှ မသိဘူး။ လူတွေ သိတာဆိုလို့ သူမကို တီဗွီထဲမှာ သုံးခါ မြင်ဖူးတယ်၊ ဒါပဲ။

တနင်္ဂနွေနေ့က ကင်ဂျွန်အန်မူကြိုကျောင်းကို သွားလည်ပတ်တဲ့ အကြောင်း ဖော်ပြတဲ့ အခါ သူမကို မြင်ရပြန်တာ တဲ့။
ခက်တာက ဘယ်တုန်းက သွားရောက် လည်ပတ်ခဲ့တယ်ဆိုတာ ပြောမထားတော့ ဘာမှ သိလို့ မရပြန်ဘူး။
ထိပ်တန်း အရာရှိကြီးတွေတောင် သူ့ အနား မကပ်ရဲဘဲ ကောင်မလေးက သူ့ဘေးမှာ တွေ့ရတော့ သူ့ ဇနီးများ ဖြစ်နေမလား လို့တွေးစရာတော့ ရှိတာပေါ့။

မြောက် ကိုရီယား ယဉ်ကျေးမှုအရ သူမအတွက် ထိုင်ရမယ့် နေရာ ချထားစီစဉ်မှုတွေကြည့်ရင် သူ့ ဇနီးဖြစ်ဖို့ များ သတဲ့။
သူမ မှလားဆိုတော့ မဟုတ်ဘူး။ မြောက် ကိုရီယား နိုင်ငံသားတွေဟာ သူတို့ နိုင်ငံ့ ခေါင်းဆောင်ရဲ့ အသက်ကိုတောင် တိတိကျကျ မသိကြရ ရှာဘူး။ လိတ် တွမ်တီး ဆိုတာလောက်ပဲ သိရတယ်။ အဲဒါ မြောက် ကိုရီယား မီဒီယာပဲ။

ကမ္ဗောဒီးယာမှာ ကျင်းပခဲ့တဲ့ အာစီယံ အစည်း အဝေး မှာ ကင်ဂျွန်အန် လက်ထပ်လိုက်ပြီလား ဆိုတဲ့ မေးခွန်း နိုင်ငံခြားရေး ဝန်ကြီးကိုမေးတော့ သူက ဖြေမသွားဘူးတဲ့။ သတင်းစာ ရှင်းလင်းပွဲကိုလည်း ပယ်ဖျက် သတဲ့။ ဒီမေးခွန်း ထပ်မေးမှာ ကြောက်လို့ နေမှာပေါ့။

တောင်ကိုရီယား မီဒီယာကတော့ နည်းနည်း ပိုသိ သလိုလိုပဲ၊ အဲဒါ ဆွစ်ဇာလန်မှာ ကျောင်းတက်စဉ် သူနဲ့ ရင်းနှီးဖူးတဲ့ အဆိုတော် ဟျွန်ဆောင်ဝူး ဖြစ်မယ်။ သူတို့ လက်ထပ်လိုက်တာ ဖြစ်မယ် တဲ့။

ဒါကို လက် မခံ နိုင်တဲ့သူတွေကတော့ မဟုတ်ဘူး၊ အဲဒီ ကောင်မလေးဟာ အသက် ၂၄ နှစ်ရှိ(ခန့်မှန်းခြေ) မြောက် ကိုရီယား ခေါင်းဆောင်ရဲ့ ညီမလေး ဖြစ်ရမယ် တဲ့။

ဘာမှ မဟုတ်ဘူး၊ မြောက်ကိုရီယား နဲ့ ခေါင်ချင်း ဝင်တိုက်မိရင် ကိုယ်ပဲ ကွဲမှာ ဆိုတာ စဉ်းစားမိလို့ပါ။
သူတို့က ပိုမာတယ်။ သတင်း မီဒီယာက အစ ဘာမှရှင်းရှင်း လင်းလင်း မရှိဘူး။

ဘူလဲ၊ ဘာလဲ၊ ဘောက် ရှိပြီလဲ၊ ဘိုလဲ၊ ဘူမှ မသိဘူး။ ပျော်စရာ ကြီး။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ပွင့်သွားတဲ့ စွမ်းအင် တံခါး နဲ့ လူပြော သူပြော အသံများ

"မည်းမှောင်နေတဲ့ အတိတ်က လာခဲ့ရတော့
ခပ်မှိန်မှိန် ပစ္စုပ္ပန်ကိုပဲ
တောက်ပ လှတဲ့ အနာဂတ် လိုလို..."

Ref: Thein Sein meets US business leaders.
A delicate balance with deft move.
S.T. 14,July,2012

မနေ့က သမ္မတကြီး ဦးသိန်းစိန် နဲ့ အမေရိကန် ထိပ်တန်း စီးပွါးရေး ခေါင်းဆောင်များကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန် က ကမ္ဗောဒီးယား နိုင်ငံ၊ ရှမ်းမ် မြို့မှာ တွေ့ဆုံ မိတ်ဆက်ပေးခဲ့ပါတယ်။ "နိုင်ငံ နဲ့ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ အားလုံး သူတို့ကို ပြောပြနိုင်ပါတယ်"လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က ဆိုပါတယ်။ ဒီ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရက် ပိုင်း အတွင်း သွားရောက်ကြပါလိမ့်မယ်။

အိုဗားမား အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက် မကျခင်မှာ
၁။ အမေရိကန် စီးပွားရေးသမားများရဲ့ မြန်မာ့ ဈေးကွက်ထဲ လက်ဦးမှု ရယူလိုခြင်း၊ ဆုံးရှုံးမှာ စိုးရိမ်ခြင်း။
၂။ လူ့ အခွင့် အရေး အဖွဲ့များရဲ့အထပ်ထပ် စိုးရိမ် သတိပေးခြင်း။
၃။ မြန်မာ အစိုးရ ရဲ့ အမေရိကန် စီးပွားရေး လက်တွေ့ ကျကျ ပါဝင်လာဖို့ အထပ်ထပ် ဖိတ်ခေါ်နေ ခြင်း တွေနဲ့ ဗျာများနေခဲ့ရပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ကတော့ စည်းကမ်းချက် အသစ်တွေနဲ့ အတူ ဆုံးဖြတ်ချက် ချလိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရေနံ နဲ့ စွမ်းအင် ကိစ္စမှာ အမေရိကန် စီးပွားရေး ပါဝင်လာတာနဲ့ ပတ်သက်လို့ ကြားရတဲ့ အသံတွေကတော့ တော်တော် စုံလင်လှပါတယ်။

ဆစ်ဒနီမှာရှိတဲ့ Macquarie တက္ကသိုလ်၊မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ Sean Turnell ကတော့ "The United States has moved very adroitly. Everyone gets something I think, hopefully to the benefit of Myanmar's reform process." အမေရိကန် က တော်တော် မြန်မြန် လှုပ်ရှားလိုက်ပြီး ဒီ လှုပ်ရှားမှုက မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် လူတိုင်းကို တစ်ခုခုတော့ ရစေနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် လို့ ဆိုထားပါတယ်။



အခွင့် အရေး ဆိုင်ရာအဖွဲ့များထဲက အမေရိကန် မြန်မာ့ ကမ်ပိန်း အဖွဲ့ကတော့ ဒီ လှုပ်ရှားမှုဟာ "a betrayal of human rights groups" လူ့ အခွင့် အရေး အဖွဲ့တွေကို သစ္စာဖောက်မှု လို့ စွပ်စွဲ ထားပြန်ပါတယ်။ အမေရိကန်အစိုးရ ဟာ စီးပွားရေးကိုပဲ အာရုံစိုက်ပြီး လူ့ အခွင့် အရေး ကိုတော့ မျက်ကွယ်ပြုထားတယ်ဆိုပြီး လူ့ အခွင့် အရေး ချိုးဖောက်မှု၊ မြေယာများ ပြည်သူပိုင်သိမ်းမှု စတာတွေကိုထောက်ပြကြပါတယ်။ နောက်ပြီး ဒီဆုံးဖြတ်ချက်က ဒေါ် အောင်ဆန်းစုကြည် သတိပေးခဲ့တာကိုရော ချိုးဖောက်ရာ ရောက်မသွားဘူးလား လို့ မေးစရာလည်း ရှိလာပြန်ပါတယ်။

ဒါကိုတော့ ဒေါက်တာ တန်နယ်ကပဲ "သူမ စိုးရိမ်တာတွေ မဖြစ်စေဖို့အမေရိကန်အစိုးရ ဟာ သူတို့ ကုမ္ပဏီတွေကို လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးထားပါတယ် " လို့ ရှင်းပြခဲ့ပြန်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ ဝေဖန်နေသူတွေကြားက စီးပွားရေးတံခါးကို အမြန်ဖွင့်လိုက်ရတယ် ဆိုပေမယ့် မြန်မာ အစိုးရ အတွက်ကျတော့ ဒါက နည်း လည်းနည်း၊ နှေးလည်းနှေး ဖြစ်နိုင်ပြန်ပါရော၊ မြန်မာ အစိုးရ အမှန် မျှော်လင့်ထားတာက မြန်မာ့ ထုတ်ကုန်တွေတွေ အမေရိကန်ထဲကို တင်သွင်းခွင့် ပြုဖို့ လို့ အရှေ့တောင် အာရှ လေ့လာသူ Mr Murray Hiebert က ဆိုထားပြန်ပါတယ်။

ဘာပဲပြောပြော အမေရိကန်တွေ တကယ်ဝင်လာရင်တော့ ကျန်တဲ့ နိုင်ငံတွေကိုလည်း တပ်လှန့်ပြီးသားပါ။ မြန်မာ့ ဆင်းရဲတွင်းက တော်တော် နက်လေတော့ စိုင်းထီးဆိုင်ရဲ့ "အပေး အကမ်း ကပဲ နည်းတာလား၊ အစား အသောက်ကပဲ ကြီးတာလား " ဆိုတာလေးကို မဆီမဆိုင် သတိရ မိသေးတယ်။ "မည်းမှောင်နေတဲ့ အတိတ်က လာခဲ့ရတော့ ခပ်မှိန်မှိန် ပစ္စုပ္ပန်ကိုပဲ တောက်ပ လှတဲ့ အနာဂတ် လိုလို" တဲ့။

ဘာ ပြောပြော မနှစ်ကထက်သာတယ်။ ပြောချင်ရာ ပြောကြ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

"သမ္မတကြီး ဆွဲတဲ့ နိုင်ငံတော် ကောက်ကြောင်း"

Interview by Nirmal Ghosh
The Straits Times (13-Jul-2012)

၁။ ကက်ဘိနိတ် အပြောင်း အလဲ
"It is not the case that there are hardliners in the Cabinet who are actively resisting or against changes or reforms, but there are some in the Cabinet who may be slower or who may not be performing as well in terns of trying to realise the objectives the government set out. Because of that ,there may need to be changes."

"ပါလီမန်အမတ်တွေထဲမှာ ပြောင်းလဲရေးကို မလိုလား ဒါမှမဟုတ် ပြောင်းလဲရေးကို အတိုက်အခံ လုပ်နေသူတွေ ရှိနေတယ် ဆိုတာက ပြဿနာမဟုတ်၊ ပြောင်းလဲရေးကို နှေးကွေးစေသူ၊ အစိုးရ ချမှတ်ထားတဲ့ မူဝါဒ အတိုင်း နားလည်မှု ရှိရှိနဲ့ အကောင်အထည် မဖော်နိုင်သူတွေတော့ ရှိနေပါတယ်။ ဒါကြောင့် ကက်ဘိနိတ်ထဲမှာ အပြောင်း အလဲ တွေ ရှိလာနိုင်တယ်" လို့ဆိုထားပါတယ်။

အင်တာဗျူးက စကားပြန်နဲ့ ဗျူးခဲ့ရပေမယ့် သတင်းထောက်ကတော့ သမ္မတကြီးဟာ Relax, chatty ဖြစ်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ကြီး တဖြစ်လဲ သမ္မတကြီးဟာ နိုင်ငံရဲ့ လက်ရှိ အခြေအနေကို ကျကျ နန သဘောပေါက် ထားပြီး ဒီအပေါ်မှာလည်း ရိုးသားမှု အပြည့်ရှိတယ် လို့ မှတ်ချက် ပြုထားပါတယ်။

၂။ ပြည်သူရဲ့အသံကို နားစိုက်
ဒီ ဆယ်စုနှစ်တွေကြားမှာ ပြည်သူရဲ့အသံကိုလည်း နားထောင်ရမယ် ဆိုတဲ့စကား မကြားရတာ ကြာပါပြီ။
"We also have to listen to and understand the desires of ordinary people and respond to their wishes."

လက်တွေ့ ဒီမိုကရေစီ ကျကျ ကျင့်သုံးနိုင်ရေးမှာတော့ အားနည်းမှုတွေ ရှိနေသလို ပြည်သူရဲ့အသံကို နားထောင်ပြီး သူတို့ ဆန္ဒကိုလည်း လိုက်လျောရမယ် ဆိုတဲ့ စကားကိုလည်း ပြောထားခဲ့ပါတယ်။

ပြည်သူရဲ့ အသံဆိုရာမှာလည်း သန်း ခြောက်ဆယ်ကျော် လူထုကြီးဆီက မတူညီတဲ့ အသံတွေ၊ လိုအင် ဆန္ဒတွေ ကွဲပြားနေပါလိမ့်မယ်၊ ဒါကိုလည်း မေ့ မထားဘဲ နိုင်ငံတော် တည်ငြိမ် အေးချမ်းဖို့၊ စီးပွားရေး တိုးတက်လာစေဖို့ အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရမှာပါ လို့ ဆိုထားပါတယ်။

၃။ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍ။
ပါးနပ်တယ်လို့ ဆိုရပါလိမ့်မယ်၊မကင်းရာမကင်းကြာင်း
" is someone who has been my boss in the past, someone I respect".
တစ်ချိန်က ကျနော့် ဘော့စ်၊ ကျနော် လေးစားရသူ လို့ ဆိုထားပါတယ်။

ပြည်သူရဲ့ မေတ္တာ နဲ့ ယုံကြည် အားကိုးမှုကို ရယူလိုရင် ဒီ နာမည်ကို ထပ်တလဲလဲ ရွတ်နေလိုတော့ မဖြစ်နိုင်ပါဘူး။

၎။ ဘဝ နာခဲ့သူ
သမ္မတ ကြီး ကိုယ်တိုင်က ဆင်းရဲသား လူတန်းစား ဘဝကနေ တက်လာခဲ့ရတာမို့ အရောင် တဖိတ်ဖိတ် နေပြည်တော်က သမ္မတ အိမ်တော်မှာ စံနေရပေမယ့် အခြေခံ လူတန်းစားရဲ့ ဘဝ နဲ့ အခက်အခဲ ကိုလည်း မမေ့ဘူး ဆိုတာကို
"I experienced poverty, and that is not unrelated to my start, as President, to look at ways to reduce poverty "
နဲ့ ဖော်ပြထားခဲ့ပါတယ်။

၅။ ဒေါ်စုရဲ့ အခန်းကဏ္ဍ
စီးပွားရေး ပိတ်ဆို့မှုတွေဟာ နိုင်ငံရေး နဲ့ ဆက်စပ်နေပြီး နိုင်ငံရေးက ဒေါ်စု နဲ့ ဆက်စပ်နေတယ်၊ ဒါကြောင့် ဒီ ပိတ်ဆို့မှုတွေကနေလွတ်အောင် ဒေါ်စုနဲ့ နားလည်မှုရအောင်ရယူပြီး အတူတကွ ပူးပေါင်းရေး စတင်ခဲ့ရတဲ့ အကြောင်း ပြောသွားခဲ့တယ်။

ဒီ စကားဟာ တာဝန် တစ်ဝက်ကို ဒေါ်စုဆီ မျှပေးလိုက်တာလို့ စစ်စစ် ပေါက်ပေါက် ကောက်ချက်ဆွဲရင် ရနိုင်ပါတယ်။ နိုင်ငံ ရဲ့ လက်ရှိ ကံကြမ္မာ သူတို့ အပေါ်မှာ လုံးလုံး လျားလျား ရိုနေပါတယ်။ ဆင်းရဲသား ဘဝက လာခဲ့ကြတာချင်း တူပေမယ့် ဒီ ဘဝ တွေ အပေါ် နားလည်မှုမှာတော့ အခြား ဗိုလ်ချုပ်ကြီးတွေနဲ့ လုံးဝ မတူတာကို တွေ့နိုင်ပါတယ်။ ပြီးတော့ ဒေါ်စုက အဖိနှိပ်ခံ အကြည်ညိုခံ ဘဝကနေ နိုင်ငံရေးထဲ ရောက်လာပြီး သမ္မကြီးကတော့ ပြည်သူ့ ချဉ်ဖတ် အသိုင်း အဝိုင်းကနေ ရောက်လာခဲ့တာမို့ မတူညီတဲ့ အခက်အခဲတွေ ကိုယ်စီ ရှိကြတယ်ဆိုတာ ငြင်းဖို့ ခက်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သစ် တည်ဆောက်ဆဲ ကာလမှာ ပါတီ နှစ်ပါတီ တင် မကပဲ ပြည်သူလူထုရဲ့ အခန်းကဏ္ဍလည်း အရေးကြီးကြောင်း ပြောသွားခဲ့ပါတယ်။

ဆောင်းပါးနောက်ပိုင်းကတော့ မနေ့ကကိစ္စ ကို ထပ်ဆွထားတာပါ၊ ပြုပြင် တည်ဆောက်ရေးမှာ စီးပွားရေး အဓိက ကျကြောင်း၊ စီးပွားရေး တိုးတက်မှု မှာလည်း တားမြစ် ပိတ်ဆို့ထားတာတွေ မရှိမှ ထိထိရောက်ရောက် အလုပ် လုပ်သွားနိုင်မှာ ဖြစ်ကြောင်း တွေ ပြောသွားခဲ့ပါတယ်။

ဒီလို ဒီပလိုမက်တစ် ဆန်ဆန်လည်း ပြော၊ လက်တွေ့လည်း အလုပ်လုပ်သွားနိုင်မယ်ဆိုရင် ၂၀၁၅ ခု လောက်ဆိုရင် ဒေါ်စုနဲ့ နားလည်မှုတွေ၊ တာဝန်တွေ ခွဲဝေယူရုံတင် မကဘဲ ပြည်သူ့ မေတ္တာကိုတောင် ခွဲယူသွားကြလိမ့်မယ်လို့ အကောင်းကြည့် ကြည့် လိုက်မိပါတယ်။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အထားအသို မှားခဲ့တဲ့ စစ်တပ်နဲ့ အကျပ်အတည်း ကြားက သမ္မတ

စထရိတ်တိုင်းက မနေ့က ကတည်းက သူတို့ရဲ့ ဝါရင့် သတင်းထောက် Nirmal Ghosh နဲ့ သမ္မတကြီး ဦးသိန်းစိန် တို့ အင်တာဗျူးမယ့်အကြောင်း ကြိုတင်ကြေငြာထားလို့ သတင်းစာကို အလောတကြီး ကောက်ကိုင်လိုက်တော့ နိုင်ငံခြား သတင်းအနေနဲ့ပဲ တွေ့ရပြီး အင်တာဗျူး အတွက်တော့ More from the interview with Myanmar President Thein Sein in tomorrow's Straits Time လို့ ထပ်ညွှန်းတာကို တွေ့လိုက်ရပြန်ပါတယ်။ ထားပါတော့၊ အသစ်အဆန်းကြီး မဟုတ်လှပေမယ့် တစွန်းတစ တော့ သိခဲ့ရပါတယ်။

ဆောင်းပါးကို ချုပ်လိုက်ရင်
၁။ စစ်တပ်ရဲ့ လတ်တလော အခန်းကဏ္ဍ
၂။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကျန်ရှိနေခြင်း ကိစ္စ နဲ့
၃။ မြန်မာနိုင်ငံ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲ တို့ ဖြစ်ပါတယ်။

သူ ပထမဆုံးတင်ပြထားတာကတော့
"This is an armed forces that the country had to rely on for a very long time for security reason and to meet external threats."

ကျနော် ပြောချင်တဲ့ အထားအသို မှားခဲ့တဲ့ စစ်တပ် ဆိုတာ ဒါပါပဲ။ မြန်မာပြည်ရဲ့ ဒီပလိုမက်တစ် ခပ်ညံ့ညံ့ အစိုးရ အဆက်ဆက်က ထစ်ကနဲ ရှိရင် စစ်တပ်နဲ့ပဲ ဖြေရှင်းခဲ့တော့ စစ်တပ်က သူနေရမယ့်နေရာမှာ မရှိတော့ဘဲ နေရာပျောက်နေတာပါ။ စစ်တပ်ရဲ့ အဓိက တာဝန်က ကာကွယ်ရေးပါ။ လက်နက်ကိုင် ပုန်ကန်မှု မရှိသေးသမျှ ပြည်ထဲရေး ကိစ္စကို ရဲ ကပဲ ရှင်းရမှာပါ။ သမ္မတကြီးပြောတဲ့ meet external threats ကတော့ စဉ်းစားစရာပါ။ လွတ်လပ်ရေး ရပြီးကတည်းက ပြည်ပနိုင်ငံရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှု ဆိုတာ မကြားခဲ့ရ ဖူးပါဘူး။ ဒါဟာ ကျနော် ဉာဏ်မမီတဲ့ ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ပြည်ပက တရုတ်ကို ပြောတာလား၊ ဥရောပ အုပ်စုလား၊ အမေရိကန်လား။ တရုတ်က စစ်ရေးထက် စီးပွားရေးကို ပိုပြီး အာသာ တငန်းငန်း ဖြစ်ပါတယ်။ အမေရိက ဆိုရင်လည်း လက်ရှိ စစ်တပ်နဲ့ မလုံလောက်ပါဘူး။ ဆိုလိုတာက မြန်မာ စစ်တပ်ဟာ ဆဒန် ဟူစိန်ရဲ့ စစ်တပ်လောက်အဆင့် မရှိဘူး ဆိုတာပါ။ ဥရောပ ကတော့ သူတို့ အရှေ့ ဥရောပ နိုင်ငံရေးတွေကိုတောင် မနိုင် မနင်းမို့ ပါးစပ် သေနတ်လောက်ပဲ ပစ်နိုင်ပါလိမ့်မယ်။

ကျနော်တို့မှာ ပြောပလောက်တဲ့ external threats မရှိပါဘူး။ ရှိတာက အင်တာနယ် သရက်တ် ပါ။ လက်နက်ကိုင်ထားသူ အချင်းချင်းကတော့ ညှိနှိုင်းမှု၊ နားလည်မှု အရ မယူနိုင်ဘူး ဆိုရင် ဘယ် အစိုးရ မဆို စစ်တပ်သုံးကြမှာပါပဲ။ ကျနော်ပြောတဲ့ ဒီပလိုမက်တစ် ညံ့ခဲတဲ့ အစိုးရ အဆက်ဆက် ဆိုတာ ဒီကိစ္စပါ။ လတ်တလော သတင်းစာတွေမှာ မြန်မာ့ ပြည်တွင်းရေးနဲ့ ပတ်သက်လို့ တော်တော်ရေးထားတာ တွေ့ရပါတယ် ၊ပြည်တွင်းရေးမှာ စစ်တပ် အင်အားသုံး ဖြေရှင်းခြင်းဟာ လတ်တလော အတွက်သာဖြစ်ပြီး ရေရှည်မှာ ပိုပြီး ဆိုဝါးတဲ့ အခြေအနေကို ချန်ထားရစ်ပါတယ်။ အင်ဒိုနီးရှား လိုပါပဲ။ အင်ဒိုနီးရှား မှာ ကောင်းမွန်တဲ့ စစ်တပ်ပါဝင်မှု ဆိုလို့ ဆူနာမီ ဘေးဒုက္ခ ကျရောက်ချိန်မှာ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ခြင်းပဲ ရှိပါတယ်။ လူထုက လေးစားတာလည်း ဒါပါပဲ တဲ့။

၈၈ အရေး အခင်းလို၊ ရွှေဝါရောင် အရေး အခင်းလို ကိစ္စတွေဟာ ရဲလောက်နဲ့ ဖြေရှင်းရမှာပါ။ ဆိုလိုတာက ပြည်သူလူထု၊ ရဟန်းသံဃာတွေမှာ ဘာလက်နက်မှ မရှိကြပါဘူး။ ဒီလို ကိစ္စတွေမှာ စစ်တပ် ဝင်ဝင်ပါတော့ နောက်ထပ်ဒုက္ခရောက်ရသူက ပြည်ထဲရေးမှာ အဓိက တာဝန်ရှိတဲ့ ပုလိပ် တွေပဲဖြစ်ပါတယ်။ ပုလိပ် တွေဟာ အခုတော့ လူမလေး ခွေးမကြောက် ပြက်လုံးသာသာပဲ ရှိပါတော့တယ်။ အစိုးရ အတွက်၊ စစ်တပ်အတွက်၊ ပုလိပ်တွေအတွက် နောက်ဆုံး နိုင်ငံတော်အတွက် လုံးဝ အဓိပ္ပါယ်မရှိ တဲ့ အထားအသို မှားယင်းခဲ့မှုပါ။

"So, it is important at this time that they are not left behind entirely. They have a limited roles within the constitution. But they are not involved in any way in the direct affairs of government policy."

စစ်တပ်ကို လုံးလုံး လျားလျား ချန်တားခဲ့လို့ မရဘူး ဆိုတာကတော့ တော်တော် များများ လက်ခံကြမှာပါ။ ဒါကလည်း ရှေ့မှာ ကျနော်ပြောခဲ့သလို မဆိုင်ရာတွေ ဝင်ပါထားခဲ့ကြလို့ပါ။ ထားပါတော့ ဒီ အချိန်မှာ အပြစ်လျှောက်ပြောတာ အဓိပ္ပါယ် မရှိပါဘူး။ စစ်တပ်ကို လုံးလုံး လျားလျား ချန်တားခဲ့လို့ မရဘူး။

နည်းနည်း စဉ်းစားစရာ ရှိတာက သမ္မတ ကြီဟာ အနည်းနဲ့ အများ ဦးသန်းရွှေကို နားကျအောင် ပြောနိုင်သူလို့ သူ့ စကားတွေ အရ တွက်ဆ လို့ ရပါတယ်။ မှန်ခဲ့ရင် နိုင်ငံ အတွက် တော်တော်ကောင်းပါတယ်။

"We can't yet say this is a stable and peaceful country."
"We want very much to have lasting peace, but exactly how the coming years will work out in terns of our efforts to have lasting peace remain uncertain."
ဒီစကား အတွက်တော့ ကျနော်တို့ သမ္မတ ကြီးဟာ သူတို့ အုပ်စုထဲမှာ အရိုးသားဆုံး၊ အရှိကို အရှိအတိုင်း မြင်နိုင်ဆုံး ရှားရှား ပါးပါး စစ်လူထွက် လို့ လက်ခုပ် တီးရမယ် သဘောပါ။

"There can't be peace without democracy, and there can't be democracy without peace."

ဒီ စကားကိုတော့ မြန်မာကသာမက ကမ္ဘာ ကပါ အသိအမှတ် ပြုကြရပါလိမ့်မယ်။ ကွန်ဂရက်ကျူလေးရှင်း ပါ သမ္မတ ကြီး ခင်ဗျား။

၂။နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကျန်ရှိနေခြင်း ကိစ္စ ကိုတော့ လက်ရှောင် ထားခဲ့ပါတယ်။
"The problem right now is we really need investments, we need loans to help to economic forward, (but ) there are still restrictions from many Western countries in terns of our ability to do this."

"It is extremely important that (financial and other economic ) sanctions belifted to make possible the sort of trade and investments the country desperately needs at this time."

ငါက နင့်ကို စောင့်ကြည့်၊ နင်က ငါ့ကို စောင့်ကြည့် ပြဿနာက အခု မှ စတာပါ။ အနောက် နိုင်ငံ တွေကလည်း ခဲ မှန်ဖူးတဲ့ စာ သူငယ်။ မြန်မာ အစိုးရကလည်း ဒီ တစ်ခါတော့ တကယ် မပစ် တော့ပါဘူး။ ရိုးရိုး သားသား ထင်ပါရဲ့ လို့ ကောက်ချက် ဆွဲလို့ ရပေမယ့် သမိုင်းက ခပ် ကွေးကွေးဆိုတော့ ...။ သူတို့ ဘယ်လောက် ကြာကြာ စောင့်ကြည့်ကြမယ် ဆိုတာဟာ နိုင်ငံ့ စီးပွားရေး နဲ့ လုံးဝ ဆက်စပ်နေတယ်။ ဒီ ပြဿနာကို ရှင်းပေးနိုင်တာက ဒေါ်စု ပဲရှိတယ်။ ဒေါ်စုက နည်းည်းတွန်းရင် အနောက် အုပ်စု အရွေ့က ပို မြန်မယ်။ ဒီမှာ ပြဿနာ ရှိလာပြန်ရော။

ဒေါ်စု ကိုယ်တိုင်ကရော ကြားဝင်ပေးရအောင် ဗိုလ်ချုပ်ကြီးတွေရဲ့ စကားကို ယုံကြည်သလား။ သူမကလည်း ခဲ အကြိမ်ကြိမ် မှန်ထားရရှာတဲ့ ဒဏ်ရာ ဗရပွနဲ့ စာသူငယ်။ သူမက ရာနှုန်းပြည့် ယုံကြည်ရင် ကြားဝင်မယ်၊ သူမ ကြားဝင်ရင် ပြဿနာ ပြေလည်မယ်။ သိနေကြပေမယ့် ပြေလည်ဖို့ကတော့ အချိန် လိုဆဲပါပဲ။

သမ္မတ ကြီး အမှန်တွေပြောနေတာလို့ ရာခိုင် နှုန်း များများက ယုံကြည်ကြပါတယ်၊ ခက်တာက သမိုင်းပါ။

"ရေနစ်နေလို့ပါ ကယ်ကြပါအုံး " လို့ စရင်း နောက်ရင်း အော်တာများတော့ တကယ်လည်း နစ်ရော စ တယ်ထင်လို့ ဘယ်သူမှ ထွက်မလာကြတော့ ဘူး တဲ့။ ဖြစ်နိုင်ရင် ဝင် အော် ပေးချင်တယ်။

"ဒီ တစ်ခါတော့ တကယ် နစ်တာ ပါဗျို့ " လို့။
ကိုယ်က ဝင်အော်လိုက်မှ "ဟဲ ဟဲ စ တာ" ဆိုမှ ဒုက္ခ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.