ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။
မေး ။ ။ ဆိုလိုတာက ဂျပန်နိုင်ငံရဲ့ပုံစံလို လူတန်းစားဒီထက်ညီနိုင်မယ့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ရောက်အောင်…….။
ဖြေ ။ ။ လူတန်းစားတူ၊ လူ့အခွင့်အရေးတူဘဝကို လိုချင်တယ်ဆိုရင်တော့ ကြေးလင်ပန်းနဲ့ ထမင်းစားတဲ့ခေတ်ကိုသာ ပြန်သွားတော့ပေါ့။ လူတိုင်းအပေါ်မှာ တရားမျှတတဲ့ မူဝါဒကို ငါတို့ချမှတ်ခဲ့တယ်။ အဲဒီမူကတော့ မင်းလုပ်နိုင်ရင် မင်းရမယ်၊ ဒါပဲ။ မင်းလုပ်နိုင်တဲ့စွမ်းရည်ဆိုတာ မင်းပညာရေး၊ မင်းအရည်အချင်းနဲ့ မင်းကိုယ်ရည်ကိုယ်သွေးတွေပဲ။ လူတွေက တန်းတူမဟုတ်ဘဲနဲ့ ငါတို့က အားလုံးဟာတန်းတူပါလုပ်နေလို့ ဒီမူက ဘယ်လိုအလုပ်ဖြစ်ပါတော့မလဲ။
စောစောပိုင်းက ငါ့ရဲ့ရည်ရွယ်ချက်က CPF ရယ်၊ ကျန်းမာရေးစုငွေရယ်အတွက် လူတိုင်းဘဏ်အကောင့်ရှိနေဖို့ပဲ။ မင်းရှာထားတာ မှန်သမျှ မင်းဟာတွေချည်းပဲ။ မင်းမှာ မင်းရဲ့ကိုယ်ပိုင်အကောင့်ရှိနေပြီ၊ အဲဒီအချိန်မှာ တစ်ယောက်ယောက်က အကြံပြုလို့ ဘုံဆိုင်ထဲကို ထည့်လိုက်ပြီဆိုပါတော့ တခြားလူတစ်ယောက်က မင်းငွေတွေကို ယူထုတ်သွားရော။
အခုငါတို့စနစ်က ဒီငွေတွေဟာ မင်းငွေဆိုရင် ဒီငွေတွေကို မင်းမသုံးခဲ့ဘူး။ ဒါဆို မင်းကလေးတွေ၊ မင်းဆွေမျိုးတွေ၊ ဘယ်သူ့ကိုမဆို ပေးထားခဲ့လို့ရတယ်။ မင်းစုထားတာလေးတွေကို လူတိုင်းထုတ်ယူလို့ရတဲ့ ဘုံဆိုင်ငွေထဲ ဘယ်သူက သွားထည့်နေမှာလဲ။ ဒီပြဿနာက အနောက်တိုင်းနိုင်ငံတစ်ချို့မှာ တက်နေတာ။ အဲဒီမူလည်း အခု ပြိုကွဲသွားပြီ။
တိုနီဘလဲလည်း ဗြိတိန်မှာ ပုဂ္ဂလိကစုငွေလုပ်ဖို့ ကြိုးစားသေးတယ်။ သူဒီကိုရောက်လာပြီး တို့ဆီက လေ့လာသွားတာ။ ဒါပေမယ့် သူ့မှာ အတိုက်အခံတွေက အများကြီးဆိုတော့ သူလည်း ညှပ်ပူးညှပ်ပိတ်မိနေတော့တယ်။
မေး ။ ။ ဒီတော့ မစ္စတာလီဆိုလိုတာက ဝင်ငွေညီမျှအောင်ထိန်းဖို့အတွက် နိုင်ငံခြားသားအလုပ်သမား လျှော့ချဖို့ မလိုအပ်ဘူးလို့ ဆိုလိုတာလား။
ဖြေ ။ ။ နိုင်ငံခြားသား အလုပ်သမားတွေကို ဝင်ခွင့်ပြုပြီး အလုပ်လုပ်တာက တွက်ခြေပိုကိုက်သလို ပိုပြီးတော့လည်း ထိရောက်တယ်။ ပြီးရင် ဝင်ငွေနည်းတဲ့ လူတွေဖက်ကို ဖြည့်ဆည်းပေးရင်းနဲ့ ဝင်ငွေကွာဟမှုကို အထိုက်အလျောက် ညီအောင်လုပ်ပေးလို့ရတယ်။ တို့မှာ ဒီအခွင့်အရေးကောင်းကောင်းရှိတယ်။ အလုပ်သမားတွေက အလုပ်ငမ်းငမ်းတက် လိုချင်နေကြတာ။ ငွေအနည်းငယ်ပဲပေးပြီး အလုပ်ဖြစ်တာကို မင်းသဘောမကျဘူးလား။
ဒါဆို ဗြိတိန်ကိုကြည့်။ သူတို့စီးပွါးရေးကို ဘယ်လိုလည်ပတ်နေတယ် ထင်သလဲ။ သူတို့က နိုင်ငံခြားအလုပ်သမားတွေကို ဝင်ခွင့်ပြုတယ်။ ဒီအတွက်ရလဒ်က သူတို့နိုင်ငံဟာ အခုလူမျိုးပေါင်းစုံ အဖွဲ့အစည်းဖြစ်နေတယ်။ အရှေ့ဥရောပသားတွေရှိတယ်။ အရှေ့အာရှသားတွေ၊ မြောက်အမေရိကသားတွေ၊ တောင်ပိုင်းဆာဟာရက အာဖရိကန်တွေ၊ ကာရစ်ဘီယန်ကလူတွေ အားလုံးရှိတယ်။ အဲဒီ နိုင်ငံခြားသားတွေက သူတို့မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးနေကြတာ။
တို့ဆီမှာ အရည်အချင်းတွေ အတားအဆီးမရှိ ဝင်လာနေတယ်။ ဒီလူတွေရဲ့ အရည်အသွေးက တို့စီးပွါးရေးတိုးတက်ဖို့ အကူအညီပေးနေတယ်။ ဒါကို အသိအမှတ်မပြုလို့ မရသလို ရူးချင်ယောင်ဆောင်နေလို့လည်း မရဘူး။ စင်ကာပူလူဦးရေကို စိတ်ထဲမှာတွေးဆပြီး ဒါတွေ လုပ်နေကြတာ။ တခြားနည်းလမ်းတစ်ခုခုက ဒီထက်ပိုကောင်းပြီး အဲဒီနည်းကို တို့က မကျင့်သုံးဘူးဆိုရင်တော့ တို့က အရူးတွေပေါ့။
Work Permit အလုပ်သမားတွေကို ဝင်ခွင့်မပြုဘဲ စင်ကာပူဟာ လက်ရှိအနေအထားကို ရောက်နေလိမ့်မယ်လို့ မင်းထင်သလား။
ဆောက်လုပ်ရေးမှာ HDB တွေဆောက်ဖို့ အပြင်မှာပဲ ကြိုတင်ပုံချယူတဲ့စနစ်ကို သုံးကြည့်တယ်။ ဒါက နိုင်ငံခြားအလုပ်သမားဦးရေကို လျှော့ချနိုင်ဖို့ပဲ။ ဒါပေမယ့်ကွာ တို့လုပ်လို့ရတာက အတိုင်းအတာတစ်ခုအထိပဲ လုပ်လို့ရတာပါ။
မေး ။ ။ နိုင်ငံခြားသားအလုပ်သမားတွေ လျှော့ချခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တစ်ခုက ပြည်တွင်းအလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုအား တိုးတက်လာနိုင်ခြင်းပါပဲ။ ဆောက်လုပ်ရေးမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်ပေါ့။ စင်ကာပူနဲ့ ဂျပန်တို့ရဲ့ခြားနားချက်ကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ဟာ ဂျပန်မဟုတ်ဘူး။ မှန်ပါတယ်။ ဒါပေမယ့် သူတို့လုပ်သလိုလိုက်ပြီး ကြိုးစားကြည့်ပြီး လူ့အဖွဲ့အစည်းကို ပြန်စုစည်းနိုင်မယ်ဆိုရင် ဝင်ငွေနည်းတဲ့လူတွေရဲ့ ဝင်ငွေလည်း တိုးတက်လာနိုင်စရာရှိပါတယ်။
ဖြေ ။ ။ ဒါဆိုရင် စီးပွါးရေးအဆောက်အဦကြီးတစ်ခုလုံး ဘာတွေဖြစ်သွားမလဲ။ ဆိုလိုတာက နောက်ဆုံးထွက်လာမယ့်ရလာဒ်ကိုကြည့်လို့ ပြောတာပါ။ ဂျပန်ပြည် ပိုကောင်းလာသလား။ ဂျပန်လူမျိုးတွေ ပိုပြီးအဆင်ပြေလာသလား။ ရွေးကောက်ပွဲမှာ ဆိုပါတော့ကွာ၊ နိုင်ငံရေးသမားက ငါတော့ ဒီနည်းလမ်းနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်လိုက်နိုင်တယ်လို့။ သူရွေးကောက်ပွဲနိုင်တာက ဂျပန်နိုင်ငံရဲ့ အနာဂတ်လား။ ရွေးကောက်ပွဲနိုင်ရုံလောက်နဲ့တော့ ဘာလုပ်မှာတုန်း။ လွှင့်သာပစ်လိုက်တော့။ ငါပြောမယ်၊ ဂျပန်တွေပြောင်းကို ပြောင်းရတော့မယ်။
ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။
မင်းစိတ်ထဲရှင်းသွားအောင် ငါကိုယ်တိုင် ကြုံတွေ့ရတာလေးကို ပြောပြမယ်။ ငါ့ရှူးဖိနပ်ချုပ်ပေးတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဟားခါးတရုတ်လူမျိုး။ အခု အသက်လေးဆယ်ကျော်ပြီ၊ အဲဒီ ဖိနပ်ချုပ်တဲ့ပညာက သူ့အဖေဆီကနေ အမွေဆက်ခံခဲ့တာ။ ဟုတ်ပြီ။ အဲဒီ ဖိနပ်ချုပ်တဲ့အလုပ်က အခုခေတ်ကုန်နေပြီ။ သူဒီအလုပ်နဲ့ ပိုက်ဆံရှာလို့ မရနိုင်တော့ဘူး။ ရှူးဖိနပ်တစ်ရံအတွက် ငါက ဒေါ်လာ (၃၀၀) ပေးရတယ်။ ဒါကိုရဖို့ ငါ့ခြေထောက်ဆိုဒ်ကအစ သူတိုင်းယူရတယ်။ မကြာမကြာ ငါကသူ့ကိုပြောတယ်။ ဒီထက် သားရေသားကောင်းတဲ့ ရှူးဖိနပ်စသည်လိုချင်တယ်ပေါ့။ ဒါဆိုရင် သူက ငါ့ဆီက ပိုက်ဆံထပ်တောင်းတယ်။ ၃၅၀၊ ၄၀၀ ပေါ့ကွာ။ ပေးလိုက်တာပေါ့။ ဘာတတ်နိုင်မှာလဲ။
သူ့သားက အဲဒီအလုပ်ကို လုပ်ချင်ပါဦးမလား။
မလုပ်ချင်ဘူး။ သူ့သားက တက္ကသိုလ်တက်၊ ဘွဲ့ရပြီး အဲကွန်းခန်းရုံးထဲမှာ အလုပ်လုပ်ချင်တာ။
ဆောက်လုပ်ရေးအလုပ်ကလည်း တို့လူမျိုးတွေအတွက် ခေတ်ကုန်သွားပြီ။ ဆောက်လုပ်ရေးဆိုဒ်တွေထဲက ငြမ်းစင်ပေါ် ဘယ်သူကတက်ချင်မှာလဲ။ ဘယ်သူက သင်္ဘောကျင်းထဲမှာ အလုပ်လုပ်ချင်မှာတဲ့လဲ။ တို့လူမျိုးတွေက ဒါမျိုးအလုပ်တွေလုပ်မယ်လို့ မင်းထင်သလား။ သူတို့ကို လစာတစ်ဆတိုးပေးပြီး ခိုင်း၊ သူတို့က နိုး ပဲ ပြောမှာပဲ။
ဆောက်လုပ်နေဆဲ အဆောက်အဦတွေကို ကြည့်။ အားလုံးဆောက်လုပ်လို့ ပြီးပြီဆိုရင် စင်ကာပူးရီးယန်းတွေ ရောက်လာပြီ။ ဝါယာတွေသွယ်၊ ဒီပြင် ဘာညာဘာညာတွေ လုပ်ကြပေါ့။ အပြင်ပန်းကကြည့်ရင် သူတို့လုပ်သလိုပဲ။ အထဲကို ဝင်ကြည့်တော့မှ အိန္ဒိယန်းတွေ၊ ဘင်္ဂလားဒေ့(ရှ်) လူမျိုးတွေ၊ ပြည်မကြီးက တရုတ်တွေကို တွေ့ရတာ။
စင်ကာပူးရီးယန်းတွေကို ငါတို့ပိုပေးမယ်၊ သူတို့လုပ်မလား။ မလုပ်ဘူး။ သူတို့မှာ ဒီထက်အခွင့်အရေး ကောင်းကောင်းရှိတဲ့အလုပ်တွေ ရွေးချယ်လို့ရတယ်။
သြစတေးလျ ဆောက်လုပ်ရေးဌာနတွေကလည်း အာရှတိုက်သားတွေ ဝင်မလာစေချင်လို့ တအားကြိုးစားပြီး ပိတ်ပင်နေကြတယ်။ သူတို့ကပြောတယ်၊ ဆောက်လုပ်ရေးကုန်ကျငွေကို အများကြီးတိုးပေးမယ်တဲ့။ ကဲ အခု အာရှတိုက်သားတွေ ဝင်လာကြပြီ။ သူတို့ စစ်စတန်ကြီး ပျက်တော့မှာ။ တရုတ်ပြည်မှာတောင် ဒါမျိုးတွေဖြစ်နေပြီ။
တို့ဆီမှာလည်း အိမ်တွင်းအလုပ်သမတွေ ရှိခဲ့ဖူးတယ်။ အခုသူတို့ ပညာတတ်သွားပြီ။ သူတို့က မင်းရဲ့အိမ်စေ လာမလုပ်တော့ဘူး။ စက်ရုံတွေ၊ ဟော်တယ်တွေမှာ သွားလုပ်တော့တာ။
ကမ္ဘာဟာ လူမှုရေးအပြောင်းအလဲကို ဖြတ်ကိုဖြတ်ရမယ်။
မင်းက အင်ဒိုနီးရှန်းတစ်ယောက်၊ ဖိလစ်ပိုင်တစ်ယောက်၊ အိန္ဒိယန်းတစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်တစ်ယောက်ဆိုရင်တော့ ရွေးစရာသိပ်မရှိဘူးပေါ့။ မင်းညီမတွေ၊ ဝမ်းကွဲညီမတွေ အိမ်ဖော်မဖြစ်တာကိုပဲ ကျေးဇူးတင်နေရဦးမယ်။ ဒါပေမယ့် စင်ကာပူလိုနေရာမျိုးမှာ စီမံခန့်ခွဲပုံလွဲသွားပြီဆိုရင်တော့ လူတော်တွေက ထွက်သွားကြမှာပဲ။ သိပ်မတော်၊ သိပ်မတတ်တဲ့လူတွေကတော့ ထွက်သွားမရတော့ ကပ်နေကြမှာပေါ့။ ဆိုလိုတာက အဲဒီ သိပ်မတော်၊ သိပ်မတတ်တာတွေကကို ဖိလစ်ပိုင်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ၊ အင်ဒိုနီးရှန်းတွေ အဆင့်လောက်တော့ ရှိနေတယ်၊ ဒါပဲ။
မေး ။ ။ ဒါပေမယ့်လို့ ဒီအချက်က နိုင်ငံရေးအရှုံးထွက်မှုကို မကာကွယ်နိုင်ဘူး။ အောက်ခြေလူတန်းစားတွေက ဒီစစ်စတန်ဟာ သူတို့အတွက် လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ခံစားနေကြရတယ်။ နိုင်ငံတိုးတက်လာတယ်ဆိုပေမယ့် အဲဒီဝေစုအများစုကို ထိပ်တန်းက လူတွေကပဲ ရသွားကြတယ်- တဲ။ အောက်ခြေလူတန်းစားထဲမှာ အဲဒီဝေဖန်သံက ပိုပြီးဆူညံနေတယ်။ ဒါကို မစ္စတာလီ လက်ခံပါသလား။
ဖြေ ။ ။ လူတွေရဲ့ ဣဿာမစ္ဆရိယဖိအားကတော့ ရှောင်လို့မရနိုင်ဘူးကွာ။ တခြားဖြစ်နိုင်ခြေတစ်ခုကို ကြည့်။ စီးပွါးရေးတိုးတက်မှု နှေးကွေးတယ်ဆိုရင်တောင် ဒီဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ လစာအနည်းအများကိစ္စက ရှိနေမှာပဲ။ ဆင်းဆင်းရဲရဲနဲ့ လစားခြားနားမှုရှိနေမှာပဲ မဟုတ်လား။ နိုင်ငံခြားက ဦးနှောက်တွေ၊ အလုပ်သမားတွေကိုရအောင် မယူနိုင်တော့ တို့အားလုံးဒီထက်ဆင်းရဲနေကြမှာပဲ။ ငါတို့ ဂျီဒီပီလည်း ၂- ရာခိုင်နှုံးကနေ ၂.၅- ရာခိုင်နှုံးလောက်အထိ ထိုးကျသွားမယ်။ အလုပ်သမားတွေနဲ့ သူတို့ကြောင့် ရလာတဲ့ဝင်ငွေကို တွက်ကြည့်လို့ရနေတာပဲ။
စင်ကာပူကုမ္ပဏီတစ်ခုက အောင်မြင်သွားလို့ ကာတာကိုပြောင်းမယ်။ အဲဒီကို ခေါ်သွားမယ့်လူတွေကို ငါတို့ကုမ္ပဏီက သူတို့ပတ်ဝန်းကျင်အနေအထားနဲ့ညီအောင် လစာပေးထားရမယ်။ သူ့ကို အနည်းဆုံးဒီကလစာရဲ့ ၁၅၀- ပါဆင့် ပေးထားရမယ်။ သူ့အိမ်၊ သူ့လူနေမှုစရိတ်၊ သူ့ကလေးတွေရဲ့ ပညာရေး၊ စတာတွေအတွက် အကုန်ပေးရတယ်။ တရုတ်၊ ဗီယက်နမ်တို့ကို သွားမယ်ဆိုရင်လည်း ဒီအတိုင်းပဲ။
ဆိုပါတော့၊ ငါက သာမန်အလုပ်သမား။ ငါ့ရဲ့ စူပါဗိုက်ဆာကတော့ နိုင်ငံခြားဌာနကလိုလို့ သွားရတော့မယ်။ ငါ့ကိုတော့ မခေါ်ဘူး။ ဟိုမှာ ငါလိုအလုပ်သမားမျိုးတွေ ရှိနေပြီးသားမို့။ ဒီတော့ ငါစိတ်နာတယ်။ ဒါကတော့ လုံးဝမတရားဘူးလို့ ငါပြောမယ်။ ဘာတတ်နိုင်မှာတုန်း၊ လောကကြီးကကို တရားမှ မတရားတာ။
မနာလိုတိုရှည်တွေက ဘယ်လိုပဲမဆို ရှိနေမှာဆိုတော့ ဒီတိုးတက်မှုနှုန်းထားကို ရပ်ပစ်ဖို့အကြောင်းတော့ ငါမမြင်မိဘူး။ ဒါအစား တိုးတက်လာတဲ့အထဲက အဆီအနှစ်တွေကိုယူပြီး အောက်ခြေလူတန်းစားကို ဖြည့်ဆည်းပေးဖို့ပဲ လုပ်တော့မယ်။ စိတ်အားထက်သန်မှုကို ဖယ်မပစ်ဘဲနဲ့ သူတို့ကို အဲသလိုနည်းနဲ့ အကူအညီပေးထားနိုင်တယ်။