ရှက်ရယ်


တချို့အတွေ့အကြုံတွေက ကြုံတွေ့ရခိုက်လေးမှာ အူတက်မတတ် ရယ်ရပေ မယ့် ပြန်ပြောရင် မရယ်ရတော့ဘူး။ ဘာဖြစ်ဖြစ် ပြောကြည့်အုံးမယ်။

မိတ်ဆွေရဟန်းတစ်ပါးနဲ့ ကိုရီးယားသွားတုန်းကပါ။ ဂိတ်တွေအားလုံးဖြတ်ပြီး လေယာဉ်ပေါ်တက်ဖို့စောင့်နေချိန် နှစ်ပါးစလုံးနဲ့သိတဲ့ နိုင်ငံခြားသားဘုန်းကြီးလည်း ရောက်လာတယ်။ ဒီအဖြစ်အပျက်မှာ သူက အဓိကဆိုတော့ သူနဲ့ဆက်ဆံရေးကို နည်းနည်းတော့ပြောမှရလိမ့်မယ်။ ဆိုလို တာက သူ့ကိုတွေ့လိုက်ရလို့ ဝမ်းသာသွားတာမျိုးမဟုတ်ဘူး၊ နည်းနည်းတောင် မသက်မသာခံစားလိုက်ရတဲ့ ဆက်ဆံရေးမျိုးပေါ့။ ဒါက နှစ်ပါးစလုံးမှာ ရှိနေတဲ့ ခံစားမှု။ တွေ့တာနဲ့ အလ္လာပသလ္လာပလေးပြောပြီး လေယာဉ်ပေါ်တက်ကြရော။
လေယာဉ်ထွက်ပြီးခဏနေတော့ ကိုယ်ကပဲ အိမ်သာအရင်သွားတယ်။ ဘာမှရည်ရွယ်ချက်မရှိဘဲ အိမ်မ်သာကအထွက် မျက်စေ့ဝေ့ဝိုက်ကြည့်လိုက်ေ တာ့ ခုနက နိုင်ငံခြားသားဘုန်းကြီးကို မတွေ့မိဘူး။ ဒါနဲ့ ဘေးကမိတ်ဆွေရဟန်းကို
"ဟေ့ကောင်၊ ဟိုကိုယ်တော်ကြီးကို ရိုရိုးတန်းမှာ မတွေ့ဘူးဗျ" ပြောမိတယ်။ သူကလည်း
"ဟာ ဟုတ်လို့လား၊ ရှိမှာပါဟာ၊ သေချာပြန်ကြည့်စမ်းပါအုံး"
ချက်ချင်းပဲ အဲဒီကိုယ်တော်ကလည်း အိမ်သာသွားမလို့ထင်ပါရဲ့ ထလိုက်တော့ သူကတွေ့သွားပြီး
"ပြောသားပဲ၊ ဟိုမှာ မတွေ့ဘူးလား" ဆိုပြီး သက်တောင့်သက်သာဖြစ်သွား ဟန်နဲ့ ပြောတယ်။


picture source

ဒါပါပဲ။ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ် လိုက်ရတာ အူတွေကိုနာနေတာပဲ။ ဘာကိုရယ်တာလည်းဆိုရင် ရှင်းပြလို့ မရဘူး။ ရှက်ရယ်လို့တော့ထင်တာပဲ။ သူ ဘစ်စနစ်ကလပ်က စီးလာမှာကို မဆီမဆိုင် ညှိနှိုင်းမထားဘဲ နှစ်ယောက်ပြိုင်တူ အတွင်းပူပူနေကြတယ်။ အဲဒီ ဣသာ၊ မစ္ဆရိယ အနုသယကိလေသာကို နှစ်ယောက်လုံး ရုတ်တရက် မဖုံးလိုက်နိုင်ဖြစ်သွားတာကိုတွေးပြီး ရယ်ဖြစ်ကြတာထင်တာပဲ။ ရယ်ရတာတော့ တစ်လမ်းလုံးလိုလို၊ စဉ်းစားမိလိုက် ရယ်လိုက်ပဲ။

သီဟနာဒ

ရွာပြန်တယ်ဆိုပါစို့


ရွာပြန်တယ်ဆိုပါစို့။ ပထမရွာသားနဲ့တွေ့ရင် သူက ပြောမယ်
"ဟာ ဦးဇင်း၊ ဒီတစ်ခေါက် အသားတွေဖြူလာတယ်နော်" ဆက်သွား၊ နောက်တယောက်တွေ့မယ်
"ဟာ ဦးဇင်း၊ ဒီတစ်ခါ အရင်တစ်ခေါက်လောက် အသားမဖြူဘူးလားလို့"
"ဒီတစ်ခေါက် ပိန်သွားတယ်"
"ဒီတစ်ခေါက် ဝလာတယ်"
ဒါမျိုးတွေ ပုံမှန်ကြားရတယ်။




source


အခု အရွယ်ရလာတော့မှ သဘောပေါက်တာ(ဒါတောင် အရွယ်လိုတယ်)။ နှုတ်ဆက်စကားဆိုတာ သိပ်ပြီး အကျိုးအကြောင်း ညီညွတ်ဖို့ မလိုလှဘူး၊ ပြောလိုက်မိဖို့ပဲ။
"ဒီနေ့ ရုံးမှာ အလုပ်ပါးကြပါစေ"

အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း


"၁၉၈၂ က တရုတ်ခေါင်းဆောင်တွေထဲမှာ ဘွဲ့ရပညာတတ်မပါ။ ဒီနေ့ အားလုံးလိုလိုက ဘွဲ့ရ၊ အများစုက ဘွဲ့လွန်။ သူတို့ ကောလိပ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေက အနောက်တိုင်း ဟန်။ အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း၊ အမြင်ကျဉ်း။ လက်ရှိခေါင်းဆောင်အုပ်စုက အတိတ်နဲ့ လုံးဝမတူ။ လက်ရှိခေါင်းဆောင်အုပ်စုက တရုတ်သမိုင်းကို မွှတ်နေအောင်သိပေမဲ့ သမိုင်းရဲ့ ချည်နှောင်းခြင်း (သခင်မျိုးဟေ့ တို့တရုတ်နေမှာပေါ့) မခံကြရတော့ဘူး။"
သိပ်ကောင်းတဲ့ ကောက်ချက်ပါ။ (World Order နှာ ၂၂၈)

လာကြပါခင်ဗျား


ဦးသိန်းစိန်လေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ တိန့်ရှောင်ဖိန်လည်းပါတယ်။
တိန့်ရှောင်ဖိန်က ကုတ်ကုတ်လေးလုပ်တာ၊ ရွက်ပုံးသီးပေါ့။
ပိုက်ဆံရှိအောင်လုပ်၊ ဘာမှပြောမနေနဲ့၊ ကမ္ဘာကပြောလာပါစေဆိုတဲ့အပေါက်။
သူတို့ကြားမှာ မတူတာက
တိန့်ရှောင်ဖိန်က ကမ္ဘာကသူ့အလိုလို လာအောင် အလုပ် လုပ်ယူတာ။
ဦးသိန်းစိန်က "လာကြပါခင်ဗျား" လို့ခေါ်တာ။ အနေအထားတွေကလည်း မတူကြဘူးမဟုတ်လား။

ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်


အမေရိကန် ချဉ်းကပ်ပုံက လက်တွေ့ဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။
သူ့ကို ခြိမ်းခြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံ အမေရိကန်မှာ မရှိဖူးဘူး။ တရုတ်က ခြိမ်းခြောက်မခံရတဲ့ အခါရယ်လို့ မရှိဖူးဘူး။
ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်ပြီး ပြသနာရဲ့အဖြေဟာ နောက်ပြသနာရဲ့ လမ်းစလို့ တရုတ်က ယုံကြည်တယ်။
အမေရိကန်က လတ်တလောပြသနာကို ချက်ချင်းအဖြေရှာပြီးတရုတ်က တဆင့်ချင်း အဖြေရှာတယ်။
တရုတ်က ကွန်မြူနစ်ဝါဒနဲ့ တရုတ်ယဉ်ကျေးမှုပေါင်းစပ်ပြီး သူ့နိုင်ငံကို ပုံဖော်ယူတယ်။ အဲဒီနှစ်ခုစလုံးကလည်း အမေရိကန်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း။

World Order, page 226