CHECK UP မလုပ်ရသေးသော တဏှာများ

ဘဝက တဏှာကြောင့်စခဲ့၏။
အတန်ငယ်ကြီးပြင်းလာသောအခါ တဏှာသည် ကြောက်စရာကောင်းကြောင်း သင်ကြား ကြရ၏။ စာသင်၏။ တဏှာကို လည်းသင်၏။ ထို့နောက် လောကီအာရုံမှ လွတ်မြောက်ရေးကို တောင်းဆိုလာ၏။

ဟုတ်သလိုလိုရှိ၏။ သို့သော်မဟုတ်သေး။ ကာမဂုဏ်မှ ပယ်ခွာရေးဆိုသော်လည်း ထိုကာမဂုဏ်က အဘယ်နည်း။ ဘာကိုဆိုသနည်း။ ထိုကာမဂုဏ်ကို သုံးစွဲပြီးမှ ထွက်မြောက်ရေးကို တောင်းဆိုလာသော် မှန်ကန်ဖို့ ရာနှုန်းများ၏။ သို့သော် ဘာမှမရှိဘဲ ဘာမှ မရှိရာမှ စွန့်ခွာရေးကို ပြောလာ၏။ မဟုတ်တော့။ လုံးဝမဟုတ်တော့။

တစ်ချိန် ကျေးလက်ကလူများကို လွန်စွာရိုးသားကြ၏၊ အလိုနည်းပါးကြ၏ ဟုထင်ခဲ့၏။ ကျေးလက်သားတို့ တဏှာကို လျှော့တွက်ခဲ့မိ၏။ တကယ်မူ မဟုတ်။ တဏှာသည် တဏှာသာဖြစ်၏။ တနည်းဆိုရသော် လိုချင် ရကောင်းမှန်း မသိကြခြင်းသာဖြစ်၏။ မလိုချင်ကြခြင်းမဟုတ်။ ယနေ့ကျေးလက်သည် မြို့ပြ၏ စမ်းသပ်မှု ဒဏ်ကို အပြင်းအထန်ခံနေရ၏။ ဘီယာဆိုင်များပေါလာ၏။ ဗွီဒီယိုရုံများပေါလာ၏။ အခြားအခြားသော လိုက်စရာ အာရုံ များ ပေါလာ၏။ ထိုအာရုံများနောက်သို့ သူတို့တဏှာလိုက်ကြတော့၏။

ဤသို့ဆိုသော ကျေးလက်တောသားများ အလိုနည်းခြင်း မှန်ကန်ပါမည်လား။ တချို့က နည်း၍ တစ်ချို့က များ၏။ သို့သော် ထိုတဏှာကို Check up မလုပ်နိုင်သေးသဖြင့် သိပ်မသိသာလှ။ အမှန်မူ လူ့တဏှာ သည် လူ့တဏှာသာဖြစ်သည်။

ဤသည်ကိုပင် ယနေ့ခေတ်လူတို့သည် လောဘပိုကြီးလာကြသည်ဟု သိပ်အဆင်မပြေလှသော အယူ အဆ တင်ပြလာကြပြန်သည်။ ဘဝရလာသူတိုင်း၏ တဏှာကို လျှော့တွက်၍ရမည်မထင်။ ယနေ့ စီးပွားရေးကြောင့် လူသားများတိုက်ခိုက်နေသလိုသားကောင်တစ်ကောင်အတွက်ကြောင့် ကျောက်ခေတ်လူသားများ တိုက်ခိုက်နေ ကြ၏။ သားကောင်ဆိုသောအာရုံက အားသိပ်မကောင်းသောအခါ တဏှာလည်း အားလျော့၏။ ဤသည်မှာ တဏှာ အားနည်းခြင်း ကြောင့် မဟုတ်ဘဲ တဏှာ သည်းခြေကြိုက်အာရုံနှင့်တွေ့ကာ Check up မလုပ်ရသေးခြင်းသာဖြစ်သည်။

ယနေ့ ကမ္ဘာက မြန်မာလူမျိုးများရိုးသား၏။ အလိုနည်း၏။ အေးချမ်း၏ဟု ပြောလာပြန်သည်။ (အကင်း ပါးသော လူများကမူ မပြောကြ။) မှန်ကန်ဖို့ ရာခိုင်နှုန်းနည်း၏။ အဘယ်ကြောင့်ဆိုသော် ယခုကျေးလက် သည် တစ်ချိန်က ကျေးလက် မဟုတ်တော့သလို ဖြစ်နေသောကြောင့်ဖြစ်၏။ မြူဆွယ်သော အာရုံက သိပ်အားမကောင်း သဖြင့် ရှိနေသော တဏှာက လက်စွမ်း မပြသေးခြင်းသာဖြစ်၏။

ရိုးသားသောနိုင်ငံသည် သူခိုးများ၏။ ဟန်လုပ်သောနိုင်ငံ၌ အရက်ပုန်းရောင်းသောဆိုင်များ ပေါ၏။ ယဉ်ကျေးသောနိုင်ငံ၌ အပျော်အပျက် အနှိပ်ခန်းများပေါ၏။

ယနေ့ ကမ္ဘာ့ယဉ်ကျေးမှုက မြန်မာကို အားကောင်းကောင်းနှင့် ဝင်တိုက်နေပြီဖြစ်သည်။ မြန်မာတွေ ဘယ်လိုလက်ခံ ယူမလဲ။ ဤကိစ္စ အလွန် အရေးကြီး သည်ဟု ထင်သည်။ သူတို့က တဏှာကို ကမ္ဘာ့အာရုံနှင့် စမ်းသပ်တော့ မည်ဖြစ်သည်။ မြန်မာများ တကယ်ရိုးသားကြ ပါသေးရဲ့လား။ အားနာစရာတော့ အနည်း ငယ်ကောင်း၏။

စဉ်းစားမိသည်။ “ကာမဂုဏ်မှ ခွာ ၊ ကာမဂုဏ်က မခွာ။" ခက်သည်က ခွာစရာ ကာမဂုဏ်ကမရှိ။ မရှိရင် မရှိတဲ့ ကာမဂုဏ်ကခွာ၊ ခွာရင်ပြီးရော။ အဓိပ္ပါယ်တော့သိပ်မပါ။

တစ်ချိန်က ကွန်ပျူတာမရှိ၊ ကွန်ပျူတာမသိ။ ကွန်ပျူတာမရှိသဖြင့် အခြား ဆောင်ရွက်စရာ လည်းမလို။ အနှီ ပုဂ္ဂိုလ်တို့သည် ကွန်ပျူတာမလိုချင်သော ပုဂ္ဂိုလ်များလား။ မဟုတ်ဟုထင်သည်။ လိုချင်ရကောင်းမှန်း မသိသူများသာဖြစ်၏။

ဂျေဒေါ့နတ်မရှိ၊ ကေအက်(ဖ)စီမရှိ၊ ဒေါ်လာ ၂၅၀တန် ဘူဖေးမရှိ၊ မရှိသဖြင့် မသိ။ မရှိ၍ မသိသော ထို ပုဂ္ဂိုလ်များကို လောဘနည်းသူဟု ပြော၍ ရပါမည်လော။ မထင်မိ။ မရှိ၊ မသိ၊ မလိုချင် သာဖြစ်ပြီး ရှိ၊ သိ၊လိုချင်ဖြစ် လာပါလိမ့်မည်။

လေယာဉ်တစ်ခါစီးဖူးတယ်။ ကောင်းလိုက်တာ။ မေ့လို့ကို မရဘူး။ အဲဒီတုန်းက နင်တို့ အပေါ် တည့်တည့် ကနေ ငါတို့ဖြတ်သွားတာ ဆိုသည့် ကျေးတောသားသည် ကိုယ်ပိုင်ဟယ်လီကော်ပတာ မဝယ်နိုင်ရင် ရှိမည် -- မလိုချင် ဟူ၍တော့ ပြော၍မရ။ (လိမ်ညာပြောလို့တော့ရပါသည်။)

စာပေလာ ဇာတ်နိပါတ်၊ ဗုဒ္ဓဝင် စသည်တို့ကို ကြည့်ရှုရာ ကာမဂုဏ်၊ ထို့နောက် ကာမဂုဏ်မှ ခွာ၊ ဤဖော်မြူလာကိုတွေ့ရသည်။ တွယ်တာစရာ ကာမဂုဏ်မရှိ ထိုမရှိ ကာမဂုဏ်မှ ခွာကို မတွေ့ရ။

သုမေဓာရသေ့သည် သူဌေးဖြစ်သည်။ သိဒ္ဓတ္ထမင်းသားသည် အာဏာနှင့် စည်းစိမ်အလုံးစုံရှိသည်။ ဤသည်မှာ ကာမဂုဏ်ဖြစ်၏။ ထို့ကြောင့် ကာမဂုဏ်မှ ခွာလို့ရ၏။ ကာမဂုဏ်မှ ခွာရန် ကာမဂုဏ်ရှိနေဖို့ အရေးကြီးသည်။စင်္ကာပူမှထွက်ခွာရန်စင်္ကာပူလို၏။ မြန်မာပြည်မှထွက်ခွာရန် မြန်မာပြည်လို၏။ လေဆိပ်မှထွက်ခွာရန် လေဆိပ်လို၏။ စင်္ကာပူမရှိ ၊ မြန်မာမရှိ ၊ လေဆိပ်မရှိဘဲ ဤကိစ္စများ လုံးဝမဖြစ်နိုင်။

ကာမဂုဏ်မှခွာဆိုသည့် ဝေါဟာရကိုသုံးစွဲရန်အနည်းဆုံးတူတူတန်တန်ကာမဂုဏ်တော့ရှိနေရမည်။ နို့မို့ တော့ “ခွာ“ သာ “ခွာ“ မည။် ကာမဂုဏ်မှတော့ မဟုတ်။ မဟုတ်သဖြင့် ထိုတဏှာက လက်စွမ်းပြ ခွင့်မရ။ အမှန်တကယ် တဏှာကြိုက်အာရုံနှင့်တွေ့တော့မှ သူ့ကိုယ်သူ မရှိဘူး ဟုထင်ထားသော ထိုတဏှာက လျှာတမြားမြား၊ တံတွေး တမျိုမျိုနှင့်ထွက်လာ ပါလိမ့်မည်။

မြန်မာတွေရိုးသားကြတယ်။ အလိုနည်းကြတယ်ဟု အပြောမစောမီ ထိုမြန်မာတို့၏ တဏှာကို Check up လုပ်ရမည်ဖြစ်၏။ ဤသည်မှာ (၂၁)ရာစု လောကီအာရုံများပင်ဖြစ်ပေသည်။

မြန်မာတွေ တူတူတန်တန်ဖြစ်အောင် အရင်လုပ်ရမည်။
စီးပွားရေး ထူထူထောင်ထောင် ဖြစ်အောင် အလုပ်လုပ်ရမည်။
ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် အရင်လုပ်ရမည်။
ဖြစ်သလို စား-စားနေရသော (အာဟာရမပြည့်သော) ထမင်းပွဲများကို ကျော်လွှား နိုင်အောင် လုပ်ရမည်။
နှစ်ဦးသား ချစ်ပါလျက် အဆင်မပြေသော စီးပွားရေးကြောင့် လက်မထပ်ရသော သမီးရည်းစားများ နည်းနိုင်သမျှ နည်းအောင်လုပ်ရမည်။
တွယ်တာလောက်သော ငွေကြေးတန်ဖိုး ၊ ပိုင်ဆိုင်မှု အိမ်ယာရှိနေရမည်။


ဤမျှဆိုလျှင် ကာမဂုဏ်မှ ခွာလိုသော ပုဂ္ဂိုလ်များခွာလို့ ရပါပြီ။ အဘယ်ကြောင့်ဆိုသော် ခွာစရာ ကာမဂုဏ် တူတူတန်တန် ရှိနေသောကြောင့်ပင်ဖြစ်သည်။

အမေရိကနှင့် ဥရောပမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို တွေ့ရသည်။ အလွန်ကြည်ညိုမိ၏။ (ဘာသာရေးလုပ်စားသည့် ရဟန်းတချို့လည်းရှိကောင်းရှိနိုင်၏။ မပြောပလောက်။) သူတို့သည် ကာမဂုဏ်မှ ခွာခဲ့သောကြောင့်ဖြစ်၏။ ကာမဂုဏ်ရှိ၏၊ ကာမဂုဏ်ကို သိ၏။ ထို့နောက် ထိုကာမဂုဏ်မှ ခွာ၏။

မိဘများမရှိ ဆွေမျိုးသားချင်းများကလည်း မတတ်နိုင်။ ထိုကလေးကို ကိုရင်ဝတ်လေးလိုက်။ ထိုကလေး သည်ဘာကာမဂုဏ်မှမရှိဘဲ ကာမဂုဏ်ခွာထွက်ရေးလမ်းပေါ်ကို ရောက်လာရရှာ၏။သူ့ကိုယ်သူလည်းမသိ ။လျှောက်မိသည့် လမ်းကိုလည်းမသိ။ ထို့နောက်စာပေများသင်၍ စာပေများတတ်၏။ သို့သော် ကာမဂုဏ်ကိုမူ သူမသိ။ ထို့ကြောင့် သူ့တဏှာကိုလည်း သူမသိ။ သေချာသည်ကား တဏှာရှိ၏။(ထိုသို့သော သာမဏေငယ်များ အထင်ကရ ဆရာတော်ကြီး တစ်ပါး မဖြစ်ဟု မဆိုလိုပါ။)

ဤသည်မှာ သမားရိုးကျ ရဟန်းဘဝနှင့် သမားရိုးကျ မဟုတ်သော ရဟန်းဘဝခြားနားမှုသာဖြစ်၏။ သာသနာ့ဘောင်ဝင်လာတာခြင်း တူသော်လည်း ကာမဂုဏ်မှ လာခြင်းနှင့် ဘာမှ မရှိရာမှ လာခြင်းမတူညီကြ။ ထို့ကြောင့် တန်ဖိုးလည်းကွာ၏။

ဤပြဿနာများ ဘယ်ကလာသနည်း။
ဆင်းရဲမွဲတေရာမှ လာ၏။
အသိပညာ အားနည်းရာမှ လာ၏။
ဘာသာရေး အဆုံးအမကို မျက်စိမှိတ်ယုံကြည်ရာမှ လာ၏။


ကိုယ့်တဏှာကို Check up မလုပ်မိ၊ လုပ်ခွင့်မရ၊ ထို့ကြောင့် တဏှာပမာဏကို မသိ။ သိသော် တဏှာကို မနိုင်။ မနိုင်သော်လည်း လူသိမခံရဲ။ လူသိမခံရဲသဖြင့်……

ဤသို့ဖြင့်
မသမာမှုများပေါများလာ၏။
လာဘ်ပေးလာဘ်ယူမှု ပေါလာ၏။
ပရဟိတရှေ့ကပြပြီး အတ္တဟိတလုပ်သူများ များလာ၏။
အရက်ပုန်းရောင်းသောဆိုင်များ ပေါများလာ၏။
အပျော်အပျက် အနှိပ်ခန်းများပေါလာ၏။


ဤသည်မှာ လူ့သဘာဝဖြစ်၏။ ရှက်စရာတော့ သိပ်မလို။ အထိုက်အလျောက် ဖြေရှင်းဖို့ နည်းလမ်းသာ ရှာဖို့လို၏။ ဒါကို သဘောမပေါက်။ ထို့ကြောင့် ဖုံးဖိဖို့ကြိုးစား၏။ ဖုံးလိုက်ပါမှ လေစိမ်းအတိုက်မခံရသည့်အတွက် ပုပ်ပွပြီး အနံ့တစ်ထောင်းထောင်း ထွက်လာ၏။ ထိုပုပ်ပွနေသော အနံ့ကို မရှုလိုမှုသည် တဏှာကုန်ခြင်းအစစ်မဟုတ်။ ဒေါသဖြစ်၏။

လိုချင်စရာကောင်းသော အာရုံကို မလိုချင်မှ တဏှာကို လွန်၏။ သို့သော် … ဒေါ်လာဆယ်သန်းတန် အာရုံက အကြင်လူသားထံမလာသေး။ ထို့ကြောင့် ထိုလူသား၏ တဏှာသည် ဒေါ်လာဆယ်သန်း ဒဏ်ကို ခံမခံမသိရ။

လူသည် လူဖြစ်၍ လူ့တဏှာသည် လူ့တဏှာသာဖြစ်ပေတော့၏။

အမေရိကန်ဘိက္ခူနီမ တစ်ယောက်က Tanha (or) The Longest River ဟုသုံး၏။ ထိုဘိက္ခူနီမကို ကြည်ညို၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ကံ၊ ကံ၏အကျိုး


ကျောင်းသားဘဝတုန်းက ပေါက်ပေါက်ရှာရှာ အလှူခံတတ်တဲ့ သူငယ်ချင်း (သိပ်တော့မရင်နှီး) တစ်ယောက်ရှိဖူးတယ်။

သူဘယ်ကရလာသလဲ မသိဘူး။ ခေါင်းတော်နဲ့ ကိုယ်တော် ဆက်လို့မရတဲ့ ရှေးဟောင်းဘုရားဆင်းတုတော်လေး သူ့အခန်းထဲမှာ ရှိတယ်။ အဲဒီ ဆင်းတုလေးပြုပြင်ဖို့ဆိုပြီး သူငယ်ချင်းတွေဆီက အလှူခံတယ်။ ကျွန်တော်က ဒါကို သိပ်ကြည့်လို့မရဘူး။ ကျွန်တော့်ဆီက အလှူခံမယ့် အလှည့်လည်းရောက်လာရော….

သူငယ်ချင်းရာ… ပြောလို့သာပြောရတာ ငါက ဘုရားကို မင်းလောက်တောင် သံယောဇဉ်မရှိဘူး။ ဒီအတွက်တော့ မလှူချင်ဘူးကွာ။ မင်းခေါင်းပြတ်သွားလို့ ပြန်ဆက်ဖို့ ငွေလိုရင်တော့ ငါတတ်နိုင်သ၍ ထည့်ပါ့မယ်။ ငါ့ကို အသိပေးပါဦး “ လို့။

သူတစ်ချိုးတည်းလစ်ထွက်သွားတယ်။

ကဲဗျာ… တိုက်ဆိုင်ပုံက - ဖြစ်ချင်တော့ အခမ်းအနားတွေ၊ ဘာတွေရှိရင် သူက ဓာတ်ပုံရိုက်၊ ဗွီဒီယိုရိုက် တာဝန်ယူလေ့ရှိသူလေ။ အဲသလိုပြောမိပြီးတဲ့နောက် - အဖွဲ့လိုက်ဓာတ်ပုံတွေရိုက်တိုင်း ကျွန်တော့်ပုံဟာ ဘယ်တော့မှ ခေါင်းပါမလာတော့ဘူး။ ကံ၊ ကံ၏အကျိုး။


အဲ.. ပြောဖို့မေ့နေတယ်။ ကျွန်တော့်အရပ်က ၅ပေနဲ့ ၁၁လက်မရှိပါတယ်။ ဒါကြောင့်ပါ။
 
ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                    

ပရိုက်ဘိတ်ဂျက်နှင့် ၂၁-ရာစုဈာန်ရ ရဟန်းတော်များ

လွန်ခဲ့သော (၁၀)နှစ်ကို ပြန်ကြည့်လျှင် ဆရာတော်များ ကြက်ပေါင်ဖိနပ်(သို့) ရာဘာ ဖိနပ်များစီးထားလျှင် စိတ်ပျက်ခဲ့ရဖူးသည်။ ဒီဆရာတော်ကလည်း ကလေးကလား ကြက်ပေါင်ဖိနပ် စီးရတယ်လို့ ဟုထင်ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ခွဲခြားမကြည့် တတ်ခြင်းကြောင့် ဟုယူဆမိသည်။ ယဉ်ကျေးမှု ဟူသည်ကလည်း မိမိမြင်တွေ့နေကြ ကိစ္စများကို အခြေခံမူအဖြစ်ထားပြီး တိုင်းတာသည်။ ကိုယ်မြင်နေကျဖြစ်နေလျှင်မျက်စိထဲ၊ နားထဲတွင် ယဉ်ကျေး နေတတ်ပြီး ကိုယ်မြင်၊ ကြားနေကျ မဟုတ်သည့်အရာများဖြစ်နေလျှင် ရိုင်းနေတတ်သည်။ ဤသည်မှာ သညာကိစ္စသက်သက်သာဖြစ်သည်။

ဤတွင် ဤမေးခွန်းမေးရန် အကြောင်းဖြစ်လာခဲ့သည်။

ငါတို့စီးနေတဲ့ဖိနပ်တွေကရော ဘုရားလက်ထက်ကဖိနပ်တွေနဲ့ တူနိုင်ပါ့မလား။ ဘုရားရှင် လက်ထက်က ဘယ်လိုဖိနပ်တွေကို ရဟန်းတော်တွေ စီးတော်မူကြသလဲ။

ဖိနပ်ဟူသည့် ခြေထောက်ကို အကာအကွယ်ပေးသောဝတ္ထုသည် ရှေးဦးဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် ကျယ်ကျယ် ပြန့်ပြန့်ကြီး ထွန်းကားခဲ့ဟန်တော့မတူပါ။ (Early Buddhist Culture)။ ဘုရားရှင် ခရီးတစ်ခုခုပြန်ကြွလာသည့်အခါ၊ ဆွမ်းခံရာမှ ပြန်ကြွလာသည့်အခါတို့၌သီတင်းသုံးရာ ကျောင်းသို့ ရောက်တော်မူလျှင် ခြေဆေးတော်မူခြင်း၊ ခြေသုတ်တော်မူခြင်းစသည်တို့ကို မပျက် မကွက်ပြုလုပ်တော်မူလေ့ရှိသည်။ ဤသည်မှာ ဘုရားရှင် ဖိနပ်စီးတော်မမူကြောင်း ယူဆချင်လျှင် ယူဆနိုင်သော အထောက်အထားဖြစ်သည်။

သို့သော အနည်းငယ်ကြာလာသောအခါ (၀ိနည်းသိက္ခာပုဒ်များ ပညတ်ရသည့်အခါ) ထိုဖိနပ် ဆိုသည့် ခြေထောက် အကာအကွယ်ပေး အရာဝတ္ထုအကြောင်း အနည်းငယ်တွေ့လာရသည်။ ဤကိစ္စသည် ၀ိနည်းကိစ္စဖြစ်နေသဖြင့် ဤနေရာ၌ ကျယ်ကျယ်ပြန့်ပြန့် ပြောရန်မသင့်ဟုထင်သည်။ သေချာသည်မှာ သစ်သားဖိနပ်(ခုံဖိနပ်)လို အသံမြည်လွန်းသောဖိနပ်များ ကိုပိတ်ပင်တော်မူခဲ့သည်။ တိတ်ဆိတ်မှုကို ဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ဈာန်မရကြသောခေတ် ရဟန်းတော်များအတွက် စက်ဘီး၊ မော်တော်ဆိုက်ကယ်၊ ကား စသည်များကိုလည်း ယာဉ်(သို့) ဖိနပ် ဟုဆက်စပ်တွေးမည်ဆိုလျှင် တွေးလို့ရနိုင်ပြန်သည်။

ရဟန်းတစ်ချို့ မော်တော်ဆိုက်ကယ်စီးကြပြီ။ ရဟန်းတစ်ချို့(အထူးသဖြင့်) အနောက်နိုင်ငံများတွင် ကား ကိုယ်တိုင်မောင်းနေကြပြီ။ မြန်မာ့ယဉ်ကျေးမှုမျက်မှန် အသေတပ်ထားလျှင် လုံးဝအဆင်မပြေနိုင်သော မြင်ကွင်းများ ဖြစ်နိုင်သည်။

ဒါကိုမသိလျှင် ၀ိနည်းတော်ဘာညာနှင့် လျှောက်ပြောလာနိုင်သည်။ ထိုခေတ်က ကားမရှိ သဖြင့် ကားနှင့်ပတ်သက်သော သိက္ခာပုဒ် တိုက်ရိုက်တွေ့နိုင် စရာ အကြောင်းမရှိပါ။ သေချာတာကတော့ နွားပိန်မ၊ မြင်းပိန်မလေးတွေဖြင့်မောင်းနှင်သော နွားလှည်း၊ မြင်းလှည်းများ ကိုတော့ မစီးကောင်းပါ။ စီးကောင်းသည်ဖြစ်စေ မစီးသင့်ပါ။ “မစီးကောင်း” သည် ဘုရားဝါဒဖြစ်ပြီး “မစီးသင့်”သည် လူသားဝါဒ သက်သက်သာဖြစ်ပါသည်။ ကရုဏာသဘောပါဝင်သည်။

ရဟန်းများကားမောင်းခြင်းနှင့် ပတ်သက်ပြီး မြန်မာများသာမက ထေရ၀ါဒဗုဒ္ဓဘာသာရဟန်း နှင့်လူများ သဘောတူညီမှု မရကြသေးပါ။ မောင်းသူကမောင်းပြီး ဝေဖန်သူကဝေဖန်ဆဲဖြစ်သည်။ သို့သော် မြင်းပိန်၊ နွားပိန်မလေးဆွဲသည့် လှည်းနှင့်စာလျှင် ကားမောင်းတာက ပိုပြီးလူသားဆန်သည် ဟုထင်ပါသည်။ ကရုဏာသဘောပါသည်။

မော်တော်ဆိုင်ကယ်၊ စက်ဘီး စသည်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ လွန်ခဲ့သော (၁၀)နှစ်က နယ်တွင် စက်ဘီးစီး၊ ဆိုင်ကယ်စီးသောရဟန်းတော်များ မရှိသေးပါ။(မမြင်မိဟု ဆိုလိုပါသည်။) နောက်မှ စီးလာကြသည်။ ပြစ်တင်သံ တစ်ချို့ကြားရသည်။ ကြာတော့ပျောက်သွားသည်။ ယခု နောက်မှထိုင်ခုံမှာမထိုင်တော့ဘဲ ကိုယ်တိုင်စီးလာကြပြီ ဟုသိရသည်။ တစ်ချို့ (တော်တော်များများက) သဘောမတူကြ။ သို့သော် မော်တော်ဆိုင်ကယ်ပေါ်ကရဟန်းကို ဆွဲချ၍မရ။ ထို့ကြောင့် ဝေဖန်ကြသည်။ ထိုဝေဖန်သည့်အသံများလည်း ကြာလျှင်ပျောက်သွားပါလိမ့်မယ်။

မော်တော်ဆိုင်ကယ်ကို မပြောလိုသော်လည်း စက်ဘီးကိုတော့ပြောချင်ပါသည်။ သို့သော် စက်ဘီးစီးသင့်၊ မစီးသင့်ကိစ္စမဟုတ်ပါ။ခြေသလုံးပိန်တာရိုးနှင့် ကလေးတစ်ယောက်နင်းသည့်စက်ဘီးကို ဘုန်းကြီး၀၀ကြီးက အခန့်သားထိုင်စီးနေခြင်းထက် ကိုယ်တိုင်နင်းလိုက်တာက ပိုပြီးလူသားဆန်သည်ဟုထင်ပါသည်။ ကရုဏာသဘော ပါဝင်သည်။ ထိုပိန်တာရိုးလေးကစီးရဲလျှင် သူ့ကိုကယ်ရီယာခုံပေါ်ကနေအစီးခိုင်းလိုက်ပါ။ (ထိုပိန်တာရိုးလေးက စီးရဲ၊ မစီးရဲတော့ မသေချာပါ။ စီးကောင်းသည်ဟုထင်သည်။)

ဖိနပ်ကိစ္စဆက်ပါမည်။

ယနေ့ ရဟန်းတော်များစီးနေသောဖိနပ်များသည် မင်းတုန်းမင်းလက်ထက်ကမှ ဒီဇိုင်းထွင်လိုက်သော ဖိနပ်များဖြစ်သည်ဟု တက္ကသိုလ်ဆရာတော်တစ်ပါး ဆွေးနွေးသည့်လက်ချာကို မှတ်သားရဖူးသည်။ မှန်ပါသည်။ ဤ ဦးဝိုင်းဝိုင်းနှင့်ဖိနပ်သည် မင်းတုန်းမင်းနှင့် ထိုခေတ်ကဆရာတော်တစ်ချို့၏ စနက်သာဖြစ်သည်။ ဘုရားရှင်၊ ဗိမ္မိသာရတို့နှင့် လုံးဝမဆိုင်ပါ။ ထိုဖိနပ်ကို စီးလိုကစီးနိုင်ပါသည်။ သို့သော် ဘုရားက ဒီဖိနပ်မျိုးကိုစီးဖို့ပဲ မှာတော်မူခဲ့တာဟုတော့ မပြောသင့်ဟုထင်သည်။ ဘာကြောင့်ပါလဲဟုဆိုလျှင် ရှက်စရာကောင်းသောကြောင့်ဖြစ်သည် ဟုဖြေရမည်ထင်သည်။

ကြက်ပေါင်ဖိနပ်၊ ရာဘာဖိနပ်များဘာကြောင့်မစီးသင့်သလဲ ဟုမေးလျှင် တော်တော်များများက လူတွေစီးတဲ့ ဖိနပ်ဖြစ်နေလို့ဟု ပြီးစလွယ်ဖြေတတ်ကြသည်။ အမှန်မူ ထိုရဟန်းစီးဖိနပ်ဆိုသည့် ဦးဝိုင်းဝိုင်းဖိနပ်ပုံစံသည် မင်းတုန်းမင်းနှင့် သူ့မိသားစု(တော်ဝင်မိသားစု မသုံးလိုပါ၊ ကုမ္ပဏီနာမည်နှင့် တူသွားနိုင်ခြင်းကြောင့်ဖြစ်သည်။) များစီးသည့် ဖိနပ်ပုံစံများဟု သိရပြန်ပါသည်။

ဤသို့ဆိုလျှင် လူအများစုစီးသည့်ဖိနပ်ပုံစံကိုတော့မစီး၊ ဘုရင်စီးသည့်ဖိနပ်ပုံစံနှင့်တူသည့် ဖိနပ်ကိုတော့ စီးသည်ဆိုသည့် အဓိပ္ပာယ်ရောက်နေပြန်သည်။ အဓိပ္ပာယ်မရှိလှတော့ပါ။တခြားဖြေရှင်းချက်တစ်ခုကတော့ “အသွင်ဖျက်ခြင်း” ဆိုသည့် ဘုရားစကားကိုနားထောင်ပြီး ထိုကြက်ပေါင်၊ ရာဘာဖိနပ်တို့၏ ဦးပိုင်းကို အနည်းငယ်ဖြတ်ပြီးစီးခြင်းပင်ဖြစ်ပါသည်။ “လူတွေစီးတဲ့ဖိနပ်မို့” ဆိုသည့်အဖြေထက် လူဖိနပ်နှင့်ကွဲသွားအောင် အသွင်ဖျက်ခြင်းက ၀ိနည်းနှင့် ဆက်စပ်လို့ ပိုအဆင်ပြေနိုင်ပါသည်။

ဖိနပ်ဟူသည် ခြေထောက်ကို အကာအကွယ်ပေးသောအရာဖြစ်သည်။ ထို့ထက်လုံးဝမပို။ ကိစ္စပြတ်ပြီဖြစ်ပါသည်။မန္တလေးရောက်စဉ် မိတ်ဆွေရဟန်းတစ်ပါးက မင်းဖိနပ်ကြီးကလည်းကွာ လူစီးဖိနပ်ကြီး ဟုပြောသည်။ လူစီးဖိနပ်တော့ဟုတ်တယ်။ ဒီဖိနပ်က သားရေဖိနပ်မဟုတ်ဘူး။ သားရေဖိနပ်မဟုတ်တော့ သတ္တ၀ါတစ်ကောင်ကောင် သားရေအတွက်သေစရာ မလိုတော့ဘူးလို့ ဖြေခဲ့ပါသည်။ ကိုယ်တိုင်ယုံကြည်ထားသည့် ယုံကြည်မှုဖြစ်သည့်အတွက် ပြဿနာ မရှိလှပါ။ သားရေဖိနပ် ကိုသာစီးကြသည့် ရဟန်းတော်တစ်ရာအတွက် အနည်းဆုံး နွားသားရေတစ်ချပ်တော့ လိုပါလိမ့်မည်။ ဤသို့ဆိုလျှင် ရဟန်းတော်ငါးသိန်းအတွက် သားရေဦးဝိုင်း ဖိနပ်များရဖို့ နွားသားရေမည်မျှ လိုအပ်ပါမည်နည်း။

ဒီသားရေတွေကို တို့ဖိနပ်လုပ်မစီးလည်း နွားတွေကတော့ သေနေမှာပဲ ဟုပြောရန်ရှိပါသည်။ မှန်လည်း မှန်ပါသည်။ နွားများသေရခြင်းသည် ရဟန်းတော်များ သားရေဖိနပ်စီးခြင်းနှင့်ဘာမှမဆိုင်ပါ။

သို့သော် ၂၁-ရာစုလူသားများတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ချို့ သက်သတ်လွတ်စားလာကြသည် (ဥပမာ- စတိဗ်ဂျော့)၊ သားရေဖြင့်ချုပ်သောဂျက်ကင်များ မ၀တ်ကြတော့(ဥပမာ- ရစ်ချတ်ဂီယာ)၊ မက်ထီရီ ယယ်ဂါးဆိုသည့် ပြောင်စပ်စပ်(တစ်ချိန်က) မက်ဒေါနားကပင် သိုးမွှေး စသည်ဖြင့် ရက်လုပ်သော အ၀တ်အထည် များဝတ်ဆင်ရန် စိတ်မရဲလှတော့ဟု ဆိုလာကြသည်။

ဝိနည်းက သားရေဖိနပ်ကို လက်ခံပါသည်။

သားရေနှင့်တူသည့် ရာဘာလို၊ ကြက်ပေါင်လိုပစ္စည်းများ ဘုရားလက်ထက်ကရှိလျှင် ဘုရားရှင်ကလည်း ခွင့်ပြုတော်မူနိုင်ပါသည်။ (ဤစကားကို သဘောမကျသူများ ရာဘာနှင့်ကြက်ပေါင်တွေ့ရှိခြင်းသမိုင်းကို ဖတ်ဖို့အကြံပြုပါသည်။)

ဤသည်မှာ ရဟန်းနှင့်ဖိနပ်ပြဿနာဖြစ်သည်။

ရဟန်းတော်များ ဖိနပ်စတင်စီးစဉ်က ထိုရဟန်းတော်များကို ဝေဖန်ကြဖူးသည်။ ယခုဖိနပ်စီးခြင်းသည် ကြီးကျယ်သောကိစ္စမဟုတ်တော့။ ထို့နောက် ရဟန်းတော်များ စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ ကားစီးလာကြသည်။ ဝေဖန်သည်။ ထိုအသံများပျောက်သွားခဲ့သည်။ ထို့နောက် ရဟန်းတော်များ စက်ဘီးကိုယ်တိုင်စီး၊ မော်တော်ဆိုင်ကယ်ကိုယ်တိုင်စီး၊ ကားကိုယ်တိုင်မောင်း လာကြသည်။ ဝေဖန်ကြသည်။ ပျောက်သွားပါလိမ့်ဦးမည်။

၂၁-ရာစုနှောင်းပိုင်းရောက်လျှင်(သို့) ၂၂-ရာစုဦးဆိုလျှင် အချို့ရဟန်းတော်များ ကိုယ်ပိုင် လေယာဉ်များပင် ရှိလာနိုင်ပါသည်။ (မဖြစ်နိုင်ဟု မျက်စိမှိတ်၍တော့ မငြင်းစေချင်ပါ၊ တစ်ချိန်က လှည်း(သို့)လှေ တစ်ခုခု ဘုန်းကြီးကျောင်းတိုင်းရှိခဲ့သည်။ ထိုကျောင်းများ၌ ယခု ကား(သို့) မော်တော်ဆိုင်ကယ်များ ရှိနေပြီးဖြစ်သည်။) ထိုအခါ ကနဦး လူများကိုအမောင်းခိုင်းပြီး ရဟန်းတော်များ ပရိုက်ဘိတ်ဂျက်စီးလာပါလိမ့်မည်။ ထို့နောက် ရဟန်းတော်များကိုယ်တိုင် ပရိုက်ဘိတ်ဂျက်များ မောင်းရင်းပျံသန်းကြပါလိမ့်မည်။

ဈာန်မရသောရဟန်းတစ်ပါးအတွက် ပရိုက်ဘိတ်ဂျက်သည် အစားထိုးပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်။ ဈာန်ရသောရဟန်းတစ်ပါးသည် လူတစ်ယောက်အပိုခေါ်ပြီး ကောင်းကင်ပျံလို့ရ၊ မရ မသိသော်လည်း ထိုပရိုက်ဘိတ် ဂျက်မောင်းနိုင်သော ရဟန်းကတော့ လူငါးယောက်ခန့် (မသေချာ၊ ဂျက်အရွယ်အစားအတိုင်းရှိမည်) လိုရာခရီးကို ပို့ပေးနိုင်ပါလိမ့်မည်။

ဈာန်ရသောရဟန်းတော်တစ်ပါးဈာန်လျှောလျှင် ဈာန်သာလျှောပြီး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု စာပေမှာမတွေ့ရပါ။ သို့သော် ပရိုက်ဘိတ်ဂျက်မောင်းသောရဟန်းတော်များ စက်လျှောလျှင်တော့ မသက်သာလှဟု ၂၁-ရာစုနှောင်းပိုင်းကို မှန်း၍ စိတ်ပူမိသည်။



သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

အညာသား ဖြစ်ကြောင်းသက်သေပြ



(ခက်၊ စပ်) ။              ။ ဖေကြီးတစ်ယောက်ထဲ သက်ပြင်းတွေ ဘာတွေချလို့ ဘာပြဿနာတက်နေလို့လဲ ။

(ဦး)          ။              ။ သြော်… ခက်ခက်နဲ့ စပ်စပ်လား ။ ဒီလိုကွဲ့ ဖေကြီးက အညာသားမို့ အညာသားလို့ ပြောမိတာ ဟိုတစ်ယောက်က အညာသားမှန်ရင် အညာသားဖြစ်ကြောင်း သက်သေပြတဲ့ “ သူကတော့ ပြပြီးသွားပြီ “

(ခက်ခက်) ။               ။ အညာသားက အညာသားပေါ့။ အညာသားဖြစ်ကြောင်း ဘာသက်သေပြနေရဦးမှာလဲ။

(စပ်စပ်)    ။              ။ အဲဒါမှ ဒုက္ခပဲ ခက်ခက်ရေ။ ဖေကြီးက အညာသားလို့သာပြောတာ အသားကလည်း မမည်းဘူး။

(ခက်ခက်) ။              ။ ဖေကြီးက ဒါတောင် အပြင်ထွက်ရင် ထီးမဆောင်းဘူး။ ယောက်ျားတစ်ယောက်က အသားဖြူလွန်းရင် နွဲ့သွားတတ်လို့တဲ့။ 

(ဦး)          ။             ။ အေးလေ… ဒါကြောင့်ပြောတာပေါ့။

(စပ်စပ်)    ။              ။ တချို့က အညာသားဆိုရင် အသားမဲတာတင်မကဘူး။ အရပ်ပုတာတောင်ဆွဲထည့်တတ်ကြသေးတယ်။

(ခက်ခက်) ။              ။ ဒါလည်း ဒုက္ခပဲ၊ တို့ဖေကြီးအရပ်က ၅ပေ ၁၁လက်မရှိတယ်။

(စပ်စပ်)    ။              ။ တချို့ကောင်မလေးတွေဆို ဖေကြီးလမ်းလျှောက်သွားရင် ငေးကိုကြည့်နေကြတာ။ ဟွန်း…. အမြင်ကိုကတ်တယ်။

(ဦး)          ။             ။ အေးလေ… ဒါကြောင့်ပြောတာပေါ့။

(ခက်ခက်) ။              ။ နောက်ပြီး ဖေကြီးစကားပြောတာက အညာသားနဲ့ မတူဘူး။

(စပ်စပ်)    ။              ။ ဟုတ်တယ်မတူဘူး။ အညာသားက ဘွင်းဘွင်းပဲပြောတာ။ ဖေကြီးက မပွင့်တပွင့်နဲ့။

(ခက်ခက်) ။              ။ ဒါတောင် ငေးငေးကြည့်တဲ့ မိန်းမတွေကရှိသေး။ မျက်တောင်များ ခတ်ကြရဲ့လား မသိဘူး။ ခက်ခက် အမြင်ကတ်လွန်းလို့။

(ဦး)          ။             ။ အေးလေ… ဒါကြောင့်ပြောတာပေါ့။
( ဦးကိုမောင်က ဒေးဗစ်ကော်ဗာဖီး ဆန်ဆန်ပြုံးလိုက်သည်။)

(ခက်ခက်) ။              ။ ဖေကြီးပြုံးနေတယ်။ ပြုံးနေတယ်။ ဘာပြုံးတာလဲ။

(ဦး)          ။             ။ သက်သေတော့မရပါဘူးကွာ။ အဖြေတော့ရပြီ။

(ခက်၊ စပ်) ။              ။ ဘာအဖြေလဲ ။ သမီးတို့ကို ပြောပြ။

(ဦး)          ။             ။ Lip Stick ဆိုရင် သမီးတို့ ပါးစပ် ဘာကြောင့်ဖွင့်လို့တာလဲ။

(ခက်၊ စပ်) ။              ။ အမ်……… ဒါလဲ ဟုတ်တာပဲ။

(ဦး)          ။             ။ Lip Stick မှန်ရင် နှုတ်ခမ်းနှစ်ခု ကပ်နေရမယ်။ ခွာလို့မရဘူး။ ခုတော့ ဒီလိုမဟုတ်ဘူး။ Lip Stick သုံးလိုက်မှ နှုတ်ခမ်းက ပိုတောင်လှုပ်လာသေး။

(ခက်၊ စပ်) ။              ။ ဒါဆို ဖေကြီးရဲ့ အဖြေဆိုတာက ဘာလဲ။

(ဦး)          ။             ။ Lip Stick ကိုပြောမှာပေါ့။ Lip Stick ဆိုရင် Lip Stick ဖြစ်ကြောင်း သက်သေပြလို့။

(ခက်၊ စပ်) ။              ။ ရေး…… ဒါမှ တို့ဖေကြီးကွ ၊ ဖေကြီးသိပ်တော်တာပဲ။


(ဦး)          ။             ။ (ဦးကိုမောင်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ မပြောလည်း သိပါတယ်ဆိုတဲ့ အပြုံးမျိုး အမြင်ကတ်လောက်အောင်ပြုံးတယ်) ဒါနဲ့ သမီးတို့  အိုက်အိုက်ရော မတွေ့ပါလား။

(စပ်စပ်)    ။              ။ မအိုက် မလာဘူးထင်တယ်ဖေကြီး။ သူ့အခန်းက ပျက်နေတဲ့ အဲကွန်း ပြင်လိုက်ပြီလို့ပြောတယ်။

(ခက်ခက်) ။              ။ အမ်… ဒါဆို နောက်တစ်ခါ အဲကွန်းပျက်မှ မအိုက်ပေါ်လာတော့မယ်ထင်တယ်။ ဂျာမဏီမိတ် ဝယ်တပ်ခိုင်းရမယ် ဟီးဟီး။

(ဦး)          ။             ။ သမီးတို့ကို ကျေးဇူးတင်ပါတယ်ကွယ်။

(စပ်စပ်)    ။              ။ ဖေကြီးကလည်း ကိုယ့်သမီးတွေပဲဟာ ဘာကျေးဇူးတင်နေရမှာလဲ။

(ခက်ခက်) ။              ။ ဖေကြီးက ဘာကို ကျေးဇူးတင်တာလဲ ။

(ဦး)          ။             ။ ဒီလိုပါ ။ ဖေကြီးမှာ သမီးတွေရှိတော့ ကြွားစရာရှိရင်တောင် သမီးတွေ ကြွားပေးတာကို ထောက်ပေးလိုက်ရုံပဲ။ တချို့ သမီးမရှိတဲ့ ကောင်တွေဆို ကိုယ်တိုင်ကြွားရတာ။ သိပ်မနိပ်ဘူးပေါ့ကွယ်။ ကဲ… ညဥ့်နက်ပြီ။ သမီးတို့ အိပ်ကြတော့။

အိုက်၊ စပ် (နေရတဲ့အထဲ) ခက် (တော့တာပဲ)။ ပြီးရော………။ 

ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                              

အရောင်များနှင့် ကစားခြင်း

တကယ်တမ်းပြောရရင် ဒီအရောင်ကိုကြိုက်လှတယ် လို့တော့မဟုတ်ဘူး။သိပ္ပံပညာရှင်တွေပြော တာက မျက်စိအတွက် ကောင်းတယ်တဲ့။ ဟုတ်ချင်ဟုတ်မှာပေါ့။ ကွန်ပျူတာ အကြာကြီး ထိုင်မကြည့်ရင် အများအားဖြင့်တော့ မျက်စိကောင်းတာပါ။ လူကလွဲရင် ဘယ်သတ္တဝါမှ မျက်မှန် တပ်ထားတာ မတွေ့ရဖူးပါဘူး။ ထားပါတော့။ နောက်ပြီး ဒီအရောင်က ပေါ့စတစ် သဘောဆန်တယ်။ လုပ်လို့ရပြီ။ လမ်းဖြတ်ကူးလို့ရပြီ။ ဒီအိမ်မှာ လူရှိတယ်။ ဒါမျိုး အဓိပ္ပါယ်တွေ ရှိတယ်။ ဒီတော့ ကျွန်တော်တို့ ဆိုရှယ်ရပ်ဝန်းမှာ အပြုသဘောဆောင်တဲ့ အရောင်ပေါ့။ သိပ်မကြိုက်လှပေမယ့် အင်း….ကောင်းပါတယ်လေ။

ကောင်မလေးတစ်ယောက်က “ခပ်စိမ်းစိမ်းပဲနေပါ့မယ်“ ဆိုတဲ့စကားနဲ့ မကြာမကြာပြောနေတာ ကြားရတယ်။ အဲ...မေ့နေပြန်ပြီ။ ဆိုရှယ်လောကကြီး တစ်ခုလုံးကို ကြည့်ရင် ဒီအရောင်က ပေါ့စတစ် သဘောဆောင်ပေမယ့် သမီးရည်းစားနှစ်ယောက် ကြားမှာကျတော့ ဒီအရောင်ကနက်ဂတစ် သဘောလေးရှိနေပြန်ရော။ ကြိုက်လောက် ပါတယ်။ နွားတွေရဲ့ဖေးဘရိတ်ကာာပေါ့လေ။အဲ့ -မေ့သွားပြန်ပြီ။ အဲဒီကောင်မလေးက သူ့ရည်းစားကို များ ရင်ဖွင့်နေတာလား။ ကိုယ့်ကိုပဲသူမရှိကြောင်း ပြောတာလား မသိဘူး။ ရှုပ်ပါတယ်။ အဲဒီစကားက အဓိပ္ပါယ်နှစ်ခွနဲ့။

ကျွန်တော် ဒီအရောင်ကို ရွေးပြီး ကစားကြည့်တယ်။

“ ဟိုင်း “
“ မတွေ့တာကြာပြီနော် ။ နေကောင်းလား။ မရှိတော့ဘူးလို့ထင်နေတာ။ ……၊ ….. ၊ “


ဘာတွေမှန်းမသိ။ … ။ …။ မပြီးတော့ဘူး။

အိမ်ကတံခါးဖွင့်ထားတော့ လူစုံဝင်ထွက်တဲ့သဘောရှိတာပေါ့။ လူစုံဆိုမှတော့ ကောင်းတဲ့လူ၊ မကောင်းတဲ့လူ၊ စကားနည်းသူ၊ လေကြောရှည်သူ၊ အဓိပ္ပါယ်ရှိရှိပြောတတ်သူ၊ အဓိပ္ပါယ်မရှိ ပြောတတ်သူ၊ ကိုယ်တွေ့ချင်သူ၊ ကိုယ်မတွေ့ချင်သူ၊ … သူ၊ …သူ၊ အစုံပေါ့လေ။

သူလာရင်မတွေ့ဘဲလှည့်ပြန်သွားမှာစိုးလို့(တချို့ကစိတ်မရှည်ဘူး) ဒီအရောင်လေးနဲ့ ကစားမိတယ်။ စောင့်နေသူက မလာဘဲ ၊ မစောင့်သူတွေပဲလာလို့ နောက် အရောင်ကိုပြောင်းလိုက်တယ်။ ရက်(ဒ်)-ဓာ့ဗယ် ။ မန်ချက်စတာ ယူနိုက်တက် ကာလာပေါ့။ သူရဲနီ။

မန်ချက်စတာကို ချစ်သလောက် ဒီအရောင်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုမုန်းမိတယ်။

အလုပ်ရှုပ်နေတယ်။ မဆိုးဘူး။ ဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ။ မသိဘူး။အလုပ်ရှုပ်နေတယ်။ ဒါပဲ။ဟင်….မရိုးမသားကြီး။ တကယ်လည်းမရှုပ်ပဲနဲ့။ အင်း ခပ်ညံ့ညံ့လူတချို့ကိုတော့ အထင်ကြီးစေ မှာပေါ့။ ဒါလည်း မသေချာပါဘူး။ ဒီခေတ်လူတွေ ဒီလောက်မညံ့တော့ပါဘူး။ အလုပ်ရှုပ်တယ် ဆိုတာ လောက်နဲ့ အထင်မကြီးကြတော့ပါဘူး။

တရားထိုင်နေသည်။ စာကျက်နေသည်။ ရေချိုးသနပ်ခါးလိမ်းနေသည်။ Expo ကိုရောက်နေ သည်။ မနှောက်ယှက်ပါနဲ့။ ဟုတ်ရောဟုတ်သလား။ ဟုတ်တာမဟုတ်တာတော့ မသိဘူး။ အလုပ်ရှုပ် နေသည်။ ဒါပဲ။

“ ဟိုင်း ၊ မစ် ဘီးစီး ( Ms.Busy) “ ဆိုတော့ ကောင်မလေးတစ်ယောက်က
“ ဟိ ဟီး၊ ရှုပ်ဘူး၊ ရှုပ်ချင်ယောင်ဆောင်တာ“ တဲ့။


ဘာဖြစ်လို့ ရှုပ်ချင်ယောင်ဆောင်တာလည်း လို့တော့ မမေးတော့ဘူး။ သူအလုပ်ရှုပ်နေတယ်။ အလကားနေတဲ့လူ မဟုတ်အဓိပ္ပါယ်ရှိရှိနေထိုင်သူ။ ဒါပဲ။ အလုပ်ရှုပ်နေသည်။ ဒါကိုအိုင်တီက အရူး ဗုံမြောက် လုပ်တယ်။

“သူမသည်အလုပ်ရှုပ်နေပါသဖြင့်သင်၏ဆက်သွယ်မှုသည်သူမကိုအနှောင့်အယှက်ဖြစ်စေနိုင်သည်“ တဲ့။ ခက်ကရော။ ခက် ခက်ရချည်ရဲ့ ဒေါ်ခက်ခက်ရေ။ ဒီအရောင်က ကျွန်တော်နဲ့ကောင်းကျိုး မပေးဘူး။ ဒီအရောင်နဲ့လည်း ကစားလိုက်ရော ကောင်မလေးတစ်ယောက်က-

“ ရှုပ်လွန်းသူကြီးရေ၊ နီလွန်းသူကြီးရေ၊ ခင်ဗျားလည်းပဲ တစ်နေ့ကျရင်မြင်လာမယ် “ (ကိုထီးကြီးရဲ့ သီချင်းလေသံနဲ့ ဆိုရန်)ဆိုတဲ့မက်ဆေ့(ခ်ျ)လေးချန်ထားခဲ့တယ်။ကျွန်တော် စိတ်မကောင်းဖြစ်ရ တယ်။ ဒါပေမယ့် အရောင်ပြောင်းပြီး ကစားတာတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ဒုတိယ မက်ဆေ့လေးရလိုက်ပြန်ရော။

“Where the fields are green …to see you once again, my love“တဲ့။
Westlife သီချင်းလေးတစ်ပုဒ်ပါ။ My Love လို့ထင်တာပဲ။

ဒုတိယမက်ဆေ့(ခ်ျ)လေးရတဲ့နောက်မှာတော့ဒီအရောင်ကိုတော်တော်လေးစိတ်နာမိတယ်။ တော်တော် မရိုးသားတဲ့ အရောင်။ အလုပ်တွေရှုပ်နေတယ်။ နေပါဦး။ဘာတွေလုပ်နေလို့ရှုပ်နေ တာလဲ။ လာမမေးနဲ့အလုပ်ရှုပ် နေတယ်။ တစ်ခုမဟုတ် တစ်ခု လုပ်နေရလို့ပေါ့။ ခဏလေးပါ၊ နေပါဦး။ တစ်ခုမဟုတ် တစ်ခုဆိုတာထဲက တစ်ခုခုကို ပြောလို့မရဘူးလား။ မရဘူး။ အရမ်း အလုပ်ရှုပ် နေတယ်။တစ်ခုမဟုတ် တစ်ခုဆိုပြီးရောပေါ့။ ဘာတစ်ခုမဟုတ် တစ်ခုထဲက တစ်ခုခု လာမေးနေ ရတာ လဲ။ မအားဘူး ။ ရှုပ်တယ်။

နေပါဦး။ ခဏလေးပါ။ တစ်ခုမဟုတ် တစ်ခုထဲက တစ်ခုခုကို ပြောဖို့ အလုပ်ရှုပ်နေရင် အလုပ်ရှုပ်နေပါတယ်လို့တော့ ပါးစပ်က ပြောသင့်တာပေါ့။ စိတ်ညစ်တယ်။ဘာတွေလာရောင်း နေတာလဲ။ အလုပ်ရှုပ်နေတယ်လို့ ပါးစပ်က ပြောဖို့ကို မအားအောင် အလုပ်ရှုပ်နေတာ။ ရှုပ်တယ်။ မအားဘူး။ အရမ်းရှုပ်တယ်။ အင်း…. ရှုပ်၊ ရှုပ်လှချည်လား ဦး ရှုပ်ရှုပ်ရယ်။ ဒီလိုနဲ့ တတိယ မက်ဆေ့(ခ်ျ)လေးရလိုက်ပြန်ရော

“Sorry, I’ll look for greener field “ တဲ့။ သွားကရော။
“ အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ………“


နောက်ဆုံးရွေးပြီး ကစားလိုက်တဲ့ အရောင်ကတော့ စနိုက်ပါ အရောင်။ ရယ်ရတယ်။ ကိုယ်က သူများကိုတွေ့နေရတယ်။ ခပ်စိမ်းစိမ်းနေတဲ့လူတွေရော။ တစ်ခုမဟုတ်တစ်ခု လုပ်နေသူတွေရော၊ တစ်ခုမဟုတ် တစ်ခုထဲက မဟုတ်ရင်တောင် အခြားတစ်ခုခုကို လုပ်နေလို့ အလုပ်ရှုပ်နေတဲ့ သူတွေရော။ ကိုယ့်ကိုတော့ သူတို့ မတွေ့ရဘူး။

တော်တော်ကောက်ကျစ်တဲ့ အရောင်။ တစ္ဆေတွေ စကားပြောသလိုပဲ။ တစ္ဆေကို မမြင်ရဘူး။ တစ္ဆေကပြောတာကျတော့ ကြားနေရတယ်။ ဒီအရောင်က တစ္ဆေတွေကို ကိုယ်စားပြု ရောက်လာ သလား အောက်မေ့ရတယ်။

ဒါနဲ့ “ မတွေ့တာကြာပြီနော် ။ မအားလို့ မအွန်ဖြစ်ဘူး။ မွေးနေ့ကတ်လေး ပို့ပြီးကတဲက မအွန်ဖြစ်တာ။ ခွင့်လွှတ်ပါနော် “ ဆိုတဲ့ မက်ဆေ့(ခ်ျ) လေး စနိုက်ပါရဲ့ စာထည့်စကွဲယား အကွက်လေးထဲ ရောက်လာတယ်။

“ မွေးနေ့ကတ်အတွက် ကျေးဇူးတင်ပါတယ်။ “
“ ဟယ်… ဘယ်လိုကြီးလည်း။ ခပ်စိမ်းစိမ်းလည်း မနေ၊ မန်ချက်စတာ ယူနိုက်တက်လည်း မပြဘဲနဲ့ စကားပြောလို့ရတယ်တော့“

ရှက်သွားတယ်။ မစွံပါဘူး။ တစ္ဆေတစ်ကောင်လို စကားပြောနေရတာထက်စာရင်တော့ ခပ်ရှင်းရှင်း ၊ ခပ်ဘွင်းဘွင်း၊ ခပ်စိမ်းစိမ်းပဲနေလိုက်တော့မယ်လို့ ဆုံးဖြတ်မိတော့တယ်။

ဒီကာလောသုံးမျိုးနဲ့ ပတ်သက်လို့ ပရို(စ်)အင်(န်)ကွန့်ကို ( Pros and Cons) ကိုစာရင်းပြုကြည့်တယ်။




အစိမ်း ။ ရိုးသားတယ်။ အရည်မရ အဖတ်မရတွေ တွေ့ရတယ်။
အနီ ။ ကံကောင်းရင် လူအထင်ကြီးခံရမယ်။ ရိုးသားမှုမရှိလှ။
မမြင်အပ် ။ စိတ်အေးရတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သဘော မသိမသာဆောင်တယ်။


ဒါနဲ့ပဲ အရည်မရ အဖတ်မရပေမယ့် (ကွမ်းယာဝါးသလို) ရိုးသားတဲ့အရောင်ကို ရွေးပြီး ကစားမိတော့တယ်။

Overseas from Cost to Cost…To find the place I love the most
Where the fields are green…To see you once again,
To hold you in my arms… To promise you my love
- - - - - - - - - - - - -
Where the fields are green, to see you once again… My LOVE……..



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.