မစ္စတာဒါဝင်ကိုပြောပြချင်သည့် အဂ္ဂညသုတ် စသည်

       ဟဲလို မစ္စတာဒါဝင်ခင်ဗျား။
       ခင်ဗျားရဲ့ ကလေးဘဝက စိတ်ဝင်စားစရာမကောင်းလှပေမယ့် ခင်ဗျားရဲ့ အီဗော်လူရှင်းသီအိုရီကတော့ မျက်ပြူးဆန်ပြာအနိုင်သားလားဗျ။ ထူထည်းထည်းကျမ်းစာတွေကို ပျက်ရယ်ပြုတာတော့ မဟုတ်ခဲ့ပါဘူးနော်။ ကျွန်တော် လူကြီးမင်းနဲ့ နာရီဝက်လောက် စကားပြောချင်လို့ပါ။

       တစ်ခုတော့ရှိတယ်ဗျ၊ ကျွန်တော်တို့လိုနေတာက အီဗော်လူးရှင်းလား၊ ရီဗော်လူးရှင်းလား တိတိကျကျမသိဘူး။ ဒါပေမယ့် ကျွန်တော်ဆွေးနွေးချင်တာကတော့ လူကြီးမင်းရဲ့ အီဗော်လူးရှင်းအကြောင်းပါ။

       သတ္တဝါဟာ Survival ဖြစ်ဖို့ adaptable ဖြစ်ရမယ်လို့ လူကြီးမင်း ယူဆခဲ့တာမဟုတ်လား။ မှန်တာပေါ့ဗျာ။ အဒက်(ပ်-တ်) မလုပ်နိုင်တဲ့ ဒိုင်နိုဆောတို့တော့ မျိုးတုန်းခဲ့ရပြီပဲလေ။ လူကတော့ adaptable လုပ်တဲ့နေရာမှာ အတော်ဆုံးလို့ လူကြီးမင်းယူဆခဲ့တယ်မဟုတ်လား။ ဒါပေမယ့် လူထက်စွမ်းတဲ့ သတ္တဝါပေါ်လာပြီ။ အဲဒါ H.I.V ဗိုင်းရပ်စ်ပိုးမွှားပဲဗျ။ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲထည့်ပြုတ်တာတောင် ဒီဗိုင်းရပ်စ်က မသေဘူးဆိုပဲ။ လူကို အဲဒီရေနွေးထဲ ထည့်ပြုတ်လိုက်ရရင် ဘယ်လိုနေမလဲမသိဘူးနော်။ ဗိုင်းရပ်စ်ဟာ သေးမွှားသလောက် လူ့လောကကို ခြိမ်းခြောက်နေတော့တာပဲ။ ဒီလိုနဲ့ ကျွန်တော်တို့လည်း တစ်ခါသုံးဆေးထိုးအပ်တွေ သုံးကြရတော့တာပေါ့ဗျာ။

       ဒါပေမယ့် မစ္စတာ ချား(လ်-စ်)။
       ဗုဒ္ဓဘာသာကတော့ သတ္တဝါတိုင်းဟာ adaptable ဖြစ်တယ်လို့ ဆိုသဗျ။ ဥပမာ ငရဲပြည်ဗျာ။ ဒီလောက်ပူတဲ့ အပူထဲမှာ ဒီသတ္တဝါမသေပဲ ရှင်သန်နေနိုင်တာ အံ့သြစရာမကောင်းဘူးလား။ အကုသိုလ်ကံကြောင့် ဒီသတ္တဝါဟာမသေပဲ ဒီအပူကို ကျကျနနကြီး ခံစားနေရရှာတာလေ။

       နောက်ပြီး လောကန္တရိတ်ငရဲလို့ခေါ်တဲ့ အအေးငရဲ။ လောကန္တရိတ်ငရဲမှာလည်း ဘယ်လောက်ပဲအေးအေး သတ္တဝါက မသေဘူးလို့ဆိုတယ်ဗျ။ ဒါကလည်း အကုသိုလ်ကံကြောင့်ပဲပေါ့။ ကျွန်တော်ထင်တယ်၊ ဂလိုဘယ်ဟာ ဘယ်လိုပဲ ဝမ်း- ဝမ်း၊ လူသားကတော့ အဒက်(ပ်-တ်) လုပ်သွားလိမ့်မယ်။ H.I.V ဗိုင်းရပ်စ်လေးတွေကလွဲရင် လူသားလည်း စွမ်းတာပဲမဟုတ်လား။

       ဦးဒါဝင်။
       လူဆိုတာ မျောက်ကဆင်းသက်တာလို့ ခင်ဗျားပဲပြောခဲ့တာ မဟုတ်လား။ ခင်ဗျားက ရုပ်ဆင့်ကဲဖြစ်စဉ်ကို အဓိကထားတော့ ရုပ်ပြောင်းလဲမှုကို ဦးစားပေးပြောခဲ့တာပေါ့။ ဒါပေမယ့် စိတ်ကိုပိုပြီး အာရုံစိုက်တဲ့ ကျွန်တော်တို့ ဗုဒ္ဓမိန့်တာလေးကိုလည်း နည်းနည်းလက်တို့ချင်တယ်။

       ကျွန်တော်တို့ ဗုဒ္ဓက “လူ့စိတ်ဟာ မထိန်းသိမ်းရသေးရင် မျောက်စိတ်ပဲ” တဲ့ဗျာ။ လူကြီးမင်းနဲ့ မဆင်ဘူးလား။ လူကြီးမင်းက အပြင်ပုံသဏ္ဍာန်ကိုပြောပြီး ဗုဒ္ဓက အဇ္ဈတ္တကို သဗ္ဗညု မိုက်ကရိုစကုပ်နဲ့ကြည့်ပြီးပြောခဲ့တာလေ။ စိတ်မပျက်ပါနဲ့ဗျာ။ လူကြီးမင်းရဲ့ အီဗော်လူးရှင်းဝါဒကို ဗုဒ္ဓဘာသာက သိုသိုသိပ်သိပ် လက်ခုပ်တီးနေပါတယ်။

       နောက်ပြီးရှိသေးတယ် မစ္စတာဒါဝင်။
       လူ့ပြည်ကိုဆင်းပြီး ဘုရားဖြစ်ဖို့ နတ်ဗြဟ္မာတွေတောင်းပန်တော့ ဘုရားအလောင်းနတ်သားက တုသိတာကနေ ကြည့်ခြင်းကြီးငါးပါး- အဲလေ ခင်ဗျားသိတဲ့ ဘာသာစကားနဲ့ဆိုရင် Five Observations လုပ်ခဲ့တယ်လို့ဆိုတယ်ဗျ။ အဲဒီငါးပါးထဲမှာ နံပါတ်တစ်က ကာလဆိုတဲ့ အချိန်(သို့) proper ဖြစ်တဲ့ Time (or) occasion ကို ကြည့်တာလေဗျာ။

       လူဆိုတဲ့သတ္တဝါဟာ ကမ္ဘာဦးကတည်းက အသိဥာဏ်မြင့်မားခဲ့တယ်ဆိုရင် ဒါတွေ ကြည့်နေစရာမလိုတော့ဘူးပေါ့ဗျာ။ ကြိုက်တဲ့အချိန် ဘုရားကောက်ပွင့်လို့ရတာပဲ။ ဒီလိုမဟုတ်ဘူးလေ၊ ဘုရားပွင့်တယ်ဆိုတာ တရားဟောဖို့ကိုး။ တရားဟောဖို့ ပရိသတ်လိုတယ်။ဒီပရိသတ်ကလည်း ဘုရားဟောမယ့်တရားကို နားလည်နိုင်လောက်မယ့် အသိဥာဏ်ဖွံ့ဖြိုးမှု ရှိမှကိုးဗျ။ ဒါက ကျွန်တော်မှတ်သားရဖူးတဲ့ ဆရာကြီး ဦးဋ္ဌေးအောင်ရဲ့ လက်ချာပါ။ ကာလ ဆိုတာကိုကြည့်ရင် လူသားရဲ့အသိဥာဏ် ဖွံ့ဖြိုးလာမှုမှာလည်း ပြောင်းလဲဖြစ်စဉ်ရှိတာပါပဲ။ ဒါကြောင့် ပြောတာပါ၊ စိတ်မပျက်ပါနဲ့လို့။

       ခင်ဗျားတို့အနောက်ကလာတဲ့ အသံကို ဘာသာမပြန်ပဲ ကမ်းလိုက်ချင်ပါသေးတယ် မစ္စတာ ဒါဝင်။
       “ To the theistic religions which teach that humans are a special Creation of God, the idea that humans could have evolved from lower animals is deeply offensive. Buddhists have always believed that animals are worthy of love and respect, that humans can even sometimes be reborn as animals or animals as humans and therefore they are quite comfortable with the concept of evolution.” ( Pg 88, A Guide To Buddhism A to Z)

       ဒါ့ကြောင့်ပြောတာပါ၊ ဒီအီဗော်လူးရှင်းသီအိုရီက ကျွန်တော်တို့ဗုဒ္ဓဘာသာအတွက် သိပ်ထူးဆန်းလှတာတော့ မဟုတ်လှပါဘူး။ အဓိက ကျွန်တော်ပြောချင်တာက မြတ်စွာဘုရားရှင်ရဲ့ အဂ္ဂညသုတ်အကြောင်းပါ။

       ဒီဃနိကာယ်၊ အဂ္ဂညသုတ်မှာ မိန့်တာက- အစကနဦးမှာ ဒီကမ္ဘာကြီးဟာ ရေနဲ့ဖုံးလွှမ်းနေပါသတဲ့။ အဲဒီနောက် ရေမျက်နှာပြင်ပေါ်ရှိတဲ့ ရေညှိရေမှော်တွေကနေ သက်ရှိသတ္တဝါလို့ယူဆရတဲ့ သတ္တဝါလေးတွေ စတင်ရှင်သန်လာခဲ့တယ်။ အဲဒီနောက် သတ္တဝါတွေရဲ့ပုံစံတွေ တစ်ဆင့်ချင်းပြောင်းလဲတည်ရှိလာတယ်လို့ ဆိုပါတယ်။ သတ္တဝါရယ်လို့ တိတိကျကျပြောလို့ရလောက်အောင် ဘယ်လောက်အချိန်ကြာသလဲဆိုတာ ပြောလို့ကိုမရဘူး။ ဘုရားရှင်ကလည်း ကာလအပိုင်းအခြားကို ဟောပြတော်မမူခဲ့ဘူး။ လူကြီးမင်းတို့ပြောသလို နှစ်သန်းပေါင်းများစွာကြာတယ်ဆိုလည်း ဗုဒ္ဓဘာသာကတော့ ဘာမှဝင်ပြီး ကဏ္ဍကောဇလုပ်နေမှာ မဟုတ်ပါဘူး။ လက်ခံပါတယ်။

       အဲ မစ္စတာဒါဝင် စိတ်ဝင်စားမယ်ဆိုရင် အဲဒီ အဂ္ဂညသုတ်(On knowledge of Beginnings)ကို ပါဠိတက်(စ်) ဆိုဆိုက်ရတီးက ဘာသာပြန်ထားတာရှိပါတယ်။ ဖတ်ကြည့်နိုင်ပါတယ်။ ဒီဃနိကယ်၊ ပါထိကဝဂ်၊ စတုတ္ထမြောက် သုတ္တန်ပါ။
       အဲဒီသုတ်ရဲ့ အကျဉ်းချုပ်ကတော့-

       “Agganna Sutta: On Knowledge of Beginnings. A somewhat similar fable, this time addressed to the Brahmins whose pretentions the Buddha refutes. There is no different between Brahmins and others if they behave badly. A somewhat fanciful account of the origin of castes is given.

       ဒါပါပဲဗျာ။
       လူဟာ မျောက်ကဆင်းသက်လာတာပဲပြောပြော၊ ဆိတ်ကဆင်းသက်လာတာပဲဆိုဆို ဗုဒ္ဓဘာသာကတော့ မျောက်စိတ်နဲ့ လူဖြစ်မနေဖို့ပဲ အရေးကြီးကြောင်း မှာတမ်းထားခဲ့လေရဲ့။
       ကျေးဇူးတင်ပါတယ် မစ္စတာ ချားစ် ဒါဝင်။ နားပါရစေတော့၊ မျောက်စိတ်နဲ့ လူမဖြစ်ဖို့ လုပ်စရာတွေကျန်နေသေးလို့ပါဗျာ။






ဗလဝ မေတ္တာ စိတ္တေန။
မေတ္တာများစွာဖြင့်-
ဇင်ဝေသော်
(28- Jan- 2012)










Copyright © 2012 ကမ်းလက်. All rights reserved.

4 comments

မျောက်စိတ်နဲ့ လူမဖြစ်ဖို့ ကြိုးစားရအုံးမယ်...

Reply
This comment has been removed by the author.

ဘယ်သူတွေ ဘယ်လိုပြောပြော ဘယ်လို ရှုတ်ချချ... ဆင့်ကဲဖြစ်စဉ်ဆိုတာ ရေသံသရာ၊ အလင်းအလျင် ဆိုတဲ့ အမှန်တရားမျိုးလိုပါပဲ.... များများကြီး မရှုတ်ချသင့်ပါကြောင်း အကြံပြုချင်ပါတယ်

Reply

Some excerpts from my blog...
http://kyawzwarlynn.blogspot.com/2012/01/blog-post.html


အလွဲ ၁၁ ။ ‘ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ စာရိတ္တဖောက်ပြားမှုကို အားပေးပါတယ်။ ကလေးတွေကို မင်းတို့ဟာ တိရစ္ဆာန်တွေပါပဲ လို့သင်ပေးထားရင် တိရစ္ဆာန်လို ကျင့်လိမ့်မယ်’

"လူသားတွေဟာ တိရစ္ဆာန်လောကထဲက အုပ်စုဝင်တွေ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ခန္ဓာဖွဲ့စည်းပုံအရရော၊ ဇီဝဓာတုဗေဒအရပါ တခြား တိရစ္ဆာန်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ အဲလိုပဲ တခြား တိရစ္ဆာန်တွေနဲ့ ဝေမျှထားတဲ့ အပြုအမူ စရိုက်တွေလည်း ရှိပါတယ်။ ကလေးတွေကို ဂရုစိုက်တယ်။ အုပ်စုလိုက် အလုပ်လုပ်ကြတယ်။ ဒါမျိုးတွေပေါ့။ ဒါပေမယ့် တိရစ္ဆာန်တစ်မျိုးစီမှာ ထူးခြားတဲ့ အပြုအမူစရိုက် ကိုယ်စီ ရှိကြတယ်။ ဒီတော့ လူဆိုတာ လူလိုပဲ ကျင့်မှာပါ။ ပက်ကျိဟာ ပက်ကျိလို ပြုမူမှာပါ။ ရှဥ့်ဟာလည်း ရှဥ့်လိုပဲ ပြုမူမှာပါ။ အဲတော့ကာ ကလေးတွေဟာ ငါတို့လည်း တိရစ္ဆာန်တွေနဲ့ အမျိုးတော်တာပဲ လို့ သိသွားတာနဲ့ ရေခူတစ်ကောင်လို တွန့်လိမ်တွန့်လိမ် ဖြစ်နေမှာမဟုတ်ပါဘူး။ ခွေးတစ်ကောင်လို အမှိုက်ပုံထဲ ဝင်အိပ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆင့်ကဲဖြစ်စဉ်နဲ့ စာရိတ္တဖောက်ပြားမှုနဲ့ ဆက်စပ်ချင်တာ လုံးဝလုံးဝ အဓိပ္ပာယ် မရှိပါ။ စာရိတ္တ ဆိုတာ ဘာဖြစ်သလဲဆိုတာကို အခြေခံတာ မဟုတ်ပါဘူး။ ဘာဖြစ်သင့်သလဲ ဆိုတာကို အခြေခံတာပါ။"

Reply

Post a Comment