“လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်” ကို ဘာသာပြန်ပြီးချိန်နဲ့ ထုတ်ဝေချိန် က တော်တော်ကွာနေခဲ့ပါတယ်။ “နားဝင်မချို” စာအုပ်မှာ အတူတူ အလုပ်လုပ် ခဲ့တဲ့ အိတ်ဇက်ကူးတစ် ဒါရိုက်တာ ရှယ်လီ ဟူး ကင်ဆာရောဂါနဲ့ သေဆုံး သွားခြင်း၊ သူမရှိတော့တာနဲ့ ကလဲရာ ဝမ်းပါ စထရိတ်တိုင်းမှာ မရှိတော့ခြင်း၊ ဒီကြားထဲမှာ မစ္စတာလီသေဆုံးသွားခြင်း၊ ရှယ်လီရဲ့နေရာကိုဝင်လာတဲ့ ဆူဇန်နဲ့ ဆက်ဆံရေး ပြန်လည်စတင်ယူရခြင်း စတာတွေဟာ ဒီစာအုပ် ထုတ်ဝေဖို့ နှောင့်နှေးရခြင်းရဲ့အကြောင်းတွေဖြစ်ခဲ့ပါတယ်။ အခု အားလုံး သဘောတူညီမှုရပြီး စာဖတ်သူထံ အရောက်ပို့ပေးနိုင်ခဲ့တာကို ကျေနပ် ဝမ်း သာဖြစ်ရပါတယ်။
Hard Truth ထွက်စဉ်က မစ္စတာလီရဲ့ နောက်ဆုံးစာအုပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အဲ့ဒီခန့်မှန်းချက်လွဲသွားပြီး “One Man’s View of the World” ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ကတော့ သေချာပေါက် သူ့ရဲ့ နောက် ဆုံး စာအုပ်ဖြစ်သွားခဲ့ပါပြီ။
စာဖတ်သူတွေကို ကြိုတင်အသိပေးချင်တာကတော့ လီကွမ်းယု၊ ဇင်ဝေသော် အတွဲလိုက် ထွက်လာလို့ “နားဝင်မချို” စာအုပ်လို ဒိုးဒိုးဒေါက်ဒေါက်ထင်ပြီး မဝယ်ယူမိစေဖို့ပါ။ ကမ္ဘာ့အမြင်လို့ ဆိုထားတဲ့အတိုင်း ဒီစာအုပ်ဟာ စင်္ကာပူ အရေးတင်မက ကမ္ဘာ့အရေးတွေပါ ဆွေးနွေးထားတာဖြစ်လို့ နယ်ပယ် ကျယ် ဝန်းပါတယ်။ ရှယ်လီ့စကားနဲ့ပြောရရင် “One Man’s View” က အင်တယ် လက်ကျူယယ် ဆန်တယ်၊ မင်းချက်ချင်း ဘာသာမပြန်နဲ့ဦး ဆိုတာပါ။ ဒီစာအုပ်မှာ အဓိကဆွေးနွေးသွားတာက တရုတ်၊ အမေရိကန်တို့ရဲ့ အားနည်း ချက်၊ အားသာချက်တွေ ဖြစ်ပြီး လာမယ့် နှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကို အဓိက အကျိုးသက်ရောက်မှုရှိနေမှာကလည်း သူတို့ပဲလို့ သုံးသပ်သွားပါတယ်။
“One Man’s View” ကို တစ်အုပ်လုံး ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ ဥရောပဆိုင်ရာ တစ်ခန်းလုံး အပ်ကြောင်းထပ်နေပြီထင်လို့ ချန်ထားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကလည်း Hard Truth (နားဝင်မချို) ကို ဖတ်ပြီးသူတို့အတွက် သိပ်မလိုအပ်လှဘူးထင်လို့ အင်တာဗျူး အခန်းတွေကိုပဲ ရွေးထုတ်ဘာသာပြန်ခဲ့ပါတယ်။ နောက်ဆုံး စထရိတ်တိုင်း မှာ ဖော်ပြခဲ့တဲ့ မစ္စတာလီနဲ့ အနောက်ဂျာမဏီ အဓိပတိဟောင်း Helmut Schmidt(1974-1982) တို့ရဲ့ စကားပြောခန်းကိုလည်း မှတ်သားစရာပါတယ် ဆိုပေမယ့် မြန်မာစာဖတ်ပရိသတ်နဲ့ မဆိုင်လှတာရယ်၊ စာမျက်နှာချွေတာ ချင်တာရယ်ကြောင့် ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ တရုတ်၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ သူ့ရဲ့ သေတမ်း စာဆန်ဆန် တစ်ကိုယ်ရေဘဝအကြောင်းတွေကို အပြည့်အဝ ဘာသာပြန်ခဲ့ ပါတယ်။
နောက်ပြီး ဒီစာအုပ်မှာ နာမ်စားနှစ်မျိုးခွဲသုံးခဲ့ပါတယ်။ သာမန်ဝါကျတွေ ထဲမှာ ပါတဲ့ “I” ကို ကျွန်တော်နဲ့ ဘာသာပြန်ပြီး အင်တာဗျူးထဲမှာပါတဲ့ “I” ကိုတော့ အရင်အတိုင်း “ငါ” လို့ပဲ ဘာသာပြန်ခဲ့ပါတယ်။
ဒီစာအုပ်က နယ်ပယ်ကျယ်ပြန့်ပြီး အင်တယ်လက်ကျူယယ် ဆန်တယ်ဆိုပေ မယ့် ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်တဲ့ လီကွမ်းယုရဲ့ဟန်ကြောင့် ဟန်တင်တန်လောက် မလေးလံတာကတော့ အမှန်ပါ။ နောက်ပြီး ဘာသာပြန်သူ တစ်ယောက်ရဲ့ တာဝန်တစ်ရပ်အနေနဲ့ လီကွမ်းယုရဲ့ လေယူလေသိမ်းကို တတ်နိုင်သရွေ့ နီးစပ်နေအောင်တော့ ကြိုးစားခဲ့ပါတယ်။
ဒီစာအုပ်မြန်မာဘာသာပြန် ထုတ်ဝေခွင့်ပြုခဲ့တဲ့ SPH (Singapore Press Holdings)၊ မန်နေဂျင်းဒါရိုက်တာ ဆူဇန် လောင်း (Ms Susan Long) နဲ့ ဂျူးလီယက် လီ (Ms Juliet Lee)တို့ကို ကျေးဇူးတင်ရှိပါတယ်။
နောက်ပြီး ကော်ပီရိုက်ရဖို့ လူအား၊ ငွေအားနဲ့ အချိန်အားတွေပါ ပေးခဲ့တဲ့ မစ္စတာ ဒေါက်တာဂျွန် လီ (Lee Chuan Guan) ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။
နောက်ဆုံး “နားဝင်မချို” ကို တခဲနက် အားပေးခဲ့ကြတဲ့ (ကြားသိရသလောက် ဆိုရင် ကော်ပီတောင် ကူးရောင်း၊ ကူးဖတ်ကြရပါသတဲ့) စာဖတ်ပရိသတ် ကို ကျေးဇူးတင်ရှိကြောင်းကတော့ ပြောဖွယ်ပင် လိုတော့မည်မထင်ပါ။
ဇင်ဝေသော်
(10/6/2015)