(တစ်)
"ရပ်တော်မူပါအုံးဘုရား"
လက်ထဲက သပိတ်ရဲ့ လေးလံဆကို ကိုရင်ဥာဏ ခန့်မှန်းကြည့်လိုက်သည်။ သူ့ ၀မ်းတစ်ခါးအတွက် သေချာပေါက် လုံလောက်ပြီ။ ဒါနဲ့
ထိုအသံကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရသော်လည်း ကိုရင် ဥာဏ မရပ်ဖြစ်တော့။ ၀မ်းတစ်ခါးစာ မရသေးသည့် ညီနောင်တို့ ၀မ်းစာကို သူယူနေဖို့ မသင့်တော့။ နောက်မှ
"ဘယ်လို ကိုရင်လေးလဲ မသိဘူး၊ ရပ်တော်မူပါအုံးလျောက်တာတောင် မရပ်ဘူး"
ကိုရင်ဥာဏ လေးလေးနက်နက်လေး ပြုံးလိုက်မိသည်။
(နှစ်)
အရာရာတို့ ပြောင်းလဲ သွားကြပြီ။
နှစ်ပေါင်း ၃၀ ကျော်ကာလသည် ကိုရင်ဥာဏကို (. )ဆရာတော် ဥာဏဖြစ်စေခဲ့ပြီ။ အာဏာရှင်၊ ဓနရှင်တို့ ကိုးကွယ်သောဆရာတော်တစ်ပါး ဖြစ်နေသည့်အတွက် ကိုယ်တိုင်သီတင်းမသုံးနိုင်၊ အမြဲသီတင်းသုံးမည့် သံဃာလည်း များများစားစား မရှိ၊ ဘာသာရေး အက်တီဗီတီများ အပတ်စဉ်၊ လစဉ် မရှိနိုင်သည့်တိုင် သိန်းပေါင်း ထောင်ကြီးဂဏန်းကုန်ကျသည့် ကျောင်းတိုက်ကြီးပေါင်းများစွာ တည်ဆောက်နိုင်ခဲ့သည်။
နန်းတော်ကြီးတွေတမျှ ခန်းနားသည့် ဆရာတော် ဥာဏ၏ ကျောင်းတော်ကြီးများ။
ထိုထိုကျောင်းတော်ကြီးတွေဘေးမှ ကြယ်မြင်လမြင် ဘာသာဝင်တို့ တဲအိမ်ကလေးများ။
တစ်ခါတစ်ခါမှာ ရှိတတ်သည့် သင်တန်းကြီးတွေကို တက်ရောက်ရန် ရောက်လာတတ်သော ကားကြီးကားငယ်ထဲက လူချမ်းသာလေးတွေကို အားကျစွာ ငေးမောကြည့်နေတတ်သည့် ၀န်းကျင်ရှိ ဖိနပ်မဲ့ လူဆင်းရဲလေးများ။
(သုံး)
ဆရာတော်ဥာဏသည် ကိုရင်ဥာဏဘ၀နှင့် သူ့ဝမ်းတစ်ခါး ၀ မ၀ ဆဆကြည့်မိသည့် သပိတ်လေးတစ်လုံးကို ဒီမနက် ထူးထူးခြားခြား သတိရနေမိသည်။
သီဟနာဒ