အဖေ(သို့)ကျုန်ုပ်ဘဝ၏ အာခီတက်


ဘဝခရီးအတွက် အမောခဏဖြေရင်း အဖေ့ကျေးဇူးကို ခပ်ဖွဖွနမ်းရှိုက်မိပါတယ်။ ဒီစာဟာ ကိုယ်ရည်သွေးမဟုတ်တဲ့ အဖေရည်သွေး မှတ်တမ်းတိုတစ်ပုဒ်ပါ။
"မင်းဆရာ ဦးမြအောင်နဲ့တွေ့တော့ မင်းကို ကျောင်းဆက်ထား၊ မထားမေးနေသေးတယ်ကွ၊ မထားနိုင်ဘူးဆိုတော့ သူလည်း စိတ်မကောင်းရှာ ဘူး။ ဒါပေမဲ့ ငါကြားရတဲ့သတင်းတစ်ပုဒ်က မင်းကွန်းဆရာတော်ကြီးက ရန်ကုန်နဲ့ မန္တလေးမှာ သာသနာ့တက္ကသိုလ် ကြီးတွေ တည်ထောင်ဖို့လုပ်နေတယ်တဲ့ကွ။ ဓမ္မာစရိယပြီးရင် အဲဒီတက္ကသိုလ်ကြီးတွေကို တက်လို့ရမယ်။ မင်း ကိုရင်ဝတ်၊ ဓမ္မာစရိယပြီးအောင် အမြန်လုပ်ပြီး အဲဒီ့ တက္ကသိုလ်ကြီးတွေ တက်နိုင်အောင် ကြိုးစားပေါ့။ အဖေတို့က လူတက္ကသိုလ် မပို့နိုင်တောင် ဘုန်းကြီးတက္ကသိုလ် တက်နိုင်အောင်တော့ ထောက်ပံ့ပေးနိုင်မှာပါ။ သာသနာ့တက္ကသိုလ်တက်ရရင် လူတက္ကသိုလ်ထက်တောင် ကောင်းသေးတယ်။ မင်း ကိုရင် ဝတ်မလား"
"ဒါဆို တောင်သူက ဘယ်သူ ဦးစီးလုပ်မှာလဲ"
"မပူပါနဲ့ကွာ၊ မင်းအမတွေ၊ ယောက်ဖတွေလည်းရှိနေတာပဲ"
"သားမက်က သားတော့မဟုတ်ဘူးနော် အဖေ"
"အဖေလည်း လုပ်နိုင်ပါသေးတယ်၊ မင်းဘာသာ မင်း စဉ်းစား။ ကိုရင် ဝတ်မယ် ဆိုရင် ဒီဝါဆိုအမီ ဘူးကိုင်းဘုန်းကြီး(မြောင်နယ်၊ ဘူးကိုင်းရွာ၊ ဗောဓိကျောင်း)ဆီ ငါလိုက်ပိုပေးမယ်။
**************************************************************************

ဒီလိုနဲ့ သံသာရ ဝဋ္ဋဒုက္ခတောဆိုတာ ဘာမှန်းမသိ၊ သီဟနာဒဖြစ်လာမည့် ၁၆ နှစ်သားလူငယ်သည် ဓမ္မာစရိယအောင်မြင်ရေး၊ သာသနာ့တက္ကသိုလ် တက်ရောက်ရေးအတွက် ထွန်တုံးပေါ်မှဆင်းကာ ဝါဆိုလပြည့် ည ကိုးနာရီမှာ သာမဏေတစ်ပါးဖြစ်သွားတော့သည်။
****************************************************************************

အရာခပ်သိမ်းပြောင်းလဲသွားသည်က ရဟန်းတစ်ဝါအရမှာ ဖြစ်ပါသည်။ ထိုစဉ် မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ဒေးဝန်းဆရာတော်ကြီးထံ ရောက်ရှိနေပါပြီ၊ ဓမ္မာစရိယ သုံးကျမ်းစလုံး အပြီး၊ အနည်းဆုံး နှစ်ကျမ်းတော့ပြီးမယ်လို့ ထင် ထားခဲ့သော်လည်း ပါရာဇိကဏ် တစ်ကျမ်းသာအောင်ခဲ့သည်။ သို့သော် အခက်ဆုံးလို့ယူဆရသည့် ပါရာဇိကဏ်ပြီးသွားသည့်အတွက် ကျန်နှစ်ကျမ်းက သက်တောင့်သက်သာပြီးနိုင်သည့်သဘော ရှိသွားခဲ့သည်။ ထိုအခါ တိပိဋက ဓရ ရွေးချယ်ရေး ဥက္ကဋ္ဌဖြစ်နေဆဲဖြစ်သည့် ဒေးဝန်းဆရာတော်ကြီးက ဝါတွင်းမှာ နိကာယ်ကျက်ဖို့ ဩဝါဒချွေလာသဖြင့် ပါရာဇိကဏ်ပါဠိတော်ကိုကျက်၊ မနက်တိုင်း ဆရာတော်ကြီးဆီ စာပြန်ရပါသည်။
တကယ့် ပါဠိတော်ကြီးတွေကိုကျက်မှ မိမိဉာဏ် မစွံလှကြောင်း သိရသည်။ ထိုစဉ် စစ်ကိုင်း၊ သုဗောဓာရုံနေ(ယခု ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ မိခင်တပ်ရင်းကျောင်းတိုက်) သူငယ်ချင်းက တစ်နေ့ကို စာမျက်နှာ ၂၀ ခန့် ကျက်နိုင်သည်။ မိမိဉာဏ်က တစ်နေ့ ၁၀ မျက်နှာမျှသာရှိသည်။ သို့သော် ဆရာတော်ကြီးက ကျေနပ်ပါသည်။ ၂ လဆိုရင် ပါရာဇိကဏ်ကုန်မယ်၊ နောက်နှစ် လ ပါစိတ်ကိုဆက်ကျက်၊ ဥဘတောဝိဘင်း ဝင်ပြန်၊ သုံးလလောက်အလိုမှာ ဓမ္မာစရိယပြန်ကိုင်ဖို့ အချိန် အကြမ်းဆွဲပေးသည်။
**********************************************************************

ပါရာဇိကဏ် ကျက်လို့ ကုန်ခါနီးမှာ မမျှော်လင့်ဘဲ အဖေဆုံးပါးသွားခဲ့ရပါသည်။ တစ်နေရာဆီမို့ အဖေ့ဆီက နောက်ဆုံး အမှာစကားလည်း မကြားလိုက်ရပါ။ ထို့ကြောင့် အဖေ့ ဈာပနအပြီး တစ်ချိန်ကအဖေဖြစ်စေချင်သည့် သာသနာ့ တက္ကသိုလ်ကို တက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ တက္ကသိုလ်ပညာရေးကို အထင်မကြီးသည့် ဆရာတော်ကြီးက အကြီးအကျယ်ဆူပါသည်။ သို့သော် အဖေ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းလိုတာရယ်(ဆရာတော်ကြီးမှာ အခြား တပည့်တွေရှိသော်လည်း ဒီ အဖေကတော့ ဒီသားတစ်ယောက်သာ ရှိသည့် အတွက် အဖေ့ဖက်ကို ရွေးခဲ့ပါသည်)၊ ထိုစဉ် ဓမ္မာစရိယပြီးရန်မလို အကြီးတန်းပြီးရင်ဘဲ တက္ကသိုလ်တက်လို့ရတာရယ်ကြောင့် ထိုနှစ် သတင်းကျွတ်တာနဲ့ တက္ကသိုလ်ဝင်ခွင့်ဖြေလိုက်ပါတော့သည်။
*************************************************************************

နေခဲ့တော ပါရာဇိကဏ်၊ ပါစိတ်။ ပြေးဖက်လိုက်သည့် အေ၊ ဘီ၊ စီ။
"မင်း သာသနာ့တက္ကသိုလ်ထဲရောက်သွားရင် ငါတို့ သင်မပေးလိုက်နိုင်တဲ့ အင်္ဂလိပ်စာတွေ သင်ရမှာ၊ အင်္ဂလိပ်စာ တတ်သင့်တယ်ကွ"

အတတ်ကြီးမဟုတ်သေးပေမဲ့(ဘယ်တော့မှလည်း တတ်မှာမဟုတ်) အဖေ့ရဲ့ လမ်းပြမြေပုံအတိုင်းလိုက်နေနိုင်တယ်ဆိုတဲ့ အသိ။

သာမန်ထက်လုံးဝ မပိုတဲ့ သားတစ်ယောက်ဟာ ခေါင်းပေါင်းစဖြူဖြူနဲ့ သူ့အဖေရဲ့ လမ်းပြမှုမရှိဘဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာလွန်းလို့ ရောက် တဲနေရာမှာ ခဏရပ်။
အဖေ့ကျေးဇူးကို ခပ်ဖွဖွ ပြေးဖက်ရင်း အနားယူ ခိုးနားနေမိပါသည်။
အဖေ့ အရိပ်သည် အေးမြဆဲ။
အဖေ့စကားတွေသည် ပူနွေးဆဲ။
(posted on 28/09/2014 08:36)

အုတ်ဂူတွေ မရှိပေမဲ့စာအုပ်တွေ ရှိနေစေရပါမယ်အဖေ။ ။


 

ကျွန်ုပ်၏ မနုသတ္တဒုလ္လဘ ကွန်ယက်


ရဟန်းဘွဲ့။ ။ ဦးစိတ္တရ
မွေးရပ်။ ။ လက်ပန်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း။

မိဘ။ ။ (ဦးစိန်ဆင့်၊ ဒေါ်သိန်းညွန့်) လက်ပန်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း။

လက်ဦးဆရာ။ ။ ဆရာတော် ဦးဝိဇယ၊ ဗောဓိကျောင်း၊ ဘူးကိုင်းရွာ၊ မြောင်မြို့ နယ်၊ စစ်ကိုင်းတိုင်း။

ဥပဇ္ဈာယ်ဆရာ။ ။ ဆရာတော် ဦးဇောတိကာဘိဝံသ၊ ဒေးဝန်းကျောင်း၊ မိုးကောင်းတိုက် (ညောင်ရမ်းအုပ်စု)၊ အနောက်ပြင်၊ မန္တလေး။
*********************************************************
ပညာဆည်းပူးခဲ့ရာ..
၁။ ဗောဓိကျောင်း၊ ဘူးကိုင်းရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်း
၂။ ဒေးဝန်းကျောင်း၊ မိုးကောင်းတိုက် (ညောင်ရမ်းအုပ်စု)၊ အနောက်ပြင်၊ မန္တလေး
၃။ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ မန္ထလေး
၎။ Buddhist and Pali Collage( Singapore)
**********************************************
လက်ရှိ သီတင်းသုံးရာ
Mangala Vihara BuddhistTemple,
30 Jalan, Eunos,
Singapore, 419495

လုပ်ဆောင်မှု....
၁။ ကျောင်းထိုင်
၂။ ဆန်းဒေးဓမ္မကလပ်စ် (Sunday Dhamma Classes) ဩဝါဒါစရိယ
၃။ Buddhist and Pali Collage( Singapore) အုပ်ချုပ်စီမံ၊ နည်းပြ။
၎။ National University of Singapore ဗုဒ္ဓဘာသာအဖွဲ့ ဩဝါဒါစရိယ (Spiritual adviser)
၅။ စင်္ကာပူ၊ အဘိဓမ္မာစာမေးပွဲ ကျင်းပရေး (ပြည်ပ) ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူး
(ဒါက ဒီလိုပါ။ စာတစ်စောင်နဲ့ တစ်စောင် မတူ၊ ဥက္ကဋ္ဌ ဖြစ်လိုက် အတွင်းရေးမှူး ဖြစ်လိုက်ပဲ)။
၆။ (ကလေးသူငယ်) ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု သင်တန်း၊ ပူးတွဲ ဩဝါဒါစရိယ။
ရ။ မင်္ဂလာမောင်မယ်အသင်း ပူးတွဲ ဩဝါဒါစရိယ။
*********************
ကလောင်အမည်များ
ဇင်ဝေသော်၊ စောနေလတ်၊ သီဟနာဒ၊ (တစ်ခါတစ်ရံ ဦးကိုမောင်၊ ဆုထားမျက်ချယ်)

ရေးသားခဲသည့် စာအုပ်များ
၁။ မောင်ငယ်ရင်သွေး နာဘိသေးလော့
၂။ လူလားမမြောက်သေးတဲ့ အတွေးများ
၃။ နားဝင်မချိုတဲ့ အမှန်တရားများ
၎။ လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း ပ၊ ဒု
၅။ သုံးပုဒ်ကဗျာ (မောင်စိမ်းနီ၊ သစ္စာနီ တို့နဲ့အတူ)
၆။ ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်
၇။ ပြုံးစိစိ ချဉ်ငန်စပ်လေးများ
၈။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
၉။ ကမ်လက် ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ်

လေးစားပြီး ချစ်ခင်မိသည့် စာပေကျေးဇူးရှင်များ

၁။ မဟာဂန္ဓာရုံဆရာတော် ဦးဇနကာဘိဝံသ
၂။ ဆမ် ဟန်တင်တန်
၃။ သစ္စာနီ
၎။ တာရာမင်းဝေ...............စသည်။

(အရိုးသားဆုံး ဖွင့်ချရေးဟန် မိဘမေတ္တာဘွဲ့ ဆောင်းပါးဟောင်း နှစ်ပုဒ်ဖြစ် သည့်
(က) ရဟန်းတစ်ပါးရေးသည့် ဆော့ဝဲလ် ပရိုဂရမ်းမင်းဝတ္ထု
(ခ) အဖေ(သို့)ကျုန်ုပ်ဘဝ၏ အာခီတက်တို့ကို
ဆက်လက်တင်ပေးသွားပါမယ်)

မြန်မာပြည်မှာ မဲပေးခွင့်ရဖို့နဲ့


အိန္ဒိယမှာ အုန်းသီးတစ်လုံးရဖို့ကလည်း တကယ့်ကို ချဲလင့်ဂ်ျ
အဟင့် ဟင့် ဟင့်။

ဒီပုံကိုတွေ့ရင် ဒေါ်တင်တင်အောင် ဘာများ ထပ်ပြောလေမလဲ



"တပည့်တော်မ သံရုံးသွားတာ သုံးခေါက်ရှိပြီ။ အခုအထိ မဲပေးခွင့် မရသေးဘူး။ မလျှော့ဘူး၊ ရေကုန်ရေခမ်း လုပ်သွားမှာ။ တပည့်တော်မတို့ ပင်ပမ်းတယ်ဆိုတာက အဲယာကွန်းဘတ်စ်နဲ့၊ နိုင်လွန် ကတ္တရာလမ်းနဲ့။ ကိုယ့်ထက် နှစ်နှစ်ကြီးတဲ အမကြီးခမျာ နေပူမရှောင် မိုးရွာမရှောင် မညီညာတဲ့ လမ်းတွေပေါ် နိုင်ငံတော်အတွက် ခရီးသွားနေရရှာတာ။"
(ဒါနဲ့ စကားမစပ် ဒေါ်တင်တင်အောင်က ရခိုင်တိုင်းရင်းသူကြီးနော်၊ ဆျာတို့ မှတ်ထားကြအုံး)


အဲသလောက် အဓိပ္ပါယ်မဲ့တဲ့ စာသားကတောင် အမှန်တရားလိုလို


တရုတ် ယဉ်ကျေးမှုတော်လှန်ရေးကြီးမှာ တကယ်မရှုမလှ ခံစားသွားရရှာတာက လူငယ်တွေ။
"အချိန်ကိုက် ဝင်လာသော ဒီမိုကရေစီ ရထားထက်
နောက်ကျ ဝင်လာသည့် ကွန်မြူနစ်ရထားက ပိုကောင်းသည်" တဲ့။
အဲဒီအချိန်တုန်းက အဲသလောက် အဓိပ္ပါယ်မဲ့တဲ့ စာသားကတောင် အမှန်တရားလိုလို။