++ ပေါက်တတ်ကရ အင်တာဗျူး ++

မေး။  ။ကိုလံဘတ်ရဲ့ စွန့်စားခန်း အကြောင်းတွေကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကို သိပါရစေ။
ဖြေ။  ။ စားပွဲ တစ်လုံးပေါ်မှာ မတ်တတ် ရပ်နိုင်ဖို့ ကြက်ဥတောင် ဖင် တော်တော် ခွက်ပေးလိုက်ရတယ်လို့ သင်္ခန်းစာ ရလိုက်ပါတယ်။

မေး။  ။ ဝေဿန္တရာ ဇာတ်တော်ကြီးကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကိုလည်း သိပါရစေ။
ဖြေ။  ။ ပုဏ္ဏားကတော်က  သူ့ယောက်ျားကို မဆဲရဲတော့ ဝေဿန္တရာ မင်ကြီးနဲ့ မဒ္ဒီဒေဝီကို  ကြိတ်ပြီး မေတ္တာပို့နေသံတွေ ကြားနေမိတယ် ဗျာ။

မေး။  ။ ရေသည်ယောက်ျား ပြဇာတ် အပေါ် ခင်းဗျား အမြင်ကို သိပါရစေ။
ဖြေ။  ။ ကမ္ဘာမှာ ရေသန့်ဗူးထုတ် ရောင်းရရင် စီးပွာဖြစ်နိုင်တယ် ဆိုတာ ဘုရားက အရိပ်အမြွက်ပေးခဲ့တာကို သဘော မပေါက်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိတယ် ဗျာ။

မေး။  ။ စင်ကာပူမှာ အမြဲနေထိုင်ခွင့် ( ပီအာ ) ရဖို့ဘာတွေ လိုအပ်ပါသလဲ
ဖြေ။  ။ ဘာမှ မလိုပါဘူး။ ပန်ဒါ ဝက်ဝံ ဖြစ်ဖို့ပဲ လိုတယ်။ ငါးနှစ် ဗီဇာ လေယဉ်ကွင်းမှာ တစ်ခါတည်း ထုပေးတယ်။ ခင်ဗျားတို့ စိတ်ဝင်စားသလား။


ဇင်ဝေသော်

နားဝင်မချို (၇) "စံ"

လီကွမ်းယု ရဲ့ " Hard Truths to keep Singapore going " ဟာ အထင်ကရ ခေါင်းဆောင် တစ်ယောက်၊ နိုင်ငံရေး သမား တစ်ယောက် ရဲ့ စိတ်ခံစားမှုတွေဆီကို ဆက်သွယ်ပေးလိုက်တဲ့ တံတား တစ်ခုပါ။ သူ့ရဲ့ အင်တာဗျူးအတွဲလိုက်ကြီးထဲမှာ မြန်မြန် ဆန်ဆန် နဲ့ တကယ်ကြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲ စင်ကာပူ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သူ့ အမြင်တွေရော စိုးရိမ်မှုတွေပါ ပွင့်ပွင့် လင်းလင်းကြီး ပြောထားခဲ့တယ်။ " Hard Truths to keep Singapore going " နဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ခိုင်မာတဲ့ အနာဂတ်ဟာ အတိတ်က သင်္ခန်းစာတွေ အပေါ်မှာ တည်ဆောက်ယူရမယ် လို့ သူ့ ယုံကြည်ချက်ကို မီးမောင်း လက်လက် ထိုးပြထားခဲ့တယ်။ ဒါကသည်ပင် လီကွမ်းယု ဆိုတာ ဒီလူပဲလို့ သူ့ရဲ့ ခမ်းနားမှုကို အပို ထပ်ဆောင်းပေးလိုက် ပြန်ပါတယ်။
(Bill Clinton, US President, 1993-2001)

မေး ။     ။ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် အာရှတန်ဖိုး၊ ဒီမိုကရေစီရေးတန်ဖိုး အငြင်းပွါးမှုထဲ မစ္စတာလီလည်းပါခဲ့တယ်နော်။
ဖြေ ။    ။ဟုတ်တယ်။ သူတို့က သူတို့သတ်မှတ်ထားတဲ့ ဒီမိုကရေစီ “စံ” အတိုင်း မကျင့်သုံးလို့ဆိုပြီး တို့ကို လာနှိပ်ကွပ်တယ်။ သူတို့ဒီမိုကရေစီဆိုတာ အမေရိကရဲ့ လစ်ဘရယ်ဒီမိုကရေစီပေါ့။ ဒါကြောင့် ဒီမိုကရေစီဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ တို့နဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကို တို့ကျင့်သုံးတယ်လို့ ငါပြန်ပြောခဲ့တယ်။ ငါက ကွန်ဖြူးရှပ်ဝါဒ လူ့အဖွဲ့အစည်းတွေအကြောင်း ပြောခဲ့တယ်။ အိန္ဒိယမှာ လူတိုင်းကို ဝေဖန်လို့ရတယ်။ သူတို့ သတင်းစာတွေကိုဖတ်ကြည့်၊ အမြဲတမ်း ငြင်းခုံနေတာကို တွေ့ရလိမ့်မယ်။ အိန္ဒိယန်းနှစ်ယောက် တရားရုံးကို ရောက်ပြီဆိုရင် အဲဒီအမှုဟာ တော်တော်နဲ့ မပြီးတော့ဘူး။ အဲဒါ သူတို့ ဓလေ့ထုံးစံပဲ။ တရုတ်နှစ်ယောက် အမှုဖြစ်တယ်ဆိုရင် တပတ်အတွင်း အဲဒီအမှု ပြီးသွားတယ်။ တရုတ်ပြည်မှာ ခေါင်းဆောင်ကို ရိသဲ့သဲ့လုပ်တယ်။ ဒါကို ခေါင်းဆောင်က သီးခံတယ်။ ဒါဆို အဲဒီခေါင်းဆောင်က မစွံလို့ပဲ။



ငါကိုယ်တိုင်က ကွန်ဖြူးရှပ်ဝါဒနဲ့ လေ့ကျင့်ယူထားတာ မဟုတ်ဘူး။ ကွန်ဖြူးရှပ်ဝါဒကို ခပ်ပါးပါးတော့ မွေးစားခဲ့တယ်။ ကိုယ့်ထက်ကြီးသူတွေကို လေးစားရမယ်။ မိသားစုကို သစ္စာရှိရမယ်။ မိတ်ဆွေတွေအပေါ် မပြုမူသင့်တဲ့အရာတွေကို မလုပ်ရ၊ မပြုမူရဘူး။ အစိုးရ (သို့) ဘုရင်ကို မစော်ကားရဘူး။ ဒါတွေကို ငါသဘောပေါက်တယ်။ ငါဟာ တရုတ်လူမျိုးဆိုတာကို အခြေခံပြီး သူတို့က ငါ့ကို စွပ်စွဲကြတယ်။ ငါ့ကိုယ်ငါ မကာကွယ်ရင် ငါသိက္ခာကျသွားမှာပေါ့။ ဒီကိစ္စကို အပြစ်ပြောနေတာ ဘယ်သူတွေထင်လို့လဲ။ အဲဒါ အနောက်မီဒီယာနဲ့ ချီဆွန်ဂျွမ်းလိုလူတွေ( စင်ကာပူ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်)။ သူက ဒါတွေကို ဘာလို့ထောက်ပြပြီး အပြစ်တင်နေရတာလဲ။ မုသားမပါဘဲ ငါတို့ကို ဖြိုခွဲလို့မရလို့။ သူ့ကို ငါတို့က စွပ်စွဲမယ်ဆိုရင် ဒါကို ငါတို့က လက်ကိုင်ထားမှာ။ ငါက မင်းဟာ ပညာတတ်ယောင်ဆောင် ထားတဲ့ကောင်၊ လူလိမ်လူညာလို့ပြောမယ်။ ဒီအတွက် ငါနဲ့ တရားတွေ့မယ်ဆိုရင် ငါ့မှာ သက်သေပြစရာ ရှိတယ်။ သူ ငါတို့ကို တရားမစွဲရဲဘူး။ တရားစွဲရင် တရားရုံးကိုရောက်မယ်။ သူဟာ ပညာတတ်ယောင်ဆောင်ထားတဲ့ လူညာဆိုတာ ငါတို့က ဖွင့်ချလိုက်မှာ။

မေး ။     ။အတိုက်အခံပါတီအကြောင်း စပ်မိရင်း တစ်ခုလောက် မေးပါရစေ။ တစ်နိုင်ငံ နှစ်ပါတီစနစ်ကိုကျင့်သုံးဖို့ မစ္စတာလီ ဘာဖြစ်လို့ လက်တွန့်နေတာလဲ။ နှစ်ပါတီရှိနေဖို့လိုပြီလို့ မထင်ဘူးလား။
ဖြေ ။    ။ လက်ရှိအစိုးရကို ကျော်တက်ဖို့ အတိုက်အခံပါတီလိုတယ်ဆိုတဲ့ အနောက်တိုင်း ပညာရှင်တွေရဲ့ အမြင်ကို မင်းကစွဲနေတာကိုး။ ဒီအစိုးရကို ဖြုတ်ချဖို့ အတိုက်အခံပါတီမှာ လူတော်လူကောင်း အလုံအလောက်မရှိဘူး။ ဒါက ရှင်းနေတာပဲ။ လက်ရှိအစိုးရကို ဆက်ထိန်းထားဖို့ လူတော်တွေ တစိုက်မတ်မတ်ရှာနေတာတောင် အလုံအလောက်မတွေ့ဘူး။ ငါက ပြောတယ်။ “လုပ်ပါ၊ အတိုက်အခံပါတီ ထောင်ပါ။ ကိုယ်နိုင်မယ်ထင်တဲ့ မဲဒေသတွေကိုဆင်းပြီး စည်းရုံးကြပါ” လို့။ မင်းတို့ ပေးပို့ထားတဲ့မေးခွန်းကို ဝန်ကြီးတွေဆီလည်း ပို့ပေးတယ်။ ကွန်မင့်ပေးချင် ပေးရအောင်လို့။

မေး ။     ။ဝေဖန်မှုတွေကြောင့်ပဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်တော့ ပေါ်ပေါက်လာခဲ့ရတယ် မဟုတ်လား။
ဖြေ ။    ။ ဗြိတိန်မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်လို့ နယ်စည်းခြားထားတာမျိုး မရှိဘူး။ ငါတို့ရော၊ မလေးရှားပါ ဒါကို လက်ခံကျင့်သုံးကြတယ်။ ငါတို့လိုချင်တာက လွှတ်တော်အမတ်တွေ ပိုများလာဖို့ပဲ။ ဒါမှ ပါလီမန်ထဲမှာ လူနည်းစုကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ ပါလာမှာ။ လက်ရှိအခြေအနေက မဲဆန္ဒရှင်တွေက လူနည်းစုကို ကိုယ်စားပြုတဲ့ ပီအေပီကိုယ်စားလှယ်တွေကို မဲမပေးကြတော့ဘူး။ သူတို့ပြောနေကြတာက “ ငါတို့စကားကို နားလည်မယ့်တရုတ်၊ တရုတ် ဒိုင်ယာလက်စကားပြောတတ်တဲ့ ကိုယ်စားလှယ်ကိုပဲ မဲပေးတော့မယ်” တဲ့။ ရွေးကောက်ပွဲကော်မရှင်က ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒါကို ဥပဒေနဲ့အညီ ဘယ်လိုလုပ်မလဲ။ ဒါက အရေးကြီးတယ်။

လက်ရှိအခြေအနေအရ လုံးဝမပြိုကွဲဘူးထင်ရတဲ့ ပီအေပီကို ဘယ်နည်းနဲ့ ဖြိုခွဲရမလဲဆိုတာ သူတို့နည်းပေါင်းစုံ အကြံထုတ်နေကြတယ်။ သတင်းနဲ့ ပုံနှိပ်ထုတ်ဝေရေးကို ဖွင့်လှစ်၊ NTUC ကိုဖျက်သိမ်း၊ အစိုးရနှစ်ခုအကြား အဆက်အစပ် လုံးဝမရှိစေရ။ ဒါဆိုရင်တော့ စင်ကာပူကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ အခြေခံအချက်တွေကို ဖျက်သိမ်း လိုက်တယ်။ ဒီအစိုးရဆီက ဘယ်သူပဲလက်လွှဲယူယူ ဒီအခြေခံအချက်တွေကို ဆက်လက် ကျင့်သုံးဖို့လိုတယ်။ နောက်လာမယ့် ရွေးကောက်ပွဲမှာတော့ ဒီတာဝန်တွေကို ကောင်းကောင်း ယူနိုင်တဲ့ အတိုက်အခံအစိုးရ မတွေ့သေးဘူး။

မေး ။     ။လာမယ့်ရွေးကောက်ပွဲတင်လား။ ဒါမှမဟုတ် လာမယ့်ရွေးကောက်ပွဲတွေမှာလား။
ဖြေ ။    ။ဒါက လူငယ်ပိုင်းဝန်ကြီးတွေရဲ့ အမြင်။

“ လတ်တလော ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် တော်တော်များများမှာ ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ် မပေါ်ပေါက်ခဲ့သဖြင့် ပီအေပီကသာ အများစု ယှဉ်ပြိုင်သူမရှိ အနိုင်ရခဲ့သည်။ ဤပုံစံအတိုင်း အမြဲဖြစ်နေမည်ဟု ယူဆ၍မရ။ နောင်တွင် အတိုက်အခံကိုယ်စားလှယ်များ ပိုများလာစရာရှိသည်။ အထူသဖြင့် GRC ( အခြေခံ လူတန်းစား အဖွဲ့ အစည်း ) များတွင်ဖြစ်ပြီး ကံစမ်းသည့်သဘောဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများ များလာနိုင်သည်။ သို့သော် အတိုက်အခံပါတီ အားကောင်းလာပြီး ပီအေပီကျရှုံးခဲ့သော် ဆိုသော အယူအဆဖြင့် လိုရမယ်ရ ခြေကုတ်ူထားခြင်း အစီအစဉ်များဖြင့် အလုပ်ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မယုံကြည်။ ထို့အပြင် ဤသို့ပြုမူခြင်းသည် နိုင်ငံရေးကစားခြင်းသာလျှင် ဖြစ်ပြီး နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွါးရရှိရေး လမ်းစဉ်မှ လမ်းချော်သွားခြင်းကိုပင် ဖြစ်စေနိုင်သည်။"

ဒါက သူတို့လူငယ်တွေရဲ့ အမြင်ပဲ။ ဒါက ငါ့အချိန်တုန်းက အနေအထားကနေ သိပ်မဝေးလှသေးဘူး။ ဒီနှစ်တွေထဲမှာ မသိမသာလေးပဲ ပြောင်းလဲခဲ့တာပါ။ သူတို့ ဒီစစ်စတန်အတိုင်း လုပ်နေကြ။ ဒါနဲ့ အခြေခိုင်အောင် ကြိုးစားနေကြတာပါ။ မင်းမေးတဲ့ မေးခွန်းက သူတို့ကို မေးသင့်တယ်။

အနာဂတ်ဆိုတာနဲ့ ပတ်သက်လို့ ငါ့သက်တမ်းရှိတုန်းပဲ ငါဆုံးဖြတ်လို့ရတယ်။ ငါ့သက်တမ်းဆိုတာ ငါ့နိုင်ငံရေးသက်တမ်းကို ပြောတာပါ။ မင်းတို့အနေနဲ့ ယုံချင်ယုံ၊ မယုံချင်နေ။ ငါက ဒီနေ့ ဆုံးဖြတ်ချက်ချတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး။ ငါ့သြဇာလွှမ်းမိုးမှု ကတော့ ရှိနေမှာပေါ့။ သူတို့ ထပ်စဉ်းစားမိအောင်တော့ ငါသတိပေးတယ်။ ဒါပေသည့် တကယ်တမ်း ဆုံးဖြတ်ချက်ချတာကတော့ သူတို့ပဲ။ အကြောင်းကတော့ ဒီလမ်းစဉ်ကို သူတို့ကိုယ်တိုင် ဆက်လျှောက်ပြီး အနာဂတ်အတွက် အမှန်တကယ် တာဝန်ရှိတာက သူတို့ဖြစ်နေလို့ပဲ။ ငါကိုယ်တိုင် အရင်လို မခံစားရတော့ဘူးလို့လည်း သူတို့ကို ပြောထားတယ်။ ဟိုတုန်းကဆိုရင် ကိုယ်စားလှယ်တွေဆီ သွားရုံတင်မဟုတ်ဘူး။ ဆောက်လုပ်ရေးဌာနတွေ၊ NTUC တွေအထိ ငါကိုယ်တိုင် အရောက်သွားပြီး သူတို့နဲ့စကားပြောတာ။ နေရာတိုင်းမှာ ငါပါတယ်။ ဒီတော့ အခြေခံလူတန်းစားတွေရဲ့ ခံစားနေရတာကိုလည်း နားလည်နိုင်တယ်။

မေး ။     ။အခုအထိ နိုင်ငံရေးနဲ့ အဆက်မပြတ်ဘဲ ရှိနေအောင် ဘယ်လိုနေထိုင်ခဲ့ရသလဲ။
ဖြေ ။    ။NTUC က လူတွေနဲ့ တစ်နှစ်တစ်ခါ ဆန်းတက်စီးတီးမှာတွေ့ဆုံပြီး စကားပြောတယ်။ လူနှစ်ထောင်လောက်နဲ့ပေါ့။ မတူဘူး။ လူနည်းစုတွေနဲ့ ပြောဖို့လိုတယ်။ တစ်ယောက်ချင်းဆို ပိုကောင်းတယ်။ ဒီတော့ သူတို့က သူတို့ပြဿနာတွေကို ဖွင့်ပြောကြတယ်။ NTUC ရယ်၊ အောက်ခြေလူတန်းစား ခေါင်းဆောင်တွေရယ်နဲ့ လူတိုင်းမဆက်ဆံတတ်ဘူး။ သူတို့နဲ့ ပနံရတဲ့ အမတ်တွေရွေးပြီး လွှတ်ရတယ်။ ဥပမာ လင်ဘွန်ဟိန်ဆိုရင် သူတို့သဘောကျတယ်။ ယုံလည်း ယုံကြည်ကြတယ်။ လင်ဆွီဆေးကတော့ အဲဒါကကို သူ့ရဲ့ပင်ရင်းစရိုက်ပဲ။ သူတို့နေရာကနေ ခံစားပေးတယ်။ သူတို့နေရာက ဝင်တွေးပေးတယ်။ သူ့အမြင်ကို ကက်ဘိနက်ဆီ ယူလာတယ်။ ဒါတွေက ငါတို့ဆုံးဖြတ်ချက်ချရာမှာ အများကြီး အထောက်အကူဖြစ်တယ်။

အလုပ်သမားလူတန်းစားကို အစိုးရက အမြဲတမ်းသယ်ပိုးမထားနိုင်ဘူး။ အခြေအနေ သိပ်ဆိုးနေတဲ့အခါ ဒါမှမဟုတ် အခြေအနေသိပ်ကောင်းနေတဲ့အခါတွေမှာပါ ဒါမျိုးလုပ်ပေး လို့ရတယ်။ အကျပ်အတည်းကြားထဲမှာဆိုရင် NTUC ကို စနစ်တကျ ဆွေးနွေး အကြံပေးကြတယ်။ တို့ကြိုးစားလုပ်ပေးနေတယ်ဆိုတာ သူတို့လည်း သဘောပေါက်ကြတယ်။ အစိုးရနဲ့ NTUC ဆက်ဆံရေးက ရင့်ကျက်နေမှရတယ်။ သူတို့အတွက်လည်း အကျိုးအမြတ်ရှိနေရစေမယ်။ အလားတူပဲ အားလုံးလည်း အကျိုးအမြတ်ရနေရစေမယ်။ ငါတို့က အကောင်းစားပစ္စည်းတွေကို ဝေပေးနေတယ်လို့ သူတို့က ပြောကြတယ်။

ရွေးကောက်ပွဲနီးလာပြီဆိုရင် လူထုရဲ့နှလုံးသားကို ဖမ်းစားဖို့ အစိုးရတိုင်း ဒါမျိုးလုပ်ကြတာပဲ။ ငါတို့က အစောကြီးကြိုမလုပ်ဘူး။ အစောကြီးကြိုလုပ်ရင် သူတို့က မေ့ပစ်လိုက်ကြတာ။ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ဘဝ၊ သူတို့ကလေးတွေအတွက် ပိုတောက်ပတဲ့ အနာဂတ်ကို ငါတို့က ဖန်တည်းမပေးနိုင်ဘူးဆိုရင် တို့ကိုထောက်ခံဖို့ ငါတို့ကစည်းရုံးတောင်မနေဘူး။ ဒါက ရှင်းနေတာပဲ။

အခု မင်းတို့မေးတဲ့မေးခွန်းတွေကို လူငယ်ပိုင်းအမတ်တွေကိုလည်း မေးကြပါ။ ဒါက သူတို့ရင်ဆိုင်ရမယ့် အနာဂတ်ပဲ။ သူတို့ဆုံးဖြတ်လိမ့်မယ်။ ငါက အချိန်မရွေး သေနိုင်တယ်။ ငါ့တာဝန်တွေလည်း ကုန်ခဲ့ပြီ။ ငါ့အလုပ်က လက်ရှိအဖွဲ့ကို အားပေးနေဖို့ပဲ။ ဒါကလည်း စင်ကာပူအတွက် အကျိုးအမြတ်ရရှိဖို့။ ဒါပဲ။

မေး ။     ။ မစ္စတာလီက ခဏရပ်ထားကြဦး။ ထပ်ပြီးစဉ်းစားကြဦးလို့ ဝန်ကြီးတွေကို ပြောခဲ့တယ်ဆိုတာ ဘယ်လိုကိစ္စမျိုးတွေမှာလဲ။
ဖြေ ။    ။ ဒီလိုမဟုတ်ဘူး။ ငါပြောတာက ဒါတွေတော့ ဖြစ်နိုင်ခြေရှိတယ်။ မင်းတို့ကို အကျပ်ရိုက်စေနိုင်၊ လမ်းချော်သွားစေနိုင်တဲ့ မျှော်လင့်မထားတဲ့ ဒီလိုအခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါတွေအတွက်လည်း ပြင်ဆင်ထားကြသင့်တယ်ဆိုတာလောက်ပါ။


ဇင်ဝေသော်

နားဝင်မချို (၆) "Let’s live and let live"

အမေရိကန် သမ္မတဟောင်း မစ္စတာ ခြုံပုတ် ( Gorge H.W. Bush, US President, 1989-1998 )၏ စာအုပ် အမှာ
ဝန်ကြီးချုပ်ဟောင်း လီကွမ်းယု အပေါ်၌ ကျွန်ုပ် အလွန် အမင်း လေးစားမှု ရှိခဲ့သည်။ ကျွန်ုပ်တွေ့ဆုံခဲ့ရသမျှ ဉာဏ်ပညာ အကြီးဆုံး ပြည်သူ လူထု အပေါ် အကျိုး ကျေးဇူး အကြီးမားဆုံး ကမ္ဘာ့ ခေါင်းဆောင်များတွင် လီကွမ်းယုက တစ်နေရာ အပိုင် ယူထားနိုင်ခဲ့သည်။ ထို့အပြင် သူသည် တန်ဖိုးရှိသော မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်သည်။ ဤ စာအုပ်ဖြင့် ဝန်ကြီးနည်းပြ ( Minister Mentor ) လီကွမ်းယု သည် စင်ကာပူ တစ်နိုင်ငံလုံး အတွက် အကောင်းဆုံး အမွေအနှစ် ပေးထားခဲသည်။ ထိုမျှမက သူ့အမြင် သူ့အတွေးတို့သည် စင်ကာပူသာမက ကမ္ဘာကပင် လေးစားနေကြရပြီး သူသည် စင်ကာပူ၏ ခေါင်းဆောင်သာ မဟုတ် ကမ္ဘာ့ခေါင်းဆောင် အစစ်အမှန် တစ်ယောက် ဖြစ်ကြောင်း အသိအမှတ် ပြုထားကြရသည်။


မေး ။     ။ Huntington ကိုယ်တိုင်ကလည်း နိုင်ငံရေးမူဝါဒက ယဉ်ကျေးမှုအပေါ်မှာ အပြန်အလှန် သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ ဆိုခဲ့တယ်။ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုကြားက ဆက်သွယ်ချက်ကို မစ္စတာလီ ယုံကြည်သလား။
ဖြေ ။    ။ နည်းနည်းပါးပါးလောက်ပဲ သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ လို့ ထင်တယ်။ တရုတ်ယဉ်ကျေးမှုဆိုရင် နှစ်ပေါင်းငါးထောင်ကျော် ကြာခဲ့ပြီ။ တရုတ်ပြည်မှာ လူတစ်ယောက်မဲတစ်မဲစနစ် ဖြစ်လာမယ်လို့ မထင်မိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ငါတို့ စင်ကာပူက ရွေ့ပြောင်းထားတဲ့ လူ့အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့် တရုတ်လူမျိုးမှန်ပေမယ့် ပတ်ဝန်းကျင်အနေအထား ကွဲနေတယ်။ နိုင်ငံအသစ်တစ်ခုမှာ ပြောင်းရွေ့နေထိုင်တော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ကွဲပြားခြားနားတဲ့အချက်တွေကို လက်ခံနိုင်ဖို့လိုတယ်။

မေး ။     ။ မစ္စတာလီသာ Huntington ကို တွေ့ရမယ်ဆိုရင် သူပြောခဲ့တဲ့ “ ခင်ဗျား ချမှတ်တဲ့မူဝါဒဟာ ခင်ဗျားသေဆုံးရာသုဿာန်ကို ပါလာလိမ့်မယ်” ဆိုတဲ့ စကားအတွက် ဘာများပြန်ပြောမိမလဲ။
ဖြေ ။    ။ “ခင်ဗျား မှားတယ်” လို့ ငါပြောမှာပေါ့။ ကြည့်လေ၊ ၁၉၉၀- ခုကတည်းက ငါက အာဏာကို လက်လွတ်ခဲ့တာပဲ။ ငါတို့မူဝါဒသာ မှားခဲ့ရင် အခု အနှစ်နှစ်ဆယ်ကျော်လာပြီ။ မှားနေရမှာပေါ့။ အခု ဒီလိုမဟုတ်ဘူး။ အကြောင်းက ဘာလဲဆိုရင် ကက်ဘိနက်မှာ တာဝန်ရှိသူတွေကို ငါတို့က စေ့စေ့စပ်စပ် ရွေးချယ်ခဲ့တာ။ ပါလီမန်ထဲမှာ၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ၊ နောက်ဆုံး သမ္မတတစ်ယောက် ရွေးချယ်ရာမှာအထိ စနစ်တကျပဲ။ ဒီအတိုင်း ဆက်ခရီးသွားဖို့ ဆန္ဒရှိကြတယ်။

မေး ။     ။ တစ်ချို့လူ့အဖွဲ့အစည်းတွေက ဒီမိုကရေစီကို ကောင်းကောင်းလက်မခံနိုင်ဘူး ဆိုတာကိုတော့ မစ္စတာလီက Huntington နဲ့ သဘောထားခြင်း တိုက်ဆိုင်တယ်ပေါ့။
ဖြေ ။    ။ တိုက်ဆိုင်တယ်။ ယဉ်ကျေးမှုပေါင်းစုစနစ် ( Multiculturalism ) ဟာ အမေရိကကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ လိုအပ်ချက်တွေဟာ ဘာတွေလဲဆိုတာ သူဖွင့်ဆိုပြခဲ့တယ်။ သူရေးထားတာကို ကိုးကားပြမယ်။ “ယဉ်ကျေးမှုအကွဲအပြားကိစ္စဟာ ဒီနေ့ အမေရိက ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတစ်ခုပဲ။ အမေရိကဆိုတာ ယဉ်ကျေးမှုတစ်ခု ပဲရှိတဲ့နိုင်ငံလား ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအများအပြားရှိတဲ့နိုင်ငံလား။ တကယ်လို့ ယဉ်ကျေးမှုအများအပြားရှိနေတယ်ဆိုရင် လူမျိုးတစ်မျိုးလုံး ညီညွတ်အောင် ထိန်းပေးထားမယ့် ယဉ်ကျေးမှုဟာ ဘယ်ဟာလဲ။ သမိုင်းကို ပြန်ကြည့်ရင် အမေရိကဟာ ယဉ်ကျေးမှုကြီးတစ်ခုကို အခြေခံထားတာ တွေ့ရတယ်။ အဲဒါ အခြေချနေထိုင်လာကြတဲ့ ဗြိတိသျှတွေရဲ့ မူရင်းယဉ်ကျေးမှုပဲ။ နောက်ပိုင်း အခြေချနေထိုင်လာကြသူတွေကလည်း ဒီယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေရှိအောင် မွေးစားနေထိုင် ကျင့်သုံးကြတယ်။ အဓိကအကျဆုံးကတော့ ဥရောပရဲ့တန်ဖိုးဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား၊ ခရစ်ယာန်ဘာသာ ပရိုတက်စတင့်ရဲ့ တန်ဖိုးတွေပဲ။ လူမျိုးရေး၊ ကျင်လည်ရာဒေသ စတာတွေကလည်း တစ်ပုံစံတည်း မတူစေဦး၊ လက်လှမ်းမှီတဲ့ အနေအထားတွေ၊ ဆင်တူရိုးမှားတွေလောက်ပဲ ရှိခဲ့တယ်။ ယေဘုယျအားဖြင့် တစ်စုတည်း တစ်ဝေးတည်းပဲ။ အခု အဲဒီယဉ်ကျေးမှု အမွေအနှစ်က ယဉ်ကျေးမှုပေါင်းစုံစနစ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ နိုင်ငံရေးလောက ထဲက သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် ဒီသဘောကို နားမလည်ဘူး။ ( သူ ဒီစာရေးစဉ်က သမ္မတက ဘီ(လ်) ကလင်တန်ဖြစ်ပြီး၊ ဒုတိယသမ္မတက အယ်လ်ဂိုးပါ။) သမ္မတ ကလင်တန်က ပြောတယ်။ ကြီးစိုးနေတဲ့ ဥရောပယဉ်ကျေးမှု မပါဝင်ဘဲ အတူတကွ ရှင်သန်လက်တွဲ နေနိုင်တယ်ဆိုတာ သက်သေပြဖို့ တော်လှန်ရေးကြီးတစ်ခု လိုအပ်ပါတယ်တဲ့။ ဒုတိယသမ္မတ အယ်လ်ဂိုးကလည်း ဟားဗတ်တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အမျိုးသားဆောင်ပုဒ် တစ်ခုဖြစ်တဲ့ E Pluribus Unum –ကို ဘာသာပြန်ရာမှာ from many one ( အများမှ တစ်စု တစ်ပေါင်း တည်းသို့ ) လို့ဘာသာပြန်ရမှာကို from one many ( တစ်စု တစ်ပေါင်း တည်းမှ အများသို့ ) လို့ မှားမှားယွင်းယွင်း ဘာသာပြန်ခဲ့တယ်။

ဒါဟာ ပညာသားပါတဲ့ ဝေဖန်ချက်ပဲ။ သူမှားနိုင် မှန်နိုင်တယ်။ ဒါပေမယ့် သူယုံကြည်တာကိုတော့ ရိုးရိုးသားသား ချရေးခဲ့တာပဲ။

Huntington က ဆက်ပြောတယ်။ “အမေရိကဟာ Multiethnic, Multiracial ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်” တဲ့။

ငါကိုယ်တိုင်ကတော့ Multiethnic နဲ့ Multiracial နှစ်ခုရဲ့ ခြားနားချက်က ဘာလဲဆိုတာ မသိဘူး။ အတူတူပဲထင်တယ်။

“တကယ်လို့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေပြီး အဓိကလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကြီးတစ်ခု မရှိဘူးဆိုရင် တစ်မျိုးသားလုံး တစ်သားတည်းဖြစ်နေဖို့ ဘာနဲ့ ချည်နှောင်ထားမှာလဲ။ အဖြေမှန်က- အမေရိကန်တွေဟာ လွတ်လပ်ရေးကြော်ငြာစာတမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေနဲ့ အခြားအချက်တွေပေါ် အခြေခံပြီး ညီညွတ်နေကြတာပါ။ အမေရိကန်တွေရဲ့ ယုံကြည်မှု၊ လွတ်လပ်ရေး၊ ကုန်သွယ်ရေး စတာတွေလည်း ပါဝင်တာပေါ့။ အမေရိကန်အများစုဟာ ဒီတန်ဖိုးတွေကို လက်ကိုင်ထားကြတယ်။ ဒီတန်ဖိုးတွေက မူလယဉ်ကျေးမှုကို အခြေခံ၊ မှီခိုပြီး ရလာတဲ့ တန်ဖိုးတွေပဲ။ အဲဒီ မူလယဉ်ကျေးမှု ပျောက်ဆုံးသွားပြီဆိုပါတော့ ဒီယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ နိုင်ငံရေးမူဝါဒက တစ်မျိုးသားလုံး ညီညွတ်အောင် ဘယ်လိုထိန်းထားနိုင်မလဲ။ နိုင်ငံရေးမူဝါဒတစ်ခုတည်းနဲ့ ချည်နှောင်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား တို့ကိုကြည့်တော့ ယဉ်ကျေးမှုမပါဘဲ အာမခံချက်မရှိလှဘူးဆိုတာ တွေ့ရတယ်။ အမေရိကရဲ့ လတ်တလော အရေးကြီးကိစ္စက သမိုင်းတစ်လျှောက်လုံး အမေရိကကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းမလား၊ တစ်စစီ ပြိုကွဲသွားတာကို ထိုင်ခံမလားဆိုတာပဲ။ ဥရောပဆန်တဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန် ပရိုတက်စတင့် ရဲ့ အဆုံးအမ၊ အင်္ဂလိပ်ဘာသာစကားက ရတဲ့ ယဉ်ကျေးမှုတွေကြောင့် နိုင်ငံဘဏ္ဍာ၊ နိုင်ငံရဲ့ ပါဝါ၊ လွတ်လပ်ရေး အခြေခံမူဝါဒ၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ စတာတွေ ရခဲ့ကြတယ်။ ဒါကြောင့်ပဲ အမေရိကဟာ ကမ္ဘာ့လူသားတွေရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့တယ်။ ဒီယဉ်ကျေးမှုကို ဖျက်ဆီးပစ်ဖို့ ကြုံးဝါးနေသူတွေ အခုရှိနေပြီ။ ဒါဟာ ၂၁- ရာစုအဝင် ပထမဆုံးနှစ်ကစလို့ အမေရိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပဲ။ ”

သူက စပိန်တွေအကြောင်းတော့ ပြောမသွားခဲ့ဘူး။ ဒီမိုကရက်တွေဖြစ်ကြတဲ့ ကလင်တန်နဲ့ အယ်လ်ဂိုးကိုတော့ သတိပေးသွားတယ်။ “ ခင်ဗျားတို့ မဆိုင်တာတွေ လုပ်နေကြတယ်။ ခင်ဗျားတို့ လုပ်ရမှာက ဒီလူတွေက ယဉ်ကျေးမှုထဲဝင်လာအောင် စည်းရုံးရမှာ၊ ယဉ်ကျေးမှုပေါင်းစုံ စနစ်ကို အားပေးအားမြှောက်လုပ်ရမှာ မဟုတ်ဘူး။ ယဉ်ကျေးမှုပေါင်းစုံတွေက ခင်ဗျားတို့ကို ဝါးမြိုသွားလိမ့်မယ်” တဲ့။

ကဲ ဒါဆို ငါတို့ကရော ဘယ်လိုလဲ။ စင်ကာပူဟာ ယဉ်ကျေးမှုတစ်ခုတည်း ဖြစ်နိုင်သလား။ ငါတော့ မထင်ဘူး။ ကိုးကွယ်တဲ့ဘာသာတစ်ခုတည်း ဖြစ်နိုင်သလား။ လုံးဝပဲ။ ဘုံဆိုင်နေရာတစ်ခု၊ အဲဒါက အမြဲတစေ ကြီးထွားနေပြီး ပုဂ္ဂလိက အယူအဆ ခြားနားမှုတွေ အရင်းအတိုင်းပဲ ရှိနေမယ်။ ဒီလို အခြေအနေအတိုင်း အမြဲရှိနေနိုင်သလား။ တစ်ခု၊ တစ်ဝါဒ၊ တစ်ဘာသာကြီးစိုးမှုက အချိန်အတော်လိုလိမ့်မယ်လို့ ငါထင်တယ်။ ဒီတော့ ငါတို့ကို အတူတကွ ညီညွတ်အောင် ထိန်းပေးထားနိုင်တာက ဘာဖြစ်မလဲ။ စီးပွါးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပုံမှန်ဖွံ့ဖြိုးနေမှုလို့ ငါယုံကြည်တယ်။ ဒါက လူထုရဲ့ စိတ်ထဲမှာ စွဲနေတယ်။ ဒီ အခြေအနေမျိုးမှာ မတူညီတဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ လူမျိုးရေး စတာတွေနဲ့ပတ်သက်ပြီး စတင်အငြင်းပွါးနေကြ၊ ခိုက်ရန်ဖြစ်နေကြပြီဆိုရင်တော့ အဲဒီနိုင်ငံ ပြိုကွဲတော့မှာပဲ။ ဒီတော့ တို့မူဝါဒက-

“Let’s live and let live” ပဲ။


မင်းပို့ထားတဲ့ မေးခွန်းကိုငါရတယ်။ ( S- Rajaratnam School of International Studies) ကျောင်းမှာ ဆန္ဒကောက်ထားတဲ့စာလေ။ ကောက်ယူထားတဲ့ စစ်တမ်းအရ ၉၀- ရာခိုင်နှုန်း တရုတ်တွေက တရုတ်မဟုတ်တဲ့ ပါလီမန်အမတ်ကိုလည်း မဲပေးမယ်တဲ့။ ဒါကို မင်းယုံကြည်သလား။ လုံးဝ အဓိပ္ပါယ်မရှိဘူး။ အဲဒါ နိုင်ငံရေးစကားပဲ။ အဓိက အဖွဲ့တွေမှာ တရုတ်တစ်ယောက် အမြဲတမ်းထည့်ထားပေးရတယ်။ ဟောင်ကန်းက အတိုက်အခံ Low Thia Khaing ကိုမေးကြည့်။ ဒါကို အခြေခံကျကျ ဘယ်လိုသဘောပေါက်သလဲလို့။ ဒီလိုမလုပ်ရင် မင်းရှုံးသွားမှာပေါ့။

မေး။ ။ စင်ကာပူမှာ ဒီအတိုင်းပဲ ( တရုတ် အချင်းချင်းမှ မဲပေးတာ )အမြဲတမ်းဖြစ်နေလိမ့်မယ်လို့ ယုံကြည်ထားသလား။
ဖြေ ။    ။ အမြဲတမ်းလို့ ပြောဖို့ကတော့ သိပ်ရှည်လျားလွန်းပါတယ်။ ငါ့တစ်သက်၊ မင်းတစ်သက်မှာတော့ အပြောင်း အလဲ ဖြစ်ဖို့ လမ်းစ မရှိနိုင်သေးဘူးလို့ ငါထင်တယ်။

မေး ။     ။ မစ္စတာလီပြောခဲ့တဲ့ အထက်ပါသုတေသန စစ်တမ်းအရ စင်ကာပူမျိုးဆက်သစ်တွေက မျှော်လင့်ချက်ပိုရှိကြတယ်လို့ ဆိုလိုပါသလား။
ဖြေ ။    ။ မင်းဒါကို ယုံကြည်သလား။

မေး ။     ။ သူတို့ဖြေခဲ့တဲ့ ( နိုင်ငံရေးဆန်ဆန် ) ပါးပါးနပ်နပ်အဖြေကို အခြေခံပြီး မစ္စတာလီကိုယ်တိုင် စတင်ခဲ့တဲ့ လူမျိုးပေါင်းစုံ ပါဝင်ရေး အယူအဆက လူထုကို အားတက်သရော ရှိစေမယ်လို့ မစ္စတာလီ မျှော်လင့်ထားပါသလား။
ဖြေ ။    ။ မင်းတို့ရော၊ ငါရော ဒီကိစ္စကို သဘောပေါက်တယ်။ ချမှတ်ထားတဲ့ မူ ဝါဒတွေ ကို အခြေခံပြီး ငါတို့က တစ်ခုခုကိုပြောကြရတာပဲ။ ဒါကို တကယ်တမ်း ရွေးချယ်ပြီးကျင့်သုံးရာမှာတော့ ပြဿနာက တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တယ်။ ဒါက မလွယ်လှဘူး။

မေး ။     ။ ဂျေ၊ ဘီ ဇယ ရတနန်ဆိုရင် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ပြီး နိုင်လည်းနိုင်သွားတယ်။ ပီအေပီပါတီထဲက လူနည်းစုကိုယ်စားလှယ်တွေလည်း ဒီလိုဝင်ပြိုင်၊ နိုင်နိုင်တာပဲလို့ လူထုက ပြောလာနိုင်တာပေါ့။
ဖြေ ။    ။ မင်းမှတ်မိလောက်တဲ့အရွယ် ရောက်ပြီလားဆိုတာမသိဘူး။ ဘာဖြစ်လို့ ငါတို့ စနစ်ပြောင်းခဲ့ရတယ် ထင်သလဲ။ အရင့်အရင်နှစ်တွေတုန်းက ဘယ်သူဝင်ပြိုင်တာပဲဖြစ်ဖြစ် ပီအေပီရဲ့ ကိုယ်စားလှယ်ဆိုရင် လူထုက မဲပေးလိုက်ကြတာ။ ကြာလာတော့ မဲပေးသူတွေက ပါးနပ်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပီအေပီအစိုးရပဲ အနိုင်ရမှာပဲ။ ဒီတော့ ငါတို့ နဲ့ လူမျိုးတူတဲ့ အမတ်လောင်းကို မဲပေးတော့မယ်ဆိုတဲ့ အတွေးဝင်လာကြတယ်။ ဒါကို ငါသဘောပေါက် မိတယ်။ ငါတို့ ဒုက္ခရောက်သွားနိုင်တယ် ဆိုတာကိုလည်း သတိထားမိတယ်။ ဆိုလိုတာက မလေးလူမျိုးအမတ်လောင်းတွေနဲ့ ပတ်သက်ပြီး ငါတို့ ပြဿနာကြုံခဲ့ရဖူးတယ်။ နာမည်တွေတော့ ပြောမနေတော့ဘူး။ ဒီတော့ နောက်ဆုံး မိနစ်ရောက်မှ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ သူက ပြိုင်ဖက်တရုတ် အမတ်လောင်းတွေကို မယှဉ်နိုင်ဘူး။ တရုတ်တွေက သူ့ကို မဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ပထမ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ နောက် ပြီးတော့ သူ့ကို ခေါက်ကို ခေါက်ထားလိုက်ရတော့တယ်။

ဒီနေ့ အခြေအနေ အတော်ကောင်းလာလို့ အရည်အချင်းရှိတဲ့ မလေး ကိုယ်စားလှယ်တွေကို နိုင်ငံရေးထဲ ငါတို့သွင်းလာနိုင်တယ်။ အဲဒီ မလေးတွေက အတိုက်အခံပါတီကို ပြောင်းလိမ့်မယ်လို့ မင်းတို့ထင်သလား။ ငါတို့ မထင်ဘူး။ ပီအေပီမှာ အတူပူးပေါင်းလို့ ရနေသေးသမျှပေါ့။ မဟုတ်ဘူးလား။ ဒါကြောင့် မလေးလူတော်တွေရအောင် ငါတို့ အသည်းအသန်ရှာယူကြတယ်။ ကက်ဘိနက်ထဲ သူတို့ပါနေစေချင်တယ်။



ဇင်ဝေသော်

မသိရင် ပိုကောင်းတာပေါ့

တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲမှာ ကြီးကြပ်တဲ့ ပါမောက္ခက ကျောင်းသားတွေကို မေးခွန်းတွေ ဝေရင်း သတိပေးစကားပြောတယ်။

“မင်းတို့ အဖြေလွှာတွေကို နှစ်နာရီအတွင်း အပြီးအပ်ရမယ်။ နှစ်နာရီကျော်သွားတဲ့ အဖြေလွှာတွေကို ငါ လက်မခံနိုင်ဘူး။ နောက်ကျမှ ရောက်လာသူတွေကိုလည်း အချိန်ပို မပေးဘူး”

စာမေးပွဲစလို့ ငါးမိနစ်လောက်ကြာတော့ ကျောင်းသားတစ်ယောက် ရောက်လာပြီး မေးခွန်းတောင်းပြီး ထိုင်ဖြေနေတယ်။ နှစ်နာရီလည်း ပြည့်ရော ပါမောက္ခက အဖြေလွှာတွေ လာအပ်ကြဖို့ ပြောတယ်။ နောက်မှ ရောက်လာတဲ့ ကျောင်းသားက လွဲရင် အားလုံး အဖြေလွှာတွေ အပ်ကြတယ်။ အဲ့ဒီကျောင်းသားကတော့ ဂရုမစိုက်ဘဲ ခပ်တည်တည်ပဲ ဆက်ဖြေနေတယ်။

နာရီဝက်ကြာလို့ သူ့အဖြေလွှာကို သွားအပ်တော့ ပါမောက္ခက လက်မခံဘူး။

“ကျနော် ဘယ်သူလဲဆိုတာ ပါမောက္ခကြီး သိပါသလား” လို့ ကျောင်းသားက မေးတယ်။

“မသိဘူး” လို့ ပါမောက္ခက ခပ်ပြတ်ပြတ် ဖြေတယ်။

“ကျနော် ဘယ်သူဆိုတာ တကယ်ကို မသိတာလား” လို့ ထပ်မေးပြန်တယ်။

“မသိဘူး။ ဘယ်သူဖြစ်ဖြစ် ဂရုလည်း မစိုက်ဘူး” လို့ ပါမောက္ခကြီးက ထပ်ဖြေတယ်။

ပါမောက္ခကြီး တကယ် မသိဘူးဆိုတာလည်း သေချာရော အဲ့ဒီကျောင်းသားက သူ့အဖြေလွှာကို တစ်ခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေကြား ရုတ်တရက်ထိုးထည့်လိုက်ပြီး အခန်းထဲက အပြေးအလွှား ထွက်ပြေးသွားတော့တယ်။

(Wisdom from laughter)


ကမ်းလက်

သူကြီးတန်း ဖတ်စာ

ရှေးသရောအခါ ( မ ) သာလွန် ( ဗိုလ်ချုပ် ) မင်း ( မ ) တြားကြီးသည် စစ်ကိုင်းဘက်သို့ ဆင်စီး၍ ထွက်တော်မူ၏။ ထိုအခါ ကလေးတစ်ယောက် ပစ်ထားခဲ့သော ငှက်ပျောခွံ တစ်ခုကို တက်နင်းမိပြီး ဆင်ကြီး လဲလေ၏။ ကံက ဆိုးချင်တော့ ရွာအလယ်က မောင်ဖိုးမြက စက်ဘီး စီးလာတဲ့ အရှိန်နဲ့ မထိန်းနိုင်ဘဲ တိုက်မိပြန်ရာ ဆင်ကြီး ပေါင်ကျိုးလေ၏။

သူဆင်းရဲမ ငှဲ့ချလိုက်သော ထမင်းရေတို့ကို မြင်သော ဘီးလ်ဂိတ်က " ဟဲ့ ဘီလီယံနာသူဌေးမ၊ ထမင်းရေ၌ ဗီတာမင်မော်ဒယ် ဝမ်း၊ တူး ၊ သရီး စသည်ပါ၏၊ မိမိ၏ ကလေးငယ်များ...... စသည်စသည်......... " ဟုဆိုလေ၏။

ထိုအခါ ဘီလီယံနာသူဌေးမ က " ဟဲ့ အနောက်ချောင်သား ငဘီး၊ ခေါင်းဖီးဖို့ စဉ်းစား၊ နင့်စကား နားထောင်နေရတာနဲ့ ငါ့ထမင်းများ မိုက်ကရို ဆော့ဖ်ဖြစ်ပြီး စားမရ ဖြစ်ချေပြီ၊နင့် ကို တရားစွဲအံ့ " ဟုဆိုရာ

" အခုမှ သိရသည်၊ သင်က ထမင်းချက်ရာ၌ပင် ငါ့ အိုင်တီကို ခိုးယူ၍ ချက်သည်၊ ကော်ပီရိုက်ဖြင့် သင့်ကို တရားစွဲအံ့ " ဟု ခေါင်းဖီးတံခါးပေါက် က ဆိုပြန်၏။

တရားရုံးသို ရောက်သော အခါ I.O.C ပြဿနာကို မရှင်းနိုင်သေးသော ပုဂ္ဂိုလ်များ ခေါင်းကုတ်နေသြည်ကို တွေ့ရ၏။ ဖြစ်ပုံကား ယုန် နှင့် လိပ် မာရသွန်ပွဲကို လုပ်ပွဲများလားဟု သံသယရှိသဖြင့် ပြန်လည် စေ့ငုလေရာ ယုန်ကလေး စားခဲ့သော ဂျေဒေါနတ် ထဲ၌ အိပ်ဆေးဟု ယူဆရသော ဓာတု တစ်မျိုး တွေ့ရှိရလေ၏။ ( ဉာဏ်ရှိက I.O.C ကို International Olympic Committee ဟုလည်းကောင်း၊ International Ocean Committee ဟုလည်းကောင်း၊ အင်တာနေရှင်နယ် အိုးနင်း ခွက်နင်း ငှက်ပျောခွံနင်း ကော်မတီ ဟုလည်းကောင်းဖွင့်ဆိုနိုင်၏ ။)

ယင်း ထမင်းရည် စွတ်ပြုတ် ပုံပြင်ကို မဖတ်ဖူးသော ဖာဂူဆန်က ရီယယ်မက်ဒရစ် နှင့် ( ချာလ်တန် လာကြည့်မည့် ) ချာရတီ ဘောလုံးပွဲ၌ ဂျမေကာ အပြေးသမား ရက်ကော့ ဟိုးလ်ဒါး ဦးစိန်ဗိုလ်ကို ( U Sein Bolt ) ဘောလုံး အကန်ခိုင်းမည်ဟုဆို၏။ ထို့ အပြင် မင်းသား ဟင်နရီ ပါ လာကြည့်မည်ဟု ကြေငြာလိုက်ရာ ရှက်တတ်သော ထို လိပ်က ( မျက်နှာကို အတွင်းထဲ ဇွတ်အတင်း ထိုးထည့်ကာ ) ရုတ်တရက် တရုတ် သမုဒ္ဒရာ ထဲသို့ ချန်ပီယံဆုယူပြီး ထွက်ပြေးလေ၏။

၎င်း လိပ်ကို ဖမ်းမိရေးနှင့် ပတ်သက်ပြီး တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတေးလျ တို့ စစ်ဖြစ်မလိုလိုပင် ရှိချေ၏။ အကြောင်းကား ထို ချန်ပီယံဆုရှင် လိပ်သည် တရုတ်လိပ်လား၊ ဂျပန်လိပ်လား မကွဲပြားသောကြောင့်ဖြစ်၏။

အမေရိကန်တို့က ဂျပန်ကိုဆို၏၊ " ရှိစေ၊ ဂျပန်လိပ်ဖြစ်က အိပ်ဆေးကိစ္စကို တို့ မပြော၊ တရုတ်လိပ်ဖြစ်က အိပ်ဆေးကိစ္စဖြင့် ပွအောင် ဖွမည် " ဟု အားပေးစကား ပြော၏။

တရုတ်တို့ အဆိုအရ လွန်ခဲ့သော သန်းပေါင်းများစွာ လု ထု ဖု မင်းဆက်က နိုင်ငံတွေဟု မရှိ၊ တရုတ်ပြည်၊ တရုတ်ပင်လယ် သာရှိသည် ၊ထို့ကြောင့် အရာခပ်သိမ်း မြန်မာပြည် အပါအဝင် သူတို့ ပိုင်သည် ဟု ဆို၏၊ ယင်းအဆို ဘူးသီးပေါင်းကျော်ဖြင့် သက်သေပြနိုင်သည်ဟု ဆိုလေ၏။

သို့ဖြင့်ပင် မူရင်း ငှက်ပျောခွံ ဖတ်စာထဲမှာပါဝင်ခဲ့ရသော ကလေးငယ်သည် နေရာမရ ဖြစ်ကာ ဘလော့ဂ် တင်ပြီး သူရေးချင်ရာများကို ရေးနေလေတော့၏။ ဖတ်သူ အထိုက် အလျောက်ရှိသည်ဟု ဆို၏။



ဇင်ဝေသော်