"စစ်ပွဲတွေ ရပ်"


"စစ်ပွဲတွေ ရပ်" ဆိုတာနဲ့
"ချစ်သူတိုင်း ညားကြပါစေ" ဆိုတဲ့ ဆုတောင်းဟာ သဘာဝလွန်ဆုတွေပဲ။
ပြည့်ဖို့မလွယ်။
(Nov 19 ,9:21am)

 စစ်ပွဲဆိုတာကတော့ ဘယ်တုန်းကမှ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြသနာတွေတက်နေလို့ဆိုပြီး ဘဏ်ကောက်သွားမယ့် စီးပွားရေးသမားက လှည့်ပြန်မသွားတတ်ပါဘူး။
(Nov 18 10:36am)

ဇေကမ္ဘာတို့ သွက်ချက်ကတော့


ဇေကမ္ဘာတို့ သွက်ချက်ကတော့ စုကြည်လှိုင်းစီးဖို့ အဆင်သင့်တဲ့။

ဘမာဘုန်းကြီး :)


မပေနိုင်တော့တဲ့အဆုံး သာသနာပြုဘုန်းက နာဂရွာလေးကနေ ညမှာ တိတ်တဆိတ် ထွက်ပြေးလေရော။
သိသွားတဲ့ရွာသားတွေက လှံတွေ ဓါးတွေကိုယ်စီဆွဲပြီး လိုက်ဖမ်းကြသတဲ့။
မှီလည်းမှီရော လှံတွေနဲ့ချိန်ထားပြီး ဘမာဘုန်းကြီး ကောင်းကောင်းထား ကောင်းကောင်းမနေဘူး။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် လှံစာမိပြီသာမှတ် တဲ့။
ဟဲ ဟဲ လစ်ပီ။

အရိပ်.......


လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ယမိုက်၊ ၁၀ တန်း အင်္ဂလိပ်တွေနဲ့ ထိုင်ဖူးတဲ့နေရာလေး။ အခုလည်း အေးမြဆဲပါပဲ။ သစ်ရွက်တို့ အနိစ္စကြားမှာ အရိပ်လေးက မပြောင်းဘူး။



စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလား


စင်္ကာပူမှာ နေရတာ မငြီးငွေ့သေးဘူးလားလို့ ရဟန်းငယ်တစ်ပါးကမေးတော့
ငြီးငွေ့စရာ မရှိဘူးဆိုတာလောက်ပဲ ဖြေခဲ့မိတယ်။

ကိုယ်တကယ်သိတဲ့ စင်္ကာပူက နားလည်မှုရှိတဲ့ အသိုင်းအဝိုင်းလေးရယ်၊ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရနေခြင်းရယ်ပါ။ ဆင်တိုဆာတွေ စူပါမားကက်တွေ မပါဘူး။ နေရာတော်တော်များများကို ရောက်လည်း မရောက်ဖူးဘူး။

နောက်ပြီး စင်္ကာပူက ရဟန်းတစ်ပါးဟာ အသက်မွေးဝမ်းကျောင်းမှုက အစ လွတ်လပ်နေတယ်။ မိရိုးဖလာယဉ်ကျေးမှုအရ အမြင်ရိုင်းနိုင်ပေမဲ့ သူ့စနစ်နဲ့သူ လစာ ဆိုတာကလည်း စိတ်ကို ပိုလွတ်လပ်စေတယ်။ ဟင် ဘုန်းကြီးတွေကလည်း လစာနဲ့လားလို့မေးရင် နိုင်ငံဥပဒေအရ ဟုတ်ပါတယ်လို့ပဲ ဖြေရမှာပါ။

တဖြည်းဖြည်း ပြောင်းလဲယူလာတဲ့ စနစ်ကြောင့် ငါ့မှာ တာဝန်တွေရှိပါလားဆိုတဲ့ အသိစိတ်ထက်ပိုပြီး ငါမရှိရင်တော့ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုး မရှိဘူး။ ဒီလူမရှိရင် ဟိုလူလုပ်ပေါ့။ ဒါကလည်း လွတ်လပ်ခြင်း တစ်မျိုးပါပဲ။ ငါမရှိတော့ရင် မြန်မာဘုန်းကြီး ရှိနိုင်ပါတော့မလား ဆိုတဲ့အတွေးမျိုးတောင် မရှိချင်တော့ဘူး။ စွမ်းတဲ့သူ လူကြီးဖြစ်ပေါ့။ ဒါက ဒီမိုကရက်တစ်ပဲ။ ဘုရားစကားတော်တွေနဲ့လည်း ကွက်တိပါပဲ။




စာရေးစာဖတ်ကို ဘ၀ရဲ့ အဓိက အစိတ်အပိုင်းထဲ ထည့်ထားတော့ ဘယ်နေရာမှာပဲနေနေ ဒါတွေလုပ်ခွင့်ရနေတဲ့နေရာဟာ ပျော်စရာပါပဲ။ ဒါတွေ လုပ်ခွင့်မရတဲ့နေ့မှာ စင်္ကာပူဟာ ငြီးငွေ့စရာ ဖြစ်လာပါလိမ့်မယ်။ အခုတော့ မီးမပျက်၊ ခြင်မရှိ၊ တစ်ကိုယ်ရေ လွတ်လပ်ခွင့် အပြည့်ရှိတဲ့နေရာလေးကို သမုဒယပါးပါးနဲ့ တွယ်နေဆဲပါပဲ။

ဒီနှစ်တွေအတွင်း ရေးမိတဲ့ စာမျက်နှာတွေကို ပြန်ရေတွက်ကြည့်မိတော့ မဆိုးလှဘူး ဆိုတာလောက်တော့ ပြနေပြန်တယ်။ ဒါနဲ့ပဲ.....



ကျနော် မေတ္တာဆက်ပို့မယ်၊ စာဆက်ရေးမယ်။


ဇင်ဝေသော်ရဲ့ အကောင့်ပျောက်မှုက ဇင်ဝေသော် ရေးမယ့်စာတွေကို မတားဆီးနိုင်ပါဘူး။
ဖိုးစိန်ဆင့်သား အငယ်ကောင်ကလည်း အတူတူပါပဲ။
ချစ်ခင် လေးစား ပညာရှင်ဆန်မှုတွေအတွက်...
ကျေးဇူးအထူးတင်ပါတယ် လူကြီးမင်းတို့ရေ။

**ဝိဘဇ္ဇ ဟေဝန်**

ဒီမိုကရေစီ၊ လူ့အခွင့်အရေးများနှင့် ရင်းနှီးကြွမ်းဝင်ရာမှ အစပြုကာ ကေသ မုတ္တိရွာ၊ ကာလာမ မျိုးဆက်၊ ဝိဘဇ္ဇဝါဒနှင့် ဘုရားရှင်၏ ခေတ်မီသော ရပ် တည်ချက်တို့ အနောက်မှာပင် လူကြိုက်များခဲ့သည်။

သို့သော်
ဝိဘဇ္ဇ=စူးစမ်းဝေဖန်၊ ပိုင်းခြား စီစစ်ဟူသည်
၁။ သူတပါးကို ဝေဖန်ပြောဆိုခြင်းလား
၂။ မိမိဘာသာ စီစစ်၍ လက်ခံခြင်းလား။
ကေသမုတ္တိသုတ်ကတော့ ဒုတိယ အဓိပ္ပါယ်ကို ပို၍ အားပေးနေ သလို တွေ့မြင်ရသည်။ ပထမလည်း ပါပါသည်။

ဒုတိယ သို့သော်
ဝိဘဇ္ဇ=စူးစမ်းဝေဖန်၊ ပိုင်းခြား စီစစ်ဆိုရာ၌
၁။ လုံလောက်သော ထိုထို ဘာသာရပ်ဆိုင်ရာ ဗဟုသုတ
၂။ ခိုင်မာသော စာပေ၊ အတွေ့အကြုံ
၃။ ပွင့်လင်းလွတ်လပ်သော အမြင်
၎။ အလယ်အလတ်ကျသော သဘောထားရပ်တည်မှု
ဒါတွေရှိမှ ထို ဝိဘဇ္ဇလည်း မှန်ပေလိမ့်မည်။
(၁ နှင့် ၂ က ယနေ့ခေါ်ကြသည့် Research သဘောတရားဖြစ်ပြီး
၃ နှင့် ၄ က Open-minded ဖြစ်နေခြင်းသဘော ဖြစ်ပေသည်။)

တစ်ဆင့်ခြင်း မြင့်လာသော မင်္ဂလသုတ်တော်မှာတော့
၁။ ကာလေန ဓမ္မသာဝနာ (တရားနာ၊ လေ့လာဆည်းပူး) ပြီးမှ
၂။ ကာလေန ဓမ္မသာကစ္ဆာ (တရားဆွေးနွေး၊ ဝေဖန်ပိုင်းခြား) လုပ်ရန် လမ်းညွှန်ချက်တွေ့ရသည်။
လုံလောက်သော ဗဟုသုတ၊ အတွေ့အကြုံ စသည်မရှိသေးပဲ
ထိုထို ဝေဖန်စိစစ်မှုတို့ မှန်ရန်မလွယ်ကူဟု ဆိုလိုတော်မူဟန်ရှိသည်။

ဘုရားရှင်သည် ဝိဘဇ္ဇဝါဒကို အားပေးတော်မူ၏။ ၅၀ ရာခိုင်းနှုံး မှန်သည် (ဟုထင်၏)
ထို့အတူ ဝိဘဇ္ဇကြရန် ဗဟုသုတနှင့် အတွေ့အကြုံရှိဖို့လည်း လိုကြောင်း ထောက်ပြတော်မူ၏။ ရာနှုံးပြည့် မှန်သည် (ဟုထင်၏)

(05/06/2013)

ဆုတောင်းပေးသူတွေကို ကျေး ဇူးတင်ပါတယ်


မနေ့ညက မနေခြည် လာကပ်သွားတဲ့ မွေးနေ့အကြို ဘုရားပန်း။
အရောင် သုံးမျိုး။ ဘာအဓိပ္ပါယ်လည်း ပြောနိုင်ကြသလား။

  October 28 at 4:51pm


မနေ့က အွန်လိုင်း၊ တိုင်းမလိုင်းပေါ်မှာ မွေးနေ့ဆုတောင်းပေးသူ ၈၀
ဖုန်းမက်ဆေ့၊ ကွန်မင့်နဲ့ ဆုတောင်းပေးသူ
လူမသိ၊ စာမရေး၊ အသံမထွက် ဆိုင်းလင့် ဆုတောင်းပေးသူတွေကို ကျေး ဇူးတင်ပါတယ်။
ဒါနဲ့ အိုင်ပက်မီနီက ကင်မရာမကောင်းဘူး၊ မကြည်ဘူးဆိုပြီး မသုံးဖြစ်ခဲ့ ပါ။ ကောင်မလေးတစ်ယောက်က မဖြစ်နိုင်တာ၊ ကင်မရာမှာ ပေပွနေ တာတွေ ရှိလို့နေမှာဆိုပြီး တစ်ရှူးနဲ့ သုပ်လိုက်တော့ အိုင်ပက်မီနီ ကင်မရာ က အတော်ကောင်းသွားခဲ့ပါတယ်။ ကွမ်းစားထုံး အနည်းငယ် ပေနေတာမျိုးလောက်ပါ။
ဒီအပြင် ဓာတ်ပုံရိုက်၊ မလိုတဲ့အပိုင်းတွေကို ဖြတ်ပစ်လို့ရမှန်း သိလိုက်ရ ပါတယ်။ အခု ဦးရွှေမန်းပုံက အဲ့ နည်းပညာအတိုင်း ဖန်တီးထားတာပါ။ သူ့ကိုလည်း ကျေးဇူးပါ။

October 29 at 4:49pm


 

မွေးနေ့ဆု


လွန်ခဲ့တဲ့ သုံးနှစ်က ဥက္ကဌက ပြောတယ် "အရင်ဘန္တေ လက်ထက်ကလို မွေးနေ့နဲ့ အနီးဆုံးတနင်္ဂနွေမှာ မွေးနေ့အဖြစ် သတ်မှတ်ပြီး ကျောင်းကော်မတီက မွေးနေ့ ကျင်းပပေးရင် မကောင်းဘူးလား"
"ကောင်းပါတယ်။ ဒါပေမဲ့ မလိုတော့ပါဘူးဗျာ၊ မွေးတောင်မွေးခဲ့ပြီးပြီပဲ၊ တခြားဟာတွေ လုပ်ရအောင်ပါ" သူ ဘာမှ ထပ်မပြောတော့ဘူး။

ဆုတောင်းခွင့်ရှိရင်.......
နန်းရင်ပြင်က အလှပြ ကျောက်စီဓား တစ်လက် ဖြစ်ဖို့ထက်
သစ်ခုတ်သမား လက်ထဲက ဓားမတို တစ်ချောင်း
အိမ်ရှင်မလက်ထဲက ကြက်သွန်လှီးဓား တစ်လက်
ဖြစ်ရဲဖို့ တွန့်ဆုတ်နေမိတိုင်း
အားပေး လမ်းညွှန်တော်မူပါ အရှင်ဘုရား။

အဖေ(သို့)ကျုန်ုပ်ဘဝ၏ အာခီတက်


ဘဝခရီးအတွက် အမောခဏဖြေရင်း အဖေ့ကျေးဇူးကို ခပ်ဖွဖွနမ်းရှိုက်မိပါတယ်။ ဒီစာဟာ ကိုယ်ရည်သွေးမဟုတ်တဲ့ အဖေရည်သွေး မှတ်တမ်းတိုတစ်ပုဒ်ပါ။
"မင်းဆရာ ဦးမြအောင်နဲ့တွေ့တော့ မင်းကို ကျောင်းဆက်ထား၊ မထားမေးနေသေးတယ်ကွ၊ မထားနိုင်ဘူးဆိုတော့ သူလည်း စိတ်မကောင်းရှာ ဘူး။ ဒါပေမဲ့ ငါကြားရတဲ့သတင်းတစ်ပုဒ်က မင်းကွန်းဆရာတော်ကြီးက ရန်ကုန်နဲ့ မန္တလေးမှာ သာသနာ့တက္ကသိုလ် ကြီးတွေ တည်ထောင်ဖို့လုပ်နေတယ်တဲ့ကွ။ ဓမ္မာစရိယပြီးရင် အဲဒီတက္ကသိုလ်ကြီးတွေကို တက်လို့ရမယ်။ မင်း ကိုရင်ဝတ်၊ ဓမ္မာစရိယပြီးအောင် အမြန်လုပ်ပြီး အဲဒီ့ တက္ကသိုလ်ကြီးတွေ တက်နိုင်အောင် ကြိုးစားပေါ့။ အဖေတို့က လူတက္ကသိုလ် မပို့နိုင်တောင် ဘုန်းကြီးတက္ကသိုလ် တက်နိုင်အောင်တော့ ထောက်ပံ့ပေးနိုင်မှာပါ။ သာသနာ့တက္ကသိုလ်တက်ရရင် လူတက္ကသိုလ်ထက်တောင် ကောင်းသေးတယ်။ မင်း ကိုရင် ဝတ်မလား"
"ဒါဆို တောင်သူက ဘယ်သူ ဦးစီးလုပ်မှာလဲ"
"မပူပါနဲ့ကွာ၊ မင်းအမတွေ၊ ယောက်ဖတွေလည်းရှိနေတာပဲ"
"သားမက်က သားတော့မဟုတ်ဘူးနော် အဖေ"
"အဖေလည်း လုပ်နိုင်ပါသေးတယ်၊ မင်းဘာသာ မင်း စဉ်းစား။ ကိုရင် ဝတ်မယ် ဆိုရင် ဒီဝါဆိုအမီ ဘူးကိုင်းဘုန်းကြီး(မြောင်နယ်၊ ဘူးကိုင်းရွာ၊ ဗောဓိကျောင်း)ဆီ ငါလိုက်ပိုပေးမယ်။
**************************************************************************

ဒီလိုနဲ့ သံသာရ ဝဋ္ဋဒုက္ခတောဆိုတာ ဘာမှန်းမသိ၊ သီဟနာဒဖြစ်လာမည့် ၁၆ နှစ်သားလူငယ်သည် ဓမ္မာစရိယအောင်မြင်ရေး၊ သာသနာ့တက္ကသိုလ် တက်ရောက်ရေးအတွက် ထွန်တုံးပေါ်မှဆင်းကာ ဝါဆိုလပြည့် ည ကိုးနာရီမှာ သာမဏေတစ်ပါးဖြစ်သွားတော့သည်။
****************************************************************************

အရာခပ်သိမ်းပြောင်းလဲသွားသည်က ရဟန်းတစ်ဝါအရမှာ ဖြစ်ပါသည်။ ထိုစဉ် မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ဒေးဝန်းဆရာတော်ကြီးထံ ရောက်ရှိနေပါပြီ၊ ဓမ္မာစရိယ သုံးကျမ်းစလုံး အပြီး၊ အနည်းဆုံး နှစ်ကျမ်းတော့ပြီးမယ်လို့ ထင် ထားခဲ့သော်လည်း ပါရာဇိကဏ် တစ်ကျမ်းသာအောင်ခဲ့သည်။ သို့သော် အခက်ဆုံးလို့ယူဆရသည့် ပါရာဇိကဏ်ပြီးသွားသည့်အတွက် ကျန်နှစ်ကျမ်းက သက်တောင့်သက်သာပြီးနိုင်သည့်သဘော ရှိသွားခဲ့သည်။ ထိုအခါ တိပိဋက ဓရ ရွေးချယ်ရေး ဥက္ကဋ္ဌဖြစ်နေဆဲဖြစ်သည့် ဒေးဝန်းဆရာတော်ကြီးက ဝါတွင်းမှာ နိကာယ်ကျက်ဖို့ ဩဝါဒချွေလာသဖြင့် ပါရာဇိကဏ်ပါဠိတော်ကိုကျက်၊ မနက်တိုင်း ဆရာတော်ကြီးဆီ စာပြန်ရပါသည်။
တကယ့် ပါဠိတော်ကြီးတွေကိုကျက်မှ မိမိဉာဏ် မစွံလှကြောင်း သိရသည်။ ထိုစဉ် စစ်ကိုင်း၊ သုဗောဓာရုံနေ(ယခု ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ မိခင်တပ်ရင်းကျောင်းတိုက်) သူငယ်ချင်းက တစ်နေ့ကို စာမျက်နှာ ၂၀ ခန့် ကျက်နိုင်သည်။ မိမိဉာဏ်က တစ်နေ့ ၁၀ မျက်နှာမျှသာရှိသည်။ သို့သော် ဆရာတော်ကြီးက ကျေနပ်ပါသည်။ ၂ လဆိုရင် ပါရာဇိကဏ်ကုန်မယ်၊ နောက်နှစ် လ ပါစိတ်ကိုဆက်ကျက်၊ ဥဘတောဝိဘင်း ဝင်ပြန်၊ သုံးလလောက်အလိုမှာ ဓမ္မာစရိယပြန်ကိုင်ဖို့ အချိန် အကြမ်းဆွဲပေးသည်။
**********************************************************************

ပါရာဇိကဏ် ကျက်လို့ ကုန်ခါနီးမှာ မမျှော်လင့်ဘဲ အဖေဆုံးပါးသွားခဲ့ရပါသည်။ တစ်နေရာဆီမို့ အဖေ့ဆီက နောက်ဆုံး အမှာစကားလည်း မကြားလိုက်ရပါ။ ထို့ကြောင့် အဖေ့ ဈာပနအပြီး တစ်ချိန်ကအဖေဖြစ်စေချင်သည့် သာသနာ့ တက္ကသိုလ်ကို တက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ တက္ကသိုလ်ပညာရေးကို အထင်မကြီးသည့် ဆရာတော်ကြီးက အကြီးအကျယ်ဆူပါသည်။ သို့သော် အဖေ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းလိုတာရယ်(ဆရာတော်ကြီးမှာ အခြား တပည့်တွေရှိသော်လည်း ဒီ အဖေကတော့ ဒီသားတစ်ယောက်သာ ရှိသည့် အတွက် အဖေ့ဖက်ကို ရွေးခဲ့ပါသည်)၊ ထိုစဉ် ဓမ္မာစရိယပြီးရန်မလို အကြီးတန်းပြီးရင်ဘဲ တက္ကသိုလ်တက်လို့ရတာရယ်ကြောင့် ထိုနှစ် သတင်းကျွတ်တာနဲ့ တက္ကသိုလ်ဝင်ခွင့်ဖြေလိုက်ပါတော့သည်။
*************************************************************************

နေခဲ့တော ပါရာဇိကဏ်၊ ပါစိတ်။ ပြေးဖက်လိုက်သည့် အေ၊ ဘီ၊ စီ။
"မင်း သာသနာ့တက္ကသိုလ်ထဲရောက်သွားရင် ငါတို့ သင်မပေးလိုက်နိုင်တဲ့ အင်္ဂလိပ်စာတွေ သင်ရမှာ၊ အင်္ဂလိပ်စာ တတ်သင့်တယ်ကွ"

အတတ်ကြီးမဟုတ်သေးပေမဲ့(ဘယ်တော့မှလည်း တတ်မှာမဟုတ်) အဖေ့ရဲ့ လမ်းပြမြေပုံအတိုင်းလိုက်နေနိုင်တယ်ဆိုတဲ့ အသိ။

သာမန်ထက်လုံးဝ မပိုတဲ့ သားတစ်ယောက်ဟာ ခေါင်းပေါင်းစဖြူဖြူနဲ့ သူ့အဖေရဲ့ လမ်းပြမှုမရှိဘဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာလွန်းလို့ ရောက် တဲနေရာမှာ ခဏရပ်။
အဖေ့ကျေးဇူးကို ခပ်ဖွဖွ ပြေးဖက်ရင်း အနားယူ ခိုးနားနေမိပါသည်။
အဖေ့ အရိပ်သည် အေးမြဆဲ။
အဖေ့စကားတွေသည် ပူနွေးဆဲ။
(posted on 28/09/2014 08:36)

အုတ်ဂူတွေ မရှိပေမဲ့စာအုပ်တွေ ရှိနေစေရပါမယ်အဖေ။ ။