ဗုဒ္ဓဘာသာကို လေ့လာကြရာမှာ ဗုဒ္ဓဝင်ကစကြတာများပေမယ့် ကျွန်တော်ကတော့ ဗုဒ္ဓ မပေါ်မီ ခေတ်ကို ပြန်သွားကြည့်ချင်ပါတယ်။ ဒီလိုလေ့လာမှုဟာ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို ပိုပြီး သဘောကျ စေမယ်လို့ ယုံကြည်ပြီး သမိုင်းနဲ့ယဉ်ကျေးမှုဆက်သွယ်ချက်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိနားလည် လာစေနိုင်ပါတယ်။ ဒါမှသာ ဗုဒ္ဓပေါ်ထွန်းခဲ့တဲ့ အိန္ဒိယရဲ့ ဒဿနအမြင်နဲ့ ကိုးကွယ်မှုကို အခြေခံလိုက်နိုင်မှာပါ။
အိန္ဒိယရဲ့ ဒဿနနဲ့ ကိုးကွယ်မှုဖွံ့ဖြိုးလာပုံကို ပထဝီအနေအထားပေါ် အခြေခံပြီး သုံးသပ်ကြည့် လိုပါတယ်။ အိန္ဒိယမှာ ဂင်္ဂါနဲ့ ယမုံနာဆိုတဲ့ မြစ်ကြီးနှစ်စင်းရှိတယ်။ ဟိမဝန္တာကနေ အစချီပြီး ဒီမြစ်ကြီးနှစ်စင်းက နယ်မြေတွေကို ကျယ်ကျယ်ပြန့်ပြန့်ခွဲထားပေးခဲ့တယ်။ နောက်မှ တဖြည်းဖြည်းနီးလာပြီး အိန္ဒိယလွင်ပြင် အလဟာဘတ်မြို့နားကိုရောက်မှ ဒီမြစ်ကြီးနှစ်စင်း ပေါင်းဆုံသွားတယ်။
ဒီမြစ်ကြီးနှစ်စင်းဟာ အိန္ဒိယဖလော်ဆော်ဖီနဲ့ ဘာသာရေးအစပြုပုံနဲ့ ဖွံ့ဖြိုးတိုးတက်ပုံတွေကို ညွှန်ပြနေတယ်။ ပထဝီ အနေအထားအရ ခြားနားသလို အဲဒီမြစ်ကြီးတွေအပေါ်မှာ အမှီပြုနေထိုင်နေကြတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေကလည်း မတူကွဲပြားနေကြပါတယ်။ ဒီယဉ်ကျေးမှုတွေဟာ ရာစုနှစ်ပေါင်းများစွာ မတူကွဲပြားရာကနေ တဖြည်းဖြည်းနီးစပ်လာခဲ့ပြီး ယနေ့ဆိုရင် ခွဲခြားလို့တောင်မရတော့အောင် ဖြစ်နေပါတယ်။ မြစ်ကြီးနှစ်စင်းကွဲပြားရာကနေ နောက်ဆုံးပင်လယ်ထဲကို အတူစီးဝင်သွားသလိုမျိုးလို့ပြောရင် ရနိုင်လိမ့်မယ် ထင်ပါတယ်။
အိန္ဒိယသမိုင်းကိုပြန်ကြည့်တော့ ဘီစီတတိယထောင်စုနှစ်တွေကတည်းကပဲ အလွန်ဖွံ့ဖြိုးနေပြီဖြစ်တဲ့ ယဉ်ကျေးမှုကို တွေ့ကြရတယ်။ ဒီယဉ်ကျေးမှုဟာ လူ့ယဉ်ကျေးမှုပုခက်လို့ခေါ်ရမယ့် အီဂျစ်၊ ဘေဘီလုံတို့နဲ့ ခေတ်ပြိုင်ပါ။ ဘီစီ ၂၈၀၀ ခန့်ကနေ ၁၈၀၀ အထိ ဖွံ့ဖြိုးခဲ့တဲ့ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုပါ။ ဟရပ္ပန်စီဗီ လိုက်ဇေးရှင်းလို့လည်း ခေါ်နိုင်ပါတယ်။ အဲဒီယဉ်ကျေးမှုဟာ ဒီနေ့ပါကစ္စတန်အနောက်ပိုင်းကနေ ဘုံဘေအထိ ပြန့်ခဲ့ပြီး အရှေ့ဖက်ဆိုရင် ရှင်းမလကနေ ဟိမဝန္တာတောင်ခြေအထိ ပြန့်နှံ့ခဲ့တယ်။
ဒီနေ့မြေပုံကိုပြန်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုရဲ့ ခမ်းနားခဲ့ပုံကိုသိနိုင်ပါတယ်။ ဒီယဉ်ကျေးမှုဟာ နှစ်ထောင်ချီပြီးတည်တံ့ခဲ့ရုံသာမက ရုပ်ပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အများကြီးတိုးတက်နေခဲ့ပါပြီ။ အထူးသဖြင့် ဆည်မြောင်းများနဲ့ မြို့ပြအိမ်ရာစနစ်တွေပါ။ အဲဒီခေတ်ကလူတွေဟာ ဒီနေ့ကွန်ပျူတာမှာသုံးနေတဲ့ binary model သင်္ချာစနစ်ကို သုံးစွဲတတ်နေပြီဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
သူတို့ဟာ စာပေတတ်မြောက်ခဲ့ရုံသာမက ရေးသားမှုပင်ရှိနေခဲ့ပြီး အဲဒီအက္ခရာတွေ ကို အခုအထိ ဘာသာ မပြန်ဆိုနိုင်သေးပါဘူး။ (အိန္ဒုမြစ်ဝှမ်းမှတ်တမ်းကကိုပဲ ဘာသာဗေဒအရ ဖြေရှင်းလို့မရသေးတဲ့ ပဟေဠိတစ်ခုရှိနေဆဲပါ) ။ ဒါ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း အများကြီးဖွံ့ဖြိုးနေပြီဆိုတာ Mohenjo-daro နဲ့ Harappa တို့က သက်သေခံနေပါတယ်။
အဲဒီ ငြိမ်းချမ်းတဲ့ ရှေးဟောင်းလူ့ယဉ်ကျေးမှုဟာ ဘီစီ ၁၈၀၀ နဲ့ ၁၅၀၀ ကြားမှာတော့ သဘာဝ အန္တရာယ်နဲ့ နယ်ချဲ့သူအန္တရာယ်တို့ကြောင့် တော်တော်အထိနာခဲ့ရပါတော့တယ်။ နယ်ချဲ့သူတွေဟာ အာရီးယန်း တွေလို့ ဆိုစမှတ်ပြုကြပါတယ်။ သူတို့မူလနေရပ်က အရှေ့ဥရောပကဖြစ်နိုင်ပြီး ယနေ့ ပိုလန်နဲ့ ယူကရိန်း နိုင်ငံတို့လို့ဆိုရင် ရနိုင်ပါတယ်။ အရီးယန်းတွေဟာ ဒေသခံအိန္ဒုမြစ်ဝှမ်းကလူတွေနဲ့ လုံးဝမတူ ခြားနားပါတယ်။ အိန္ဒုမြစ်ဝှမ်းသားတွေက စိုက်ပျိုးမွေးမြူရေးနဲ့ အခြေချနေထိုင်တတ်ပြီး အရီးယန်းတွေက လှည့်လည်ကျင်လည် ကျက်စားတတ်ကြပါတယ်။ မြို့ပြစနစ်ကို အထာမကျကြသေးပါဘူး။
အာရီးယန်းတွေရောက်လာပြီး မကြာခင်မှာပဲ တဖြည်းဖြည်းနဲ့ သူတို့ယဉ်ကျေးမှုတွေ လွှမ်းမိုးလာခဲ့ပြီး ဒုတိယထောင်စုတစ်ဝက်လောက်လည်းရောက်ရော အိန္ဒိယပြည်ကြီးဟာ အာရီးယန်းယဉ်ကျေးမှုတွေနဲ့ လွှမ်းခြုံ သွားခဲ့ပါတော့တယ်။
အိန္ဒုမြစ်ဝှမ်းသားတွေနဲ့ အာရီးယန်းတွေရဲ့ ဘာသာရေးအမြင်ကို ကြည့်ကြပါဦးစို့။ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အိန္ဒုမြစ်ဝှမ်းသားတွေဆီမှာ ဒီနေ့အထိ ဘာသာပြန်ဆိုလို့မရသေးတဲ့ စာပေရေးသားမှု ရှိနေခဲ့ပါပြီ။
ဒါပေမယ့် ကျွန်တော်တို့သိထားခဲ့တဲ့ ယဉ်ကျေးမှုသမိုင်းဟာ ရှာဖွေတွေ့ရှိမှုအထောက်အထားနှစ်ခုနဲ့ အနည်းငယ်သွေဖီနေပါတယ်။ မိုဟိန်ဂျိုဒါဇိုနဲ့ ဟရပ္ပမှာ တူးဖော်တွေ့ရှိချက်တွေအရ ဒီစာပေရေးသားမှုတွေဟာ အာရီးယန်းတွေရဲ့ အက္ခရာတွေဖြစ်ပြီး သူတို့အောင်နိုင်သိမ်းပိုက်လိုက်တဲ့ လူတွေရဲ့ ဘာသာရေး ယုံကြည်မှု တွေနဲ့ ပတ်သက်လို့ ရေးသားထားတာလို့ ဆိုပါတယ်။
တူးဖော်တွေ့ရှိမှုတွေအရ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အရေးကြီးတဲ့သင်္ကေတ အမှတ်အသားတွေ အများကြီးရှိတယ်ဆိုတာ သိရပြန်တယ်။ ဒါတွေက ဘာသာရေးနဲ့ပတ်သက်တဲ့ သင်္ကေတတွေဖြစ်ပြီး ဗုဒ္ဓဘာသာက အထွက်အမြတ် ထားတဲ့ သင်္ကေတတွေဖြစ်နေပြန်ပါတယ်။ ဥပမာ ဗောဓိပင်၊ ဆင်၊ သမင် စတာတွေပါ။ အရေးကြီးဆုံးလို့ ဆိုရင် ရနိုင်တာက လူတစ်ယောက် တင်ပလ္လင်ခွေ၊ လက်နှစ်ဖက်ပေါင်ပေါ်တင်၊ မျက်စိကို ခပ်ရေးရေးမှိတ်ထားတဲ့ တရားထိုင်နေတဲ့ ပုံမျိုးပါပဲ။
ဒီလို တူးဖော်တွေ့ရှိမှုတွေ၊ အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ယောဂနဲ့ တရားထိုင်ခြင်းတွေကို ခြေရာခံနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဒါပေမယ့် အာရီးယန်းတွေရေးသားထားတဲ့ အိန္ဒုမြစ်ဝှမ်းသားတွေအကြောင်း ဖော်ပြတဲ့ ဝေဒကျမ်း တွေကို ပြန်ကြည့်ပြန်တော့ အတည်တကျမရှိ လျှောက်သွားတတ်တဲ့ ရသေ့သူတော်စင် တွေအကြောင်းလည်း တွေ့ရပြန်တယ်။ သူတို့ဟာ စိတ်ထိန်းချုပ်မှုကျင့်စဉ်တွေကိုကျင့်ပြီး တစ်ယောက် တည်းနေ၊ အဝတ်အစားမပါ၊ (သို့) ကြီးမားတဲ့ဝတ်ရုံတွေကို ဝတ်ရုံထားတဲ့လက္ခဏာတွေ တွေ့ရပါတယ်။ သူတို့ဟာ မွေးခြင်း၊ သေခြင်းရဲ့လွတ်မြောက်ရာတရားတွေကို လိုက်လံဟောကြားနေတတ်ကြတယ်။
အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုနဲ့ပတ်သက်လို့ တူးဖော်တွေ့ရှိမှုတွေ၊ အရီးယန်းတွေ ရေးသားထားတဲ့ ကနဦးပိုင်း အထောက်အထားတွေကို ပေါင်းစပ်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ဘာသာရေးအယူအဆနဲ့ ကျင့်သုံးမှုတွေကို ရှင်းရှင်းလင်းလင်းကြီး မဟုတ်တန်စေ အရေးကြီးတဲ့အပိုင်းတွေကိုတော့ အတော်အတန် ကောက်ချက်ချလို့ရပါပြီ။
သူတို့ဘာသာရေးမှာ အရေးကြီးတာတွေ အများကြီးပါ။
ပထမဆုံး တရားထိုင်ခြင်း(သို့) စိတ်ကျင့်စဉ်အကြောင်း။
ဒုတိယ - တောရိပ်မှီခိုတဲ့ အလေ့အကျင့် စတာတွေဟာ တော်တော်လေး ယေဘုယျဆန်တဲ့ ဓလေ့စရိုက်တွေပါ။
တတိယကတော့ သံသရာဝါဒနဲ့
စတုတ္ထကတော့ ဒီနေ့ကမ္မလို့ပြောရမယ့် သေတဲ့နောက်ပါလာတဲ့ နာမ်သတ္တိသဘောတရားတွေပါ။
နောက်ဆုံးကတော့ သေခြင်းတရားမှ လွတ်မြောက်ရာ ဝိမုတ္တိဆိုတဲ့ အကြီးမားဆုံးပန်းတိုင်ပါပဲ။
ဒါတွေဟာ အံ့ဘနန်း အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ရှေးအကျဆုံးပုံရိပ်တွေပါ။
ယခု အာရီးယန်းတွေရဲ့ ဘာသာရေးကို ကြည့်ကြပါစို့။ တော်တော်လေး ခြားနားပါတယ်။ ရှေးဦး အာရီးယန်းတွေရဲ့ ယုံကြည်မှုက ရှင်းလင်းတယ်။ သူတို့မူလနေရပ်က အရှေ့ဥရောပက ဖြစ်နိုင်တယ် ဆိုတဲ့အတိုင်း ရှေးဟောင်း ဂရိယဉ်ကျေးမှုတွေနဲ့ တော်တော်များများ ဆင်တူတာတွေ့ရပါတယ်။ ဂရိနတ် မော်ကွန်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။ သဘာဝကို ကိုယ်စားပြုတဲ့နတ်တွေ အများကြီး အာရီးယန်းတွေရဲ့ ကိုးကွယ်မှုမှာ တွေ့ရပါတယ်။ ဥပမာ ဣန္ဒရ(မိုးနတ်) ၊ အဂ္ဂိ( မီးနတ်)၊ ဝရုဏ(ရေနတ်) စတာတွေပါ။
အိန္ဒုမြစ်ဝှမ်းသားတွေအတွက် ရသေ့ရဟန်းဟာ ဘာသာရေး သင်္ကေတတစ်ခုမျှသာဖြစ်ပေမယ့် အာရီးယန်းတွေရဲ့ တရားဟောဆရာက ဒီထက်အများကြီး ပိုအရေးကြီးပါတယ်။
အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အထွက်အမြတ်ဘာသာရေးအကျင့်က ကာမဂုဏ်ကိုစွန့်ကာ တောထွက်ခြင်း ဖြစ်ပြီး အာရီးယန်းတွေအတွက်ကတော့ တူတူတန်တန်မိသားစုခေါင်းဆောင် ဖြစ်ဖို့ပါ။
မိသားစုနဲ့ပတ်သက်လို့ အိန္ဒုမြစ်ဝှမ်းသားတွေမှာ ထူးထူးခြားခြားယုံကြည်မှု မတွေ့ရပေမယ့် အာရီးယန်း တွေအတွက်ကတော့ “သား” မွေးဖွားမှုဟာ အကြီးမားဆုံးဆုလာဒ်ပါ။
အိန္ဒုမြစ်ဝှမ်းသားတွေက တရားရှုမှတ်ခြင်းကို အလေးအနက်ထားပေမယ့် အာရီးယန်းတွေကတော့ ယဇ်ပူဇော်မှုကို အလေးထားတယ်။
အိန္ဒုမြစ်ဝှမ်းသားတွေက ကမ္မနဲ့ သံသရာဝါဒကို ယုံကြည်ကြပေမယ့် ဒီလိုယုံကြည်မှုမျိုး အာရီးယန်း တွေဆီမှာ မတွေရပြန်ပါဘူး။
တမလွန်နဲ့ပတ်သက်တဲ့ အယူအဆတွေ၊ ကံတရားတွေ အာရီးယန်းတွေဆီမှာ မတွေ့ရပါဘူး။ သူတို့ရဲ့ အမြင့်မြတ်ဆုံးကိုယ်ကျင့်တန်ဖိုးက အဖွဲ့အစည်းကို သစ္စာစောင့်သိဖို့၊ လူမျိုးစုကြားထဲမှာ သပ္ပါယဖြစ်ဖို့၊ လူမျိုး ကိုပြန်လည်အကျိုးပြုဖို့ စတာတွေနဲ့ သတ်မှတ်ပါတယ်။
နောက်ဆုံးအနေနဲ့ အိန္ဒုမြစ်ဝှမ်းသားတို့ရဲ့ နောက်ဆုံးဘဝပန်းတိုင်ဟာ လွတ်မြောက်ရေးဖြစ်ပြီး အာရီးယန်း တွေအတွက်မှာတော့ ကောင်းကင်ဘုံရောက်ရှိရေးပါ။
အားလုံးကိုပြန်ချုပ်ကြည့်ရင် အိန္ဒုမြစ်ဝှမ်းသားတို့က တောထွက်ခြင်း၊ တရားအားထုတ်ခြင်း၊ သံသရာ၊ ကံ၊ ဝိမုတ္တိတို့ကို အလေးထားပြီး အာရီးယန်းတွေကတော့ ယဇ်နတ်ပူဇော်ခြင်း၊ သစ္စာရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်း၊ အာဏာရှိခြင်းနဲ့ ကောင်းကင်ဘုံတို့ကို အလေးထားပါတယ်။ ဒါတွေကိုကြည့်ရင် ဒီယုံကြည်မှု နှစ်ခုဟာ လုံးဝမတူကွဲပြားခဲ့ပြီး နောက်ရာစုနှစ်များစွာကြာတဲ့အခါမှာတော့ ခွဲခြားလို့မရအောင် တစ်သားတည်း ဖြစ်ခဲ့ရပါတယ်။
ပြီးတော့ အရီးယန်းတွေဆီမှာ ဒေသခံတွေလုံးဝမကြားဖူးတဲ့ အချက်နှစ်ခုရှိနေပြန်ပါတယ်။ ဒါကတော့ ဇာတ်ခွဲခြားမှုနဲ့ နတ်ဒေဝတာတို့က သတင်းပေးခြင်းဆိုတာတွေပါ။
ဘီစီ ၁၅၀၀ နဲ့ ဘီစီခြောက်ရာစု (မြတ်စွာဘုရားပေါ်ထွန်းချိန်) ကြားကာလဟာ မတူကွဲပြားတဲ့ ဒီယဉ်ကျေးမှုနှစ်ခု အပြန်အလှန်နှီးနှောတဲ့ကာလ ဖြစ်ခဲ့တယ်။ အာရီးယန်းတွေက အိန္ဒိယအရှေ့တောင်ပိုင်း ဆီကို တဖြည်းဖြည်းရွေလျားခဲ့ကြပြီး မြို့ပြအိမ်ယာတည်ထောင်မှုစနစ်တွေက တဖြည်းဖြည်း မွေးစားကျင့်သုံး လာခဲ့ကြတယ်။ ရှေးရှေးကပြောခဲ့သလိုပါပဲ၊ မြစ်ကြီးနှစ်စင်း ပေါင်းဆုံသွားသလို ဒီယဉ်ကျေးမှုနှစ်ခုလည်း ပေါင်းစပ်သွားတော့တယ်။
ဘုရားရှင်ပွင့်ထွန်းတဲ့ကာလလည်းရောက်ရော ဘာသာယဉ်ကျေးမှုတွေဟာ လုံးဝဖွံ့ဖြိုးလာခဲ့ ပါတော့ တယ်။ ဘုရားရှင်ရဲ့ဖြစ်တော်စဉ်ထဲမှာကိုပဲ ဒီယဉ်ကျေးမှုတွေ တွေ့လာခဲ့ရတော့တယ်။ ဥပမာအားဖြင့် ဘုရား အလောင်းမွေးဖွားပြီးပြီးချင်း အလောင်းတော်ရဲ့ မြင့်မြတ်လာမယ့် အနာဂတ်နိမိတ်ကို ပညာရှင် တော်တော် များများက ဖတ်ကြားကြတယ်။
ပထမဆုံးနိမိတ်ဖတ်သူက အသိတပါ။ သူက တောတောင်ထဲမှာနေတဲ့ ရသေ့တစ်ပါးဖြစ်တယ်။ ဗုဒ္ဓဝင်အရ သူဟာ ဗြဟ္မာလို့အခိုင်အမာဆိုထားပေမယ့် သူဟာ အာရီးယန်းမျိုးဆက်အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ ဒီယဉ်ကျေးမှုနှစ်ခု ဘယ်လောက်အထိ ထပ်တူကျနေပြီလဲဆိုတာ ပြောနေတဲ့အချက်ပါ။
ဘီစီခြောက်ရာစုမှာ ဗြဟ္မဏတို့ကိုယ်တိုင်ကပင် တောထွက်ပြီး အိမ်ယာမထောင် ရသေ့ရဟန်းဘောင် ကို ယူနေကြပါပြီ။ စောစောပိုင်းကဆို ဒါမျိုးကိစ္စက ကြားပင်မကြားဖူးတဲ့ကိစ္စပါ။ ခဏကြာတော့ ၁၀၈- ပါးသော ဗြဟ္မဏတို့ကို သိဒ္ဓတ္ထမင်းသားရဲ့ ကင်ပွန်းတပ်မင်္ဂလာအတွက် ဖိတ်ကြားခဲ့တယ်ဆိုတာ တွေ့ရပါတော့တယ်။ သူတို့ဟာ အိမ်ယာထောင်မှုကို မစွန့်လွှတ်ပဲ အာရီးယန်းတွေကျင့်သုံးတဲ့ ဓလေ့၊ စရိုက်တွေကို စွဲစွဲမြဲမြဲ လေ့ကျင့်ကြတဲ့ ဗြဟ္မဏတွေပါ။
ဒီလိုကွဲပြားတဲ့ယဉ်ကျေးမှုနှစ်ခု ဘာကြောင့် တစ်သားတည်းဖြစ်သွားရတာလဲ။
အာရီးယန်းတွေရဲ့ နယ်ချဲ့မှုဟာ မြေပြန့်လွင်ပြင်ကိုရောက်တော့ အဆုံးသတ်သွားခဲ့တယ်။ လူမျိုးခြင်း ပေါင်းစည်းသွားတယ်။ အဲဒီနောက် လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးတွေ အပြောင်းအလဲဖြစ်ခဲ့တော့တာပါပဲ။
အစပထမကတော့ လူဦးရေအများစုဟာ မြစ်ချောင်းတွေနားမှာနေပြီး သဘာဝအန္တရာယ်တွေရဲ့ နှိပ်စက်မှုတွေကို အလူးအလဲခံခဲ့ကြရတယ်။ ဒီသဘာဝတွေကိုပဲ အာရီးယန်းတို့က နတ်တွေကို ကိုယ်စားပြု တယ်လို့ ယုံကြည်ခဲ့ကြတယ်။
ဒုတိယအနေနဲ့ စီးပွါးရေးအချက်အခြာ ဖြစ်လာခြင်းသဘောပါ။ ကနဦး အာရီးယန်းတွေရဲ့ ယဉ်ကျေးမှုမှာ ရသေ့၊ ရဟန်း(သမဏ၊ ဗြဟ္မဏ) နဲ့ စစ်သား(ခတ္တိယ) တို့သာ လွှမ်းမိုးထားခဲ့တယ်။ ရသေ့၊ ရဟန်းက နတ်ဒေဝတာတွေနဲ့ ဆက်သွယ်ပေးတယ်။ စစ်သားက နီးစပ်ရာလူမျိုးစုတွေဆီသွားပြီး စစ်တိုက်တယ်။ ဒီတော့ နိုင်ငံမွဲတေလာမှာပေါ့။ အဲဒီကနေတဆင့် စီးပွါးရေးပုံသဏ္ဍာန်ပေါ်လာပြီး ကုန်သည်၊ ပွဲစားတွေ အရေးပါလာတော့တာပါ။ ဘုရားရှင်ရဲ့ သာဝကဖြစ်တဲ့ အနာထပိဏ္ဏိကဆိုရင် ထင်ရှားတဲ့ သာဓကတစ်ခုပါ။
နောက်ဆုံးအနေနဲ့ လူမျိုးစုကွဲလေးတွေအားလုံး တစ်စုတစ်ဝေးတည်းဖြစ်လာတယ်။ လူ့အဖွဲ့အစည်း ဟာ လူမျိုးနဲ့မသတ်မှတ်တော့ပဲ၊ ပထဝီနယ်နိမိတ်နဲ့ သတ်မှတ်လာကြတယ်။ လူမျိုးစုကွဲတွေ စုပေါင်းနေထိုင် လာကြတယ်။ ဘုရားရှင်ရဲ့ သာဝကဖြစ်တဲ့ မဂဓတိုင်းသခင် ဘုရင်ဗိမ္ဗိသာရ မဂဓနိုင်ငံတော်ဟာ ဒီအတွက် ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ။
စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ အိန္ဒုမြစ်ဝှမ်းသားတို့ကျင့်သုံးတဲ့ ဘာသာရေးဓလေ့စရိုက်တွေကို အာရီးယန်းတွေ လက်ခံလာဖို့တွန်းပို့လိုက်တဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။ အာရီးယန်းတွေက အစပိုင်းမှာ ရုပ်ဝတ္တုတွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် နောင်နှစ်ပေါင်း နှစ်ထောင်လည်း ကြာရော အိန္ဒိယဟာ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ဘာသာရေးအယူအဆ၊ အကျင့်တရားတွေနဲ့ လုံးဝကြီးလွှမ်းမိုး သွားပါတော့တယ်။ အဲဒီအခါမှာတော့ အိန္ဒုမြစ်ဝှမ်းသားတွေနဲ့ အာရီးယန်းတွေကြားက ခြားနားချက်ဆိုတာ ရှာမတွေ့တော့လောက်အောင် တသားတည်းဖြစ်သွားတော့တယ်။
ဒီသမိုင်းအထောက်အထားကိုကြည့်ရင် ဗုဒ္ဓဘာသာက ဗြဟ္မဏဘာသာကို ဆန့်ကျင်တယ်ဆိုတဲ့စကား လုံးဝအဓိပ္ပါယ်မရှိတော့ပါဘူး။
ဗုဒ္ဓဘာသာထဲမှာ အိန္ဒုမြစ်ဝှမ်းသားတွေယုံကြည်တဲ့၊ ကျင့်သုံးတဲ့ ဘာသာရေးအယူအဆ တော်တော် များများကို မွေးစားယူခဲ့ပါတယ်။ ဥပမာ တောထွက်ခြင်း၊ ကမ္မ၊ ဝိမုတ္တိ ဆိုတာတွေပါ။ ဗုဒ္ဓဘာသာ မပေါ်မီ ကတည်းက ဒါတွေရှိနေခဲ့ပြီး ဗုဒ္ဓဘာသာပေါ်လာတဲ့ နောက်မှာလည်း ဒါတွေက ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်လာခဲ့ပါတယ်။
သူသင်ပြမယ့်တရားတွေဟာ ရှေးဟောင်းတရားဖြစ်တယ်၊ ပန်းတိုင်ကလည်း ရှေးကရှိခဲ့တဲ့ ပန်းတိုင် (သူထွင်တာ မဟုတ်- တထာဂတကို ဘာသာပြန်သည်ဟုထင်- စာရေးသူ) သာဖြစ်တယ်ဆိုတဲ့ ဘုရားရှင်ရဲ့ စကားဟာ အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ အကျင့်ဟောင်း၊ ပန်းတိုင်ဟောင်းကိုပဲ အခြေခံတယ်လို့ မိန့်ဆိုဟန်ရှိပါတယ်။ (သမိုင်းကို လေ့လာရာမှာ ရှေးဘုရားရှင်တွေမပါဘူးဆိုတာလေး စိတ်ထဲမှာထားပြီး သဒ္ဓါတရားခိုင်ခိုင်နဲ့ ဖတ်ကြ စေချင်ပါတယ်)။
ဒါတင်မကပါဘူး။ ဂေါတမဗုဒ္ဓ မပွင့်ခင်ကတည်းက ရှေးရှေးဘုရားရှင်တွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အိန္ဒုမြစ်ဝှမ်း သားတို့ရဲ့ ယုံကြည်မှုကိုလည်း ဗုဒ္ဓဘာသာက ဆက်လက်ယုံကြည်စေခဲ့ပါတယ်။
ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာကိုလေ့လာရင်း ဘာသာရေးယုံကြည်မှုတွေဟာ အနည်းနှင့်အများ ကူးလူး ဆက်ဆံနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဟာ အိန္ဒုမြစ်ဝှမ်းသားတို့ရဲ့ ယုံကြည်မှုကို အများစု လက်ခံခဲ့ပြီး အာရီးယန်းတွေရဲ့ ယုံကြည်မှုအနည်းငယ်ကိုသာ လက်ခံခဲ့ပါတယ်။ နတ်ဒေဝတာတွေနဲ့ ပတ်သက် တာနဲ့ နိမိတ်ဖတ်တာစတဲ့ ဝေဒပညာတစ်ချို့လောက်ပါ။
ဟိန္ဒူတွေကတော့ အာရီးယန်းတွေရဲ့ ယုံကြည်မှုကို အများစုအခြေခံပြီး အိန္ဒုမြစ်ဝှမ်းသားတွေရဲ့ ယုံကြည်မှုကို အနည်းငယ်သာ လက်ခံခဲ့တယ်။ ဒါကြောင့် ဟိန္ဒူအများစုဟာ ဇာတ်စနစ်ရှိတယ်၊ ဝေဒရှိတယ်၊ နတ်ရှိတယ်၊ ယဇ်ပူဇော်မှုရှိတယ်။ ဒါတွေဟာ အာရီးယန်းတွေရဲ့ အကျင့်ဟောင်းတွေပါ။ ဒါပေမယ့် အိန္ဒုသားတို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ တောထွက်ခြင်း၊ တရားထိုင်ခြင်း၊ သံသရာ၊ ကမ္မ၊ ဝိမုတ္တိတို့ကိုလည်း နေရာတော့ပေးထားတာ တွေ့ရပြန်ပါတယ်။
ဆုထားမျက်ချယ်
Copyright © 2012
ကမ်းလက်. All rights reserved.