အမိန့်တစ်ခု လူထု ဒုက္ခ


ဒီသတင်းက အမြော်အမြင် မရှိတဲ့ အရာရှိတစ်ယောက်ရဲ့ အမိန့်ကြောင့် လူ ထုကြီး ဘယ်လောက် ဒုက္ခရောက်ရတယ် ဆိုတဲ့ ပြုံးချင်စရာ သာဓက တစ်ခု ပါ။ တရုတ်ပြည် Guizhou ပြည်နယ် Guiyang မြို့မှာ အမိန့် တစ်ခုကြောင့် လင် မယား စုံတွဲပေါင်း ၅၀၀ ကျော် ချက်ချင်း ကွာရှင်းပြတ်ဆဲခွင့်လာရောက်လျှောက်ထားကြတယ်လို့ Xinhua သတင်းဌာနက ဖော်ပြထားပါတယ်။

သူ့ အမိန့်က လင်မယားတွေ သေဆုံးရင် မြေပုံ တစ်နေရာစာ မှာ နှစ်ယောက်တွဲ မြှုပ်နှံရမှာ ဖြစ်ပြီး လူလွတ်ဆိုရင် တစ်ယောက် တစ်နေရာ သီးသန့်ရမယ် ဆိုတဲ့ အမိန့်ပါ။

ဒီတော့ ကွာရှင်းပြတ်ဆဲခွင့် တင်ကြပြီပေါ့။ အဲဒီ လင် မယား စုံတွဲပေါင်း ၅၀၀ ကျော်ထဲမှာ အသက် ၉၀ ကျော် ( အိမ်ထောင်သက် ၆၀ ) ကျော်ရှိတဲ့ ဘိုးဘိုး ဖွားဖွား အတွဲတောင် ပါတယ် တဲ့။

ဘယ်ဇနီးမောင်နှံ မဆို ( ဘယ်လောက် ချစ်ချစ် ) တစ်ယောက်အိပ် ကုတင်ပေါ် ကျပ်ကျပ်ညှပ်ညှပ်တော့ မအိပ်ချင် (လောက် ) ပါဘူး။ ( လောက် ဆိုတာ ကိုယ်တိုင် မသိဘူး လို့ ဆိုလိုတာပါ ) ။ ဖြစ်နိုင်ရင် နှစ်ယောက်အိပ်ကုတင်ပေါ်မှာပဲ အိပ်မှာပေါ့။

သေပြီးတဲ့နောက်မှ ဆိုတာတော့ မှန်တာပေါ့။ ဒါပေမယ့် ခံစားမှုက ရှိသေးတာကိုး။ တကယ်ချစ်တဲ့ လင် မယားတွေ စိတ်ကူးနဲ့ မဝေးချင်ကြ သလို စိတ်ကူးနဲ့လည်း မကျပ်ချင်ကြဘူး ထင်ပါတယ်။


 ဇင်ဝေသော်

ဆင်သေတစ်ကောင်နှင့် ကျောင်းသား လေးယောက်


ရှေးသရော အခါက ( ရှေးသရော အခါက ဟူသည် ယခု မဟုတ် ဟူလို ) တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးရှိလေသည် ( ဒိသာပါမောက္ခ ဆရာကြီးများ၌ ကိုယ်ပိုင်နာမည် မရှိတတ်၊ ဒိသာပါမောက္ခ ဆရာကြီး ဟုသာ သိရ၏ ) ထို ဒိသာပါမောက္ခ ဆရာကြီး၏ နာမည်ကား အရပ် လေး၊ ရှစ်မျက်နှာတို့၌ အွန်လိုင်း၊ အော့ဖ်လိုင်း ပြန့်နှံ့၏။ ထို့ကြောင့် ထိုဆရာကြီး၏ အထံ၌ ပညာ သင်ကြားနေကြသော ကျောင်းသား လေးယောက် ရှိလေသည်။

( ပုံပြင်ဟောင်းထဲမှ ဒိသာပါမောက္ခ ဆရာကြီးအထံ၌ သုံး ယောက် သာ တွေ့ ရသည် )

ထို ကျောင်းသား လေးယောက်ကား လယ်သမားသား၊ ဗိုလ်ချုပ်သား၊ ဗိုလ် ချုပ်ကြီးသားနှင့် ဗိုလ်ချုပ်မှူးကြီးသားတို့ ဖြစ်ကြလေသည်။ ဆရာကြီးအထံ ပညာသင်ကြားရန် ရောက်လာသောနေ့က

" သင်တို့ ဘယ်လို ပညာများ သင်ကြားလိုပါသလဲ " ဆရာကြီးက မေးရာ

" ပုံပြင်ဟောင်းထဲကအတိုင်း ကျားသေကို အသက်သွင်းသော ပညာကို သင် လိုပါသည် " ဟု ဖြေကြ၏။

" ငါလို ဒိသာပါမောက္ခ ဆရာကြီးထံလာပြီး ကျားသေကို အသက်သွင်းခြင်းကဲ့သို့ သေးနုပ်သော ပညာကို မသင်ကြပါနှင့်၊ ထို့ထက် ကြီးမားသော ပညာကိုသင်ကြပါလေ၊ သင်တို့ သွား၍ တိုင်ပင်ကြပါလေဦး " ဟု ဆရာကြီးက သာသာနှင့် ဝါဝါထု၏။

ထို ကျောင်းသား လေးယောက်တို့ တဖန် အချင်းချင်း တိုင်ပင်နှီးနှြော ပီး နောက်ဆုံး ကျားသေကို အသက်သွင်းခြင်းထက် ပို၍ ကြီးကျယ်သော ဆင်သေကို အသက်သွင်းခြင်း အတတ်ပညာ သင်ယူကြရန် ဆုံးဖြတ် လိုက် ကြ၏။ ဆရားကြီးလည်း နှစ်မြို့သည်ဟု ဆို၏။ သို့သော် ဆင်သေကို အ သက်သွင်းခြင်း အတတ်ပညာအတွက် ကျောင်းသား သုံးယောက်သာလို၏။



ထို့ကြောင့် ဆရာကြီးက လယ်သမားသားကို ထိုပညာနှင့် ပတ်သက်သော အက်ဒီရှင်နယ် အက်ဂျူကေးရှင်း အပိုပညာ သင်ပေးလေ၏။ ထိုလယ်သမားသားက အလွန် လိမ်မာလှသဖြင့် ဆရာကြီးကိုယ် တိုင် နှစ်ထောင်းအားရ ရှိလှ၏။

အတိုချုပ်ဆိုရသော် ပုံပြင်ဟောင်းထဲကအတိုင်း ပညာစုံတတ်မြောက်ပြီး နေရပ်သို့ ပြန်ရန် ဆရာကြီးကို ကန်တော့ကြ၏၊ ဆရာကြီးကဆုပေး၏။ စေတနာကောင်းဖြင့် အသုံးမချလျင် သူသင်ပေး လိုက်သော ပညာများလည်း အစွမ်းထက်မည်မဟုတ်၊ ယနေ့မှစ၍ စိတ်ကောင်းမွေးကြရန် ဆုံးမ အမှာစကားလည်း ပါးလိုက်လေ၏။ထို့အပြင် လယ်သမားသားကို ဆုအဖြစ် သားရေနယ်တစ်ခုလည်း ပေးလိုက်၏။

ကျောင်းသား လေးယောက်တို့ နေပြည်တော်ကို ပြန်ရာ (ယခု နေပြည်တော်နှင့် မလွဲမှားစေလို ) လမ်းခုလပ်၌ အကြံတစ်ခု ရကြ၏။ အကယ်၍ ဆင်သေတစ်ကောင်ကို အသက်သွင်းနိုင်လျင် လမ်းလျောက်စရာ မလို ဆင်စီး၍ လေးယောက်သား ခရီးဆက်နိုင်သည်ဟု ဆိုပြီး ပုံပြင်ဟောင်း ထဲက ပရိုစီဂျာအတိုင်း ( လုပ်ငန်းဆောင်တာ ) အားလုံး ဆောင်ရွက်ကြ၏။

ပြဿနာက ထိုမှတွေ့ရလေတော့သည်။ ဆင် အရိုးများ တကယ် မစစ်၍ လား၊ အရိုးဆက်ပုံ မှား၍လား၊ အသက်သွင်းမန္တာန်ကပဲ ရွတ်ဖတ်ပုံ လွဲ၍ လား၊ ဆရာကြီးစကား အတိုင်း စေတနာကောင်း မရှိ၍လား မသိ ဆင်သေက တုတ်တုတ်မလှုပ် ရှိလေတော့၏။ ကြိုးစားကြ၏။ အဖန်ဖန် အထပ်ထပ် ကြိုးစားကြ၏။ ချွေးဒီးဒီးကျအောင် ကြိုးစားကြ၏။ မရပါလေ။ နောက်ဆုံး လက်လျှော့ကာ ခြေလျင်ခရီးဆက်ရန်သာ ပြင်ဆင်ကြရတော့၏။

ထိုအခါရောက်မှ လယ်သမားသားက ဆရာကြီး ပေးလိုက်သော ပညာနှင့် သားရေနယ်ကို အသုံးချလေတော့သည်။ ( နောက်မှ သိရသည်က ထို သားရေနယ်သည် ရိုးရိုး သားရေနယ် မဟုတ်၊ ဆိတ်သားရေနယ် ဖြစ်၏ )  ရှေ့လူ သုံးယောက် အသက်သွင်း၍မရ မစ်စထရီးယပ်ဖြစ်၍ ထူးဆန်းနား လည်ရခက်လှသော၊( ဤမစ်စထရီးယပ်ကား နာမဝိသေသနုဒ်တည်း၊ အက်ဂျက်တစ်ဟုလည်း ဆိုကြ၏ ) ထိုဆင်သေကို လယ်သမားသားက ဆိတ်သားရေနယ်ဖြင့် မရ အရ ဖုံးအုပ်ရရှာလေတော့သည်။

လုံတော့ မလုံ၊ ဆရာကြီးစကား အတိုင်း တတ်နိုင်သရွေ့ လုံအောင်သာ ရှေ့ မျက်နှာ နောက်ထား ဖုံးအုပ်ပြီး ခရီးဆက်ကြလေတော့သည်။

ထိုအခါမှ စ၍ " ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး " ဟူသော မြန်မာစကားပုံ ပေါ်ပေါက်လာခဲ့သည် ဟူသတတ်။


 သီဟနာဒ ( ဦးကိုမောင်ကိုယ်စား၊ ပြုံးစိစိ )

ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့ ( စိန် ) အောင်မင်း ရယ်


မထူးတော့ပါဘူး စိန်အောင်မင်း ရယ်။
( မတင်ဘူးလို့ ထားတဲ့ ဆောင်းပါးပါ။ အက်ဒမင်က တင်လိုက်တော့ အဆုံးသတ် ပေးလိုက်ရပါတယ် )

အပြည်ပြည်က ဖတ်လို့ရတဲ့ ဘာသာစကား နဲ့ ဇာတ်မင်းသားကြီးရဲ့ စကားကို ဘာသာပြန်တော့...
" We have to be respectful of of China. When our country was in shambles after 1988 and we had nothing to eat, ( food ) was imported from China through
the Muse ( border route ), allowing us to survive. And we have to show gratitude for that."
" We can't afford to have a fight with China. " တဲ့။ သေရော။

တရုတ်ကျွေးထာတာနဲ့ အသက်ရှင်နေခဲ့ရတာ တဲ့။ ဒါတော့ မဟုတ်ပါဘူး။
ဟုတ်မယ်ဆို...
တရုတ်ကျေးဇူးကြောင့် စစ်အစိုးရ အသက်ရှည်ပြီး
တရုတ်ကျေးဇူးကြောင့် ပြည်သူတွေ အသက်တိုခဲ့ရတာပါ ဇာတ်မင်းသားကြီးရာ။

တကယ် ပြည်သူကြား ဖြစ်နေရတာက..
တရုတ်ပြည်ပို့ဖို့ အညာသားတွေ သူတို့ စိုက်တဲ့ပဲ ဆီရွှဲရွှဲ နဲ့ မစားနိုင်တာ။
တရုတ်ပြည်ပို့ဖို့ သရက်ခြံပိုင်ရှင်တွေ သရက်ခြံစောင့်တွေဖြစ်နေရတာပါ။
အလုံးလှလှတွေ တရုတ်တွေဖို့ ခူး၊ ငှက်တွေ ဦးသွားတဲ့ အပဲ့အရွဲ့ ပဲ သူတို့ စား။ အဲဒါ အညာတလွှားက တကယ့် အဖြစ်အပျက်။
ဗြိတိသျှခေတ် ဖောင်စီးရင်း ရေငတ်တဲ့အကြောင်းတွေ သမိုင်းမှာ သင်ခဲ့ရ တယ်။ အခု ပဲစိုက်ရင်း ပဲငတ်၊ သရက်စိုက်ရင်း သရက် ငတ်။
ခက်ရချည့် ဇာတ်မင်းသားကြီးရယ်။ သိပ်လည်း ရိုမက်တစ် ဆန်မပြပါနဲ့။

စင်္ကာပူမှာ ၁၂ လ ပတ်လုံး အသီးမျိုးစုံ ရတယ်။ စင်္ကာပူမှာက ဘာသီးပင်မှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အာရှက၊ အော်ဇီ၊ နယူးဇီလန်က၊ အမေရိက က ပို့ကြတာ။
ခင်ဗျားလို ဆိုရင်တော့ စင်္ကာပူက ကမ္ဘာကို တစ်နေ့ ဦးသုံးကြိမ်ချ မှ ကျေးဇူး ကျေတော့မယ့်သဘော။
မလိုလှပါဘူးဗျာ။ ငွေပေးလို့ အသီးရ။ ဘယ်သူကမှ အလကားမပေးပါဘူး။

ဒီကျေးဇူးတွေကြောင့် သုံးသန်းပဲ ရှိခဲ့တဲ့တဲ့ စင်္ကာပူက တရုတ်ကို ဦးချခဲ့ လို့လား။
မင်းမူနဲ့မင်း၊ ငါ့ မူနဲ့ ငါ။ တရုတ်ကြီး တရုတ်လေး လာမလုပ်နဲ့၊ အဲဒါက ချိုင်း နား၊ ဒါက စင်္ကပူ။
ခေါင်းဆောင်လုပ်မယ့်လူက အဲသလောက်တော့ အရေ ထူရဲမှ ရမယ်လေ။

အစိုးရပဲ ဆုံးဖြတ်စရာရှိရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပေါ့။ အစိုးရ နဲ့ ပြည်သူ ထပ်တူကျတာကတော့ နည်းပါတယ်။
ဒါပေမယ့် အထက်က အကြောင်းပြချက်မျိုးနဲ့ကတော့ ညံ့လွန်းတယ်။
ဂျပန်၊ ကိုရီယား၊ စင်္ကာပူ။ တရုတ်နဲ့ ပေါင်းပြီး ချမ်းသာလာတာလား။

ဒီမှာ.......
ဂလိုဘယ်စားနပ်ရိက္ခာ ပြဿနာတက်ရင် တရုတ်နဲ့ အိန္ဒိယ က စမယ် လို့ ပညာရှင်တွေ ပြောနေကြတယ်။
တခြားနေရာတွေမှာ ဖြစ်ရင် ရှင်းလို့ရတယ်၊ အဲဒီ တရုတ်နဲ့ အိန္ဒိယ မှာဖြစ်ရင် ကမ္ဘာလည်း ကယ်နိုင်မှာ မဟုတ်။
ဖြစ်ဖို့ အလားအလာကလည်း တရုတ်နဲ့ အိန္ဒိယ မှာ ပိုများသတဲ့  ဇာတ်မင်းသားကြီးရေ။
ကြည့်ပေါင်း၊ မင်သားကြီးလို ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့။ ။


 ဇင်ဝေသော်

တင်မရတော့တဲ့ စာ


ခေါင်းပေါင်းစ တလူလူနဲ့ အိမ်သာဆေးနေရသူ
ဦးသိန်းစိန် အကြောင်း တစ်ခါ စဉ်းစားရင် ခေါင်းမွှေးတစ်ချောင်း ဖြူတယ်။ ကမ္ဘာ့ ပလိပ် အိုဗားမားက သူ့ စီးပွားရေးနဲ့ သူရွေးတဲ့ အစိုးရနဲ့။ ဂရိက လူပျင်းတွေများလို့ ဆိုကရေးတီး မျက်နှာ ပျက်တာ။ စပိန်တွေက ဘောလုံးပွဲ အကြောင်း၊ NGO အကြာင်းနဲ့ အချိန်ကုန်ပြီး သူတို့ တင်တဲ့ အကြွေး ဂျာမန်တွေ ပေးလိမ့်မယ့်ဆိုပြီး မိုက်နေလို့ မွဲနေတာ။ ဦးသိန်းစိန် က တပ်ပျက် သမ္မတလုပ်။ ကံကောင်းတာလား၊ ကံဆိုးတားလား၊ ကြိုက်သလို ပြောကြ။ အဘ အဆက်ဆက်က အိမ်သာတွေကို သူ ဆေးခွင့်ရနေတယ်။

ကန်ထရိုက် ဖျက်တာဟာ ကတိပျက်တာ။ ကတိမတည်သူနဲ့ ဘယ်သူမှ စီးပွားရေး မလုပ်ချင်ဘူး။ ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ခက်တာက ဒီကတိတွေက သူပေးခဲ့တာတွေ မဟုတ်ဘူး။

" ရှေ့ကကောင်တွေ ပေးထားတဲ့ ကတိက ငါနဲ့မဆိုင်၊ တူနယ် တုနယ် ဗြောင် " ဆိုပြီး ခေါင်းပေါင်းစထဲ ယပ်တောင်စိုက်ပြီး ကရအောင်လည်း ဒီ သမ္မတက အရူးမဟုတ်။
" ရှေ့က ထောင်ထောင် ထောင်ထောင် လုပ်နေတဲ့ ကောင်တွေကိုပစ်၊ ငါက ငါ့မြေးနဲ့ ကွန်ပျူတာဂိမ်းဆော့နေတာ မပြီးသေးလို့ " အထိလည်း ဒီ သမ္မတက အနှမ်းမဟုတ်။

ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ဖြစ်ပုံက မြန်မာတို့ နှလုံးသည်းပွတ်က ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာရဲ့ လုံးသည်းပွတ်က ရတနာ သုံးပါး။ ရတနာ သုံးပါးမှာ သက်ရှိကျန်နေတာက သမ္မတိ ( အရိယာ ) သံဃာ။ သံဃာရဲ့ လုံးသည်းပွတ်က သိမ်။
သတ္တုက သိမ်ထဲအထိဝင်တူးတော့ လွန်တော့ လွန်ပြီပေါ့။

ကန်ထရိုက်၊ ဟုတ်တယ်။ ဒါက အလုပ်သဘော။ ဒါပေမယ့် အလုပ်ထဲမှာလည်း အက်သစ်တော့ ရှိတာပဲ။ လူကြီးလူကောင်းတွေက လူထု ဆင်စေးတစ် ဖြစ်တဲ့ ဘာသာရေးလိုကိစ္စတွေ ရအောင်ရှောင်တယ်။ အဲဒီလူက ဘာသာတရား ရှိမယ်ဆိုရင်ပေါ့။
အရူးနဲ့ ကွန်မြူနစ်တွေဆီမှာတော့ မရှိဘူး။ ဘစ်စနစ် ထဲက အက်သစ်။

မြစ်ဆုံကို သမ္မတ ဗွီတို နဲ့ ရပ်ခဲ့ပြီးပြီ။ အပြည်ပြည်ဆိုင်ရာက ရင်းနှီးမြှုပ်နှံမယ့် လူတွေ ဒီ ( သတ္ထုတွင်း ) ပွဲအဖြေကို လိုက်ဖ် ရှိုးတစ်ပွဲလို စောင့်ကြည့်နေကြမှာ အသေအချာပဲ။ တစ်ခုသက်သာမှာက ဖြစ်ခဲ့ရင်တောင် တရုတ် မုန်းတီးရေးကြောင့် ဆိုတ့အဖြေ ကြံဖန် ထုတ်လို့ရလိမ့်မယ်။ ကတိပျက်တာက ကောင်းတော့ မကောင်းဘူး။
စဉ်စားလို့ ဉာဏ်မမီတာက သမ္မတရုံး ဝနကြီး ( စိန် ) အောင်မင်းရဲ့ စကား။ ၁၉၈၈ ခု နောက်ပိုင်း -


 ဇင်ဝေသော်

ထောက်ခံပါတယ် ပရော်ဖက်ဆာ


လူသားရဲ့အသိဉာဏ် စွမ်းရည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီမို့ အဲဒီနောက်ပိုင်း လူတွေဟာ ပိုပြီး အူကြောင်ကြောင်နိုင်လာတယ် လို့ ပရော်ဖက်ဆာ Gerald Crabtree က Independent သတင်းစာမှာ ပြောကြားသွားတယ်လို့ သိရပါတယ်။

ဒီ အယူအဆကို အားလုံးက တညီတညွတ်တည်း လက်ခံကြတာတော့ မဟုတ်ကြပါဘူး။ အမေရိကန် သိပ္ပံပညာရှင်တွေကလည်း အထောက် အထားတွေနဲ့ ငြင်းဆိုကြပါတယ်။ ငြင်းမှာပေါ့ ၊ အမေရိကဆိုတာ အဲဒီတုန်းက ရှိမှ မရှိသေးတာ။


ဒါကို သဘောတူသူက မစ္စတာ ဂျင်းမ်ပါ။ သူကလည်း အထောက်အထားေ တွနဲ့ လက်ခံထားပါတယ်။ Connecticut မှာရှိတဲ့ တရုတ် စားသောက်ဆိုင်ကနေ လူမည်းတစ်ယောက် က ကုန်ပစ္စည်းပို့တဲ့ လော်ရီကားကြီး ခိုးယူသွားတယ်။ ကားကို ခိုးပြီးကုန် ပစ္စည်း ပို့ရမယ့် လိပ်စာတွေအတိုင်း အားလုံး လိုက်ပို့ ပြီး ငွေတောင်းနေလို့ ရဲက နောက်တစ်နေရာကနေ သူ့ကို စောင့်ဖမ်း လိုက် ရုံပဲ။ Connecticut ရဲတွေအတွက် အလွယ်ဆုံး ဖမ်းမိလိုက်တဲ့ ကားခိုးမှု ဖြစ် သွားတယ်။ ဟုတ်မှာ ဓာတ်ပုံထဲမှာရဲတွေရဲ့ မျက်နှာတွေကကို ပြုံးစိစိနဲ့ ပဲ။

နောက်ပြီး လေယာဉ်ပေါ်မှာ ဝေတဲ့ မြေပဲလှော် ထုပ် အပေါ်မှာ ရေးထားတဲ့ စာက
" အခွံခွာပြီးမှ စားပါ " တဲ့။ မခွာဘဲ စားသူ ရှိဖူးလို့ဖြစ်မှာ။
ဒါတွေကို ကြည့်ရင် ဖြစ်နိုင်တယ်ပေါ့။

သူက ရယ်စရာပြောပေမယ့် ဗုဒ္ဓဘာသာတွေ အတွက်ကတော့ တကယ် အမှန်တရားပဲ။
ဘီစီ ၆ ရာစုက ဘုရားရှင်ထက် ကောင်းတဲ့ ဦးနှောက် မပေါ်နိုင်တော့ဘူး။
တရုတ်တွေ၊ ဂရိတွေလည်း သဘောတူမှာပဲ။ ကွန်ဖြူးရှပ်တို့၊ လာအိုဇုတို့၊ ဆိုကရေးတီး၊ ပလေတို တို့ သူတို့မှာလည်း ရှိတာပဲ။

မြန်မာတွေလည်း ငြင်းလို့မရပါဘူး။
အေဒီ ၁၁ ရာစုက အနော်ရထာကို ကျော်တဲ့မင်း ရှိကို မရှိတော့ဘူး။ အထူး သဖြင့်တော့ မဆလ၊ နဝတ တို့ပေါ့။
သူ့လက်ထက်က ဘုရားတွေ ပျက်လို့ ပြင်ကြတာပဲ။ မပြင်တဲ့ ဘုရားတွေက အရင်မပျက်ရဘူး၊ ပြင်တဲ့ ဘုရားတွေက အရင် ပျက်နေလို့။

အနော်ရထာမင်းကြီး ဆည်မြောင်းတွေ ဖောက်ခဲ့တာလည်း လူတိုင်းအသိ။
အခု နည်းပညာက သူ့မမီဘူးဖြစ်နေတယ်။ မယုံရင် စစ်ကိုင်းတိုင်း၊ မြင်း မူမြို့နယ်မှာ ရှိတဲ့ လက်ပန်ဆည်ကို သွားကြည့်။
အောက်က ရွာတွေကို ရေပေးဖို့ ဆောက်ထားတဲ့ ဆည်ထဲက ရေတွေက အစိုးရကို ဆန္ဒပြပြီး အထက်ပြန် စီးနေလို့ အောက်က ရွာတွေ ငုတ်တုတ် ထိုင်ပြီး ( မေ့ဖို့ မေ့နေကြလို့ ) ရယ်နေကြရတယ်။
ဖြစ်မှ ဖြစ်ရပလေ။ တော်လိုက်တဲ့ နည်းပညာ။ ခင်ဗျားတို့ ယုံပြီလား။

ကလေးတုန်းက စာကျက်ရင်း မှတ်မိနေတဲ့ ဝါကျလေး နှစ်ကြောင်း ရှိတယ်။
" မီးခိုးများ မိုးပေါ်ထောင်တက်နေလျင် လေငြိမ်သည် ဟု မှတ်ပါ "
" ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည် " တဲ့။

မြန်မာပြည်ရဲ့ အသိဉာဏ် စွမ်းရည်က လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီ ဆိုတာနဲ့ ပတ်သက်လို့ ..
" လက်ရှိအနော်ရထူတွေ ပို အူ တယ် " ဆိုတဲ့ သာဓက လေးများ ရှိရင် ရှယ်ကြပါဦး။
ပြည်တွင်းက လူတွေမှာ ဒီလို သာဓကတွေ တထောကြီး ရှိမှာပါ။ အနည်းဆုံးတော့ ရယ်ရတာပေါ့။


 ဇင်ဝေသော်

မြန်မာတွေ မခေကြဘူး

စင်္ကာပူ သတင်းစာတွေက သူတို့နိုင်ငံတွင်းမှာ ၂၆ နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့တာ အဆုံးသတ် သွားတဲ့ အကြောင်းတွေ ရေးနေကြလို့ ၂၀၀၇ ခု ရွှေဝါရောင် အရေးအခင်း ကို သွားသတိရမိတယ်။
ဆန္ဒပြ တယ်လို့ တရားဝင် မပြောပေမယ့် ခေါင်းဆောင်သူတွေက ဘယ် သူတွေလည်း ဆိုတာတော့ စင်္ကာပူ ရဲက အသည်းအသန် ထောက်လှမ်းတယ်။

ဒီလိုပါ။ အရေးအခင်းကအရှိန်ကောင်းနေတုန်း စင်္ကာပူက အာစီယံ ထိပ်သီး အစည်းအဝေး လက်ခံကျင်းပတယ်။

မြန်မာကျောင်းသားလေးတွေက ဒီပွဲမှာ ဆန္ဒပြခွင့် မရ အရ ကြိုးစားကြတယ်။
သုံးယောက်တွဲပြီး လမ်းမလျှောက်ရ ဆိုတဲ့ အောချတ် လမ်းမပေါ်မှာ နှစ်ယောက်စီတွဲ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတယ်။

ဥပဒေထဲက ဆိုတော့ ဖမ်းလည်း မရ၊ ဆန္ဒပြနေတာကလည်း အသေအချာ။
စင်္ကာပူရဲတွေတော်တော်ခေါင်းမီးတောက်ခဲ့ရတယ်။ ဥပဒေကို လက် တစ်လုံးခြား လုပ်သွားလို့။

ဒါမျိုး စင်္ကာပူမှာ မဖြစ်ခဲ့ဖူးတော့ ရှက်လည်း တော်တော် ရှက်သွားကြတယ်။
စင်္ကာပူတွင်း အပ်ကျတာက အစ သိတဲ့ ဆရာကြီး လီကွမ်းယု ကတော့ ကလေးတွေကို ချီးကြူးတယ်လို့ ကြားရတယ်။ ဒီကလေးတွေ မဆိုးဘူး ( မလွယ်ဘူး ) တဲ့။

အဲဒီနောက် ထိတဲ့လူ တချို့လည်း ထိသွားတယ်။ တော်တော်များများလည်း သတိပေး ခံလိုက်ရတယ်။

ဘာရယ် မဟုတ်ပါဘူး။ ကွန်မွန်းဆင့်စ် မှာတော့ မြန်မာတွေ မညံ့လှဘူး တွေးမိလို့ပါ။ စင်္ကာပူ မှာ ဒါမျိုးလုပ်ရဲသူတွေ မရှိခဲ့ဘူးလေ။

" မြန်မာတွေ ဖြစ်အောင်သာ မလုပ်နိုင်တာ ဖြစ်သလိုတော့ လုပ်တတ်တယ် " ဆိုတဲ့ စကားလည်းဟုတ်တုတ်တုတ်ပဲ။ ဘဝကကို အဲသလို လေ့ကျင့်ပေးထားတာ ဆိုတော့ လေ။ ။

ရေပေါ်ဆီ ( ၂း ၂ )

စင်္ကာပူမှာ ဒီလိုင်စင်လေးရအောင် လုပ်ပေးရင် ခင်ဗျားတို့နိုင်ငံထဲမှာ ဒီလို လိုင်စင်ရအောင်လည်း ကျွန်တော့်ကို ကူညီပါ။ ဒါမျိုးပေါ့။ ဒါတွေက လာဘ်ပေးလာဘ်ယူမှုအနေနဲ့ သက်သေပြလို့ မရဘူး။ မင်းကို ငါက ဦးစားပေးလို့ မင်းက ငါ့ကို ဦးစားပေးတယ်။ ဒါပဲ။
တို့ပတ်ဝန်းကျင်တစ်ခုလုံးက ဒီအတိုင်းဖြစ်နေတာ။ကူးစက်ရောဂါရှိတဲ့ နေရာမှာကျန်းမာရေးကောင်းဖို့သန့်သန့်ရှင်းရှင်း နေသလိုမျိုး ငါတို့လည်း သန့်ရှင်းအောင် နေကြရတာ။ မလွယ်ဘူးနော်။ ကိုယ်ကျင့်တရားဒဏ်ကို ကောင်းကောင်း ခံနိုင်တဲ့လူတွေ ရှိမှ ရမယ်။

မေး ။         ။ ဝန်ကြီးတွေရဲ့လစာနဲ့ ပတ်သက်ပြီး လူထုထဲမှာ တော်တော်ကြီး မကျေမနပ် ဖြစ်နေကြတယ်ဆိုတာရော ရိပ်စားမိရဲ့လား။
ဖြေ ။         ။ ဒါက လူထုရဲ့ မျှော်လင့်ချက် ... ရုံးအလုပ်ဆိုတာ ဂုဏ်ရှိဖို့တဲ့။ မဟုတ်ဘူး။ အဖွဲ့တစ်ဖွဲ့မှာ ပါဝင်နေရတာမှ ဂုဏ်ရှိတာ။ ဒါက Bob Rubin (အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း) လိုပဲ။ သူက သက်တမ်းတစ်ခုခွဲ အလုပ်လုပ်တယ်။ အနားယူလိုက်တယ်။ ပြီးတော့ Citigroup ထဲ ရောက်သွားပြီး အမေရိကန်ဒေါ်လာ တစ်ရာဘီလီယံအထိ ရသွားတယ်။ ပြီးတော့ အလန်ဂရိန်းစပင်း (Alan Greenspan - Former Federal Reserve Chairman) (အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ) ဥက္ကဋ္ဌဘဝအတွေ့အကြုံ၊ အဆက်အသွယ်တွေကို အခြေခံပြီး အလုပ်ကထွက်၊ အပြင်မှာ အလုပ်လုပ်နေတယ်။

Hank Paulson (အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း) လည်း ဒီအတိုင်းပဲ။ ဒီမတိုင်ခင် သူက Goldman Sachs ရဲ့ စီအီးအို။ သူ ရှယ်ယာတွေကို ရောင်းပြီး အရဲစွန့်လိုက်တယ်။ ဒီရှယ်ယာတွေရဲ့ အတက်အကျက ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်နေတယ်။ အလားတူပဲ၊ Larry Summers နဲ့ Tim Geithner တို့လည်း အလားတူပဲ။ (အမေရိကန်စီးပွားရေးပညာရှင် Larry Summers ဟာ ၁၉၉၉ - ကနေ ၂၀၀၁ - ခုအထိ ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့ပြီး ယခု National Economic Council ရဲ့ ဒါရိုက်တာ လုပ်နေပါတယ်။ Tim Geithner ကတော့ ၂၀၀၃ - ခုကနေ ၂၀၀၉ - ခုအထိ နယူးယောက် Federal Reserve Bank ဥက္ကဋ္ဌဖြစ်ပြီး ယခု ဘဏ္ဍာရေးဝန်ကြီး လုပ်နေပါတယ်။)

ပေါ(လ်)ဗော်(လ်)ကာ (Paul Vokker) ကတော့ ရှားမှရှားတဲ့ လူတစ်ယောက်ပဲ။ (၁၉၇၉ - ကနေ ၁၉၈၇ အထိ Federal Reserve ဥက္ကဋ္ဌ။ အိုဗားမားအစိုးရလက်ထက်မှာ Economic Recovery Advisory Board ရဲ့ ဥက္ကဋ္ဌ)။ သူ့လစာက နည်းနည်းလေး။ သူ့ကို "ဘာလို့ ဒီအလုပ် လုပ်နေတာတုန်း" လို့ မေးဖူးတယ်။ "Princeton မှာ လူ့အဖွဲ့အစည်းရဲ့ တန်းဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ရေးဝါဒနဲ့ တို့ကို လေ့ကျင့်ပေးခဲ့တာ" လို့ သူက ဖြေတယ်။သူ အနားယူပြီးတဲ့နောက်မှာလည်း ဒါနဲ့ ပိုက်ဆံရှာဖို့ မလုပ်ခဲ့ဘူး။ သူက ငါ့ရဲ့ လီကွမ်းယုကျောင်း (LKY School) မှာ ဘာမှ မပေးရတဲ့ အဖွဲ့ဝင်ပဲ။ အိုဗားမားအတွက် အင်ဒိုနီးရှားမှာလည်း လုပ်ပေးရတယ်။ လစာအနေနဲ့ အသိအမှတ်ပြုရုံ နည်းနည်းလေးပဲ။ သူကတော့ တကယ့်ကို ထူးဆန်းတဲ့လူ။ သူက သူ့ရှိတာနဲ့ လုံလောက်ပြီလို့ ထင်တဲ့လူ။

သူလုပ်ခဲ့သမျှ အလုပ်တွေထဲမှာ ပိုက်ဆံကောင်းကောင်း ရနိုင်တာဆိုလို့ စတိုးဆိုင်တွေမှာ အရင်းအနှီးလုပ်တဲ့ James Wolfensohn တုန်းကပဲလို့ ထင်တယ်။ သူက သူပဲ။ အမေရိကမှာ ပေါ(လ်) ဗော်(လ်)ကာလိုလူ ဘယ်နှစ်ယောက် ရှိလို့တုန်း။ အမေရိကန်တွေက သူတို့ ဘာတွေ လုပ်နိုင်သလဲဆိုတာ သိကြတယ်။ မိန့်ခွန်းရေးပေးသူလား၊ နက်(တ်)ဝါ့(စ်) မှာလားစသည်ပေါ့။

မေး ။         ။ မစ္စတာလီ ပြောခဲ့သလို စင်္ကာပူအောင်မြင်ဖို့ ဝန်ကြီးတွေရဲ့လစာက အဓိကပဲလို့ဆိုရင် ဘာ့ကြောင့် စင်္ကာပူးရီးယန်းအများစုက ဒါကို လက်မခံနိုင်ကြတာလဲ။
ဖြေ ။         ။ ဘယ်အချက်တွေ ကွဲပြားနေတယ်ဆိုတာ သဘောပေါက်အောင် နိုင်ငံမျိုးစုံကိုလည်း ရောက်ဖူး၊ လေ့လာဖူးရတယ်။ ငါတို့နေတဲ့နေရာက ငွေယဉ်ကျေးမှု ထွန်းကားတဲ့နေရာ။ တို့က ဥရောပမဟုတ်၊ ဩစတေးလျမဟုတ်၊ မတူညီတဲ့ နိုင်ငံရေးကျင့်သုံးတဲ့ အခြားနေရာတွေ၊ လူနေမှုအဆင့်မတူ၊ လူသားအရင်းအမြစ်အတွက် လူဦးရေမတူတဲ့ ဒေသတွေမှာ မဟုတ်ဘူး။

ဒီစနစ်ကို ငါတို့ ဆက်ထိမ်းထားနိုင်မလား။

မင့်ရဲ့ ပြိုင်ဘက်တွေကိုကြည့်။ သူတို့ဇနီးတွေက လက်ဝတ်ရတနာတွေ ညွှတ်နေအောင် ဆင်ထား၊ မင်းဇနီးကရော ဘယ်လိုလဲ။
ဆိုပါတော့၊ မင်းက ဒါမျိုးတွေမှာ ပြိုင်နေမယ့် လူမျိုးမဟုတ်ဘူး။ငါ့ဇနီးဆိုရင် လက်ဝတ်ရတနာ မဝတ်တတ်ဘူး။ ရွှေရောင်နာရီနဲ့ ပုလဲလည်ဆွဲ ဝတ်ကောင်းဝတ်မယ်။ ဝန်ကြီးအားလုံး ဒီအတိုင်းပဲ ကျင့်ရမယ်။ ဒီမူကို ငါတို့ ဆက်ထိန်းနိုင်မလား။ ရည်ရွယ်ချက် ကြီးကြီးနဲ့ တကယ် ရိုးသား၊ ကြိုးစားတဲ့ လူတော်တွေ ရှိရင်တော့ ရမယ်။

တစ်နှစ် နှစ်နှစ်အတွင်းမှာ အစိုးရအသစ် အမြဲပြောင်းနေမယ်ဆိုရင် ဒီမူကို ဆက်ထိန်းလို့ ရပါဦးမလား။ မရဘူး။ ဒီလိုဆို အခြားပြဿနာတွေ တက်လာတယ်။

စင်္ကာပူမှာ ဒီလိုင်စင်လေးရအောင် လုပ်ပေးရင် ခင်ဗျားတို့နိုင်ငံထဲမှာ ဒီလို လိုင်စင်ရအောင်လည်း ကျွန်တော့်ကို ကူညီပါ။ ဒါမျိုးပေါ့။ ဒါတွေက လာဘ်ပေးလာဘ်ယူမှုအနေနဲ့ သက်သေပြလို့ မရဘူး။ မင်းကို ငါက ဦးစားပေးလို့ မင်းက ငါ့ကို ဦးစားပေးတယ်။ ဒါပဲ။

တို့ပတ်ဝန်းကျင်တစ်ခုလုံးက ဒီအတိုင်းဖြစ်နေတာ။ကူးစက်ရောဂါရှိတဲ့ နေရာမှာကျန်းမာရေးကောင်းဖို့သန့်သန့်ရှင်းရှင်း နေသလိုမျိုး ငါတို့လည်း သန့်ရှင်းအောင် နေကြရတာ။ မလွယ်ဘူးနော်။ ကိုယ်ကျင့်တရားဒဏ်ကို ကောင်းကောင်း ခံနိုင်တဲ့လူတွေ ရှိမှ ရမယ်။ ငါတို့ ခေါင်းဆောင်အရည်အသွေးတွေ ကျပြီဆိုတာနဲ့ အစိုးရရဲ့ အရည်အသွေးလည်းကျ၊ ပီအေပီလည်း ပြုတ်ပဲ။

မေး ။         ။ အစိုးရဝန်ကြီးတွေရဲ့လစာကို ထိပ်တန်း ပုဂ္ဂလိကဝင်ငွေနဲ့ တိုင်းတာပြီးပေးဖို့ ပြင်ဆင်ခဲ့တဲ့ လက်ရှိအစိုးရရဲ့ (၁၄) နှစ်ကာလကို ပြန်ကြည့်ရင် သူတို့ လုပ်ဆောင်မှုတွေအပေါ်မှာ ကျေနပ်အားရမှု ရှိပါသလား။
ဖြေ ။         ။ အခုဆိုရင် ရွေးကောက်ပွဲ သုံးကြိမ်တိုင်သွားပြီ။ ရွေးကောက်ပွဲရောက်တိုင်း ဝန်ကြီးလစာကိစ္စက ပေါ်ပေါ်လာတာပဲ။ ဒီကိစ္စကတကယ်လည်းအရေးကြီးတယ်ဆိုရင်၊အစိုးရကလည်းလစာနဲ့တန်အောင်လုပ်မပေးနိုင်ဘူးဆိုရင် ရွေးကောက်ပွဲရလဒ် ပြောင်းရမှာပေါ့။ ပီအေပီလည်း ပြုတ်ပြီပေါ့။ အခု တို့က အကျိုးအမြတ်ရအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီမူက အလုပ်ဖြစ်နေတယ်။
ဒီမူဆက်ပြီး အလုပ်ဖြစ်နေဦးမလား။ မျှော်လင့်ရတာပဲ။

ဒါကို ပြန်ပြီး ချိန်ဆကြည့်ဖို့ရော လိုမလား။ အေး ... လိုမယ်။ စီးပွားရေးအခြေအနေနဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လိုရှိမယ်ဆိုတာ ငါတို့ မသိဘူး။ တချို့ပုဂ္ဂလိကစီးပွားရေးက တိုးတက်တာမြန်ပြီး တချို့က နှေးတယ်။ ဒီဖော်မြူလာကိုတော့ ညှိယူရမယ်။
ကွန်မြူနစ်တွေ ကျင့်သုံးခဲ့တာကို မင်းကြည့်ပါလား။ မင်းကတော့ ဒီဟာကို ထိုက်တန်တယ်ဆိုပြီး ငါက မင်းကို အဆင့်တစ်၊ နှစ်၊ သုံး၊ လေးဆိုပြီး သတ်မှတ်ပေးတယ်။ မင်းက အဆင့်တစ်ဆိုရင် အကောင်းဆုံးဆေးရုံမှာ တက်၊ အကောင်းဆုံးဆိုင်မှာဝယ် စသဖြင့်ပေါ့။

ဆိုင်တွေက ပစ္စည်းကောင်းတွေချည်းပဲတင်၊ ဝယ်စရာ ပိုက်ဆံမရှိတော့ အဲ့ဒီစနစ်လည်း ပျက်ကရော။ မင်းလိုချင်တဲ့ ပစ္စည်း ရ၊ မရ၊ ရှိ၊ မရှိဆိုတာကို ငွေက အဓိက ဆုံးဖြတ်ပေးနေတယ်။ တစ်ယောက်က ပြောမယ် "ဒီလိုင်စင် မင်းကို ချပေးမယ်။ ဒီလိုင်စင်နဲ့ ဒေါ်လာမီလီယံချီပြီး ရှာလို့ရတယ်။ ရရင် ငါ့ကို ဒီလောက်ပေးရမယ်" တဲ့။ အဲ့ဒီမှာ ကိုယ်ကျင့်တရားက စပျက်နေပြီ။ ရုရှားအရာရှိတွေ၊ တရုတ်အရာရှိကြီးတွေ၊ ဗီယက်နမ်အရာရှိကြီးတွေ တရားပျက်တာဟာ ဒီက စတာ။

တို့က ကိုယ့်ကျင့်တရား မပျက်သေးဘူး။ ပျက်တာနဲ့ ပြီးရောပဲ။ စီးပွားရေးအကျပ်ရိုက်နေစဉ်မှာတောင် ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ဆီ လာနေကြတုန်းပဲ။ "အိုကေ ... ပစ္စည်းတွေ ဈေးကျနေတုန်း စင်္ကာပူမှာ လာပြီး စီးပွားရေးလုပ်ထားမယ်။ ငါ့စီးပွားရေးလည်း အဆင်ပြေလာရော စီပွားရေးအကျပ်ရိုက်မှုကနေလည်း နလန်ထူလာမယ်။ ပြီးရင် ကိုယ့်ဒေသကို ပြန်ပြီး စီးပွားရေးလုပ်မယ်" လို့ သူတို့က ပြောတယ်။

ဘာ့ကြောင့်လဲ။ ငါတို့က တိကျတယ်။ ရိုးသားတယ်။ ယုံကြည်လို့ရတယ်။ ဒါ့ကြောင့်။ ပေါ်လစီကို ငါတို့က ခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ဘူး။


ရေပေါ်ဆီ ( ၂ )

 ဇင်ဝေသော်

ကမ်းလက် ( ၁၃ ) လပြည့် အမှတ်တရ


အမေရိကန်၊ တိဗက်တန် ဘိက္ခုနီ တစ်ပါး ရေးထားတာ ဖတ်ရဖူးတယ်။
ကျမ သုံးစွဲနေတဲ့ ပစ္စည်း အားလုံးလိုလိုကို ဘယ်လို လုပ်ရတယ်ဆိုတာတောင် ကျမ မသိဘူး။
ကျမ အခုလုပ်နေတာတွေကိုလည်း လူ တော်တော်များများ မလုပ်နိုင်ဘူး။
ဒါကိုကြည့်ရင် ဒီကမ္ဘာကြီးဟာ ဘယ်လောက် အညမည၊ သဟဇာတ သဘောတရားတွေ ရှိနေတယ် ဆိုတာ ရှင်းနေတာ ပဲ တဲ့။

အဲသလိုပါပဲ၊ ကျေးဇူတင်စရာ အညမည၊ သဟဇာတ သဘောတရားလေးတွေကို အမှတ်ရမိလို့ပါ။
ကျနော် ကိုယ်တိုင်က " စင်္ကာပူက ရွာသား " အခေါ်ခံရလောက်အောင် ၂၀၀၇ အထိ အီးမေးတောင် မရှိခဲ့ဘူး။
အခု " ဘယ်သူ ဘာပြောပြော ကိုယ့် အထာနဲ့ ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ " ( ရိုက်ပေး၊ တင်ပေးသူ ရှိရင် ) ဖြစ်နေရပြီ။

ကျေးဇူတင်စရာက ပတ်ဝန်းကျင်။
ဖတ်ချင်တဲ့ စာ တိုင်းကို ဖတ်လို့ရအောင် လက်လှမ်းမီတယ်။
နောက်ပြီး အိုင်တီ၊ ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ်။ ဒါနဲ့ ဆက်စပ်နေတဲ့ အနီး အဝေး ကျေဇူးရှင်တွေ အားလုံး။

အရင်က စာဖတ်၊ ကြိုက်ရင် မှတ်စုထဲ ထည့်။ အခု လူမသိတဲ့ မှတ်စု မလိုတော့ဘူး။ တစ်ခုခုဆို ဖေ့စ်ဘုတ်မှာ ရေးတင်လိုက်ရင် တရားဝင် မှတ်စု ဖြစ်သွား ရော။ စာရေးတာ ဝါသနာ ပါရင် စာဖတ်ရင်း ရေချင်တာလေးတွေ တွေ့ရတယ်။ တစ်နေ့ကို တစ်နာရီခွဲလောက် အချိန်ပေးနိုင်ရင် ရေးစရာလေးတွေ ရလာတတ်တယ်။

နောက်....... စာဖတ်သူတွေ။ ရေးသူကို အားရှိစေတယ်။
" လိုက်ခ် " တွေထက် စာဖတ်သူ ဦးရေကို တလေးတစား စစ်မိတယ်။
တင်လိုက်တာနဲ့ တစ်နာရီအတွင်း ဝင်ကြည့်၊ ဝင်ဖတ်သူ ၃၀၀ ဝန်းကျင် ရောက်သွားတယ်၊ ပုံမှန်ပဲ။
သူတို့ကို " စောင့်ဖတ် " အုပ်စု လို့ ကိုယ်တိုင် နာမည်ပေးမိတယ်။ အများအားဖြင့်လည်း ဒီလူတွေပဲ။

ဆောင်းပါ ရှည်ရှည်တွေဆို ( ဆီးရီးယပ် ဖြစ်တာမျိုး )  ဖေ့စ်ဘုတ် မှာ လျော့သွားပြီ့း  ဘလော့ဂ်  မှာ သွားတက်တယ်။ စာဖတ်သူက ပါးတယ်။ ဆောင်းပါ အတို၊ မှတ်စုတို၊ သရော်စာ၊ ရယ်စရာ ပြုံးစရာဆို  ဖေ့စ်ဘုတ် မှာ များတယ်။ " စောင့်ဖတ် " ဆိုတာက ည ၁၂ နာရီ တစ် ချက် တင်လည်း ဒီ အုပ်စုလေးက ဖတ်တယ်။ လေးစားရပြီ။ ( အက်ဒမင်ကို ပြောပြီး နှစ်ခါ စမ်းပြီးပြီ )

ကြွားတာမဟုတ်ပါဘူး၊  ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ် ပေါင်းရင် တစ်နေ့ ( တစ်ပုဒ် ) ဝင်သူ၊ ဖတ်သူ ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။ ( စင်္ကာပူ လာသင့် မလာသင့် က လွဲရင် ) ဖေ့စ်ဘုတ်မှာ ၆၀၀ ဝန်းကျင်၊ ဘလော့ဂ်မှာ ၃၀၀ ဝန်ကျင်။ စာအုပ် ထုတ်ရင်တောင် နာမည်မကြီးရင် အုပ်ရေက တစ်ထောင် ဝန်းကျင် ပဲ။ ဘယ်စာမှ မရှဲ၊ ဘယ် မိန်းကလေးပုံမှ မတင်ဘဲ ( ဒေါ်စုက လွဲရင်၊ သူက မိန်းကလေး မှ မဟုတ်တာ ၊ မြန်မာ ဝေါဟာရမရှိလို့သာ။ သူက မိန်းကကြီးပဲ ဥစ္စာ။ ) ဒီလောက် လာသူရှိရင် တော်ပြီပေါ့။

စာဖတ်သူတွေကို ကျေးဇူးတင်တယ် ဆိုတာက ဒီလိုပါ......
အခြား ကလောင်နဲ့ စာအုပ် နှစ်အုပ် ထုတ်ဖူးတယ်။ အုပ်ရေတစ်ထောင် စီ ကုန်တယ်။ ငွေစိုက်ပေးရတယ်။ ငွေ ပြန် မရဘူး။
ကူညီတဲ့ သူငယ်ချင်း သုံးတာ ( ချစ်လို၊့ ရင်းနှီးလို့ )။ " မင်းလိုကောင်က ဒီငွေလောက် မမှုပါဘူး " ကြိုပြောထားလို့
ကျနော်လည်း " ဟုတ်တယ် ၊ငါ လိုကောင်က ဒီငွေလောက် မမှုဘူး " လုပ်လိုက်တယ်။ သိက္ခာ ထပ်မကျချင်တော့ဘူး။ ရမှာလည်း မဟုတ်ဘူးလေ။ ငတ်ရင် သူ့ အမေအိမ် ရောင်းပေးမှာပေမယ့် မငတ်သေးရင် အကြွေးမပေးကြတဲ့ ဆက်ဆံရေး မျိုး။

မိတ်ဆွေ ဆရာလတ်ဆို မအားတဲ့ကြားက ( ရွှေမြန်မာ ) မဂ္ဂဇင်း လုပ်၊ စာရေး၊  ကဗျာရေး၊ ဘာသာပြန်။ စာရေးဆရာ ခ မယူဘဲ စာအုပ်ထုတ်တယ်။ ငွေကုန်တယ်။

ပိုးက မရဘူး။ မရတဲ့ အတူတူ အခု ပိုက်ဆံ မကုန်ဘဲ  နေ့တိုင်း စာအုပ်ထုတ်ခွင့် ရနေလို့ ကျေးဇူးတင်တာပါ။
ငွေမကုန်။ ကိုယ်ရေးချင်တာ ရေး။ အပြန် အလှန် ( လူချင်း မသိကြဘဲ ) လေးစားကြ။ ကဲ ....ဘာလိုသေးလဲ။ စကားကြီး စကားကျယ် စေတနာ တွေ ဘာတွေ လုပ်မနေနဲ့။

ဒါနဲ့ ဒီနေ့  ကမ်းလက် ( ၁၃ ) လ ပြည့်ပြီ။        ။


 ဇင်ဝေသော်

ကမ်းလွန်ပင်လယ်


သိပ် နောက်ကျနေပြီလား
အရုဏ်ဦး နှုတ်ဆက်ဖို့ ဝေခဲ့တာပါ
ခြေရာတွေ များရင် ခြေရာမထင်တော့ဘူး
လူ ဆိုတာ
သတင်းထူး ငတ်တဲ့ သတ္တဝါ
ဘာကိုပဲ ဖြစ်ဖြစ်။

သိပ် စောလွန်းနေသလား
မိုးနှောင်းကောက်ဖို့ ပွင့်ခဲ့တာပါ
သတင်းထူးတွေ များရင် သတင်းမထူးတော့ဘူး
လူ ဆိုတာ
ခြေလှမ်းဦးဖို့ ငတ်တဲ့ သတ္တဝါ
ဘယ်လိုပဲ ဖြစ်ဖြစ်။

ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ပြောသူတွေ များလွန်းတော့
နားညည်းသွားတဲ့ နှင်း နဲ့ ပန်းက
ပျက်၊ ဖြစ်၊ တည်။
တည်၊ ပျက်၊ ဖြစ်။
အရွတ် အဖတ် မပါတဲ့ ပါဖောင်းမင့် အစစ်။     ။


 ဇင်ဝေသော်

ဒါ့ကြောင့် ကလေးယူကြတယ်


“ ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ ဘယ်လောက် ကုန်ကျမလဲ ဆိုတာ လူ တော်တော် များများ နေ့တိုင်း ဂဏန်းပေါင်းစက်နဲ့ မတွက်ကြတာဟာ ကံကောင်းတာပဲ။ နို့မိုတော့ ကျနော်တို့ လူသား မျိုးဆက်တော့ တုန်းပြီ ”

Maureen Rice ဆိုတဲ့ ယူကေ သုတေသန ဆရာက သူ့ရဲ့ " The Parent Trap " စာအုပ်မိတ်ဆက်စဉ် သတင်းထောက်တွေကို ပြောခဲ့တယ်။


ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ ကုန်ကျ ငွေ တွက်ကြည့် ရင်.......
အမေရိက မြို့ကြီးတွေမှာဆို ဒေါ်လာ သုံးသိန်းခွဲ
လန်ဒန်လို မြို့မှာ ပေါင် နှစ်သိန်းခွဲ
ဟောင်ကောင် မှာဆို ဟောင်ကောင် ဒေါ်လာ ၅ မီလီယံ လောက် ကုန်ကျတယ်။
ဒီငွေ ပမာဏ က ကွန်ဒို အလတ်စား အိမ်တစ်လုံး ဝယ်လို့ ရတယ်။

ကလေးယူတာကိုပဲ ဈေးကွက် တွက်တတ်တဲ့ မိဘ တချို့က
" တစ်ယောက်တည်းယူထားလို့ အဲသလောက် ကုန်တာ၊ အများကြီး ယူလိုက်ရင် အဲသလောက် မကုန်ကျတော့ဘူး " ပြောသူတွေရှိတယ်။
ရယ်ရပေမယ့် သိပ်တော့ မစွံလှပါဘူး။ ကလေး သုံးယောက် အပ် လို့ ဈေးလျှော့ယူတဲ့ ကျောင်း၊ ၅ ယောက်ဝင်စားလို့ ဈေးလျှော့ယူတဲ့ ထမင်းဆိုင် စတာတွေ မတွေ့မိပါဘူး။ ကျနော် တွက်ကြည့်တယ်၊ ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ရာမှာ တစ်နာရီ ( ဟောင်ကောင်ငွေ ) သုံး ဒေါ်လာကုန်တယ်။

ဒါဖြင့် ဘာဖြစ်လို့များ ကျနော်တို့ ကလေးယူကြတာလဲ၊ သူတို့ဆီက ပြန်ရတာတွေ အများကြီး၊ ဖရီး။

သူတို့ကြီးလာမှ ဘာလေးတွေပဲဖြစ်ဖြစ် သူတို့နဲ့ ပတ်သက်လို့ လေထဲ အိမ်ဆောက် စိတ်ကူးယဉ်ခွင့် ရတယ်။
အပြင်ထွက်တိုင်း လက်တွဲခေါ်စရာ လူ အမြဲရှိတယ်။
အလှဆုံး ရေခဲသေတ္တာရှိတယ် ( အရုပ်တွေ ဆွဲ၊ အရုပ်တွေ ကပ် )
ကာတွန်းကားတွေ လွတ်လွတ် လပ်လပ် ကြည့်ခွင့်ရှိတယ် ( နို့မို့ ကလေး ရိုဟိန်ဂျာ အပြောခံရမှာ စိုးလို့ လွတ်လွတ် လပ်လပ်မ ကြည့်ရဲဘူး )
တစ်ခါမှ မရောက်ဖူးတဲ့ သည်းခြံခင်း ရေမှတ်ကို ရောက်ရတယ်။


" anger management course " ကို တစ်ပြားမှ မကုန်ဘဲ တက်ခွင့်ရတယ်။
တစ်ကိုယ်လုံး ပြန့်နေတဲ့ ချစ်ခြင်းမေတ္တာတွေ ရတယ်။
တစ်နေ့ကို အနည်းဆုံး သုံးကြိမ် အဖက် ခံရတယ်၊ တစ်နှစ်ဆို ၁၀၉၅ ကြိမ်။
သူတို့လေးတွေ အတောင်စုံလို့ " ပျံ " သွားကြတော့ အသည်းကွဲခွင့် ရတယ်။

ကဲ ...ကွန်ဒို အိမ်တစ်လုံးရှိရုံနဲ့ ဒါတွေ ဘယ်ကရနိုင်မလဲ။

Ref: Mr. Jam. A shocker: how much it costs to raise a child


 ကမ်းလက်