လူ့ယဉ်ကျေးမှု ပဋိပက္ခ (ဒု) အခန်း (၉) မိတ်ဆက် (အကျဉ်း)


ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတွေအတွက်ပါ။ "စီဗီလိုက်ဇေးရှင်းသပွတ်အူ အာရှ" နဲ့ တရုတ်ရဲ့ အခန်းကဏ္ဍက စိတ်ဝင်စားဖို့ အကောင်းဆုံးလို့ ထင်ပါတယ်။

ပဓာနနိုင်ငံများနဲ့ အန္တရာယ်စည်းကြောင်းပဋိပက္ခများ


လက်ရှိအနေအထားမှာ စီဗီလိုက်ဇေရှင်းမတူရင် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးလည်း မရှိနိုင်။ ဒီမှာ ပဋိပက္ခနှစ်မျိုးခွဲခြားပြပါတယ်။
(က) ဒေသတွင်း ပဋိပက္ခ (local or micro level)
(ခ) တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ (global or macro level)

(က)ပဋိပက္ခကတော့ နိုင်ငံ တစ်နိုင်ငံအတွင်းရှိ စီဗီလိုက်ဇေးရှင်းမတူတဲ့ အုပ်စုတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ စီဗီလိုက်ဇေးရှင်းကွဲ နိုင်ငံငယ်တွေ အချင်းချင်းကြားမှာဖြစ်ပွားတဲ့ ပဋိပက္ခတွေဖြစ်ပါတယ်။
(ခ)ပဋိပက္ခကတော့ စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ ပဓနနိုင်ငံကြီးတွေကြား မှာ ဖြစ်ပွားတဲ့ ပဋိပက္ခမျိုးပါ။ ကမ္ဘာစစ်ဆီကို ဦးတည်သွားနိုင်ပါတယ်။

(က)ပဋိပက္ခကနေ (ခ)ပဋိပက္ခဆီ ပြောင်းသွားနိုင်တဲ့ အခြေခံ အကြောင်းနှစ် ချက်ကတော့
၁။ မိမိနဲ့ စီဗီလိုက်ဇေးရှင်းတူနိုင်ငံငယ်ကို ကူရင်းကူရင်းနဲ့ ပဓာနနိုင်ငံကြီးတွေ ပါ ပါဝင်လာခြင်း
၂။ မတူညီတဲ့ စီဗီလိုက်ဇေးရှင်းနှစ်ခုအကြား စူပါ ပါဝါ အပြောင်းအလဲကြောင့် ကမ္ဘာစစ်ပုံစံဖြစ်လာနိုင်ခြင်း။

(စီဗီလိုက်ဇေးရှင်း တူညီနေမှုကြောင့် အမေရိကန်က ဗြိတိသျှဆီကနေ စူပါ ပါဝါအဆင့် လွှဲပြောင်းယူရာမှာ စစ်မဖြစ်လိုက်၊ တကယ်လို့ စီဗီလိုက်ဇေးရှင်း ကွဲဖြစ်တဲ့ အမေရိကန်တွေဆီကနေ တရုတ်က စူပါ ပါဝါအဆင့် လွှဲပြောင်း ယူမယ်ဆိုရင် ကမ္ဘာစစ်ပုံစံရောက်သွားနိုင်တယ်လို့ ဆိုလိုပါတယ်။)

အစ္စလာမ်ကမ္ဘာနဲ့ အနောက်

သူတို့ကြားမှာ ပြဿနာပေါင်းစုံရှိနေမယ်။ သမိုင်းကြောင်းကိုပြန်ကြည့်တော့ ၇/၈ ရာစုမှာ မွတ်စလင်တွေ အင်အားကောင်းခဲ့။ ၁၁ရာစုရောက်တော့ ခရစ် ယာန်တွေက တစ်ကျော့ပြန်အင်အားတွေ ကောင်းလာခဲ့တယ်။ ၁၂၉၀မှာတော့ မွတ်စလင် အော့တမန် အင်ပါယာပြန်လည် အားကောင်း လာပြီး ၁၅၂၉ခုအထိ ကြာမြင့်ခဲ့တယ်။ နောက်ဆုံး ဗီယင်နာမြို့ကိုပါ သိမ်း ပိုက်နိုင်ခဲ့တယ်။

၁၅ရာစုရောက်တော့ သမိုင်းတစ်ပတ်ပြန်လည်ခဲ့တယ်။ ကမ္ဘာ့ နေရာတော်တော်များများဟာ ဥရောပကိုလိုနီတွေ ဖြစ်ကုန်တယ်။ ဒါပေမယ့် ဥရောပနိုင်ငံတွေက ကိုလိုနီစနစ်ကနေ အလျော့ပေး၊ အနားယူ လိုက်တဲ့ ၁၉၂၀ - ၁၉၃၀ ခုနှစ်တွေမှာတော့ အစ္စလာမ်က တစ်ကျော့ပြန် အားကောင်းလာခဲ့တယ်။
သူတို့ဘာသာကြီးနှစ်ခု (ခရစ်ယာန်နဲ့မွတ်စလင်) ကြားမှာ တူညီမှုတွေကြောင့်ရော မတူညီမှုတွေကြောင့်ပါ ပြဿနာတွေ အမြဲတက်လျက်ရှိ။
ပြဿနာဖြစ်ခြင်းရဲ့ အဓိကအကြောင်းငါးချက်ကို ထုတ်ပြပါတယ်။

၁။ မွတ်စလင်လူဦးရေတိုးပွားမှုနှုန်းများခြင်း။ ဒါကြောင့် အစ္စလာမ်မစ် အစွန်းရောက် စစ်အားတွေများ။ အလုပ်လက်မဲ့များ။ အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်နေထိုင်၊ အနောက်နိုင်ငံတွေထဲ ဝင်ရောက်နေထိုင်ကြ။
၂။ အစ္စလာမ်ဘာသာနိုးထခြင်း လှုပ်ရှားမှုက သူတို့ကို အိုင်ဒင်တတီအသစ် ထုတ်ပေးလိုက်တယ်။
၃။ လက်ရှိဗိုလ်ကျနေတဲ့ အနောက် စီဗီလိုက်ဇေးရှင်းအပေါ် မခံမရပ်နိုင်ဖြစ်နေ ကြရတယ်။
၎။ အနောက်နဲ့ မွတ်စလင်တွေကြားမှာ အရင်ကရှိနေခဲ့တဲ့ ကွန်မြူနစ်ဆိုတဲ့ ဘုံရန်သူ ရှိမနေတော့ခြင်း၊ ဒီဘုံရန်သူနေရာကိုလည်း ဘာကမှ အစားထိုးနေ ရာ ဝင်ရောက်မှုမရှိ။
၅။ သူတို့ချင်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေရခြင်းကြောင့် သူတို့ကြားက ကွဲပြားမှုတွေကို ပိုသိလာကြတယ်။ အဓိကပြဿနာက သူတို့ဘာသာကြီးနှစ်ခု စလုံးက တစ်ကမ္ဘာလုံးဆိုင်ရာဝါဒရှိနေခြင်းပါ။ အနောက်ကရော အစ္စလာမ် ကပါ သူတို့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေဟာ တစ်ကမ္ဘာလုံးရှိ လူသားတွေနဲ့ လိုက်လျောညီထွေရှိတယ်လို့ ယုံကြည်ထားကြတယ်။ ဒီအချိန်မှာ အနောက် က အင်အားကောင်းနေတော့ အစ္စလာမ်ကမ္ဘာက မခံမရပ်နိုင်ဖြစ်နေကြတယ်။
ဒါတွေကြောင့် အစ္စလာမ်နဲ့ အနောက်ကြားက ဆက်ဆံရေးဟာ ချောမွေ့ဖို့ လမ်းစ မမြင်သေးဘူးလို့ ဟန်တင်တန်က ကောက်ချက်ချခြင်းပါ။

အာရှ၊ တရုတ်နဲ့ အမေရိက ဆက်ဆံရေး

အာရှကိုတော့ စီဗီလိုက်ဇေးရှင်းသပွတ်အူလို့ တင်စားထားပါတယ်။ ဒါ့ကြောင့် အာရှနိုင်ငံတွေ အချင်းချင်းမှာရော အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေး အဖု အထစ်တွေ ရှိနေလိမ့်မယ်။ အာရှတွင်း ပြဿနာတွေကတော့...

၁။ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်လာတော့ စစ်လက်နက်တွေလည်း အပြိုင်အဆိုင်တပ်ဆင်လာကြတယ်။ အားအစွမ်းရှိလာရင် တစ်ချိန်က အနာဟောင်းတွေ ပြန်ပြန်ပေါ်လာပြီး ဆက်ဆံရေးအဖုအထစ်တွေ ရှိနေနိုင်တယ်။
၂။ အာရှအင်အားကြီးနိုင်ငံတွေက အနောက်(အမေရိကန်)ကို ခြေရာ လှမ်း တိုင်းလာတယ်၊ အားစမ်းလာတယ်။ စစ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေမှာ အနောက်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်အောင် ကြိုးစားလာနေကြတယ်။
၃။ ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှုက များသည်ထက်များလာတော့ သူ့ကို အုပ်စုဖွဲ့ ကာပြန်မလား၊ သူ့အောက်ကို အညံ့ခံဝင်ပေါင်းမလား ဆိုတာတွေ ရှိနေတော့ ဗဟုဗဏ္ဍိုင်စနစ်နဲ့ အေးအေးချမ်းချမ်းရှိဖို့ မလွယ်ကူသေးကြောင်း ခန့်မှန်းထားပါတယ်။

အနောက်ကမ္ဘာက သူတို့ချင်း အားပြိုင်ခဲ့၊ စစ်ပွဲတွေ ဖြစ်ခဲ့ကြပြီးပြီ။ အာရှထဲမှာ စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ ပဓာနနိုင်ငံကြီးတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ အိန္ဒိယတို့ပါ ပါဝင်နေတယ်။ အနောက်ကမ္ဘာဟာ သူတို့ချင်း စစ်ဖြစ်ဖို့ ဝေလာဝေးဖြစ်နေချိန်မှာ အာရှက အဲဒီအနေအထားမှာ မဟုတ်ဘူး။ အာရှထဲမှာ ဥရောပပုံသဏ္ဍာန်နဲ့ အဖွဲ့အစည်းဆိုလို့ အာစီယံနဲ့ အေပက်ပဲ ရှိတယ်။ ဒီအဖွဲ့တွေထဲမှာလည်း စူပါ ပါဝါကြီးတွေ ပါမနေဘူး။ နောက်ပြီး အာရှနိုင်ငံတွေကြားမှာ မဖြေရှင်းရသေးတဲ့ နယ်မြေအငြင်းပွားမှုတွေ ရှိနေတယ်။

ဒီမှာ သမိုင်းပညာရှင် အာရွန်ဖရိုက်ဘတ်ရဲ့
“ဥရောပရဲ့အတိတ်ဟာ အာရှရဲ့ အနာဂတ်” ဆိုတဲ့စကားကို
ဟန်တင်တန်က သဘောမတူဘဲ “အာရှရဲ့အတိတ်ဟာ အာရှရဲ့ အနာဂတ်ဖြစ် ဖို့ များပါတယ်” လို့ ခပ်ရဲရဲဆိုခဲ့ပြန်ပါသေးတယ်။ လက်ရှိအနေအထားကို ကြည့်ပြန်တော့လည်း သူ့အဆိုက ငြင်းပယ်ဖို့က ခပ်ခက်ခက်ဖြစ်သွားခဲ့ရ ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

Post a Comment