ကျနော် နိုင်ငံရေးကမ်းကြည့်ငှက်တစ်ကောင် (တိရသကုဏ ဒသီ) ဖြစ်နေခဲ့ သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ ထိုငှက်က သူအမှန်ရှုမှတ်ရမည့် သင်္ခါရရုပ်ပုံလွှာအစား အကြမ်းစား နိုင်ငံရေးအထည်ကို ဝိပသနာတင်ရင်း ရှု မှတ်နေခြင်းအပေါ် နောင်တရဟန်လည်းမတူပါ။ သို့သော် နိုင်ငံရေး အဖြစ် အပျက် ဝိပသနာကို လေးနှစ်နီးပါး ပွားမြားပြီးသည့်နောက်မှာတော့ သူ ရှုမှတ်နေသည့်သင်္ခါရအကြမ်းထည်၏ သဘာဝကို ပို၍ ပျက်ပျက်ထင်ထင်မြင် လာသည်။
ယမန်နေ့ကတော့ သူ၏ဉာဏ်စဉ်များလည်း တဟုန်ထိုး တိုးတက်လာလေေ တာ့သည်။ အဖြစ်၊ အပျက်၊ အတက်၊ အကျကို (ဥဒယ၊ ဝယ) စဉ်ဆက်မပြတ် ရှုမှတ်နေရင်း မနေ့ကတော့ အဖြစ်ထက် အပျက်သဘောတရားက သူ့ဉာဏ် မှာ တမွမွ၊ တဖွဖွရိုက်ခတ်ပေါ်လာလေတော့သည့်။
ဤကိုပင် ဘင်္ဂဉာဏ်ကွန့်မြူးခြင်းဟု ခေါ်လေသလား မသိပါ။
အပျက်သိ ဉာဏ်စဉ်အတန်းသည် စဉ်ဆက်မပြတ် ရိုက်ခတ်လာတတ်သည်ဟု မိန့်မှာတော်မူ၏။ မှန်ပေသည်။ ဘင်္ဂဉာဏ်အစွန်းအစလေးကို ဆွဲယူလိုက်မိ သည်နှင့် တပြိုင်နက် အန္တရာယ်အချက်ပေးသံသဖွယ် ဘယဉာဏ် (ဘေး၊ အန္တ ရာယ်ဟု သဘောခိုက်သောဉာဏ်) က ထပ်ချပ်မကွာ ဘင်ခရာသံဖြင့် လိုက်ပါ လာလေသည်။
"အန္တရာယ်ရှိပြီ၊ အန္တရာယ်ရှိပြီ။"
ထိုမှနောက် "ထွီ" ကနဲ ထွေးထုတ်ချင်လောက်အောင် အာဒီနဝ (ကောင်းကွက် မရှိလေစွတကား၊ မွေ့နူးသာယာဖွယ် မဲ့လေစွတကား) အသိဦီးက သူ့ကို တဘုန်းဘုန်းရိုက်နှက်၍ နေပါတော့သည့်။
ထိုမှနောက်တော့ သဘာဝဖြစ်စဉ်မှန်အောက်မှာ (The way it is, the way they are) ရိုးတရိပ်ခိုလှုံခွင့် ရသလိုဖြစ်သွားသည်။
မုဉ္စိတုကာမော
လွတ်မှရမယ်
မြောက်မှရမယ်
လွတ်မြောက်မှရမယ်။
သို့ဖြင့်ပင် ပယ်မရ၊ စွန့်မရ။
ခေါ်သွားလို့မရ၊ ချန်ထားလို့မရ။
ချစ်လို့မရ၊ မုန်းလို့မရ။
ချော့လိုမရ၊ ခြောက်လို့မရ
သင်္ခါရဖြစ်စဉ်အပေါ် တနုံ့နုံ့၊ တနဲ့နဲ့ ရှုမှတ်ပြီး ဥပေက္ခာရွက်နုဝေချိန်ကိုစောင့်စားရင်း (သင်္ခါရုပေက္ခာ) သူ့ မြေယာလေးကို မြေနှုတ်ပေါင်းသင် ပေးနေမိတော့သည်။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
ကျနော်သိသည့် ကမ်းကြည့်ငှက်ကြီးများ ဒီနေရာမှာ ရှိနေကြောင်း အခုမှ ကျနော်သိခွင့်ရခဲ့သည်။ ထို ကမ်းကြည့်ငှက်ကြီးများက ကျနော့်ကို ပြုံးကြည့် ကြ၏။
" ဟေ့ကောင်၊ လာလေကွာ" ဟု ခေါ်ကြ၏။
image source |
အမှန်မူ ထိုငှက်သည် နယ်စည်းဖြတ်၊ မဖြတ်(ဂေါတြဘူ)ကို ဆုံးဖြတ်ရန် ချီတုံ ချတုံ ဖြစ်နေဟန်တူပါသည်။
ရှုမှတ်ပုံ မတူညီသည့်တိုင်
ကျနော်
ကမ်းကြည့်ငှက်တစ်ကောင်ဖြစ်ကြောင်းကတော့ သေချာပါသည်။
ဇင်ဝေသော်
Post a Comment