ဒေါ်အေးနှင့် မြေးမလေးအကြောင်း (Mudita Shwe Kyaung)


ကမ်းလက် shared Mudita Shwe Kyaung's post.
ဒေါ်အေးနှင့် မြေးမလေးအကြောင်း
ငထွေးက အိမ်မှာ အငယ်ဆုံးသား။ သားသမီးငါးယောက်ရှိရာမှာ အကြီးတွေက မိန်းကလေး တွေချည်းဆိုတော့ ဦးလှနဲ့ ဒေါ်အေးက သားအလွန်လိုချင်နေကြတာ။ အဲဒီအချိန်မှာ ရှားရှား ပါးပါး သားလေးတစ်ယောက်မွေးလာတော့ ဦးလှနဲ့ဒေါ်အေးတို့မှာ ပျော်လွန်းလို့။ ဘုရားပေး တဲ့သားလေးပေါ့။ သူတို့သားလေးမှ သားလေး။ ကျန်တဲ့သမီးကြီးတွေကို သမီးလို့ တောင် မထင်လောက်တဲ့အထိ။
သားလေးလိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးကြတာ။ သူတို့သားနဲ့ သမီးတွေတစ်ခုခုဖြစ်ရင် ဘယ်သမီးနဲ့ပဲဖြစ်ဖြစ်။ သမီးတွေရဲ့အမှား။ သူ့တို့သားက ဘယ်တော့မှ မမှား။
လိုအပ်တာထက် အလိုလိုက်လွန်းတော့ ငယ်စဉ်မှာ ငထွေးက နွဲ့ဆိုး။ အိမ်ကလူတွေနဲ့ဆို နွဲ့ဆိုးမို့တော်သေးရဲ့။ ပတ်ဝန်းကျင်ကသူတွေနဲ့ ဆက်ဆံရာမှာလည်း အဆင်မပြေတော့ တစ်ရပ်ကွက်လုံးနဲ့ သူနဲ့က မတည့်။ ဒီတော့လည်း မတည့်တော့ ပိုဆိုး။ မတည့်ဆိုး။ ဘယ်သူနဲ့မှာ မတည့်တော့ ပိုအရွဲ့တိုက်။ ဒီတော့လည်း သူကရွဲ့ဆိုး။
သူနဲ့တည့်တာဆိုလို့ သူပေးကမ်းကျွေးမွေးထားတဲ့ ရပ်ကွက်ထဲက လူရမ်းကား အရက်သမား တစ်စုလောက်သာရှိတာ။ ဒီလူဆိုးတွေကလည်း ပေးကမ်းထားလို့သာ သူနဲ့ကပေါင်းနေရတာ။ သူ့ရဲ့ ညစ်ကျယ်ကျယ် ဗိုလ်ကျတတ်တဲ့အကျင့်ကိုတော့ ကြိုက်ကြတာ မဟုတ်ပါဘူး။
သူကလည်း သူ့အပေါင်းသင်းများကြားမှာ သူကသာပေးကမ်းရတာချည်းဆိုတော့ သူ့အပေါင်းအသင်းတွေကို ကြိုက်လှတာတော့လည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့နဲ့မှ မပေါင်းသင်းရင်လည်း သူ့ကိုပေါင်းသင်းမည့်သူက မရှိဘူး။ ဒီတော့ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ။ သင့်သလို နေနေရတာပေါ့။
ဒီတော့ သူ့မိတ်ဆွေလူရမ်းကားတွေကို ပေးနိုင်ကျွေးနိုင်အောင် သူ့မိဘများဆီကနေ အမြဲတမ်း တောင်းနေရတယ်။ မိဘတွေခမျာလည်း အစက အထိုက်အလျောက် စီးပွားရေး အဆင်ပြေပေ မယ့် သူမွေးပြီးချိန်ကစလို့ မိုးလေဝသကလည်း မကောင်း၊ သူအတွက်လည်း သူမငြိုငြင်အောင် သုံးစွဲရ၊ သူဖြုန်းသမျှကိုလည်း ဖြည့်ဆည်းပေးရဆိုတော့ စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျဆင်း လာပါတယ်။ ဟန်မပျက်နေရပေမယ့် အိမ်စီးပွားရေးက တကယ့်ကိုမှ အဆန်မရှိတဲ့ အခွံသာ သာမျှသာပါ။ ဒီတော့လည်း တောင်းသမျှ အကုန်မပေးနိုင်။
ငထွေးက တောင်းမရတော့လည်း ခိုးတယ်၊ ကဲ့တယ်။ ဒီတော့လေး သူက ကဲ့ဆိုးဖြစ်လာပြန် တာပေါ့။
လူကသာ တစ်သက်လုံး ဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်ခဲ့တာ။ အရွယ်ရောက် လာတော့ အိမ်ထောင်က ပြုချင်လာပြန်ရော။ ရွာမှာ သူ့ကို ကြိုက်ဝန့်သူကလည်း တစ်ယောက် မှ မရှိတော့ သူ့အကြောင်းကို မသိတဲ့ တနယ်ဝေးက မိန်းကလေးတစ်ယောက်ကို မိဘများက ရှာဖွေပြီး ပေးစားခဲ့လို့ သူ့ဆန္ဒတော့ ပြည့်သွားပါတယ်။
အိမ်ထောင်ကျပြီး တစ်နှစ်ကျော်ကျော်လောက်နေတော့ သူ့မှာ သမီးလေးတစ်ယောက်ရလာ တယ်။ မိဘတွေအပေါ်မှာသာ ငထွေးက တာဝန်မကျေတာ မဟုတ်ဖူး။ မယားအပေါ်မှာ သူ့သမီးလေးအပေါ်မှာလည်း ဖခင်တစ်ယောက်ရဲ့တာဝန်ကို ဘာမှမယူခဲ့ပါဘူး။ ဦးလှဒေါ်အေးနဲ့ အမဖြစ်သူများကသာ သူ့မယားနဲ့သမီးကို ဝိုင်းဝန်းစောင့်ရှောက်ကြရတာပါ။
အရွယ်သာ ကြီးလာတယ်။ သူ့အမူအကျင့်က ဘာမှ ပြောင်းလဲမလာခဲ့ပါဘူး။ သူ့မှာ ပြောင်းလဲ တာဆိုလို့ နွဲ့ဆိုး၊ မတည့်ဆိုး၊ ရွဲ့ဆိုး၊ ကဲ့ဆိုးကနေ တစ်ရပ်ကွက်လုံးရဲ့ မဲ့တာကိုခံရတဲ့ မဲ့ဆိုးဆိုတဲ့ အဆိုးနာမည်များသာ ပြောင်းလဲပါတယ်။
တစ်ရပ်ကွက်လုံးက ဘယ်လောက်ပဲ ကဲ့ရဲ့ကဲ့ရဲ့၊ မဲ့မဲ့။ ဒေါ်အေးကတော့ သူ့သားမှ သူ့သား။ သူ့သားတောင်းဆိုသမျှကို တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေးနေမြဲပါပဲ။
သူ့သားငထွေးကလည်း သူ့ဟာသူအခြားအချိန်တွေမှာ ဘယ်လောက်ပဲဆိုးဆိုး။ သူ့အမေ ဒေါ်အေးဆီက တစ်ခုခုတောင်းတော့မယ်ဆိုရင်ဖြင့် “မေမေ မေမေ” နဲ့ တမေထဲမေပြီး မျက်နှာကလည်း အလွန်ချိုပါတယ်။
ဒေါ်အေးကလည်း “သူ့သား နှုတ်ကအလွန်ချိုနေပြီဆိုရင် တစ်ခုခု လိုချင်လို့ရင်လည်းဖြစ်မယ်၊ ဒါမှမဟုတ် ရွာထဲမှာ တစ်ခုခု မဟုတ်တာလုပ်ခဲ့လို့ရင်လည်း ဖြစ်မယ်”ဆိုတာ သိနေပါပြီတဲ့။
သူလုပ်ခဲ့တဲ့ ပြဿနာသောင်းခြောက်ထောင်ကို နောက်ကလိုက်ရှင်းခဲ့ရတာ များပြီဆို တော့ လည်း အမေလုပ်တဲ့ ဒေါ်အေးက သိနေပြီပေါ့လေ။
တစ်နေ့မှာတော့ ဒေါ်အေးနဲ့ သူ့မြေး(ငထွေးရဲ့သမီး) တီဗွီကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ တီဗီကနေ တစ်ယောက်က “မိဘပြည်သူများခင်ဗျား၊ မိဘပြည်သူများခင်ဗျား”လို့ ခဏခဏ ခေါ်ပါသတဲ့။ အဲဒီတော့ မြေးဖြစ်သူက သူ့အဖွားကို “မေမေကြီး မေမေကြီး ဟိုလူကြီးက မိဘပြည်သူများခင်ဗျား၊ မိဘပြည်သူများခင်ဗျာလို့ ခဏခဏခေါ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ” လို့ မေးသတဲ့။
အဲဒီတော့ ဒေါ်အေးက သူ့မြေးမလေးကို “အော် မြေးရယ်။ ညည်းအဖေက အဖွားကို ခေါ်နေသလိုမျိုးပဲ နေမှာပေါ့”လို့ ပြန်ဖြေသတဲ့။ ။
 

Post a Comment