ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး


ကျနော့် မိတ်ဆွေ ရွေးခဲ့တဲ့ ပရဟိတ အဖွဲ့ နာမည်ပါ။ သူတို့ အသင်းကို မှတ်ပုံတင်ဖို့ သွားတုန်းကတော့ ဒီထက်လှတဲ့ နာမည်လေး တစ်ခုခု ကို စိတ်ကူးခဲ့ပါ သတဲ့။ ဥပမာ ပုညသဟာယ။ မရှိတော့ပါဘူး။ နာမည်တူ ရှိပြီးသားပါ။ ဓမ္မမိတ်ဆွေများ။ ဓမ္မ ညီအကို မောင်နှမများ။ တစ်ခုမှ မရှိတော့ပါ။ ဒါနဲ့ အင်္ဂလိပ်လို စဉ်းစားကြည့်တယ်။ Buddhist Fellowship. Dhamma Fellowship စသည်။ ဒါတွေလည်း မရတော့ ပါဘူး။
ရီလေးရှင်းနဲ့ ပတ်သက်တဲ့ နာမည်တော့ မရနိုင်တော့ဘူး။ ဒါနဲ့ ဗြဟ္မစိုရ် ဆန်ဆန် နာမည်လေးတွေ ရွေးကြပြန်တယ်။ မေတ္တာရှင်။  မေတ္တာပန်းတို့ ဘာညာ ဘာညာ။ မကျန်တော့ပါဘူး။ ကရုဏာ နာမည် နဲ့လည်းမရ၊ မုဒိတာနဲ့လည်း နောက်ကျ။

သူများ မယူသေးလို့ ကျန်တာက ရီလေးရှင်းနဲ့ ပတ်သက်လို့ ခမည်း ခမက်၊  ဗြဟ္မစိုရ် နဲ့ ပတ်သက်လို့ ဥပေက္ခာ။ ဒါတောင် နောက်တစ်ပတ်လောက်ကြာရင် မသေချာဘူး ဆိုလို့ ကျနော့် မိတ်ဆွေက ဒီနာမည်နဲ့ပဲ မှတ်ပုံ တင်ခဲ့ပါသတဲ့။

" ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး "

ကျနော်တို့ စင်ကာပူမှာ ပရဟိတအဖွဲ့ နာမည် မထပ်အောင် ရွေးရတာတောင် ဘစ်ဂ် ချဲလင့် ရယ်။



ဦးကိုမောင် (ပြုံးစိစိဖတ်စာ)







Copyright © 2012 ကမ်းလက်. All rights reserved.

=> Myanmar got talents <=

ဦးသန့် လိုလူ ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဦးနေဝင်းက ဦးသန့်ထက် ပိုတော်တယ် လို့ သူ့ကိုယ်သူ ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်လို လေဒီကို ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဗိုလ်ချုပ်ကြီးကတော်တိုင်းက ဒေါ်စုလောက်တော့ သူ တို့လည်း စွမ်း သတဲ့။

Myanmar got talents => ဂက်စ်တွေ၊ ရေနံတွေ အလျှံပယ်ရှိတယ်။
ဒါပေမယ့် လူထုကို အမှောင်ထဲမှာ နေနိုင်အောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => ရေကောင်းရေသန့် မြစ်ကြီးလေးသွယ် ရှိတယ်။
ဒါပေမယ့် လူထုကို ရေ ရှားပါးအောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => It held election.
But it locked the winners up and the losers still manage to hold the key.

Myanmar got talents => .........

Myanmar got talents => .........


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြုံးစိစိ ကဗျာ

ပိတောက် ပွင့်သစ် မဂ္ဂဇင်း နှစ် ၂၀ ပြည့်ထဲက ပြုံးစရာ ကဗျာ နှစ်ပုဒ်ကို ဖတ်လိုက်မိလို့ ရှဲ လိုက်တာပါ။ ဝိုင်ချိုရဲ့ စိန်ပန်း တမာ နှင့် ကဗျာ ကျောပိုးအိတ် ဆောင်းပါး ထဲကပါ။

ပထမ ကဗျာက

"ဘွန္တော"
သတင်းစာစက္ကူပေါ်
သံပုရာရည် ညှစ်လိုက်တော့
မေမေ ပေးလိုက်တဲ့ မီးခြစ်လေးက ပြုံးပြတယ်။ ။


မီးခြစ်က တကယ် ပြုံး မပြုံး မသိပေမယ့် စာဖတ်သူကတော့ တကယ် ပြုံးလိုက်ရပါတယ်။ အပြုံးကိုတော့ အမည်ပေးဖို့ ခပ် ခက်ခက်ပဲ။ ဒါကို မပြုံး လိုက်ရရင် ဆက်ဖတ်ကြည့်ပါ။


"တမာ နဲ့ စိန်ပန်း"
တမာ စိန်ပန်း ရောယှက်သန်း၍
စိန်ပန်း တမာ ရောယှက် ဖြာသော်
ဪ တမာ စိန်ပန်း ပါတကား။ ။

မောင်စိန်ပန်း ( တမာမြေ )


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

အင်္ဂလိပ်စကားပြောသူများ နှလုံးရောဂါပိုဖြစ်တယ်

ငြီးငွေ့ပင်ပန်းစရာကောင်းလှတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သုတေသနတွေကို အဖြေထုတ်ကြည့်လိုက်တော့ နောက်ဆုံးထွက်လာတာက

*          ဂျပန်လူမျိုးများက အဆီသိပ်မစားကြ၊ ထို့ကြောင့် နှလုံးရောဂါဖြစ်နှုန်း ကနေဒီယန်းတွေ၊ ဗြိတိရှတွေ ၊ သြစတေးလျန်းတွေ၊ အမေရိကန်တွေထက် နည်းပါးကြတယ်။


*          မက္ကဆီကန်လူမျိုးတို့ကား အဆီအဆိမ့် အလွန်စားကြ၏ ။  သို့သော် နှလုံးရောဂါဖြစ်နှုန်း ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့ထက် နည်း၏ ။


*          တရုတ်လူမျိုးများ ရက်(ဒ်)၀ိုင်ကို သိပ်မသောက်ကြ။  ထို့ကြောင့် နှလုံးရောဂါခံစားနေရသူများ ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့ထက် လျော့ပါး၏ ။


*          အီတလီလူမျိုးများ ရက်(ဒ်)၀ိုင်ကို အလွန်အကျွံ သောက်ကြ၏ ။ သို့သော် နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မရှိ ။


*          ဂျာမန်များ ဘီယာ အလွန်အကျွံ သောက်ကြ၏ ။ နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မမြင့်မား ။


*          ယူကရိန်းလူမျိုးများ Vodka အလွန်အကျွံ သောက်ကြ၏ ။ နှလုံးရောဂါဖြစ်ပွားမှု ကနေဒီယန်း ၊ ဗြိတိရှ ၊ သြစတေးလျန်း ၊ အမေရိကန်တို့လောက် မဖြစ်။


CONCLUSION:
Eat and drink what you like.
Speaking English is apparently what kills you.


Net Buzz
Newpapaer,  Spotted by Selvaraj K.


ဦးကိုမောင်






















Copyright © 2011 ကမ်းလက်. All rights reserved.

ရဲအရာရှိငှားရန်ရှိသည်


ပါဆင်နယ်ရဲအရာရှိ အစောင့်အရှောက် လိုအပ်ပါသလား။
ယနေ့ ရဲအရာရှိ တစ်ယောက်ကို တစ်နာရီ ပေါင် ၃၀ နဲ့ငှားရမ်းနိုင်ကြပါပြီ။

ငွေကြေးအကျပ်အတည်းနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့
ဂရိအစိုးရက ရဲအရာရှိတွေကို နာရီနဲ့ငှားပြီး ရံပုံငွေရှာဖို့ ကြိုးစားနေပါတယ်။

ရဲကားပါလိုချင်ရင်တော့ ၁၀ ပေါင်ထပ်ပေးရပါလိမ့်မယ်။
ရလာတဲ့ငွေကို ရဲဌာနတွေအတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေအတွက် သုံးစွဲမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ဆိုပါတယ်။

ဒါပေမယ့် ရဲအရာရှိ အစောင့်အရှောက်ငှားတဲ့နေရာမှာ အကန့်အသတ်တော့ရှိပါတယ်။
အရေးကြီးတဲ့ပစ္စည်းတွေအတွက် ဒါမှမဟုတ် အနုပညာနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ ပို့ဆောင်ပေးရတဲ့ကိစ္စမျိုးသာဖြစ်ရပါမယ်။

တစ်ချိန်ကတော့ ဒီကိစ္စမျိုးတွေအတွက် အလကားဆောင်ရွက်ပေးခဲ့ပါသတဲ့။
အခုတော့ ကင်းလှည့်ရေယာဉ်အတွက် ပေါင် ၂၀၀၊
ဟယ်လီကော်ပတာအတွက် ပေါင် ၁၅၀၀ သတ်မှတ်ထားပါတယ်။
ဒါကလည်း ပြည်ထဲရေးတာဝန်ကိုမထိခိုက်မှ ပါ လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဂရိနိုင်ငံဟာ အကြွေးပေးရန် ပေါင် ၃၅၀ ဘီလီယံရှိပါတယ်။
ဒေဝါလီမခံရဖို့ အီးယူနဲ့ အပြည်ပြည်ဆိုင်ရာရံပုံငွေအဖွဲ့ တွေကနေ ချေးငှားထားရတာဖြစ်ပါတယ်။
ဒီကိစ္စကြောင့်ဆန္ဒပြမှုတွေများလွန်းလို့ ရဲဌာနတွေလည်း တော်တော် အလုပ်ရှုပ်နေကြရပတယ်။(ဒီကြားထဲက ငှားရတာပါ၊)

လူငါးယောက်မှာ တစ်ယောက် တော်တော်အခြေအနေဆိုးနေပါတယ်၊
ကိုယ့်ကိုယ်ကို သတ်သေမှုတွေကလည်း မနှစ်က လေးဆယ်ရာခိုင်နှုန်း
မြင့်တက်လာကြောင်း သိရပါတယ်။

(သံရုံးမြေ ပိုင်းရောင်းတာတောင် သတင်းမဟုတ်တော့သလိုလို၊ စာပြန်သူ)
AGENCE FRANCE-PRESS

ဦးကိုမောင်





















Copyright © 2011 ကမ်းလက်. All rights reserved.

ကော့မှူးကဒေါက်တာသို့ ဘလော့ဂ်ဖွင့်ပေးစာ

ချစ်ခင်လေးစားရတဲ့ ဒေါက်တာ

ပထမဆုံး တစ်ခုပြောခွင့်ပြုပါ။
ဒါက ရွေးကောက်ပွဲပါဒေါက်တာ၊ စစ်ပွဲမဟုတ်ပါဘူး၊ Battle လို့မသုံးလိုက်ပါနဲ့။
ဒါက ဘယ်တယ်လ်ကို ရှောင်တဲ့ငြိမ်းချမ်းရေးပါ။
ဘာပဲပြောပြော ကော့မှုးမြို့နယ်မှာ ယှဉ်ပြိုင်အရွေးခံဖို့ ရွေးချယ်ခံရသူဒေါက်တာကတော့ ကံဆိုးတာပါပဲ။

ကျနော်တစ်နေ့ကရေးခဲ့တဲ့ စင်ကာပူကမြို့နယ်တစ်ခုဆိုတာ ဆရာကြီးလီကွမ်းယုရဲ့ မြို့နယ်ပါ။ ကျန်တဲ့မြို့နယ်တွေမှာအတိုက်အခံ ရှိတတ်ပေမယ့် အဲဒီမြို့နယ်ကိုတော့ လက်ရှောင်ကြပါတယ်။
လေးစားတာရော မနိုင်လောက်တာရောပါ ပါလိမ့်မယ်။
ကော့မှုးက ဒေါက်တာ ရှုံးတာတော့ရှုံးမှာပေါ့။ ဘာစီလိုနာနဲ့ ဘဏ္ဍာအခွန် အသင်းလိုပဲဥစ္စာ၊
ဘယ်လောက် ဂိုးပြတ်သွားသွားသလဲပဲ အဖြေကြည့်ရမှာပါ။

ဒေါက်တာ့ကိုရွေးချယ်တာဆိုရင်တော့ ကံဆိုးတာပေါ့။
ဒေါက်တာကိုယ်တိုင် ဗော်လန်တီယာဝင်လုပ်တာဆိုရင်တော့ ချီးကျူးရမလား....
အဲ... ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။

ဒေါက်တာကပြောတယ်"It is natural for us soldiers to review ourselves after a battle...
We mend what we should and decide what we should do."  တဲ့။

စထရက်ဒဂျီ ပြောင်းရင်လည်း တစ်ခြားမြို့နယ်မှာ သွားပြောင်းပေါ့ ဒေါက်တာရယ်၊
ဒီမြို့နယ်ကိုတော့ လက်ရှောင်လိုက်တာက အနာဂတ်လှပါလိမ့်မယ်။

ဖတ်ရတဲ့သတင်းစာတွေအရကတော့  ဒေါက်တာလည်း မိုဗိုင်းဆေးခန်းဖွင့်ပြီး ဆေးတွေလိုက်ကုပေးနေတယ်ကြားရတော့ စိတ်ရင်းကောင်းလေး ရှိတယ်လို့ အကြမ်းဖျင်းကောက်ချက်ဆွဲလို့ရပါတယ်။ ပရဟိတစိတ်လည်းရှိ၊ လူထုကိုလည်းစေတနာရှိ၊ ဆေးလည်းကုတတ်ဆိုတော့ ကိုကျော်သူတို့ နာရေးအသင်းနဲ့ ပူးပေါင်းပြီး ရှင်းရှင်းလေး လုပ်အားပေးကြည့်ပါလား၊ ဒီ စထရက်ဒဂျီက အကောင်ဆုံးဖြစ်လိမ့်မယ်၊ ကြာလာရင် လူထုကလည်း ချစ်လာမှာပါ၊ လုထုရဲ့နာတာရှည်ရောဂါက ဒေါက်တာကုလို့ မပျောက်တော့ဘူး။

ဆရာမိုဗိုင်းဆေးခန်းဆိုမှ ကျနော်တစ်ခါကရေးဖူးတဲ့ မိုဗိုင်းသံရုံးကိုသတိရမိတယ်။
နိုင်ငံပိုင် သံရုံးမြေတွေကိုတောင် ဖဲ့ရောင်းကြသတဲ့ ဒေါက်တာ၊ ဘယ်အစိုးရက သံရုံးမြေရောင်းစားသလဲဆိုတာတော့ အကျိုးမရှိတဲ့ကိစ္စမို့မပြောတော့ပါဘူး။ ကျနော်တို့အစိုးရတော့ မဟုတ်ဘူးထင်တပဲ ဒေါက်တာရယ်။
ရောင်းမယ့်ရောင်း သံရုံးတစ်ရုံးလုံးရောင်း၊ ဘတ်စ်ကားတစ်စီးဝယ်ပြီး မိုဗိုင်းသံရုံးလုပ်ထားလည်း ရတာပဲမဟုတ်လား။ ခေတ်စကားနဲ့ပြောရရင် ပိုပြီးတောင် မိုဘယ်လိုက်ဇ်ဖြစ်သေးတယ် မဟုတ်လား။
တယ်လီဖုန်းဟော့လိုင်းတစ်ခုတော့ထားရမှာပေါ့။ အပွိုင့်မင့်လုပ်ဖို့လေ။

ရွေးကောက်ပွဲမနိုင်ရင်တောင်တပ်မတော်သားတွေကိုဆေးကုရမယ့် ဒေါက်တာက ပြည်သူတွေကို ကုပေးနေတော့ (နည်းနည်ထူးဆန်းနေပေမယ့်) ကုသိုလ်တော့ သေချာပေါက်ရမှာပါ။
ကျနော်စိုးရိမ်တာက စစ်သားတွေခံစားရတတ်တဲ့ရောဂါနဲ့ ပြည်သူတွေခံစားနေရတဲ့ရောဂါ တူမှတူပါ့မလားဆိုတာလေးပါ။
ဘာမှမဟုတ်ပါဘူးဒေါက်တာရယ်၊ စိတ်ရင်းကောင်းတဲ့ဒေါက်တာ ရုပ်ပျက်ဆင်းပျက်ရှုံးတာကို မကြည့်ရက်လို့ပါ။

ကော့မှုးကိုတော့လက်ရှောင်လိုက်ပါလားဒေါက်တာ။ (၂၀၁၅ ခုရောက်ရင်လေ။)
မိုဗိုင်းသံရုံးတောင် ရှိနိုင်တဲ့ခေတ်ဆိုတော့ မိုဗိုင်းဆေးခန်းလောက်နဲ့ အလုပ်မဖြစ်လောက်တော့ဘူး။
အထူးသဖြင့် ကော့မှူးမှာပေါ့။

အဲ.....ပြောဖို့တစ်ခုမေ့တော့မလို့။

လူထုကြီးကဒေါက်တာရဲ့ ပြိုင်ဖက်ကိုဘယ်လိုခေါ်တာသိတယ်နော်။ အမေစု၊ အန်တီစုတဲ့။ ချစ်လို့၊ အားကိုးလို့ခေါ်ကြတာ၊ ဒေါက်တာလည်း လူထုကြီးချစ်လာ၊ အားကိုးလာအောင်ကြိုးစားပေါ့။ လူထုကြီးက ဒေါက်တာကို အဖေစိုး၊ အန်ကယ်စိုးလို့ခေါ်လာတဲ့နေ့ကျရင် ဝင်ပြိုင်လို့ရပြီ။ ဖစ်ဖတီး ဖစ်ဖတီးဖြစ်သွားပြီ။ အမေစု နဲ့၊အဖေစိုး။ အန်တီစုနဲ့ အန်ကယ်စိုး။ အခုတော့....ကော့မှူးလေးကို ရှောင်ထားလိုက်ပါအုံး။ အဖေစိုး၊ အန်ကယ်စိုးလို့ခေါ်လာတဲ့နေ့ကို စောင့်လိုက်ပါ။
အဲဒါ အကောင်းဆုံး(ဒေါက်တာစကားနဲ့ပြောရရင်)စထရက်ဒဂျီ ဖြစ်မှာပါ။


ကျနော် ပြုံးစိစိနဲ့ရေးတာ မဟုတ်ကြောင်းလည်း ပြောချင်ပါတယ်။
အယ်ချုပ်ပေးထားတဲ့ ခေါင်းစဉ်ကသာ  ပြုံးစိစိဖတ်စာပါ။ ဒါပါဘဲ ဒေါက်တာ။

ကရုဏာများစွာဖြင့်
ဦးကိုမောင်



















Copyright © 2011 ကမ်းလက်. All rights reserved.

သတင်းမဟုတ်တာ သတင်းလုပ်နေရတဲ့...တို့နိုင်ငံ

 ဒါတွေမပြောခင် မဆိုင်တာလေးတစ်ခုလောက်ပြောချင်ပါသေးရဲ့။

စင်ကာပူမှာလည်း ဒါမျိုးလေးတွေရှိတတ်တယ်ဆိုတာလေး လက်တို့ချင်လို့ပါ။
စင်ကာပူက မြို့နယ်တစ်ခုက လူတွေလည်း ရွေးကောက်ပွဲ မဲထည့်ရတဲ့အရသာကို မသိကြဘူး တဲ့။
နှစ်တိုင်း အတိုက်အခံ မဲပုံးထောင်မဲ့သူ(ထောင်ရဲသူ)မရှိလေတော့ မဲထည့်ရတယ်လို့ကိုမရှိပါဘူး တဲ့။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကမှ လူစွမ်းကောင်း(လူမိုက်)ပေါ်လာတယ်ဆိုပဲ။
သူပြောတာက ရှင်းရှင်းလေး၊နိုင်ချင်လို့ မဟုတ်၊လူထုကို မဲပေးခွင့်လေးရစေချင်လို့ တဲ့။
ဒါပေမယ့် သူခမျာ လျောလျောလျူလျူတော့ ရခဲ့ပုံ မရပါဘူး၊ ထားပါတော့၊ ဒါက ကိုယ့်ကိစ္စမဟုတ်ဘူး။

၁။     စင်ကာပူကိုရောက်တော့ ပထမဆုံးလမ်းတွေကောင်းတာကို သတိထားမိတယ်။
ပြီးတော့မှ အိမ်နီးချင်းနိုင်ငံတွေကို ရောက်ဖူးတာ၊ ရောက်လို့ကြည့်မိပြန်တော့ လမ်းတွေက နိုင်ငံတိုင်းမှာကောင်းနေတာတွေ့ရတယ်။ အော် လမ်းကောင်းတာက သတင်းမှ မဟုတ်တော့ဘဲ၊
လမ်းဆိုးတာကမှ သတင်းကိုးလို့ သိခဲ့ရတယ်။ ခက်တာက တို့နိုင်ငံမှာတော့ လမ်းကောင်းတာက သတင်းဖြစ်နေတုန်း။

၂။    နောက် လျပ်စစ်မီးကိစ္စ။ မီး၊ ရေ၊ လေ တွေ လာနေ၊ ရှိနေတာက သတင်းမှ မဟုတ်တာ။
လေရှိတဲ့ပတ်ဝန်းကျင်မှာ(သူများနိုင်ငံတွေမှာပြောပါတယ်)လျပ်စစ်မီးလည်းရှိနေတာပဲ။
တို့နိုင်ငံမှာသာ လျပ်စစ်မီးလာတာကို သတင်းလုပ်နေကြရတာ။

၃။    ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးရတာက သတင်းမှ မဟုတ်တာဘဲ၊
ကိုယ်ကြိုက်တဲ့ ပါတီကို ကိုယ်မဲပေးလို့ရအောင် စီမံထားတဲ့ အစီအစဉ် မဟုတ်လား။
တို့လူမျိုးတွေကတော့ မဲပေးခွင့်လေရတာကိုပဲ သတင်းလုပ်ပြီး ပျော်မဆုံး၊ မော်မဆုံးပဲလေ။

၎။    ရွေးကောက်ပွဲမှာ မဲရေတဲ့စက် ချွတ်ယွင်းချက်မဖြစ်ရင် အမှန်အတိုင်းအဖြေထွက်ရမှာပေါ့။ တို့နိုင်ငံရွေးကောက်ပွဲကတော့ အမှန်အတိုင်း အဖြေထွက်လို့ဆိုပြီး တစ်ကမ္ဘာလုံးက ဝိုင်းပြီးချီးကျူးတာ ခံနေရတယ်။
သတင်း မဟုတ်တာသတင်းလုပ်လို့။

၅။    နိုင်ငံခေါင်းဆောင်ပဲ၊ စကားလေးဘာလေးတော့ ပြောတတ်မှဖြစ်မှာပေါ့၊ ပြောလည်းပြောမှပေါ့။
အခုဖြစ်နေပုံက မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် သတင်းထောက်တွေစကားပြောတာကို အထူးအဆန်းလုပ်ပြီး
သတင်းစာထဲ ထည့်ရေးနေကြသေးတယ်။ သမ္မတကြီးပြောတာက "The election is held successfully." ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကြီး ပြီးဆုံးသွားပြီ တဲ့။ ဖြစ်ရပုံများ - သမ္မတကြီးစကားပြောတာတာ သတင်းဖြစ်နေရတယ်လို့။

အေးလေ...သူရှေ့ကဆရာကြီးတွေက ရေငုံနှုတ်ပိတ်၊ Noble Silence နည်းနဲ့ ဘုရားအလိုတော်ကျ အုပ်ချုပ်(အုပ်ပြီးချုပ်)သွားလေတော့ သူစကားစပြောတော့ ထူးဆန်းသွားကြလို့နေမှာပေါ့။

ဦးကိုမောင် တို့ကတော့ ပထမဆုံးစကားစပြောတဲ့ သမ္မတကြီးသက်တော်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေမယ်။ ဦးစောမောင်ကြီး စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့စကားက နောက်ဆုံးကြားလိုက်ရတဲ့ နိုင်ငံခေါင်းဆောင်ရဲ့အသံ။

ကြာလှ၊ လွမ်းလှပေါ့၊ နိုင်ငံခေါင်းဆောင်ရဲ့စကားပြောတဲ့အသံ။
ဆင်းရဲတာက ချမ်းသာအောင်လုပ်လို့ရတယ်။
စကားမပြောတာက ဘာမှန်းလည်းမသိ၊ဘာမှလည်း လုပ်မရ။

ဦးကိုမောင်




















Copyright © 2011 ကမ်းလက်. All rights reserved.

ခေတ်ရင်ခုန်သံ(အတတ်ကျူး)


အဘိုး။      ။  ရှေးတုန်းကပေါ့ကွယ် တက္ကသိုလ်ကနေပညာသင် ပြန်လာတဲ့                   
                   ကျောင်းသားလေးသုံးယောက်ဟာ ကျားသေကို အသက်သွင်းမိလို့                             
                  အားလုံးသေခြင်းကိုရောက်ကြရသတဲ့။

မြေး   ။      ။  ဒါကဘာဟုတ်သေးလို့လည်း အဘိုးရဲ့၊ဂျပန်နိုင်ငံမှာ အလုပ်ကူညီလုပ်ဖို့                             
                    တည်ထွင်ထားတဲ့ စက်ရုပ်က အလုပ်သမားတစ်ယောက်ကိုဝင်ရိုက်လို့ သေပါလေရော။

အဘိုး။      ။   ဟေ...ဟုတ်လား။တယ်ထူးဆန်းသကိုးကွဲ့။


ဦးကိုမောင်




























Copyright © 2011 ကမ်းလက်. All rights reserved.

လူဝင်စား


လူငယ်။      ။ အဘ၊ လူဝင်စားဆိုတာ တကယ်ရှိသလား။

အဘ  ။      ။ ဟ မောင်ရင်ရ - ရှိနိုင်တာပေါ့ကွာ၊ ဒါပေမယ့်လောကကြီးထဲမှာ လူဝင်စားတွေထက်
                   ဝင် ဝင်စားတဲ့လူတွေက ပိုများတယ်ကွဲ့။

လူငယ်။      ။ ကျနော် လူဝင်စားကို မတွေ့ဖူးသေးဘူး။

အဘ   ။      ။ ဝင်စားတဲ့လူတွေကများတော့ လူဝင်စားတွေ ရှားသွားလို့နေမှာပေါ့ကွယ်။





ဦးကိုမောင်

 
















Copyright © 2011 ကမ်းလက်. All rights reserved.

ကောင်းကင်လှံစိုက်

လူငယ် ။       ။ အဘ ...
အဘ    ။        ။ ဟေ ..

လူငယ် ။       ။ လူတွေက မြေနိမ့်ရာ လှံစိုက်တတ်ကြတယ်၊ ဘာကြောင့်လဲဗျ။

အဘ   ။        ။ လှံစိုက်ကြတာပါကွာ၊ မြေနိမ့်ရာရယ် ဘာရယ်မဟုတ်ပါဘူး၊
                       လူလေးက ကုန်းပေါ်မှာစိုက်ထားတဲ့လှံတွေကို မတွေ့ဖူးသေးလို့။
                       သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေထဲလည်း လှံစိုက်ကြပါတယ်။

လူငယ် ။       ။ အဲဒါ ဘာကြောင့်လဲဗျ။

အဘ   ။        ။ ကောင်းကင်ပေါ်တက်ပြီးလှံစိုက်မရလို့ဖြစ်မှာပေါ့။
                       ကျောက်တုံးပေါ်မှာလည်း လှံကစိုက်ထားလို့မရဘူးလေကွယ့်။


ဦးကိုမောင်














Copyright © 2011 ကမ်းလက်. All rights reserved.

ပဉ္စသီခနဲ့ အင်တာဗျူး


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ကာယကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူးခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေးစိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ 
ဆိုပါတော့ ။ ဒါကကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။ 


ဦးကိုမောင်။         ။ စောင်းဆရာကြီး -  အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ   ။           ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -
ဦး         ။           ။ ကျနော်က ဦးကိုမောင်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ        ။           ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားရဲ့ကျေးဇူးကြောင့်ပါဗျာ ။
ဦး         ။           ။ ဒါနဲ့ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ        ။           ။ ကျန်းမာပါ့ဗျာ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေးချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ 
   ပွဲဆက်များနေလို့ မြန်မြန်လေး ။
ဦး         ။           ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ        ။           ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း
ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့  ညှိရတာပေါ့ဗျာ။
ဦး         ။           ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေးခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ        ။           ။ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က
သိဒ္ဓတ္ထမင်းသားကို ဘယ်လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်းလုပ်ကြပါဦး။
ဦး         ။           ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက်ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ        ။           ။ အပ်ဗဆိုလုတလီ နိုးပါဗျာ။
ဦး         ။           ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့
                         ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ        ။           ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့တာဗျ။ ကျုပ်ကတော့ ညှိပြတာ
  မဟုတ်ဘူး ။ ဘုရားအလောင်းကြားတာကတော့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း    အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။
ဦး         ။           ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။



ပဉ္စ        ။           ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေတာကိုကြည့်ပြီး
                         ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဦး         ။           ။ ဟုတ်ပါတယ်။
ပဉ္စ        ။           ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျလာတာလား။
ဦး         ။           ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ        ။           ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးကနယူတန်ကိုပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်ကဒါကိုသိတာ။
ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်လည်းနယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ကျုပ်ဖြင့်     အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို  ။ငရဲတွေကြီးကုန်တော့မှာပဲ…။
ဦး         ။           ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ        ။           ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။

ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊ 
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။ 
ယုံချင်မှသာ ယုံပါ။ 


ဦးကိုမောင်


















Copyright © 2011 ကမ်းလက်. All rights reserved.

ဧဝံမေသုတံ- အရူးကတစ်မူးသာ

တစ်ခါက အရူးတစ်ယောက်ဟာ ခရီးသွားတွေနားတတ်တဲ့ ဇရပ်ခါးပန်းမှာ ၃/၁ ဆိုတဲ့ ဂဏန်းလေးနှစ်လုံး မြေဖြူနဲ့ ရေးထားသတဲ့ကွယ်။ အဲဒီဇရပ်ထဲကို ဗိန္ဓောဆေးဆရာရယ်၊ ဓာတုဗေဒဆရာရယ်၊ အဘိဓမ္မာဆရာရယ် သုံးယောက်ရောက်လာပြီး နားခိုကြသတဲ့။

          အဲဒီအရူးရေးတဲ့ ၃/၁ ဆိုတဲ့ ဂဏန်းလေးကိုတွေ့ပြီး ပထမဆုံးဗိန္ဓောဆရာက “ တော်တော်ပညာရှိတဲ့လူပဲ၊ ဂဏန်းလေးနှစ်လုံးနဲ့ အားလုံးကို ခြုံငုံမိအောင် ပြောပြနိုင်တယ်။ ဓာတ်ကြီးလေးပါးထဲမှာ ပထဝီဓာတ်ဟာ အရေးအကြီးဆုံးနံပါတ်တစ်ပဲ။ ပြီးတော့ အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ် ဓာတ်သုံးပါးပေါ့ဗျာ။ ပထဝီ တစ်၊ အာပေါ တေဇော ဝါယောက သုံး” လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်။

          ဒီတော့ ဓာတုဗေဒဆရာက “ မဆိုင်လိုက်တာဗျာ။ ၃/၁ ဆိုတာ ရေဓာတ်ကို ပြောတာဗျ။ အိတ်(ချ) တူးဆိုတဲ့ ဟိုက်ဒရိုဂျင် နှစ်ဆရယ်၊ အို ဆိုတဲ့ အောက်ဆီဂျင်တစ်ဆရယ်၊ သုံးခုပေါင်းလိုက်ရင် ရေဆိုတဲ့(၁) ကို ရတယ်လို့ ဆိုလိုတာဗျ” လို့ အဓိပ္ပါယ်ဖွင့်ဆိုသတဲ့ကွယ်။

          နောက်ဆုံး အဘိဓမ္မာဆရာက-
          “ မဆီမဆိုင်တွေဗျာ။ ဒါက သစ္စာလေးပါးကို ခြုံပြီးပြောတာဗျ။ (၃) ဆိုတာက ဒုက္ခ၊ သမုဒယ၊ မဂ္ဂသစ္စာတို့ကို ဆိုလိုတာဖြစ်ပြီး တစ်က သီးသီးသန့်သန့်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ညွှန်းဆိုတာပါ” လို့ ရှင်းပြသတဲ့။

          သူတို့ ပညာရှင်တွေ ငြင်းခုံနေကြတုန်းမှာပဲ အဲဒီ ၃/၁ ရဲ့ ပိုင်ရှင်အရူးက ရောက်လာပြီး ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲလို့ မေးသတဲ့။ ပညာရှင်ကြီးတွေကလည်း သူတို့ အယူအဆ တွေကို ရှင်းပြကြတာပေါ့။

          ဒီတော့ အရူးက “ ခင်ဗျားတို့အားလုံး အရူးတွေပါဗျာ။ ကျုပ်ဆိုလိုတာက (၃/၁) ဆိုတာ သစ်တုံးပါဗျာ။ လွယ်နေတာကို ခက်အောင်လုပ်ကြတယ်ဆိုပြီး စိတ်ပျက်ပျက်နဲ့ ထွက်သွားသတဲ့ကွယ်။



ဟုတ်တော့လည်း ဟုတ်သားပဲ။ သုံးတစ်ဆိုတာ သစ်တုံးပဲလေ။ ပညာလွန်တော့ ကွန့်သွားတာကိုး ကလေးတို့ရဲ့။

( ဆရာတစ်ယောက်ရဲ့ အရွှန်းကိုပြန်ဖောက်တာပါဗျာ။ ကြားဖူးသူတွေအတွက် တောင်းပန်ပါတယ်။)
          
ဦးကိုမောင်



















Copyright © 2011 ကမ်းလက်. All rights reserved.

ဒါက ဘာ“ဇ” ပါလိမ့်


တစ်ခါက အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ပတ်သက်လို့ ရှင်းပြနေသတဲ့။

          “ မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့် သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊ တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”


          ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား နားထောင်နေကြတုန်းမှာပဲ-

          “ ဘူ” ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။

        ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့ လူတစ်ယောက်က-

          “ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့ အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။

          အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့်ဆရာကြီး ဆိုတော့ ဖြေရတော့ မှာပေါ့။

          “သူ့ဘာသာ ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင် စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။

          အဖြေကြားတော့ အရူးက ( စိတ်မနှံ့ရုံပါ၊ ဆိုက်ကိုအဆင့် မရောက်ပါဘူး)-

          “ ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။ ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ်တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊ ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာပါဗျာ။ လွယ်နေတာကို ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့သတဲ့။

          ငတူးရေ၊ ခက်ပုံက အရူးဆိုတော့လည်း ဘာမှပြန်ပြောလို့ မရဘူးလေကွယ်။ အဘိဓမ္မာစကားဝိုင်းကြီးလည်း ပျက်ကရော။

          ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။


                                                                                            ဦးကိုမောင်






















Copyright © 2011 ကမ်းလက်. All rights reserved.

မဇ္ဈိမဒေသ အမှတ်တရ

ကလေးတို့ရေ-
          ပြောပြန်ရင်လည်း မကောင်းတော့ဘူး။ ဒါပေမယ့်မကောင်းတာကိုပဲ ပြောတော့မယ်။ ဖေကြီးတို့ မြို့သစ်ဒေလီရဲ့ အင်ဒီယာဂန္ဓီ အပြည်ပြည်ဆိုင်ရာ အဲပေါ့(ထ်) ထဲမှာ မြောက်ဦးခေါင်းနဲ့တူတဲ့မြို့ကို ခရီးဆက်ကြဖို့ (ဗာရာဏသီကိုပြောတာ) စောင့်နေကြတုန်းကပေါ့။

          ကောင်မလေးတစ်ယောက်က (ခပ်စွာစွာအတန်းထဲကပဲ) အအေးဘူးတွေ ဘာတွေရောင်းတဲ့ မက်ရှင်းဆီကနေ အအေးဘူးသွားဝယ်တယ်။ သူ့အတွက်ရော၊ ဆရာတော်လေးသုံးပါးကို ကပ်ဖို့အတွက်ရောပေါ့ကွယ်။

          အဲဒီ အင်ဒီရာဂန္ဓီ အင်တာနေရှင်နယ်လေဆိပ်ထဲက ဖျော်ရည်ရောင်းတဲ့ စက်ကြီးကလေ ထည့်လိုက်တဲ့ပိုက်ဆံတွေကိုသာ ဝါးဝါးသွားပြီး ဖျော်ရည်ဘူးကျတော့ ထုတ်မပေးဘူးကွယ့်။ တစ်ဝက်နဲ့ တစ်နေတဲ့ ပုံကြီးပဲပြနေတယ်။ တော်တော်ကပ်စေးနဲတဲ့ စက်ကြီးပဲကွယ့်။

          အဲဒါနဲ့ ကောင်မလေးက မန်းကီး ဘစ်စနစ်။  မန်းကီး ဘစ်စနစ်ဆိုပြီး အဲဒီစက်ကြီးနဲ့ ရန်ဖြစ်ပါလေရော။ ရန်ဖြစ်တယ်ဆိုတာ စက်ကြီးကိုတဘုန်းဘုန်းနဲ့ ထုတာကိုပြောတာ။ ဘုရား……ဘုရား။ ချက်ချင်း ဘယ်သူ့ကိုသတိရသွားတယ်ထင်လဲ။ စဉ်းစားကြပေါ့။ မပြောဘူး။

          သူထုလိုက်တော့ စက်ကြီးကကြောက်သွားပြီး ဖျော်ရည်ဘူးတွေ ထုတ်ပေးတော့တာပဲကွဲ့။ ဖေကြီးဖြင့် စပ်စပ်ကို သတိရလိုက်တာ။ အဲဒီမြိုမှာလေ တစ်ခါတစ်လေတော့လည်း ထုလိုက်တာက တည့်သွားလိုက်ပြန်ရော။

          အဲဒီလေဆိပ်ထဲမှာပဲ ဗာရာဏသီကိုဆက်ဖို့ စောင့်ရတဲ့အချိန်က (၈) နာရီလောက်ကြာတယ်။ ဆိုကြပါစို့ကွယ်။ ဒီလောက်ကြာမှတော့ ကိုယ့်ခုံလေးတွေပေါ် အိပ်သူကအိပ်၊ ငိုက်သူကငိုက်၊ အိုင်ပက်နဲ့ ချက်သူကချက်၊ ပါးစပ်နဲ့ ချက်သူကချက်ပေါ့။

          ထိုင်ခုံမယ်မယ်ရရ မရှိတာက ခရီးသွားအဖွဲ့ရဲ့ခေါင်းဆောင် ကုလားထိုင်လူကြီး ပေါ့ကွယ်။ အဲဒီမှာ သူက အားလုံးတန်းစီ၊ ဘုတ်ဒင်းလုပ်တော့မယ်လို့ အော်လိုက်ရော။ ဒါနဲ့ အားလုံးမျက်ခုံးလေးတွေပွတ်ပြီး တန်းစီကြတာပေါ့။ သူကတော့ တန်းမစီဘူးလေ။ သူက လူကြီးကိုး။ အားလုံးလည်း တန်းစီရော သူက လှဲအိပ်လို့ရတဲ့ ခုံကြီးပေါ်တက်ပြီး အိပ်ထည့်လိုက်တာ (၅) မိနစ်အတွင်း အသံတွေဘာတွေတောင်ပေးလို့။

သူ့ကံကလည်း မခေဘူး။ လေယာဉ်ထွက်ဖို့ (၁၀) မိနစ်အထိ ခရီးစဉ်က မကြေငြာဘူး။ ဂိတ်လည်း မဖွင့်ဘူး။ 
(၅) မိနစ်လောက်ကြာတော့မှ လေယာဉ်ဒီလေးတဲ့ကွဲ့။ ဒီတော့ ကိုယ့်ခုံကိုယ် ပြန်သွားကြပေါ့။  ပြန်သွားစရာခုံမရှိတာက ကောင်လေးတစ်ယောက်။ သူ့ခုံပေါ်မှာ ကုလားထိုင်လူက အိပ်နေတာလေ။ ခပ်တည်တည်ပဲ။

          သိပ်တော့ မတူဘူးပေါ့ကွယ်။ မရ အရတူအောင် ဆွဲတူရင်တော့ သူက ဦးကိုမောင်နဲ့ တူတာပေါ့။



          ပြောချင်တာက အိန္ဒိယလေယာဉ်တွေဟာ ဒီလေးတွေ၊ ပို့စပုန်းတွေ ကြိုတင် ကြေငြာတာသိပ်မရှိဘူး။ ငါးမိနစ်၊ ဆယ်မိနစ်အတွင်း ကပ်ဆော်တာတဲ့။

          နောက်တစ်ခုက ရေနွန်ဆိုတဲ့ကောင်။

          သူ့အကြောင်းမပြောခင် အိန္ဒိယရဲ အကျင့်ကို အရင်ပြောမှရမယ်။ ဖေကြီးမှားရင် မှားမယ်။ မှားလည်း အရေးမကြီးပါဘူး။ ဒီလိုကွဲ့- ဟိုတယ်ဆိုတဲ့စာလုံး ရှေ့မှာထားရေးရင် ဟိုတယ်အစစ် မဟုတ်ဘူးတဲ့။ အဆင့်မရှိဘူးပေါ့။ ဥပမာ- ဟိုတယ်ဆီဒိုးနားပေါ။ဒါဆိုအဆင့်မရှိဘူးပေါ့။ ဟော်တယ်ကို နောက်ကထားရေးရင်တော့ တကယ့် စတန်းဒတ်ပေါ့။ ဥပမာ- ဆီဒိုးနားဟော်တယ်ပေါ့။
( ဖေကြီးသိပ်မမှတ်မိတာက ဟော်တယ်ရှေ့နောက်ကိစ္စ၊ ထားပါတော့)

          ရေနွန်ဆိုတဲ့ကောင်က တစ်ခုခုစားမယ်လုပ်တိုင်း ဟိုတယ်က ရှေမှာလား၊ နောက်မှာလားဆိုတာ အရင်ကြည့်တယ်။ ရှေကနေနေ၊ နောက်ကနေနေ စားမှာ စားလိုက်ပေါ့။ ဟုတ်ဘူးလား။

          တစ်နေရာရောက်တော့ နာမည်ကို သူဖတ်တယ်။ စတန်းဒတ်ဖြစ်တယ်ဆိုပြီး ယုံယုံကြည်ကြည်နဲ့ စားထည့်လိုက်တာ ဝမ်းတွေလျှောပါလေရောကွာ။ ဒီကောင့်ကိုကြည့်ပြီး ဖေကြီးဘယ်သူ့ကို သတိရတယ်ထင်လဲ။

          ဟိုကောင်မလေးလေ။ သတ်ပုံကိစ္စတွေနဲ့ ဝမ်းမကြာမကြာ လျှောတတ်တဲ့ကောင်မလေး၊ ကမ်းက အယ်ချုပ်ပေါ့။ ဒါပါပဲကွယ်။ ကြုံမှ ဆက်ဦးမယ်။

 ဦးကိုမောင်























Copyright © 2011 ကမ်းလက်. All rights reserved.

စာမူ ၁၅၅၁ ပုဒ်


ဦးကိုမောင်- ကလေးတို့၊ လူစုံတက်စုံပါလား။ မင်းတို့ ကမ်းလက်ရဲ့ အနေအထားက ဘယ်လိုလဲကွဲ့။

(ကလေးများ)- မျှော်လင့်တာထက် ပိုကောင်းပါတယ်ဖေကြီး။ အံ့သြစရာကောင်းတာက လွန်ခဲ့တဲ့တစ်ပတ်ကအထိ စာဖတ်ပရိသတ်ကိုကြည့်တော့ အမေရိကားက Top ဖြစ်နေပြီး စင်္ကာပူက ဒုတိယ။ ဒီတစ်ပတ်ထဲမှာ စင်္ကာပူက ခေါက်ချိုးတက်လာလို့ Top ဖြစ်သွားတာ။

(ဦး) -          အမေရိကားကလူတွေကို တို့လည်းမသိပါလား။ စင်္ကာပူက ထားပါတော့။ ဒါနဲ့ အခုလောလောဆယ် ဘယ်နှစ်ယောက်လောက် ဝင်ကြည့်သွားပြီလဲကွဲ့။

(များ)-           ဒါကို လျှိုထားကြတာ ဖေကြီးရဲ့ ။ ကမ်းလက်ရဲ့ မွေးနေ့တို့ ဘာတို့မှာဆိုရင်တော့ ထုတ်ပြဖို့ စိတ်ကူးရှိကြပါတယ်။ ဒါကလည်း ကမ်းလက်ပရိသတ်တွေ မုဒိတာပွါးရအောင်လို့ပါ။ ဒါကလည်း အဖွဲ့နဲ့ တိုင်ပင်ရဦးမှာ။

(ဦး)-             မင်းတို့ဟာကကွာ၊ ဖေကြီးကိုတောင် ပြောမပြနိုင်ဘူးလား။

(များ)-           ပြောပါဘူး၊ ဖေကြီးကိုပြောလိုက်ရင် အားလုံးကို ပြောလိုက်သလို ဖြစ်သွားမှာပေါ့။
(ဦး)-             ကဲ- ထားပါတော့ကွာ။ ဒါနဲ့ စာမူကိစ္စတွေကရော။

(များ)-           သီဟနာဒနဲ့ ဇင်ဝေသော်ရေးထားတာတွေ စာရင်းချုပ်လိုက်ရင် (၉၂) ပုဒ် ရှိသွားပြီ။ အတိုရော၊ အရှည်ရောပေါ့ ဖေကြီးရာ။ ခက်တာက ဘုန်းဘုန်းသီဟနာဒက ပိုးကိုက်မှရေးတာတဲ့။ ပိုးရှာထားမှဖြစ်မှာ။ ကြမ်းပိုးကိုက်လို့ စာရေးရင်လည်းမဆိုးဘူး။

(ဦး)-             ဒါနဲ့ ဘယ်လိုစာတွေကို လူတွေပိုဖတ်သလဲကွဲ့။

(များ)-           FB နဲ့ ဘလော့(ဂ်) မတူဘူး ဖေကြီး။ FB မှာ အတို ဟာသလေးတွေကို ပိုဖတ်ပြီး၊ ဘလော့(ဂ်) မှာကျတော့ အက်ဆေး၊ ဝတ္တု ပီပီပြင်ပြင်တွေကို ဖတ်ကြတာ။ ဥပမာ- အရောင်များနဲ့ ကစားခြင်းနဲ့ လရောင်တမ်းခြင်းတို့လိုပေါ့။ FB မှာ ဒီနှစ်ပုဒ်က ဖတ်သူနည်းတယ်။ ဘလော့မှာကျတော့ သူတို့က Top တွေဖေကြီးရဲ့၊ မတူဘူး။ ဘုန်းဘုန်း သီဟနာဒက ဒါကို သဘောကျနေတာ။ ငါက ရယ်ချင်တဲ့သူပဲ ရှိတယ်ထင်တာ၊ စာဖတ်ချင်သူတွေလဲရှိသားပဲ။ ကြိုးစားရကျိုးနပ်တယ်တဲ့။

(ဦး)-             ဒါနဲ့ ဆုထားရော ဘာစာအုပ်တွေ ဖတ်နေလဲ။

(ဆုထား)-      Many Lives, Many Masters ကို ဖတ်နေပါတယ်ဖေကြီး။ လုံးစေ့ပတ်စေ့တော့ ဘာသာမပြန်ပါဘူး။ ရှည်လွန်းသွားပြီး ကိုရီးယားကားလို ဖြစ်မှာစိုးလို့။ ခပ်တိုတိုချုပ်ပြီး မက်ဆေ့ပေးနိုင်အောင်တော့ ကြိုးစားမှာပါ။

(ဦး)-        ကောင်းပါလေ့ကွယ်။ အမေရိကန် စိတ်ပညာရှင် ဒေါက်တာတစ်ယောက်ရေးထားတဲ့ စာအုပ်မဟုတ်လား။ တို့ဘုရားရှင်ရဲ့ သံသရာဝါဒကို သိပ္ပံက လက်ခံရတဲ့သဘောပေါ့။ သာဓုပါကွယ်။



(ကလေးများ)-  ဖေကြီးက သူများအကြောင်းတွေ လျှောက်မေးပြီး စာမူကျတော့ မပေးဘဲနဲ့။ အခု စာမူတောင်းမလို့ လာကြတာ။

(ဦး)-             ဟေ- ဒီလိုလား။ မညှင်းကြပါနဲ့ကွယ်၊ ဖေကြီးကအသက် ကြီးပါပြီ။

(များ)-           မရဘူး။ တစ်ပုဒ်ဖြစ်ဖြစ်၊ နှစ်ပုဒ်ဖြစ်ဖြစ် ပေးမှရမှာ။

(ဦး)-             ကဲ စာမူမပေးနိုင်တောင် အကြံဥာဏ်တော့ ပေးနိုင်ပါသေးတယ်ကွယ်။ ကလေးတို့ကို စာမူ ၅၅၀ ပုဒ်အရင် ပေးမယ်။

(များ)-           ဘာပြောတာလဲ ဖေကြီး။

(ဦး)-             ကလေးတို့ စာမူပြတ်သွားရင် ၅၅၀- ဇာတ်နိပါတ်တော်တွေကို တစ်နေ့ တစ်နိပါတ်တင်လို့ ပြောတာပါ။ ရက်ပေါင်း ၅၅၀ တင်လို့ရတယ်။

(များ)-           ဟေး ဒါမှ ဖေကြီးကွ။အာ…. ဖေကြီးက ညစ်ပြီ။ ဒါတော့ သူပြောမှလား။
                   ( ကလေးများ ဤ၌လေသံမတူကြ။)

(ဦး)-             ဒါမှ မလောက်သေးဘူးဆိုရင် တစ်ထောင့်တစ်ညပုံပြင်စာအုပ်ကို ရှာဝယ်ကြကွယ်။ တစ်ပုဒ်ကိုတစ်ရက်တင်ရင် ၁၀၀၁ ရက်တင်လို့ရတယ်။ ကဲ ဘာလိုသေးတုန်း။ ဖေကြီးက တစ်ပုဒ်နှစ်ပုဒ်တောင်မကဘူး ၁၅၅၁ ပုဒ် ပေးလိုက်ပြီ။

 ဘာသဘောပေါက်သွားကြလည်းတော့ မသိဘူး။ ကလေးတွေက ပြိုင်တူ-
(များ)-           ဟေး ဒါမှ ဖေကြီးကွ။ စာမူကိစ္စ ပူရတော့ဘူး…တဲ့။

          ကဲ မှတ်ကရော။ ၁၅၅၁ ရက်အတွက် စာမူပူစရာတောင် မလိုတော့ဘူး။ ဦးကိုမောင်တို့က ငယ်ရာကကြီးလာတာ (ကြီးရာက ငယ်သွားတာမဟုတ်ဘူး)။ ဒီအကြံဥာဏ်လောက်တော့ လိုရင် ထုတ်လို့ရပါတယ်။ ကလေးတွေဆို ပျော်…လို့ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်)။


ဦးကိုမောင်













Copyright © 2011 ကမ်းလက်. All rights reserved.

အရည်အသွေးမီ အချိန် ~ ကွာလတီ တိုင်း(မ်)

ခွင့်ရက်လေးလည်း ရှည်ရှည်ရ။ ကလေးတွေလည်း တချို့ အလုပ်ကခွင့်ယူ၊ တချို့လည်း စာမေးပွဲဖြေပြီး ဟောလီးဒေးမို့ မရောက်တာကြာတဲ့ ရွာကို တစ်ပျော်တစ်ပါးကြီး ရောက်ဖြစ်ခဲ့ကြတယ်။ ရန်ကုန်ပြန်တယ်ဆိုပေမယ့် ကိုယ့်မိသားစုလေးနဲ့တင်ပဲ (အ၇ည်အသေးမီအချိန်) Quality Time ဖြစ်ရအောင်ဘယ် ဆွေမျိုးကိုမှ အသိပေးမနေတော့ဘဲ ဟိုတယ်မှာပဲတည်းလိုက်တော့တယ်။ ဦးကိုမောင် ရေးမယ့်အထဲမှာ နည်းနည်း သိက္ခာကျစရာလေးပါလို့ ဟော်တည်နာမည်တော့ ထည့်မရေးတော့ပါဘူး။ 

ကျွန်တော်တို့ကလည်း တကယ်တော့ အင်တာနေရှင်နယ် မဆန်လှပါဘူး။ ကလေး ငါးယောက်ရယ်၊ ဦးကိုမောင်ရယ် စုစုပေါင်း ခြောက်ယောက်အတွက် Double Room တစ်ခန်းကိုပဲ ငှားပြီး ဖြစ်သလိုအိပ်ကြတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ကိုယ်ဆိုတော့ အရည်အသွေးမီ အချိန်တော့ ဖြစ်ပါတယ်။ 

ဖြစ်ပုံက ဒီလို။ ရောက်တဲ့နေ့မှာဘယ်ကိုမှ မသွားတော့ပဲ အခန်းထဲမှာပဲ နှပ်နေလိုက်ကြတယ်။

ချမ်းချမ်းက သူ့ဘာသာသူ ကုန်ကျစားရိတ်တွေ ပြန်စစ်နေတယ်။ ဘယ်သူမှ သူ့ကို မခိုင်းဘူး။ သူ့ဝါသနာနဲ့သူ။ ပိုက်ဆံရေတွက်နေရရင် ပျော်နေတဲ့ကောင်မလေး။ 

အိုက်အိုက်ကတော့ ပျင်းတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်နေတာကောင်းတယ်ဆိုပြီး စာကြည့်စားပွဲမှာ စာဖတ်နေတယ်။ စာအုပ်ကြည့်လိုက်တော့ ၃-လက်မလောက်ရှိတဲ့ ဒီပနီပေါင်းချုပ်။ ဒီကောင်မလေး ကလည်း ဒီပနီပေါင်းချုပ်လိုစာအုပ်တောင် ပေါ့ပေါ့ပါးပါး စာပေထဲ ထည့်ထားတာ။ 

စပ်စပ်ကတော့ တစ်ခုခု စားရရင်ကောင်းမယ်။ ဟိုတယ်ကလည်း လက်ဖက်သုပ်မရဘူး။ တော်တော် အဆင့်မမီတဲ့ဟော်တယ်လို့ ကြိမ်းမောင်းပြီး လက်ဖက်သုပ်အဝယ်ထွက်သွားလေရဲ့။ သူသွားတာက အရေးမကြီးဘူး။ လက်ဖက်သုပ်ဆိုင်သွားပြီး ရေခဲမုန့် မရရပါ့မလားဆိုပြီး ရန်ဖြစ်လာမှာကို စိုးရိမ်ရတဲ့ အဖေက ရင်တမမ။ 

ဟိုကောင် ရှိတ်စပီးယား ငတူးကလည်း အိုက်အိုက်နဲ့ တစ်ပါတီထဲပဲ။ စာအုပ်ထူထူနဲ့ လူတစ်ယောက်ရဲ့ သိက္ခာဟာ ခွဲခြားလို့ မရဘူးဆိုတဲ့ကောင်။ ဒီပနီပေါင်းချုပ်လိုစာအုပ်တောင် အင်တာနေရှင်နယ် လစ်ထရေချားမှာ နေရာမရှိ ရှိတ်စပီးယား ကိုပြန်တဲ့ မြန်မာစာရေးဆရာတွေအားလုံး ချာ၏။ မားသားလင်ကွေ့နဲ့မှ ရင်ကိုထိ ဆိုတဲ့ကောင်။ 

ပွတ်သီးပွတ်သပ် ခက်ခက်က သူ့အဖေကြီးနဲ့ပဲ ချက်(စ်)ကစားချင်သတဲ့။ ချက်(စ်) ကစားချင်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ။ သူက သူများနဲ့ မတူကြေးဝါဒ

ချမ်းချမ်းက “အဲကွန်းတင်လိုက်ရင် ဟိုတယ်ဘေလ်က ပိုကျသွားမလား“ တဲ့။ မကျဘူးလည်းဆိုရော “ ကဲဟယ်၊ ကဲဟယ်“ ဆိုပြီး (အလကားရလို့တဲ့) ကောက်တင်လိုက်တာ နာရီဝက်လောက်လည်း ကြာရော တစ်ခန်းလုံး အေးစိမ့်သွားတာပဲ။ ဒါကို မကျေနပ်တာက အိုက်အိုက်။ 

“ အဲကွန်းပြန်ချ“ တဲ့ ခပ်ပြတ်ပြတ်ပဲ။ (ဘယ်တော့မှ မပြောင်းလဲတဲ့ သဘောတရား)
“ မချပါရစေနဲ့ ရှင် ပေးရတာချင်းအတူတူမို့ပါ “(ဘယ်တော့မှ မပြောင်းလဲတဲ့ သဘောတရား) 

သူတို့လေသံတွေ နည်းနည်း မာလာလို့ ကျွန်တော်က ဆိုနေကျ သီချင်းလေးကို တိုင်ပေးပြီး အားလုံးလိုက်ဆိုကြတယ်။ 

ချမ်း… ချမ်း. ချမ်း… ချမ်းလှချည်ရဲ့ ချမ်းချမ်းရယ် “ ( သံပြိုင်)



မကြာပါဘူး။ မီးက ဖျက်ကနဲ့ ပျက်သွားပါလေရော။ ခက်ခက်က “ ကဲ  ဖေကြီး၊ ဘယ်လိုလဲ ဖေကြီး ရထား တစ်လုံးရှုံးနေပြီ          “ ဖယောင်းတိုင်နဲ့ ဆက်ကစားမယ်။ 

“ မလုပ်ပါနဲ့ သမီးရယ်၊ ဖေကြီး အရှုံးပေးပါတယ်“
“ ဖေကြီးက လူလည်ကျတာပဲ။ မီးမပျက်ရင်  (၁၀)မိနစ်အတွင်း ဖေကြီးတကယ်ရှုံးပြီ “
“ သမီးကလည်း မီးပျက်တော့ ၁၀-မိနစ်တောင် မကြာဘူး။ ခု သမီးနိုင်ပြီလေ “
“ ရှုံးတာကို လိုချင်တာ၊ အရှုံးပေးတာကို လိုချင်ဘူး “ တဲ့။
ဟော့ဗျာ… ဒါနဲ့ သီချင်းနောက်တစ်ပုဒ် ထပ်တိုင်ပေးလိုက်တယ်။
ခက်… ခက်.ခက်..ခက်ရချည်ရဲ့ ခက်ခက်ရယ် “( သံပြိုင်)

ချမ်းချမ်းတင်ထားတဲ့ အဲကွန်းအရှိန်က ၁၅-မိနစ်လောက်အထိ အဆင်ပြေတယ်။ ၁၅မိနစ် ကျော်လောက်တော့မှ
“ အိုက်တယ် ၊ အိုက်တယ် “ ဆိုပြီး အိုက်အိုက်က ဆိုဖာကြီးကို လက်သီးနဲ့ တဘုန်းဘုန်း ထုပါလေရော။ ကျွန်တော်တို့ အားလုံးလည်း သံပြိုင်

အိုက်… အိုက်. အိုက်… အိုက် ရတဲ့အထဲ အိုက်အိုက်ရယ်
 “ ဒီတော့မှ “ ဟီး… ကိုယ်လွန်သွားတယ် “ တဲ့။ 

မကြာပါဘူး။ ပူညံ ပူညံ စပ်စပ် လ္ဘက်သုပ်တွေနဲ့ အတူပြန်ရောက်လာပါလေရော။ ကျွန်တော်တို့လည်း ကြမ်းပြင်ပေါ်ထိုင်ပြီး (အင်တာနေရှင်နယ် စတန်းဒတ်မဟုတ်တော့ ဘာအကြောင်းလဲ မီးတောင် ပျက်သေးတာ) လ္ဘက်သုပ်စားပစ်လိုက်ကြတယ်။ ဒီတစ်ခါ ကံဆိုးသူဦးကိုမောင် ..

“ အို …  ယော်… ဂေါဒ့်… ငရုပ်သီးတောင့်ကြီး ဝါးမိပြီ .. ရှူး ..ရှူး “
“သမီးဘေးမှာ ကပ်ထားတာ ဖေကြီးက ဘေးကနေ အရင်စားလို့ ဆောရီးဖေကြီး “ ဆိုပြီး စပ်စပ်က ရေသွားခပ်တယ်။ ( သူများနဲ့ ရန်ဖြစ်သလောက် သူ့အဖေကြီးကျတော့ ချစ်တယ်) 

ဒီတစ်ခါ ကလေးတွေက သူတို့ကိုယ်တိုင်ပဲ
စပ်… စပ်. စပ်…စပ်လှချည်ရဲ့ စပ်စပ်ရယ် “ တဲ့။ ဟွန်း.. စပ်ရတဲ့အထဲ။ 

ခဏနေတော့မှ ပျောက်နေတဲ့ ရှိတ်စပီးယားငတူးကို သတိရတယ်။
“သမီးတို့ ငတူးဘယ်ရောက်သွားသလဲ “
“မီး ပျက် ပျက်ချင်း ထွက်သွားပြီ။ အနှိပ်ခန်းသွားပြီး ရှိတ်စပီးယားလေးနဲ့ ဇိမ်ခံလိုက်ရရင် ကောင်းမယ် “ ဆိုပြီးထွက်သွားတာ တဲ့။ 

“ ဟော ဗျာ….“
ခက်ခက်က “ ဘာဖြစ်လို့လဲ ဖေကြီး“

“ဘာမှ မဖြစ်ပါဘူးကွာ။ ညောင်းတတ်တဲ့ ဖေကြီးက အနှိပ်မခံရဘဲ မညောင်းတတ်တဲ့ ငတူးက သွားပြီး အနှိပ်ခံနေလို့။ တကယ်ဆို ပါပါ့ကို လက်တို့သင့်တာပေါ့ “  ဆိုတော့ ပြောင်ချော်ချော် ခက်ခက်က

တူး… တူး.တူး… ဝမ်းရက်လေခြင်း တူးတူးရယ်“ တဲ့။ 

တကယ်ပါဗျာ.. မှောင်မည်းမည်း ဟော်တယ်ခန်းလေးထဲမှာ ကျွန်တော်တို့ ရယ်သံတွေနဲ့ တကယ့်ကို လင်းလက်သွားခဲ့ပါတယ်။ 

တူး… တူး. တူး… ဝမ်းရက်လေခြင်း တူးတူးရယ် ။ ( အစုတ်မလေး ဒါမျိုးကျ တတ်)

တကယ် တကယ် အရည်အသွေးမီ အချိန် - ကွာလတီ တိုင်း(မ်) ပါပဲ



ဦးကိုမောင်




















Copyright © 2011 ကမ်းလက်. All rights reserved.