မွတ်စလင်တွေနဲ့ပတ်သက်လို့


မွတ်စလင်တွေနဲ့ပတ်သက်လို့ တစ်ဦး၊ တစ်ပါတီကို လက်ညှိုးထိုးပြီးရင် တောင် ကိုရီးယားအတွင်း ခရစ်ယန်ထိုးဖောက်မှုသတင်းဟောင်းက မြန်မာနိုင်ငံရေးထဲ တစ်ကြော့ပြန်လာစရာရှိတယ်။ မှန်ခဲ့ပါတယ်၊ ဒါကို ပြောလည်းပြောကြတုံး။
ဒါပေမဲ့ ကိုရီးယားမှာ အားမျှနေပြီ၊ အိပ်ပျော်နေတဲ့ ကွန်ဖျူးရှပ်နဲ့ဗုဒ္ဓဘာသာတို့ ပြန် ထလာနေကြပြီ။ ဒီကွင်းဆက်ကိုမတွေ့ရင် အခြားပြသနာတစ်ခု တက်လာမှာ။

ရန်သူငါးယောက်


၁၊ ရေ။ ရေကြီး၊ ရေပြတ်မှု(နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိခိုက်။ နာဂစ်အပါအဝင်)
၂။ မီး။ တော၊ ရွာ၊ မြို့မီးလောင်မှု၊ (နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိ ခိုက်။) ခေတ်သစ်အခြေအနေအရ သတ်မှတ်မှု။ ။ ဒါပေမဲ့ ရေပြတ်မှုကို ရန် သူခေါ်ရင်မီးပြတ်မှုလည်းရန်သူ၊ သဘာဝမီးကို လျပ်စစ်နဲ့ အစားထိုးလာ တဲ့ခေတ်မှာ လျပ်စစ်မီး မရ၊ အားမပြည့်၊ ပျက်လည်းရန်သူပဲ၊ မြန်မာပြည်ဟာ စက္ကန့်နဲ့အမျှ ဒီရန်သူကို ရင်ဆိုင်နေရ။
၃။ သူခိုး။(နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိခိုက်)
၎။ သားသမီးဆိုး။ (မိဘ၊ မိသားစု၊ ဆွေမျိုးလောက်ပဲ ထိခိုက်)
၅။ မင်း၊ အစိုးရ။ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုထိခိုက်။
(ဆောင်းပါးအရှည်တော့ နောက်မှပဲ)

၁ နဲ့ ၂ က သက်မဲ့ဘေး၊ ၃၊ ၄၊ ၅ က သက်ရှိဘေးလို့ ပြန်ခွဲ၊ ဘေးအကြီးအသေးကို ထပ်စီစစ်နိုင်။

ကမ်းလက် မှားပါစေ


အရင်နေ့က အတိုင်းပဲ
စင်္ကာပူရောက် ညီ၊ ညီမ၊ အကို၊ အမတို့ရေ
မိုးတွေကလည်းရွာ၊ ခြိမ်းလည်းခြိမ်းနေဆဲ ဒါပေမဲ့ ကျေးဇူပြုပြီး....
စည်းကမ်းသေဝပ်ခြင်းနဲ့ ခုံချိုးလူရမ်းကားတွေကို သင်္ခန်းစာပေးပါ။
အမှိုက်တွေသိမ်းခြင်းအားဖြင့် နိုင်ငံတော်အလံမီးရှို့သူတွေကို ပညာပေးကြပါ။
အမျိုးသားရေးသိက္ခာကို မြှင့်တင်ပေးခြင်းအားဖြင့် အင်တာဗျူးထဲမှာ နိုင်ငံကို ချစ်ပြ သူကြီးတွေထက် ပိုချစ်ပြကြပါ။

ဝမ်းနည်းစရာက
ကန်ပြီးပွဲနှစ်ပွဲခြေအရ
မင်းတို့မိခင်နိုင်ငံအသင်းက
မင်းတို့ထမင်းရှင် နိုင်ငံအသင်းကို
နိုင်ဖို့ သိပ်မလွယ်ဘူး ထင်တယ်၊ ကမ်းလက် မှားပါစေ။ ။

လယ်သမားစစ်တပ်


လီကွမ်းယုတို့ နိုင်ငံရေးအစီအမံချတယ်ဆိုတာ ကမ္ဘာ့သမိုင်းကို ကျေနေအောင် ဖတ်ထားတာ။ သူ့ဘေးက လူတွေကလည်း သူလိုပဲ။ မီဒီယာသမား လူငယ်တွေ ကလည်း ဒါတွေက ဟန်တင်တန်အယူအဆတွေမဟုတ်ဘူးလား၊ ဒါက မီယာရှေးမား၊ ဒါက ကစ်ဆင်းဂျား အယူအဆတွေမဟုတ်ဘူးလား ဆိုတာ မျိုး ထောက်နိုင်တဲ့အဆင့်အထိရှိတယ်။
ကိုယ့်နိုင်ငံရေးအစီအမံကို ကိုယ်ပဲချမှတ်ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ရေစီးကိုသိမှ ဒါက မှန်ဖို့များမယ်။ ဒါကိုသိဖို့ကလည်း စစ်တက္ကသိုလ်က လက်ချာနုတ်လောက်နဲ့တော့ မရနိုင်ဘူး။

အရေအတွက်များပြီး ထိရောက်မှုမရှိတဲ့ စစ်တပ်ကို လယ်သမားစစ်တပ်လို့ခေါ် ကြတယ်။ မြန်မာစစ်သားငါးသိန်းသာ အရည်အချင်းမှီရင် ဧရာမကြီးပဲ၊ ကိုယ့်နိုင်ငံ ကာကွယ်ရေးသာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ သဘာဝအန္တရာယ်၊ လူအန္တရာယ် ကယ်ဆယ်ရေးတွေတောင် အကူအညီပေးနိုင်တဲ့ ပမာဏ။
လောလောဆယ်ကတော့ လယ်သမားစစ်တပ်ထွက်တွေမို့ ပြောင်းလဲလိုစိတ် ကလေး(တကယ်ရှိခဲ့ရင်)ရှိတာကိုပဲ ကျေးဇူးတင်ရတော့မှာပဲ။ အရည်အချင်း မြှင့်တင်လာကြကောင်းပါရဲ့။
ကစ်ဆင်းဂျား စာအုပ်ဖတ်ရင်း စိတ်မကောင်းလို့ ဒါလေး ရေးမိတယ်။ ဖတ်သူတွေ ရှိသရွေ့ ရေးလည်း ရေးရဦးမယ်။ လက်ရှိအမှန်တရားကနေရူးချင်ယောင် ဆောင် မနေချင်ဘူး။

ဖျက်ပစ်လိုက်ရတဲ့ ကွန်မင့်တစ်ခုအတွက် အဖြေ



၁။ ကချင်သူပုန်ဆိုတာ ဘယ်သူတွေလဲ။ သူတို့ဟာ ကချင်တိုင်းရင်းသား တိုင်းကို ကိုယ်စား မပြုဘူး။ လက်ရှိအစိုးရကိုသဘောမတူတဲ့ ကချင်တွေကို ကိုယ်စားပြု တယ်။ ဒါကို ယေဘုယျ ကချင်သူပုန်လို့ပဲခေါ်တယ်။

၂။ မြန်မာ့အစိုးရဆိုတာ ဘယ်သူတွေလဲ။
မြန်မာလူထုက လွတ်လပ်စွာ တင်မြှောက်ထားတဲ့ အစိုးရလား။ ဘယ်လောက် ရာခိုင်နှုန်းက လွတ်လွတ်လပ်လပ် သဘောတူထားသလဲ။ ရှိစေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအစိုးဟာ မြန်မာ့အစိုးရသာဖြစ်တယ်။ အစိုးရအနေနဲ့ လေးစားတယ်၊ လေးစားချင်တယ်။

သရေနဲ့တော့ ကျနော်တို့ မပျော်ဘူး


သရေနဲ့တော့ ကျနော်တို့ မပျော်ဘူး။ ကျနော်ပြောချင်တာ မနေ့က ဘောလုံး ပွဲ ထက် အများကြီးပိုပါတယ်။ ဒီနေ့လို အမျိုးသားရေးစိတ်ဓာတ်တွေ တထောင်းထောင်းတောထတဲ့ခေတ် ကျနော်တို့ မမြင်ဖူးဘူး။ ဦးလှဝင်းပြောတဲ့ ဒဏ္ဍာရီတွေက ကျနော်တို့နဲ့ ဝေးလွန်းတယ်။ ခဏ ဘေးဖယ်ထားပါအုံး။
ဦးသိန်းစိန်နဲ့နီးစပ်ရာအရေခွံလဲအစိုးရအဖွဲ့က အဲဒီ အမျိုးသားရေးစိတ်ဓာတ် ဆိုတဲ့အားကြီးကို တမိတရ ဖမ်းယူနိုင်လေဦးမလား။ မသိဘူး။ မရေရာဘူး၊ ခြေလှမ်းအရွေ့တွေ နှေးလွန်းတယ်။ လွန်ခဲ့တဲ နှစ်နှစ်ကလောက် မယုံကြည်ချင်မိတော့ဘူး။

ဖုန်ဆိုးတောထဲက တိုးထွက်လာတဲ့ အမျိုးသားနိုင်ငံတော်တိုင်းရဲ့နောက်မှာ ပွင့်ထွက်မတတ် အမျိုးသားရေးစိတ်ဓာတ်တွေ မင်းမူနေခဲ့တယ်။ လိုက်ကြည့်၊ အမေရိကလား
ဂျပန်လား
ကိုရီးယားလား။
ဒီနေ့ ပြည်တွင်းပြည်ပ မြန်မာတိုင်းဟာ တစ်ခုတည်းသောအလံတော်အောက်မှာ ကမ္ဘာမကြေတွေ ပန်းတွေဝေသည်အထိ အော်ဆိုနေနိုင်ပြီ။ အဲဒါကြီးကို လက်ကြားယိုစေမှာလား။ ကျေးဇူးပြုပြီး ပြားရည်တစ်စက်နဲ့ ဝမ်းမသက်ပါရစေနဲ့။

ကချင်ပြည်နယ်က ဖက်မမျှတဲ့လူသတ်ပွဲ။ မေးပါရစေ၊ သူပုန်တွေက ဘယ်သူတွေ လဲ???
သူတို့နဲ့ပြည်မကြီးထဲကညီအကိုတွေ တစ်သားထဲပေါင်းစည်းလို့ရအောင် ရှစ်လမ်းသွား ကားလမ်းကြီးဖောက်ပေးထားတာ ရှိသလား???
သူတို့ပြည်နယ်ကထွက်တဲ့ကျောက်စိမ်းတွေအတွက် တန်ရာတန်ကြေး ဘာတွေပြန်ပေးထားသလဲ???
ကျောင်းသူလေးတွေရဲ့ လွမ်းသူ့ပန်းခွေနဲ့..
ကဗျာဆရာရဲ့ ကဗျာတစ်ပုဒ်လောက်နဲ့ ...အမျိုးသားရေး ရင်ကြားစေ့လို့ မရနိုင်ဘူး။



သမ္မတလုပ်ရတာ မလွယ်ဘူး၊ အစိုးရလုပ်ရတာ မလွယ်ဘူး၊ ဒီလိုလား။ ဒါဆို ဘယ်သူက လွယ်တယ်ပြောနေပါသလဲ။
"မလွယ်ရင် မလုပ်နဲ့၊ မလုပ်နိုင်ရင် ဆင်းလေ၊ လုပ်နိုင်သူ တက်လာလိမ့်မယ်" လို့ပဲ ပြောကြလိမ့်မယ်။


နောက်ပြီး ဖြစ်ကတတ်ဆန်း ပို့စ်တွေ၊ အရပ်ထဲက စကားတွေကလည်း ဝန်ကြီးတွေ ဖေ့စ်ဘုတ်၊ ဝန်ကြီးတွေပါးစပ်ကနေ ထွက်။ ရှက်တတ်ရင် သေဖို့ပဲ။ ဦး မရဲတရဲထွဋ်က ခပ်ငယ်ငယ်စာဖတ်ပရိသတ်ကို ပြားရည်တစ်စက်နဲ့ ဝမ်းသက်ဖို့ ကြိုးစားတယ်(ဒါမျိုးကို လူငယ်လေးတွေ ရေးကြ၊ လိုက်ခ်ကြ၊ ရှယ်ကြပါစေဗျာ၊ ဒီထက်အရေးကြီးတာတွေ အများကြီးပါ)။ ဘူးလက်လှဆွေက အမျိုးသားရေး ရင်ကြားစေ့ရေးအတွက် မိစ္ဆာဝါစာစကားပြောတယ်။ သူလည်း သေရာပါ နာမည်ဆိုးနဲ့၊ ခေသူတော့မဟုတ်။ လူဆိုတာ မတရားလွန်းဘူးထင်ရင် အသေခံပြီးတော်လှန်တယ်။
အဲဒါ လူ့သမိုင်း၊
အဲဒါ ကမ္ဘာ့သမိုင်း၊
အဲဒါ မြန်မာ့သမိုင်။
လက်ရှိ အမျိုးသားရေး ရေစီးကို အမိအရမယူနိုင်ရင် "ဘရူးတပ်စ်လည်း စစ်ရှုံးဖူးတယ်" ဆိုတာကို အမှတ်ရပါ။

စင်္ကပူကလူငယ်တွေ မကြားဖူးတာ ကောက်လုပ်တယ်။ တစ်သက်လုံး ရှုံးခဲ့ရတဲ့ အမျိုးသားရေးသိက္ခာဆယ်ပွဲကို
စည်းကမ်းရှိမှု၊
သေဝပ်မှု၊
တစ်သွေးတစ်ရောင်တည်းရှိမှု၊ အရှုံး(သို့)သရေကို သက္ခာရှိရှိလက်ခံနိုင်မှု၊ အနိုင်ကို မူးယစ်ဆေးဝါးမကူဘဲ ဂုဏ်ယူမှု။




ပြည်နယ်တွေနဲ့ပြည်မ တစ်သားထဲရှိတယ်ဆိုတာပြဖို့ ပထမဆုံး ကားလမ်းမ ကြီးတွေ၊ ရထားလမ်းသစ်ကြီးတွေ ဖောက်ပြလိုက်ပါ။ တန်းတူအခွင့်အရေးတကယ်ပေးပါ။ စကားလုံးတွေထက် ခရီးပေါက်ပါ တယ်။( နိုင်ငံတော်မှာ ငွေမရှိဘူး။ စင်္ကာပူမှာတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဘန်ဂလိုတွေရှိတယ်။ တချို့က သူတို့အမည်နဲ့၊ တချို့က ခရိုနီ အမည်နဲ့။) အဲဒီကျည်ဆန်တွေ ကွေးကောက်မသွားလောက်ဘူးလား။ အဲဒါ ဗြိတိသျှတွေ အိန္ဒိယမှာလုပ်သွားတဲ့ မဟာဗျူဟာ၊ လိုက်မမီတဲ့ ၂၁ ရာစု စထရက်ဒဂျီမဟုတ်ဘူး။

ပြည်ပရောက် လူအနည်းငယ်ပြန်လာရုံနဲ့ (တချို့က တကယ့်အမျိုးသားရေး၊ တချို့က ဖော်လန်ဖား) ပြည်တော်ဝင်သီချင်း မဆိုပါနဲ့ဦး။
၉၉ ရာခိုင်နှုန်းက ဦးသိန်းစိန်နဲ့နီးစပ်ရာအရေခွံလဲ အစိုးရအဖွဲ့ ဘာလဲ၊ ဘယ်လဲ ကြည့်နေကြဆဲပါ။
ဝင်သွားသမျှကလည်း ခရိုနီသွားဖြဲပြတာများတော့ ဒုတိယအိမ်ဆီ ခြေဦးပြန် လှည့်လာကြတယ်။

ဘယ်အစိုးရရဲ့အလုပ်မှ မလွယ်ဘူး၊ အဲဒီမလွယ်တာတွေကို အစိုးရတိုင်းလည်း လုပ်ရမယ့်တာဝန်ရှိတယ်။ မှားခွင့်ရှိတယ်၊ မလုပ်ခွင့်တော့မရှိဘူး။
သေနတ်နဲ့ ကိုယ့်ပြည်သူကိုအုပ်ချုပ်မှုက မိစ္ဆာနိုင်ငံရေးလို့ခေါ်ပါတယ်။
ဦးနှောက် ဦးနှောက်ချင်း၊ အယူအဆ အယူအဆချင်း အားပြိုင်၊ ညှိနှိုင်း၊ အဖြေရှာတဲ့နိုင်ငံရေးက သမ္မာနိုင်ငံရေးပါ။

လူတွေ့တိုင်း ဦးကျို့ရတဲ့ ကောက်ရိုးမျှင်လိုခါးတွေကို ကျနော်တို့ စွန့်ပစ်ချင်ပြီ


စင်္ကာပူက ဆရာလီတို့ရဲ့ ပီအေပီပါတီ နှစ် ၆၀ မြောက်သတင်းပါလာတယ်။
စင်္ကာပူက နှစ် ၆၀ အတွင်း လူ ၆ သန်းကို အထပ် ၆၀ တိုက်တွေပေါ် တင်ပေးသွားတယ်။
မြန်မာပြည်က လူ သန်း ၆၀ ဘာလဲ၊ ဘယ်လဲ။
လီကွမ်းယု အမှာလေး ဘာသာပြန်ပေးလိုက်ပါတယ်။
"မီးရှူးတိုင်ကို မျိုးဆက်သစ်တွေလက်ထဲ ထည့်ပေးခဲ့ပြီ။ ကျွန်တော်တို့ဘဝတွေ အဆင်ပိုပြေလာသလို အခွင့်အလမ်းတွေလည်း ပိုများလာခဲ့တယ်။ ဒါပေမဲ့ ပါတီရဲ့ တာဝန်က အရေးပိုကြီးလာသလို ခက်လည်း ခက်ခဲနေဆဲပါ။ ပါတီဟာ လူထုရဲ့ ယုံကြည်ထောက်ခံမှုရရှိအောင် ကြိုးစားနေရမှာဖြစ်သလို အထူးသဖြင့် လူငယ်ထုနဲ့ အားလုံးရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနေနိုင်အောင်ပြင်ဆင်ထားရမယ်။ သူတို့နဲ့အတူလက်တွဲပြီး ပိုကောင်းတဲ့၊ ပိုစွမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်ဆောင်ပေးနိုင်ရမယ်" တဲ့။

အာဏာရှိသူ အာဏာရှင်ဆန်တာက မဆန်းပါဘူး။
ဒါပေမဲ့ ပြည်သူနဲ့လူငယ်ထုကို အလေးထားမှ မြန်မာ့သမိုင်း၊ လူကြီးမင်းတိုသမိုင်းလှလိမ့်မယ်။

လူငယ်တွေ ကမ္ဘာထဲတိုးဝင်ရဲပါစေ
လူငယ်တွေ ဂလိုဘယ်အိပ်မက် မက်ပါစေ
လူတွေ့တိုင်း ဦးကျို့ရတဲ့ ကောက်ရိုးမျှင်လိုခါးတွေကို ကျနော်တို့ စွန့်ပစ်ချင်ပြီ။

မြင်ချင်တယ် ဒီမာရီယားနဲ့ဒေါ်စု


ပုံရိပ်တစ်

ထုံးဖြူဖြူစည်းကြောင်းလေး မကျော်ခင်၊ အနက်ရောင်ဝတ်စုံနဲလူကြီးရဲ့ တံပိုး ခရာသံ မညံခင်အထိ ဇာဘာလက်တာနဲ့ဒီမာရီယား၊ အဂွေးရိုးနဲ့ ရိုဂျို (ရိုဟို)တို့ဟာ ပခုံးတွေဖက်ကြမယ်၊ ခေါင်းတွေပုတ်ကြမယ်။ ဂျာမဏီရဲ့လက်ချက်နဲ့ ဘာသာဗေ ဒတူမျက်ရည်တွေ အတူတူကျခဲ့တာမဟုတ်လား။ အဲ ဒါပေမဲ့ ထုံးဖြူဖြူစည်းကြောင်းလေးကို ကျော်လိုက်တာနဲ့ လက်သီးတွေကျစ်ကျစ်ဆုတ်၊ ခရာမှုတ်လိုက်တာနဲ့ အပြန်အလှန် သတ်ကြပုတ်ကြတော့မယ်။ သူတို့ မုန်းလို့ မဟုတ်ကြဘူး။ မုန်းလည်းမမုန်းမိကြပါစေနဲ့။ အနီရောင်ကောင်းကင်ကို ဒီ မာရီယားကဦးဆောင်လာမှာဖြစ်သလို အပြာရောင်ပင်လယ်မှာ အဂွေးရိုးက ပဲ့ကိုင်ရွက်လွှင့်လာလိမ့်မယ်။ ဒီပွဲမျိုးမှာ ဘာအကြောင်းနဲ့မှ ဒီမာရီယားတစ်ယောက် အရန်ခုံပေါ်ရောက်မနေအပ်ဘူး။

ပုံရိပ်နှစ်

စီနီယာဘုရှ်ကို ကလင်တန်က အလဲထိုးတယ်၊ ကလင်တန်ကိုတော ဂျူနီယာ ဘုရှ်က လက်စားချေတယ်။ မပြေနိုင်တော့မယ့် ရန်ညိုးတွေနဲ့ ရန်သူတော် ကြီးတွေလိုပဲ။ လူကြီးလူကောင်းဆန်ဆန်(ကလေးကလားတွေ မပါခဲ့ဘူး) ဆော်ကြ၊ ကလော်ကြတွေကလည်း သတင်းစာစောင်ရေတွေ တဟုန်ထိုးတက်သည်အထိ။ နိယာမနဲ့အကျဉ်းချုပ်တော့ ရှူံးလိုက် နိုင်လိုက်။ ဒါပေမဲ့ အမျိုးသားရေးကိစ္စနဲ့ကြုံလာတော့ ကလင်တန်က ဘုရှ်နှစ်ယောက်နောက်မှာ၊ ဘုရှ်နှစ်ယောက်က ကလင်တန်နောက်မှာ။ သရော်တော်တော်၊ ခနဲ့တဲ့တဲ့အပြုံးတွေက အေးချမ်းလို့။ အဲ ပြိုင်တူတောင် အမျိုးသားရေးအတွက် အံတွေကြိတ်လို့။
ဦးသိန်းစိန်လား၊ ဦးရွှေမန်းလား၊ ဘယ်သူပဲဖြစ်ဖြစ် ၂၀၁၅ ပွဲမှာ ဒေါ်စုဟာ အရံထိုင်ခုံပေါ် ရှိမနေသင့်ဘူး။ ရှိမနေရဘူး။ စွမ်းရင် ရအောင်တား။

ဟုတ်တယ် ရွှေခြံရေ.....
လူမုန်းများကာမှများရော ဒီနေ့ မြင်ချင်တာက ဒီမာရီယားရဲ့ လက်ညှိုးလက်မ ကွင်းပြတဲ့ ဝိုင်းဝိုင်းလေး၊ လာမယ့်နှစ်မှာတော့ လေဒီရဲ့ အပြုံးသန့်သန့် လက်မြှောက်ပြမှုလေးပဲ။
သူတို့ယှဉ်ပြိုင်ခွင့်ရပြီး မျှမျှတတရှူံးသွားမယ်ဆိုရင် နိုင်သူကို ဂုဏ်ပြုဖို့၊ ရှူံးသူကို စာနာဖို့ သွေးကြောင်နေမိမယ် မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် လေဒီကြောင့် တစ်နိုင်ငံလုးံ အစ္စလာမ်မိုက်ဇ်သွားမယ်ဆိုတဲ့ လူပြောများရောင်းကုန်တစ်ခုကို မဝယ်လိုက်မိလို့ပါ။

ကိုရီးယားက ပျော့လို့မရဘူး


မေမြတ်နိုးကိစ္စက စထရိတ်တိုင်းမှာတောင် နှစ်ရက်ဆက်တိုက်ပါလာတယ်။ ဘာတွေလဲတော့ ကျကျနနမသိပါဘူး။ သိတဲ့အပိုင်းတော့ရှိတယ်။



ဒီလိုပါ၊
ဒီလထဲမှာပဲ ကိုရီးယားအဖွဲ့ကြီးတစ်ဖွဲ့ ဦးဆောင်စည်းရုံးတဲ့ ဆမ်းမစ်တစ်ခုက ဖိတ်ကြားပါတယ်၊ နိုင်ငံပေါင်း တစ်ရာကျော်၊ ဧရာမဆမ်းမစ်ပါ။ စက်တင်ဘာ ၁၇ ကနေ ၁၉ အထိ။ ကျေးဇူးရှင်နှစ်ယောက်ရှိတဲ့ နိုင်ငံမို့ သွားဖို့ ဆုံးဖြတ်၊ အီးမေးပြန်၊ ဗီဇာတင်၊ လက်မှတ်ယူပေါ့။ဖြည့်ရမယ့်ဖောင် ဖြည့်၊ အီးမေးပြန်၊ ဒီတော့ ဆိုးလ် က ဖုန်းဝင်လာတယ်၊ လေယာဉ်လက်မှတ်က ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ ပဲဖြစ်နေရမယ်တဲ့။
အဆင်ပြေရင် ပူဆန်ကို နှစ်ရက်သွားမယ်ဆိုပြီး လက်မှတ်ကို ၂၂ ရက်အထိ ဖြတ် ထားတာပါ။ ဒါကို ၂၀ ရက် အပြောင်းခိုင်းတာ။
အဓိပ္ပါယ် တစ်စက်မှ မရှိဘူး။ တာဝန်ခံနဲ့ စကားပြောတယ်၊ မရဘူး၊ ရှိစေ၊ ဆင်းရဲသားနိုင်ငံမို့ နှိမ်တာ၊ အထင်သေးတာမျိုး။(မြန်မာအလုပ်သမားကိစ္စကို သိပေမဲ့ ပေါ်လစီကို ခွဲခြားထားရမယ်လို့ ယုံကြည်တယ်၊ (အစိုးရပေါ်လစီနဲ့ အော်ဂနိုက်ဇေးရှင်းပေါ်လစီ)
တရားဝင် ဗီဇာရှိတယ်၊ ပိုက်ဆံရှိတယ်၊ ရက် ၉၀ အထိ နေလို့ရတယ်။ ဒါမျိုး ငြိမ်နေလို့မရဘူး။

နောက်နေ့မှ သူတို့အဖွဲ့ရဲ့ ချဲယားမန်းကို လိပ်မူပြီး ဘီစီစီလေးစောင်နဲ့အတူ ဟိုရော၊ ဒီရော အီးမေးပို့လိုက်တယ်။

၁။ မြန်မာလူမျိုးအတွက် ဗီဇာလိုလို့ လျှောက်တယ်၊ တရားဝင် ရက် ၉၀ ရတယ်။ ဘာ့ကြောင့် ဒီအဖွဲ့က နှစ်ရက် ပိုနေခွင့်မပြုတာလဲ။
၂။ ဒီဥပဒေက ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်တိုင်းအတွက်ပါလား၊ (ကျေးဇူးပြုဖြေပေးပါ) ဒါဆိုရင် ကျေကျေနပ်နပ်လိုက်ပါမယ်။
၃။ ဒီလိုမဟုတ်ဘဲ မြန်မာမို့ နှိမ်ပေါက်နဲ့ဆိုရင်တော့ ဖိတ်ကြားမှုကို ဝမ်းနည်းစွာ ငြင်းပယ်ပါရစေ။
၎။ လူကြီးမင်းလက်မှတ်နဲ့ဖိတ်ကြားထားတဲ့ စာမို့ ဒီစာကို တာဝန်ယူဖြေကြား၊ ဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်ပါတယ် ဆိုပြီး
ခပ်ကြီးကြီးတွေနဲ့ကိုင်လိုက်တော့ ချက်ချင်းဖုန်းဝင်လာတယ်။
ဗီဇာက အလည်အပတ်ဗီဇာဖြစ်နေမှန်း မသိလို့ပါ တဲ့။ ရက်ပြောင်းစရာမလိုပါဘူး၊ အခုမှ သရုံးကိုလှမ်းမေးလို့ သိရတာပါ တဲ့။
တကယ်က ပို့ထားတဲ့ ဗီဇာကော်ပီထဲမှာ ဒါက ပါပြီးသား။

အခုတော့ အားလုံးအိုကေသွားပါပြီ။ ရယ်ရယ်မောမောပဲ။ ကိုရီးယားနဲ့ ပေါင်းလာတာက ၂၀၀၁ ကတည်းကဆိုတော့ နပ်နေပြီ။
လူကောင်းများပါတယ်။ စရိုက်နည်းနည်းကြမ်းတယ်(ကိုယ်နဲ့ မတူတာကိုပြောတာပါ) ကိုယ်ကလည်း ခပ်တင်းတင်းဆက်ဆံလိုက်ရင် ပြီးသွားတာပဲ။
ပြောခဲ့ပါပကော။ စင်္ကာပူလာဖို့ လေယာဉ်လက်မှတ်ဖိုးပေးလိုက်တာက ကိုရီးယား။ ကျေးဇူးရှင်ကြီးတွေ။
သူနဲ့လည်း အဲသလိုပဲ ဆက်ဆံရတယ်။ ပျော့တိပျော့ဖတ်တော့ မရဘူး။
မေမြတ်နိုးလည်း စမိမှတော့ လျှော့မနေနဲ့။ ဒိုးသာဒိုး။ ၁၆ နှစ်ရှိသေးတာပဲ။ အမှားပြင်၊ တက်လမ်းရှာ။ ကိုရီးယားမသွားရလို့ သေတာမှတ်လို့။

အရှေ့ အနောက်၊ အနောက် အရှေ့



လူကြီးမင်းတို့အနေနဲ့ ဒီလူကြီးလေးယောက်ကို သိမှာပါနော်၊ လေးယောက်စလုံး ကို မသိရင်တောင် နှစ်ယောက်၊ နှစ်ယောက်မဟုတ်တောင် အရင်ဆုံး လူကြီး ကိုတော့ သိမှာပါ။
သိက္ခာရှိရှိ၊ ကိုယ့်ဒူးကိုယ်ချွန် ကျိကျိတက်ချမ်းသာလာကြတွေပေါ့။ လူကြီးမင်းတို့ကိုပြောချင်တာက သူတို့ဘယ်လောက်ချမ်းသာသလဲဆိုတာ မဟုတ် ပါဘူး။ ငါတို့အမှီလိုက်မယ် လုပ်မနေကြပါနဲ့။ မြန်မာ့မြေပုံက ဒဏ်ရာတွေ၊ အလယ်ခေါင်က ချုပ်ရိုးကြောင်းကြီးတွေနဲ့ ရစရာ မရှိတော့ပါဘူး။
စိတ်ဝင်စားစရာက သူတို့ချမ်းသာလို့ သူတို့ကလေးတွေ ဖိုးလပြည့်တွေဖြစ်မသွား ဘူး။ ဖျက်ဆီးခြင်း မခံလိုက်ရဘူးပေါ့ဗျာ။
သား သမီး မြေးတွေကို ငါသေရင် အားလုံး နင်တို့အတွက်ဆိုပြီး ကလေးတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးမပစ်ကြဘူး။ သူတို့ကလေးတွေဟာ သူတို့လောက် မစွမ်း ရင်သာရှိမယ်၊ ဖိုးလပြည့်လေးတွေတော့ ဖြစ်မသွားဘူး။

ဘာမှ မပေးဘူးတော့ ဘယ်ဟုတ်မလဲ။ အကောင်းဆုံးပညာရေး ပေး တာ။ ခြေစောင့်လက်စောင့် ငွေပေးတာ၊ အလုပ်အတူတူလုပ်ရင်း လမ်းပြ လက်တွဲခေါ်တာတွေတော့ ရှိတာပေါ့။ ဘီလီယံနာရဲ့ သားသမီးတွေပဲ ဒီ အခွင့်အရေးလောက်တော့ ရသင့်တာပေါ့ဗျာ။ ကိုယ်မစွံရင် ဘာမှ အလကားမရဘူး

ဒါနဲ့ စကားမစပ် လူကြီးမင်းတို့ မျိုးဆက် ဘယ်နှဆက် ထိုင်စားလောက်အောင် ချမ်းသာနေပြီလဲ။
ချမ်းသာမှုတွေက အထက်က ဘီလျံနာကြီးတွေလို သိက္ခာရှိရှိလား။
လူကြီးမင်းတို့ တရားဝင်လစာ ဘယ်လောက်လဲ။ လူကြီးမင်းတို့ မသေကြတော့ ဘူးလား။

ကြည့်။
အရှေ့က လူယုတ်မာကြီးတွေက မတရား၊ နှိပ်စက် ငွေရှာ။ အရေးရယ် အကြောင်းရယ်ဆို ထွက်ပြေးဖို့ ပြည်ပမှာ ငွေစု၊ ခြေလှမ်းပြင်။ မဟုတ်တော့လည်း ပြေးပေါက်က ကြည့်ထားရတာပေါ့လေ။
အနောက်က ဘီလျံနာတွေက သူတို့ဘာသာ ရှာဖွေထားတာတောင် သူများတွေကို ပြန်ပေးပစ်တယ်။ သားသမီး မြေးတွေဖို့က ပညာရေးနဲ့အနာဂတ် အမွေ။
မော်ရယ်တန်ဖိုးက တော်တော်ကွာနေပြီ။
တကယ့် စစ်စစ်ပေါက်ပေါက် သမိုင်းနဲ့ မနုသဗေဒ ပြောနေတာက အဲဒါတွေက အရှေ့ရဲ့ အဓိက မော်ရယ်တန်ဖိုးတွေ တဲ့။
လူကြီးမင်းတို့က နိုင်ငံကို အိုးမဲသုတ်
ဗုဒ္ဓဘာသာကို အိုးမဲသုတ်
အာရှမော်ရယ်တန်ဖိုးကို အိုးမဲသုတ် တွေပဲ။
မသေခင် မင်္ဂလသုတ်နဲ့ သိင်္ဂါလောဝါဒသုတ် ဖတ်သွားကြပါအုံး။

" တူ " ပဲရှိတဲ့လူအတွက် ပြဿနာအားလုံးဟာ သံချောင်း


" သင့်မှာ တူ တစ်ချောင်းပဲ လက်နက်ရှိတယ်ဆိုရင် ပြဿနာ အားလုံးကို သံချောင်းတစ်ချောင်းလို မြင်ပြီး ထုရိုက်ဖို့ပဲ စဉ်းစားတယ် "
( Abraham Maslow )


" ကေ ပေါ့ပ်၊ ကေ ဒရားမား လောက်နဲ့ နိုင်ငံထောင်လို့ မရနိုင်သေးဘူး"
(ဇင်ဝေသော်)



ဆင်ခြင်ဖွယ် ( ၁ )

အသောကမင်းကြီး ကလိင်္ဂ စစ်ပွဲအပြီးမှာ အကြမ်းဖက်မှု စစ်ဝါဒကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးပဲ လုပ်တော့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လူသိနည်းတဲ့ အချက်က အသောကမင်းကြီးက စစ်တပ်ကို ဖျက်သိမ်းတာ မဟုတ်သလို စစ်မတိုက်တော့ပါဘူး လို့လည်း ဘယ်သူ့ကိုမှ ကတိမပေးခဲ့ဘူး။ ဓမ္မနဲ့ အောင်နိုင်ချင်တယ်၊ အောင်မြင်အောင် ကြိုးစားမယ်။

ဒါပေမယ့် တစ်ဖက်နိုင်ငံက စစ်မက်လိုလားလို့ မတရားမှုတွေ လွန်ကျူးလာရင်တော့အသောကဟာ စစ်တိုက်ဖို့ ဝန်မလေးဘူး လို့ ရာဇသံ လည်း ပေးခဲ့ပြန်တယ်။ အသောကဟာ တူ တစ်ချောင်းပဲ လက်နက်ရှိသူ မဟုတ်ဘူး။

ဆင်ခြင်ဖွယ် ( ၂ )
ကလေးဘဝတုန်းက အဖေဘာကြောင့်သိမ်းထားမှန်းမသိတဲ့ ကြိုးလေး တစ်ချောင်းကိုတွေ့ဖူးတယ်။ ကြိုးလို့ဆိုပေမယ့် ထန်းလက်လျှော်နဲ့ကျစ်ထား တဲ့ နွားကျည်ကြိုးလောက်သာတွေ့ဖူးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြိုးလို့ ပုံသေကားချ မသိခဲ့ပါဘူး။
အရွယ်ရောက်လို့ မေးကြည့်တော့မှ တစ်တောင်လောက်သာ ရှည်တဲ့ကြိုးလေးရဲ့ ရှည်လျားတဲ့သမိုင်းကို သိခဲ့ရပါတယ်။
"ငါ ကံကောင်းလို့ ဒီကြိုးပြတ်လေးကိုရခဲ့တာ၊ ဒီကြိုးက သမိုင်းရှိတယ်၊ဂျပန်တွေ စစ်ပြေးရင်း စစ်ကိုင်းတံတားကြီးကို ချိုးဖြတ်ထားခဲ့ကြလိမ့်မယ်လို့ ဗြိတိသျှတွေက ကြိုတင်တွက်ထားခဲ့ကြတယ်။ ဒီလိုဖြစ်ခဲ့ရင် ဒီကြိုးတွေနဲ့ တံတား ယာယီ ဆက်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်၊ လူကြီးတစ်ယောက်အိမ်ရောက်တော့ သူက ဒီ အကြောင်းကို ရှင်းပြလို့ တစ်ဖြတ်လောက်ပေးစမ်းပါဆိုပြီး ငါတောင်းယူခဲ့တာ ၊တော်တော်ခိုင်တဲ့ကြိုးပဲကွ "
စစ်ပြေးဂျပန်တွေ ချိုးဖြတ်ထားခဲ့မယ့် စစ်ကိုင်းတံတားကြီးကို ကြိုတင် မြင်တဲ့  ဗြိတိသျှတွေလည်း ယာယီကြိုးတံတားတွေ ပြင်ဆင်ခဲ့လို့ အစီအစဉ် ( ၂ ) ရှိသူတွေလို့ ဆိုရမှာပါပဲ။
သူတို့လည်း တူ တစ်ချောင်းပဲ လက်နက်ရှိသူတွေ မဟုတ်ကြဘူး။

ဆင်ခြင်ဖွယ် ( ၃ )

ကမ္ဘာ့ စစ်တုရင် ချန်ပီယံ ဂယ်ရီ ကက်စပါရော့ကို ကွန်ပျူတာ ဒိပ် ဘလူးက စိန်ခေါ်တော့ ကမ္ဘာတစ်ဝှမ်းလုံး စိတ်ဝင်စားခဲ့ကြရတယ်။ အမေရိကန် သိပ္ပံနဲ့ ရုရှား ဦးနှောက် ပေါ့။ ရုရှား ဦးနှောက်က အမေရိကန် သိပ္ပံ ဒိပ် ဘလူးကို နိုင် လိုက်တယ်။ ဒါပေမယ့် ပလန်း ဘီ ( အစီအစဉ် ( ၂ ) ) ရှိတဲ့ အမေရိကန်တွေက ဒိပါး ဘလူး ကို ဆက်လွှတ်တယ်။
ဂယ်ရီ ကက်စပါရော့ ရှုံးသွားသလို လူသားဦးနှောက်လည်း စစ်တုရင်မှာတော့ ကွန်ပျူတာကို အရှုံးပေးလိုက်ရတော့တယ်။ ဝမ်းနည်းစရာပဲ။ ခက်တာက အမေရိကန်တွေမှာ ဒိပက်စ်တ် ဘလူး ဆိုတဲ့ အစီအစဉ် ( ၃ ) ရှိနေသေးတယ်။ ဒိပါး ဘလူး နဲ့ မရရင် ဒိပက်စ်တ် ဘလူး လာမှာ။

ဘာဖြစ်ရင် ဘာ။ ဘာနဲ့ မရရင် ဘာနဲ့ စတဲ့ အစီအစဉ်တွေကို လျှာယားယား အင်္ဂလိပ်စကားနဲ့ စထရက်ဒဂျီ ( မဟာဗျူဟာ ) လို့ ခေါ်သတဲ့။ ဘာဖြစ်ဖြစ် သံချောင်းလိုပဲထင်ပြီး တူနဲ့ ရိုက်သွင်းနေရင်တော့ ထရက်ဂျဒီ ( ကြေကွဲ ဝမ်နည်းဖွယ် အတိ ) လို့ ခေါ်ပါတယ်။

ကျနော်ဆိုလိုတာက အစိုးရရယ် မဟုတ်ပါဘူး။ အားလုံးပါပါတယ်။ နိုင်ငံတော် တည်ဆောက်ရာမှာ စွန့်လွှတ် အနစ်နာခံစရာတွေ အများကြီးပဲ။

မီဒီယာမှာလည်း ရွှေဥဒေါင်းတွေ အများကြီး လိုနေတယ်။ စစ်အစိုးရကို ဆဲ ရဲသလို ပြည်သူ မကြိုက်တဲ့ အမှန်တရားကို ရေးရဲသူမျိုးတွေ လိုတယ်။ ပြည်သူ အများစုဟာ စီးပွားရေး တံခါး အပိတ်ခံထားရသလို ကမ္ဘာ့ စာပေတွေကိုလည်း အပိတ်ခံထားကြရရှာတယ်။ ကေ ပေါ့ပ်၊ ကေ ဒရားမား လောက်နဲ့ နိုင်ငံထောင်လို့ မရနိုင်သေးဘူး။

ကမ္ဘာထဲဝင်ဖို့ မြန်မာလို တွေးပြီး ကမ္ဘာလို ပြုမူမှ ရမယ်။ နို့မို့ အမေရိကန်က မပိတ်ဘဲ ကိုယ်တိုင်ပိတ်တဲ့ တံခါး ဖြစ်သွားနိုင်တယ်။

ကြေးနီတောင် ပြဿနာက ဦးသိန်းစိန်၊ ဒေါ်စု အတွဲကို ပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ပြဿနာပဲ ရှိသေးတယ်။ရှင်းရဦးမယ့် ရှေ့လူတွေရဲ့ အရှုပ်တော်ပုံက ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ။ သူတို့ကိုပဲ မေတ္တာ စွတ်ပို့နေရတော့တယ်။ ပြည်သူရော အစိုးရပါ တူ တစ်ချောင်းနဲ့တော့ အလုပ် မဖြစ်နိုင်ဘူး။ မီဒီယာ ရောပဲ။ ရောင်းကောင်းမယ့် တို့မီး ရှို့မီး သတင်းလောက်နဲ့တော့ လုံးဝ တာဝန်မကျေတော့တဲ့ ကာလ။

ဆရာကြီး ရွှေဥဒေါင်းကို လုထု ဦးလှ၊ လုထု ဒေါ်အမာ တို့လောက်တော့ လူတွေ မချစ်ဘူး ပေါ့။ သူ့ကို ချစ်သွားသူတွေ အတွက်ကျတော့လည်း အစားထို့လို့ကို မရတာ။

အော် စထရက်ဒဂျီ နဲ့ ထရက်ဂျဒီ။ ။

01/12/2012
ဇင်ဝေသော်

နေဦး!


(ဗက်ကလပ် ဟာဘယ်(လ်))

လှမ်း ကြည့်လိုက်ကွာ၊ ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေ
မော့ ကြည့်လိုက်ဦးကွာ၊ အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေ
ငုံ့ ကြည့်လိုက်ဦးကွာ၊ ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေ
လာ၊ တို့ ရှေ့ဆက်လျှောက်ရအောင်.......
ကြည့်လိုက်ကွာ
အက်စစ်မိုးတွေကြောင့် သေသူ သေ၊ မဝေသူ မဝေ၊ ငါတို့သစ်တောတွေ
ဒါတွေအားလုံးကို ငါတို့ ပြုပြင်ကြရမှာနော်
စိတ်ဓာတ်ခိုင်မှ ရမယ်။

နေဦး
ဒါတွေက ဆယ်စုနှစ်တစ်ခုအတွင်း ပြုပြင်လို့ရနိုင်တယ် ကွ။
ပြူတင်းပေါက် မစုံ၊ လူမစုံတော့တဲ့ အိမ်အိုတွေထဲက လူတွေ
အရုပ်ဆိုးဆိုး တိုးလို့တွဲလောင်း မီးကြိုးတွေအောက်က လူတွေ
ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းမ၊ လူလျှောက်လို့ မရတဲ့ ပလက်ဖောင်းတွေပေါ်က လူတွေ
သူတို့ စိတ်ဓာတ်၊ သူတို့ ကိုယ်ကျင့်တရား၊ သူတို့ အနာဂတ်တွေကို ပြုပြင်ဖို့
ဘယ်ဆယ်စုနှစ်နဲ့မှ လုံလောက်မယ် မဟုတ်ဘူး။
မင်း အဆင်သင့်ဖြစ်ပြီလား။




ထောင်ကလွတ်စ၊ တစ်စစီမြို့ပြကို ကြည့်ရင်း ချက် တော်လှန်ရေး၊ ပြုပြင်ရေး ခေါင်းဆောင် ဗက်ကလပ် ဟာဘယ်(လ်)က သူ့လက်ရုံးကို ပြောပြနေတဲ့ စကားတွေပါ၊ အတိအကျ မဟုတ်ပါ၊ ဒါပေမဲ့ ဒီအဓိပ္ပါယ်ပါ။ ကျနော် ခံစားရသလို ပြန်ဆို ရေးထားတာပါ။

ညိုပြာညက် ဖြစ်နေမှ


အရင် မန္တလေးက ဘာသာတရားနဲ့အနုပညာပဲ လိုတာ။ ဒီနှစ်ရှိရင် ရပြီ။
အဲဒီနှစ်ခုမရှိရင်လည်း မန္တလေးက မနေတတ်ပြန်ဘူး။
အခု မန္တလေးက ဟိုဟာတောင်း ဒီဟာတောင်း။ အဆိုးဆုံးက သွေးတောင်းတာ။
မန္တလေးက ညိုပြာညက်ဖြစ်နေမှ လှတာ၊
ပိုဖြူလည်း ကြည့်မကောင်း၊ ပိုမည်းလည်း ကြည့်မကောင်းဘူး။

ပါးနပ်တဲ့ အစိုးရ


ပါးနပ်တဲ့ အစိုးရက အပြစ်မရှိတဲ့ ပြည်သူတွေ မထိခိုက်အောင်
ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ပွဲကို နိုင်ငံအပြင် လွှဲခေါ်တယ်။ စစ်မြေပြင် ပြောင်းယူတယ်။
အဆင့်မရှိတဲ့ အစိုးရတွေက သူတို့ အာဏာကို မထိခိုက်အောင်
မဖြစ်သင့်တဲ့ စစ်ပွဲတွေဖြစ်အောင် ဆွဲခေါ်တယ်။ စစ်ပွဲကို ဖန်တီးယူတယ်။
ဆီရီးယားထက် မန္တလေးသားတွေ စာပိုတတ်တယ်။

တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ...


လယ် တစ်ဧကခွဲကို တရုတ်က သိန်းနှစ်ထောင်ကျာ်ပေးဝယ်တော့ လယ် သမားကရောင်းလိုက်တယ်။
ရောင်းရမှာပေါ့၊ သူလည်း လယ်စိုက်၊ ပျိုးနှုတ်ဖို့လူကခေါ်လို့မရတော့ဘူး။ အလုပ်သမားတွေက လစာပိုကောင်းတဲ့ ရသန့်ဗူးစက်ရုံနဲ့ အခြားနေရာတွေ မှာ သွား အလုပ်လုပ်ကြတယ်။
ဒီအထိက အိုကေတယ်။ စက်မှုစီးပွားစတင်ချိန် မလွှဲမသွေကြုံရမယ့် ပြသနာ။

ဒီထက် ကြီးတဲ့ ပြသနာက သိန်းထောင်ချီရသွားတဲ့ လယ်သမားက ပါဂျဲရိုး၊ ပါရာဒို ဝယ် စီးတယ်။ ဆင်၊ မြင်းတွေငှား၊ ဝက်စတူးကျွေးပြီး အလှူပေးတယ်၊ ညနေပိုင်း ခေါင်းငိုက်ငိုက်နဲ့ အိမ်ပြန်တယ်။
လာမယ့် ဆယ်နှစ်မှာတော့ ပါဂျဲရိုးတွေ ပါရာဒိုတွေက ဖွတ်ဖွတ် ညက် ညက်ကျေပြီး လယ်ကွက်ထဲရှိ တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ကိုယ် နားမလည်တဲ့ ဘာသာစကားတွေ။
မန္တလေးက ဆရာသမားယူလာတဲ့ မန္တလေး(ပုသိမ်ကြီးဝန်းကျင်)က သတင်းပါ။

တရုတ်လူဦးရေက ရှရှားတောင် အသေအလဲ ကြောက်နေရတာ။ မတည် မငြိမ် ဥပဒေ၊ ခရိုနီ လက်ခမောင်း ထတဲ့ခေတ်၊ အကျင့်ပျက် အရာရှိတွေ နဲ့ မြန်မာကတော့ ပြောမနေနဲ့တော့။
ကြားကောင်းတဲ့
အိုပင်းမားကက်
ဒီမိုကရက်တိုက်ဇေးရှင်း
မော်ဒန်နိုက်ဇေးရှင်းတွေရဲ့ဒဏ်ကို အစိုးရော လူထုပါ ပညာပါမှ သက်သာမယ်။
ဒါက အထူးအဆန်းကြီးလည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတိုင်း ဒီဖြစ်စဉ် ကို ဖြတ်သန်းရတယ်။ ရှောလို့ မရဘူး။
ဘယ်လိုဖြတ်သလဲဆိုတာကသာ အရေးကြီးတာပါ။
photo source

ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရမည် (၂)


"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။



"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????

"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက် ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ကို ပြင်မှရမည် ဆိုသည်က တောင်ကြီးတစ်တောင်လုံး နေ့ချင်းည ချင်း မြေပြင်ညီဖြစ်သွားသလို သိသာလှပြီ ဖြစ်ပါသည်။

ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ပြင်ရမည်


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါသည်။ အယ်လ်ဖာဘတ် အခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက်ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။


"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြဿ နာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြဿနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက် လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ ပိုဇေးရှင်းအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ဖော်မက်တူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ ဖဲမ်းမလီး မတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

ထို့ကြောင့် ဆိုပါသည်။ ပြင်စရား များစွာ ရှိနေပါသေးသည်။ အလွန် အရေးကြီးလှပါသည်။ သို့ မဟုတ်လျင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်လာစေနိုင်ပါသည်။

**မုဒိတာအလွမ်း မှတ်စု**


ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

ဟိုး ၁၉၈၀၊ ၁၉၉၀ နှစ်တွေတုန်းက... မန္တလေးသင်္ကြန်ကို ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့အထိ တက်လာပြီး ကျုံးဘေးမှာ အလွတ်တန်း စတိတ်ရှိုးတွေ ဆိုတတ်ကြတယ်။
မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးတို့ကတော့ အိမ်ရှင်တွေလေ။ ပရိသတ်က အနည်းဆုံး သောင်းချီတာပေါ့၊ ပြီးတော့ အများစုက လူငယ်တွေ၊ သောက် တာကလည်း
နည်းနည်းသောက်၊
များများသောက်၊
ခေါင်းမထောင်နိုင်အောင်သောက်ပဲ ကွာမယ်။
ဇော်ဝင်းထွဋ် အသံ၊
လေးဖြူအသံ ကြားတာနဲ့ အဲဒီလူအုပ်ကြီးလည်း ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေကြတော့တာပဲ။

ဒါကို ပွဲ စီစဉ်သူတွေက သိတယ်။ ထိမ်းမရတဲ့ မန္တလေးလူငယ်ထုကြီးကို ထိမ်းနိုင်တာက မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးပဲ။
"အခု အလှည့်ကျ အမျိုးသား တေးသံရှင် ခင်မောင်တိုး" ဆိုလိုက်တာနဲ့ ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေတဲ့ လူအုပ်ကြီးက ဆေးကြိမ်လုံးနဲ့ အရိုက်ခံလိုက်ရသလို ငြိမ်ကျသွားတယ်။

ပြီး..........ကိုဇော်မျိုးထွဋ်ရဲ့ ကြိုးကြာသံ အင်ထရိုများ လူး..လွန့်..လိမ့် တက်လာပြီဆိုရင် အားလုံးထိုင်၊ မေးလေးတွေ လက်ထောက်ပြီး သူတို့လည်း မြေက်ဖက်က သားဖောက်ရာဆီ ပျံသန်းကြတော့တာပါပဲ။
ဘာပြဿနာမှ မရှိတတ်ဘူး။

အခု ဒေါ်စုဆီရောက်လာတဲ့ လူတွေဟာ မိုက်မိုက် ရမ်းရမ်းတွေ မဖြစ်နိုင် ပါဘူး။
ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

အာရှ ချဉ်ဖတ်ကြီး

ရိုဟိန်ဂျာ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ဖတ်ရတဲ့ စာတွေထဲမှာ ဒီလူပြောတာ သဘာဝ အကျဆုံးပဲ။
"Nobody wants to acknowledge the large numbers of people and nobody knows what to do with them." တဲ့။
Chris Lewa,
Arakan Project Coordinator, S.T

ပထမအပိုဒ် "Nobody wants to acknowledge the large numbers of people " က မြန်မာပြည် (သမ္မတ) ရဲ့ ရပ်တည်ချက်ကို သဘောပေါက် ဟန် ညွှန်းဆိုပြီး ဒုတိယ အပိုဒ်ကတော့ သူတို့နဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း ဘယ်သူမှ မသိဘူး ဆိုတော့ ....... ပြီးရော။
မြန်မာတွေ စေတနာပျက်တာလည်း (ကြောက်တယ်ဆို ပိုမှန်မယ်) မွတ်စလင်ဖြစ်လို့ ဆိုတာထက် ကာမဂုဏ်တွေ နင်းကန်လိုက်စား ကလေးတွေ အထိမ်းအကွတ်မဲ့ မွေးနေကြတာကြောင့် ဖြစ်နိုင်တယ်။
ပြီးတော့ လက်ရှိပြဿနာနဲ့ နာကျင်ခံစားရတာတွေပါ ထည့်စဉ်းစားရင် ဒီကလေးတွေကလည်း နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား သယ်ပိုးမယ့် လူငယ်တွေဖြစ်ဖို့ထက် မုန်းတီးမှုတွေနဲ့ ကြီးပြင်းလာမယ့် အဖျက်သမားေ တွ ဖြစ်ဖို့ပဲများတယ်။

Chris Lewa, ပြောသလိုပဲ "nobody knows what to do with them"
ဒီကိစ္စကို ဘယ်သူမှ လူတတ်ကြီး ဝင်မလုပ်ရဲဘူး (အမေရိကန် အပါအဝင်) ထိုင်းစတဲ့ အိမ်နီးချင်း နိုင်ငံတွေ လုပ်နေကြတာကလည်း အနာဂတ် ဗုံးတွေ ကိုယ့်ဆီ ရောက်မလာဖို့ပဲ။

လူ့ အခွင့်အရေးသမာတွေကို လေးစားပါတယ်။ ဒါပေမယ့် ဘော်စတွန် ဗုံးပေါက်တော့ အသေခံ လိုက်ဖမ်းရတာက အစိုးရဝန်ထမ်းတွေ။ သေတာ က ပြည်သူတွေ။ လူ့ အခွင့်အရေးသမားတွေ လုပ်နိုင်တာက
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားပဲ။
ဒီတော့ သူတို့ရဲ့
"ဒီလို လူသားချင်း မစာနာတဲ့ ဆက်ဆံမှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားကိုလည်း အစိုးရတွေက သိပ်ပြီး နားထောင်နေကြမယ်တော့ မထင်ဘူး။

၂၀၁၅ ယဉ်ကျေးမှု အိပ်မက်

Burmese artifacts a door to its past- and its present
By Jane Perlez. NEW YORK TIMES

၂၀၁၅ ခုဟာ လူအများစု မျှော်လင့်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုတင်မကဘဲ ကမ္ဘာက မသိသေးတဲ့ ပုဂံရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုလည်း နယူးယောက်က တဆင့် ကမ္ဘာကို လှစ်ဟပြသခွင့်ရလာမယ့် မင်္ဂလာရှိတဲ့ နှစ် သစ် တစ်နှစ် ဖြစ်လာပါလိမ့်မယ့်။ ဒါတွေ အစပျိုးနိုင်ဖို့ သန္ဓေ ဥ ခဲ့တဲ့ သမ္မတ ကြီးရဲ့ အမေရိက ခရီးစဉ်ကိုလည်း ကျနော်တို့ ယဉ်ကျေးမှု အတွက် တလေး တမြတ် ထားကြရမယ်။ ပုဂံရဲ့ ယဉ်ကျေးမှု ကမ္ဘာကို ပြသနိုင်ဖို့ သူ့ခရီးစဉ် အ တွင်း သဘောတူညီမှုတွေ ပေးထားခဲ့လို့ နယူးယောက် သုတေသန အဖွဲ့ ဟာ တိမ်ကောနေတဲ့ ပုဂံနဲ့ နိုင်ငံအဝှမ်းပြတိုက်တွေဆီ နဖူးတွေ့ ဒူးတွေ့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီ ရှေးဟောင်း အနုပညာတွေထဲက သင့်တော်မယ့်၊ သယ်ယူလို့လည်း ဖြစ်နိုင်မယ့်၊ အလွန်အမင်း တန်ဖိုးကြီးတာ လည်း မဟုတ်တဲ့ ရှေးဟောင်းလက်ရာတချို့ကို သယ်ယူပြီး ပြသကြပါလိမ့် မယ်။

ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုတွေ အခုမှ အမေရိကကိုရောက်တာလား ဆိုရင်ေ တာ့ မဟုတ်ဘူး။ ဒီပြပွဲမှာ ပြသမယ့် သုံးပုံတစ်ပုံသာ မြန်မာပြည်ကနေ ငှား ရမ်းပြသမှာဖြစ်ပြီး ကျန်တဲ့ နှစ်ပုံက နယူးယောက် ကော်လက်ရှင်း (Collections) တွေကနေ ယူဆောင်မယ်လို့ ဆိုထားပြန်တယ်။ ဒီ မြန်မာ့ယဉ်ကျေးမှုတွေ ငှားရမ်းပြသခွင့်ရဖို့ သူတို့ သဘောတူခဲ့တာ က ရှေးဟောင်းပြတိုက်တွေအတွက် လိုအပ်ချက်တွေကို ကူညီပေးဖို့နဲ့ ဝန်ထမ်းတွေကို စနစ်တကျ သင်တန်းတွေ ပေးဖို့ပါ တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်းသာစရာ သတင်းတစ်ပုဒ်ပါ။

မြန်မာ့ယဉ်ကျေးမှုတွေ အမေရိကမှာ တချို့ရှိနေပြီးဖြစ်တယ်လို့ ဆိုပေမဲ့ ဦးဆောင်စည်းရုံးသူတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်မယ့် ရှားရှားပါးပါး ရှေးေ ဟာင်းလက်ရာတွေကတော့ ပြည်တွင်းမှာပဲ ရှိနေဆဲပါ။

အဲဒီ အထဲက အေဒီ ၁၂ ရာစုလက်ရာဖြစ်တဲ့ မြတ်စွာဘုရားရှင် တာဝတိံသာ မှာ အဘိဓမ္မာဒေသနာတော်ကိုချွေပြီး သင်္ကဿနဂိုရ်ကို ခြေတော်ခြတဲ့ လက် ရာကတော့ အကောင်းဆုံးပါပဲ လို့ဆိုသူရှိသလို အနော်မာ ကမ်းခြေမှာ သိဒ္ဓတ္ထ မင်သား ဆံပယ်နေပုံ လက်ရာကလည်း တော်ရုံတန်ရုံကို သဘော မ ကျ တတ်တဲ့ နယူးယောက်ပရိသတ်ရဲ့ အာရုံကို ဆွဲ ဆောင့်ယူသွားလိမ့် မယ် လို့ ခန့်မှန်းတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ မှန်စီရွှေခြ နန်းဝ တံခါးကတော့ နယူးယောက်ကို သယ်ယူဖို့ တန်ဖိုးကြီးမားလွန်းနေသတဲ့။ ယဉ်ကျေးမှုတန်ဖိုးလား၊ အခြား တန်ဖိုးလားတော့ မသိပါဘူး။

ဒီပြပွဲကနေ ကျနော်တို့ အဓိက ရမယ့်အမြတ်ကတော့ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်မှုတင်မကဘူး၊ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှု နှ လုံးသည်းပွတ်ပါဖြစ်နေတယ်ဆိုတာ ကမ္ဘာက လက်ခံသွားရမယ့် အချက်ပါပဲ။
နယူးယောက်တိုင်းမ်ပါ ဆောင်းပါးကို ကိုးကားရင်း ၂၀၁၅ ဆီကို အိပ်မက် ရှည် ရှည် လှမ်းမက်လိုက်မိပါတယ်။
၂၀၁၅
မင်္ဂလာ နှစ်သစ်
လိပ်ပြာသန့်တဲ့ ပုဂံသမိုင်းကို ဆွဲ..လှစ်။