အမေရိကန်


နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်လော့ဒ် (Winston Lord) ပြောသလို “အာရှသားတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ပိုပြီး အသိအမှတ်ပြုသလို ပိုပြိး လည်း ဂုဏ်မောက်လာကြတယ်။ သူတို့က တန်းတူဆက်ဆံရေးကို မျှော်လင့် ထားကြပြီး အမေရိကန်ပြည်ထောင်စုကိုလည်း
“အပြည်ပြည် ဆိုင်ရာလူစွာလို့ မသတ်မှတ်ရင်တောင် အပြည်ပြည်ဆိုင်ရာ ကလေးထိန်း” လို့ ယူဆနေကြ တယ်။

အမေရိကန်ယဉ်ကျေးမှုထဲမှာရှိတဲ့ မရှိမဖြစ်အချက်တွေက နိုင်ငံတကာ အရေး အခင်း တွေကြားမှာ လူစွာမဟုတ်ရင်တောင် ကလေးထိန်းဖြစ်ဖို့ အမေရိကန် ကိုတွန်းပို့နေပါတယ်။
(ဟန်တင်တန်)

အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု


တချို့လေ့လာသုံးသပ်သူတွေကတော့ ဘာသာတရားရဲ့ အရေးပါမှုကို ခပ်လျှော့လျှော့တွေးတော သုံးသပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် လူမျိုးစုမတူ၊ ကိုးကွယ်မှုဘာသာမတူညီဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြ၊ အချင်းချင်း အပြန် အလှန်အိမ်ထောင်ပြုကြတဲ့ ဘော့(စ်)နီးယားက ဆပ်(ဗ်)တွေနဲ့ မွတ်စလင်တွေ ကို ထောက်ပြခဲ့ကြပါတယ်။
နောက်ပြီး ဖရောက်ရဲ့ (Freud) “အတ္ထပေမ၀ါဒ ကွဲပြားမှုအနည်းငယ်” ကို အထောက်အထားပြပြီး ဘာသာတရားရဲ့အရေးပါမှုကို ဘေးဖယ်ထုတ်လို ကြပါ တယ်။ (Note 21) ဒါပေမဲ့ ဒီကောက်ချက်ဟာ အရှည်ကိုမကြည့်တဲ့ အမြင်ကျဉ်း မြောင်းမှုသာဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီးကြာနေပြီဖြစ်တဲ့ လူ့သမိုင်းက ပြောပြနေချက် အရကတော့ ဘာသာမတူညီမှုဟာ “အနည်းငယ် ကွဲပြားမှု” မဟုတ်ပါဘူး။ လူသားတွေရဲ့ ရင်ထဲမှာ "အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု" လို့တောင် ဆိုလို့ ရနိုင်ပါလိမ့်မယ်။ မကြာမကြာလည်းဖြစ်၊ ပြင်းထန်မှုလည်းရှိ၊ အကြမ်းဖက်မှုတွေလည်း ပါဝင် တတ်တဲ့ အန္တရာယ်စည်းကြောင်းစစ်ပွဲတွေကို မတူညီတဲ့ (နတ်)ဘုရားတွေအပေါ် ယုံကြည်မှုတွေက အကြီးအကျယ် မီးစာထည့်ပေးနေတာ ဖြစ်ပါတယ်။

(ဟန်တင်တန်)

တစ်အုပ်လုံးပြန်စစ်ရင်း ကောင်းနိုးရာရာစာပိုဒ်တွေ တင်ပေးနေတာပါ။ စိတ်က သိကအောက် မဖြစ်ကြဘူးလို့တော့ မျှော်လင့်ရပါရဲ့။ ဆရာတော်ဦးဗုဒ်စကားနဲ့ဆိုရင် ဇင်ဝေသော်အဖို့ကတော့ ဒီစာအုပ်ဟာ ထုံးအိုးထဲ နှစ်ထားရမယ့်စာအုပ်ဖြစ်နေပါတယ်။

ကွန်ဖျူးရှပ်-အစ္စလာမ်မစ် မဟာ မိတ်အဖွဲ့ နဲ့ ကဒါဖီ


ဂရေဟမ် ဖူလာ (Graham Fuller) ကတော့ “ ကွန်ဖျူးရှပ်-အစ္စလာမ်မစ် မဟာ မိတ်အဖွဲ့ အမှန်တကယ် ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ မိုဟာမက်နဲ့ ကွန်ဖျူးရှပ်က အနောက်ဆန့်ကျင် ရေးဝါဒီတွေ ဖြစ်နေလို့မဟုတ်ပါဘူး။ ဒီယဉ်ကျေးမှုတွေက သူတို့နာကျည်းမှုတွေကို ဖော်ပြဖို့ အဆင်း ဘီးတပ်ပေးနေ လို့ပါ။ ဒီအတွက် အနောက်တိုင်း ကိုယ်တိုင်ကလည်း အပြစ်မကင်းပါဘူး။ အနောက်တိုင်းနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု လုံးဝ လွှမ်းမိုးထားခြင်း က အခြားနိုင်ငံ တွေကို “ငါတို့အတွက် ဘာဆိုဘာမှ မကျန်တော့ဘူး” ဆိုပြီး "တဆစ်ဆစ် နာကျင်စေပါတယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။
(ဟန်တင်တန်)

ဒီလို ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်လာဖို့ တောင်းဆိုမှုတွေထဲမှာ မူအမ်မား အယ် ကဒါဖီ (Muammar al-Qadhafi) ရဲ့ တောင်းဆိုမှုက ရင်လှိုက်သည်းလှိုက် အရှိဆုံးပါ။ ၁၉၉၄ ခု၊ မတ်လထဲမှာ သူက ဒီလို ကြေငြာခဲ့ပါတယ်။
“ကမ္ဘာ့နိုင်ငံရေးအစီအမံအသစ်ဆိုတာ ဂျူး-ခရစ်ယန်တွေက မွတ်စလင်တွေ ကို ထိန်းချုပ်မှုပါ။ ပြီးရင်၊ သူတို့ကလည်း စွမ်းနိုင်မယ်ဆိုရင် ကွန်ဖျူးရှပ်ဝါဒ၊ ပြီးရင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နိုင်ငံတွေမှာရှိတဲ့ အခြားဘာသာတွေကို ထိန်းချုပ်ကြပါလိမ့် မယ်။ အခု ခရစ်ယန်တွေ ဂျူးတွေ ပြောနေတဲ့စကားက ကွန်မြူနစ်ဝါဒကို ချေမှုန်းဖို့ ငါတို့ သံဓိဌာန် ချခဲ့ကြတယ်။ အခု အစ္စလာမ်နဲ့ကွန်ဖျူးရှပ်ဝါဒကို ချေမှုန်းရမယ် ဆို တာ ဖြစ်ပါတယ်။
ကွန်ဖြူးရှပ်အုပ်စုကို ဦးဆောင် လာမယ့်တရုတ်နဲ့ အမေရိကန်ဦးဆောင်လာမယ့် ခရစ်ယန်အုပ်စုတို့ ထိပ်တိုက်တွေ့ကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အမှား အမှန်ဆုံးဖြတ်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါပေမဲ့ နယ်ချဲ့တွေရဲ့ ဆန့်ကျင်ဖက် မှာ ကျွန်တော်တို့ရပ်တည်ကြရပါမယ်။ ကွန်ဖျူးရှပ်ဝါဒနဲ့အတူ ကျွန်တော်တို့ရှိနေပြီး သူတို့နဲ့မဟာမိတ်ဖွဲ့၊ သူတို့နဲ့အတူ လက်တွဲတိုက်ခိုက်ရင်း ကျွန်တော်တို့ရဲ့ ဘုံရန် သူကို ချေမှုန်းကြရပါမယ်။
မွတ်စလင်တွေဖြစ်ကြတဲ့ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘုံရန်သူကို တိုက်ခိုက်နေတဲ့ တရုတ်ကို ပံ့ပိုးကူညီကြမယ်။---

တရုတ်အောင်မြင်ပါစေလို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"------(Note 44)

(ကဒါဖီ)

ဒီကိစ္စ အသာထားလိုက်ပါဦး


အရေးကိစ္စအများစုနဲ့ပတ်သတ်ပြီး ဂျပန်တွေအပါအဝင် အခြား အာရှခေါင်းဆောင်တွေက အမေရိကန်ခေါင်းဆောင်တွေရဲ့ ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေး ကျေးနဲ့ ဘယ်လိုငြင်းရမလဲဆိုတာ သိရှိနေကြပါပြီ။ အချိန်တော်တော်များများမှာ အာရှရဲ့ ပြောရိုးဆိုစဉ် ဖြစ်တဲ့
“ ဒီကိစ္စ အသာထားလိုက်ပါဦး”
နဲ့ပဲ ပြီးနေကြပါတယ်။

(ဟန်တင်တန်)

အာရှ၊ တရုတ်နဲ့အမေရိက - စီဗီလိုက်ဇေးရှင်း သပွတ်အူ (လူ့ယဉ်ကျေးမှု ပဋိပက္ခ)


"အာရွန်ဖရိုတ်ဘာ ( Aaron Friedberg ) ပြောသလိုဆိုရင် ဥရောပရဲ့ အတိတ် ဟာ အာရှရဲ့ အနာဂတ်ပါပဲ။" (ဟန်တင်တန်)

(၂၀)ရာစုရဲ့ ဒုတိယနှစ်(၅၀)အတွင်း ဖြစ်ပွားခဲ့တဲ့ အာရှ၊ အထူးသဖြင့် အရှေ့ အာရှရဲ့ စီးပွားရေးအပြောင်းအလဲဟာ ကမ္ဘာမှာ အထင်ကရအဖြစ်ဆုံး ဖွံ့ဖြိုးတိုး တက်မှုပါ။ ၁၉၉၀-ခုနှစ်ရောက်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကြောင့် စီးပွားရေး စောင့်ကြည့်လေ့လာသူ အများအပြား ကျေနပ်အားရမှုတွေ ရှိလာခဲ့ တယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း နိုင်ငံတွေ အတွင်း စီးပွားရေး ကွန် ယက်ကြီး ချိတ်ဆက်မိသွားမယ်၊ ဒီ နိုင်ငံတွေလည်း ငြိမ်းချမ်းပြီး ညီညီညွတ် ညွတ် ရှိလာတော့မယ်လို့ သူတို့က ကြိုတင်ခန့်မှန်းခဲ့ကြတယ်။ ဒီအကောင်းမြင် ဝါဒက စီးပွားရေးအပြန်အလှန်ဆက်သွယ်မှု့ဟာ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ် စေတယ်ဆိုတဲ့ သံသယဖြစ်ဖွယ်သုံးသပ်မှု့ကို အခြေခံထား တာဖြစ်ပါတယ်။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတစ်နိုင်ငံ အတွင်းမှာရော သူနဲ့ အခြားနိုင် ငံတွေရဲ့ ဆက်ဆံရေးမှာပါ မတည်မငြိမ် ဖြစ်ပွားစေ ၊ နိုင်ငံတွေနဲ့ ဒေသတွင်း အင်အားဟန်ချက်ညီမှုကို အဟန့်အတားဖြစ်စေပါတယ်။ စီးပွားရေးအပြန် အလှန် ဆက်သွယ် မှုက လူတွေအချင်းချင်း ထိတွေ့ဆက်ဆံရေးကိုသာ အားကောင်းလာစေပြီး သူတို့ချင်း သဘောတူညီမှုကိုတော့ ဆောင်ကျဉ်း မပေးနိုင်ပါဘူး။ သမိုင်းကြောင်းအရ ဆိုရင် စီးပွားရေး အပြန်အလှန် ဆက်ဆံ မှုကြောင့် သူတို့အချင်းချင်းကြားက မတူကွဲပြားမှုတွေကို ပိုမိုသိမြင် လာပြီး အပြန်အလှန်စိုးရိမ်မှုတွေလည်း ပိုမိုဖြစ်ပွားလာတက်တယ်လို့ ပြသနေပါ တယ်။ နိုင်ငံတွေအချင်းချင်း အပြန်အလှန် ကုန်သွယ်မှုဟာ ပဋိပက္ခရော အကျိုး အမြတ်ကိုပါ မွေးဖွား ပေးနိုင်ပါတယ်။ အတိတ်ကကြုံတွေ့ခဲ့ရတဲ့အတိုင်းသာဆိုရင် အာရှရဲ့ စီးပွားရေး နေခြည် ဟာ နိုင်ငံရေးအရိပ်မည်းကြီးကို ပေါ်ထွက်လာစေပြီး အာရှအတွင်းမှာ မငြိမ် သတ်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ခြေရှိပါတယ်။
အာရှရဲ့စီးပွားရေးတိုးတက်လာမှုနဲ့ အာရှ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက် အား ကောင်းလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ အနည်းဆုံး သုံးနည်းသုံးမျိုးနဲ့ ကမောက်ကမ ဖြစ်စေနိုင်ပါလိမ့်မယ်။

( ၁ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စစ်အင် အားတွေကို တိုးချဲ့နိုင်မယ်။ သူတို့နိုင်ငံတွေ အချင်းချင်းအကြား အနဂတ် ဆက် ဆံရေးနဲ့ ပတ် သတ်လို့ မသေချာ၊ မရေရာမှုတွေ တိုးပွားလာမယ်။ စစ်အေး ကာလအတွင်း ငုတ်လျှိုး သွားခဲ့တဲ့ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေ ပြန်လည် အားကောင်းလာမယ်။ ဒါကြောင့် ဒီဒေသ အတွင်းမှာ ပဋိပက္ခနဲ့ မငြိမ်မသက် မှုတွေ ဖြစ်ပွားဖို့ ရာနှုန်းများသွားတယ်။

( ၂ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အကြား အထူးသဖြင့် အမေရိကန်နဲ့အကြားမှာ ပြဿနာတင်းမာမှုတွေ တိုးပွား လာနိုင်ပြီး ဒီအကျပ်အတည်းတွေကြားကနေ အာရှနိုင်ငံတွေအနေနဲ့ လွတ်မြောက်အောင်ပွဲခံနိုင်ဖို့ အားကောင်းလာစေတယ်။

( ၃ ) အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ တရုတ်စီးပွားရေး တိုးတက် လာမှုကြောင့် ဒီဒေသအတွင်း တရုတ်ကလွှမ်းမိုးထားပြီး တစ်ဦး တည်းဗိုလ် ကျဖို့လည်း တရုတ်က အားထုတ်လာမယ်။ ဒီတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အတူပဲ ပူးပေါင်းမလား၊ တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရေးအတွက် အင်အားချိန်ခွင်လျှာညှိဖို့ ကြိုးစားမလား ဆိုတာတွေဖြစ်လာမယ်။

ရာစုနှစ်ပေါင်းများစွာကြာတဲ့ အနောက်ရဲ့ နိုင်ငံတကာဆက်ဆံရေးသမိုင်းဆိုတာ သူတို့ အထဲက အင်အားကြီးနိုင်ငံတွေအချင်းချင်းပဲ ပြိုင်ဆိုင်နေခဲ့တာဖြစ် ပါတယ်။ သူတို့ အားပြိုင်မှု ထဲ ဝင်လာသူဆိုလို့ (၁၈) ရာစုက ရုရှားနဲ့ (၂၀) ရာစုထဲက ဂျပန်ပဲ ရှိခဲ့ပါတယ်။ ဥရောပဟာ အင်အားအကြီးဆုံးနိုင် ငံတွေ ပြဿနာဖြစ်ရာ၊ အတူတကွ ပူးပေါင်းရာ၊ အဓိက ကစားကွင်းကြီး ဖြစ်နေ ခဲ့တယ်။ စစ်အေးကာလအတွင်းမှာတောင် ထိပ်သီးချင်း ထိပ်တိုက် တွေ့ဆုံမှုက ဥရောပရဲ့ ဗဟို ချက်မထဲမှာ ဖြစ်ခဲ့တာပါ။
စစ်အေးလွန်ကာလရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အရေးကြီး နယ်မြေ သစ်တစ်ခု တိုးလာခဲ့ပါတယ်။ အဲဒါဟာ အာရှ၊ အထူးသဖြင့် အရှေ့အာရှပါပဲ။ အရှေ့အာရှထဲမှာ ဂျပန်၊ တရုတ်၊ အော်သိုဒေါက်(စ်)၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်နဲ့ အနောက်စီဗီလိုက်ဇေးရှင်းဆိုပြီး စီဗီလိုက်ဇေးရှင်း ခြောက်ခုထဲက လူ့အဖွဲ့ အစည်းတွေ ရှိနေကြတယ်။ တောင်အာရှပါဆိုရင် ဟိန္ဒူ စီဗီလိုက်ဇေးရှင်းပါ ထပ်တိုးလာပါတယ်။

စီဗီလိုက်ဇေးရှင်းလေးခုရဲ့ ပဓာန နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ ဂျပန်၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ဟာ အရှေ့အာရှမှာ အရေးပါတဲ့ဇတ်ကောင်ေ တွ ဖြစ်နေကြတယ်။ တောင် အာရှပါဆိုရင် အိန္ဒိယနိုင်ငံပါဝင်လာပါတယ်။ အင်ဒိုနီးရှားကလည်း တက်သစ်စ မွတ်စလင် ပါဝါ နိုင်ငံဖြစ်တယ်။ ဒါ့အပြင် အရှေ့အာရှထဲ စီးပွားရေး အင်အား ကြီး ထွားလာတာနဲ့အမျှ ထပ်တိုးလာမယ့် အလယ်အလတ်စားအင်အားရှိတဲ့ နိုင်ငံအများအပြားလည်းရှိနေတယ်။ ဥပမာ တောင်ကိုးရီးယား၊ ထိုင် ဝမ်နဲ့ မလေးရှား၊ ဗီယက်နမ်ကလည်း ဒီအထဲ ပါဝင်လာဖို့ အလားအလာရှိနေတယ်။ ဒီတော့ သူတို့နိုင်ငံတကာ ဆက်ဆံရေး ပုံစံက အလွန်ရှုပ်ထွေး နေပြီး ၁၈ ရာစုနဲ့ ၁၉ရာစုအတွင်း ဥရောပမှာ ဖြစ်ပွား ခဲ့တာတွေနဲ့ တူညီမှုတွေ အများ အပြားရှိနေတယ်။ ဗဟိုမဏ္ဍိုင် အနေအထား ကို တွန်းပို့ပေးမယ့် မငြိမ်သက်မှု၊ မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်။

အရှေ့အာရှရဲ့ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်းသဘောက အနောက်ဥရောပ နဲ့ ကွဲလွဲနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးသဘောမတူညီမှုတွေက အဲဒီခြားနား ချက်တွေကို ပိုပြီးကြီးထွားစေလိမ့်မယ်။ (၁၈-၁၉) ရာစုအတွင်းက အနောက်နိုင် ငံတွေမှာ အခြေတကျ ဖွံ့ဖြိုးပြီး ဒီမိုကရေစီစနစ် ရှိခဲ့ကြတယ်။ ဈေးကွက်စီး ပွားရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုက အမြင့်ဆုံး အဆင့်မှာရှိခဲ့တယ်။ ၁၉၉၀- ခုနှစ်တွေ ရဲ့ အလယ်ပိုင်းမှာ အရှေ့အာရှအတွင်း တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နို င်ငံရှိလာခဲ့ပြီး ဒီမိုကရေစီကိုစတင်ကျင့်သုံးဆဲ မတည်မငြိမ်နိုင်ငံတွေ အများ အပြားရှိနေတယ်။
ကမ္ဘာ့အကြွင်းအကျန် ကွန်မြူနစ်အာဏာရှင်၊ လေးငါးနိုင်ငံ၊ နောက်ပြီး စစ် အစိုးရတွေ၊ တစ်ဦးတည်းအာဏာရှင်တွေ၊ တစ်ပါတီအာဏာရှင်စနစ်တွေ ရှိနေ တယ်။ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်ကလည်း ဂျပန်၊ စင်္ကာပူတို့ကနေ ဗီယက်နမ်၊ မြောက်ကိုးရီး ယားအထိ ကွာဟလွန်းလှတယ်။ သွားနေတဲ့ ယေဘူယျလမ်းစဉ်ကတော့ ဈေးကွက် စီးပွားရေးနဲ့ တံခါးဖွင့်စီးပွားရေးဆီကိုပါ။ ဒါပေမယ့် စီးပွရေးစနစ်က မြောက်ကိုးရီးယားလို အားလုံးကို အစိုးရကချုပ်ကိုင်ထားတဲ့စနစ်တွေ၊ ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင် စနစ် ရောနှောမှုတွေ၊ ဟောင်ကောင်လို အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင် စီးပွားရေးဆိ ကူးပြောင်းဆဲစနစ်တွေဆိုပြီး ပုံစံအမျိုးမျိုး ရှိနေတယ်။
ဒေသတွင်းမှာ တစ်ခါတစ်ခါ တရုတ်သြဇာနဲ့နိုင်ငံရေးအစီအမံ ချမှတ်နိုင်တာက လွဲရင် အနောက်ဥရောပလို နိုင်ငံတကာအဖွဲ့အစည်း (ဗြိတိသျှတွေရဲ့ သတ်မှတ် ချက်အရ) အရှေ့ အာရှမှာ မရှိသေးပါဘူး။ Note – 17 

အမေရိကန်ရဲ့ ပုခုံးပေါ်မှာ


"အနောက်တိုင်းခေါင်းဆောင်တွေရဲ့ အဓိကတာဝန်ဟာ အခြားစီဗီလိုက်ဇေး ရှင်းတွေ အနောက်ပုံစံဖြစ်လာအောင် ပုံသွင်းပေးဖို့ကြိုးစားခြင်းမဟုတ်ဘူး၊ ကျဆင်းလာနေတဲ့ ပါဝါကြောင့် ဒါကဖြစ်လည်း မဖြစ်နိုင်ဘူး။
သူတို့တာဝန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းရဲ့ သူမတူတဲ့ ဂုဏ်ရည်တွေကို ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့နဲ့ပြန်လည်းဆန်းသစ်ဖို့ပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အင်အားအကောင်းဆုံး အနောက် နိုင်ငံဖြစ်နေတော့ ဒီတာဝန်ဟာ အမေရိကန်ရဲ့ ပုခုံးပေါ်မှာ လုံးလုံးလျားလျား ကျရောက်နေပါတယ်။"
(ဟန်တင်တန်)

အာဃာတ


လူတွေအချင်းချင်းမို့ ဖြူသော မည်းသော၊ ဘာသော ညာသော မကွဲပါဘူး။ ဒီ နိုင်ငံရေး သီအိုရီထဲမှာ ကက်(ရှ်)မီးယားမွတ်စလင်၊ ချေချင်းမွတ်စလင်နဲ့ သီရိလင်္ကာ(ဆင်ဟာလီ)ဗုဒ္ဓဘာသာတွေ ပါဝင်ပါတယ်။
ပဋိပက္ခကြီးတစ်ခု အဆုံးသတ်နိုင်ဖို့ အချင်းချင်း ပြန်ပြီးသစ္စာဖောက်လိုက်ရ တာတွေ ရှိတယ်။ ဒါက အပြုသဘောလည်း ဆောင်တယ်။ ဒါပေမဲ့.....

"သစ္စာဖောက်လို့ (ခံယူထားခြင်းခံရသူ)အပေါ်မှာထားရှိတဲ့ (မိမိဖက်သားရဲ့) နာ ကြည်းမှုက ရန်သူအပေါ်ထားရှိတဲ့ အာဃာတထက်တောင်ပိုကြီးနေတတ် ပါတယ်။" (ဟန်တင်တန်)

(သူ့ကိုယ်သူ ပြန်ရေးထားတာ၊ လူနောက်ကြီး၊ ဟန်တင်တန်ကတော့ တဲ့။)


ဟန်တင်တန်ကတော့ နှိုင်းယှဉ်လေ့လာမှုသဘောတရားအရ အာဏာရှင် အစိုး ရတွေထဲက ပြုပြင်ပြောင်းလဲရေးသမားတွေဟာ ဒီမိုကရေစီ စနစ်ဆီ ခြေ လှမ်းပြင်ရေးအတွက် ဘယ်လို ချဉ်းကပ် တတ်တယ်ဆိုတာကို ထုတ်ပြဆွေးနွေး ခဲ့ပါတယ်။
1) အလယ်အလတ်(သမာသမတ်ကျတဲ့) အုပ်စုဟာ အတိုက်အခံထဲက တစ်ယူသန် အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရသလို
2) တစ်ချိန်ထဲမှာပဲ အစိုးရအဖွဲ့ထဲက မလျှော့တမ်းခေါင်းအမာစားကြီးတွေနဲ့ (သို့) ခေါင်းအမာစားကြီးတွေကို အတိုက် အခံလုပ်ရင်း ဆွေးနွေးညှိနှိုင်းမှု ပြု လုပ်ရပါတယ်။ ( Note 58 )

အဆင့်နှစ်ဆင့်ပါတဲ့ နိုင်ငံရေးကစားကွက်ထဲမှာ အနည်းဆုံးအဖွဲ့လေးဖွဲ့၊ ဆက်ဆံရေးသုံးမျိုး၊ မကြာမကြာဆက်ဆံရေး လေးမျိုးတောင် ပါဝင်ပတ်သက်နေ တတ်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးလှတဲ့ ယဉ်ကျေးမှုကွဲ အန္တရာယ်စည်းကြောင်း စစ်ပွဲတွေမှာ အနည်းဆုံးခြောက်ဖွဲ့၊ ဆက်ဆံရေး ( ၇ )မျိုး ပါဝင်တဲ့ အဆင့်သုံးဆင့်ရှိ နိုင်ငံရေးကစားပွဲဖြစ်နေတတ်ပါတယ်။ ( See Figure 11-1 )

အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ


၁၉၇၀- ခုနှစ်က အီဇက်ဘီ ဂိုဘစ် (Izetbegovic)ထုတ်ဝေဖြန့်ချီခဲ့တဲ့ “The Islamic Declaration” အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ
“အစ္စလာမ်နဲ့ အစ္စလာမ်မဟုတ်တဲ့ စနစ်တွေရဲ့ သဟဇာတမဖြစ်ပုံ၊"
“အစ္စလာမ်ကိုးကွယ်မှုနဲ့ အစ္စလာမ်မဟုတ်တဲ့ လူမှုရေး၊ နိုင်ငံရေးစနစ်တွေကြားမှာ ငြိမ်းချမ်းရေးဆိုတာ မရှနိုင်သလို အတူတကွ လက်တွဲနေထိုင်ဖို့လည်း မရှိနိုင်ကြောင်း” ရေးသားထားခဲ့ပါတယ်။ "အစ္စလာမ်မစ်အစိုးရအားကောင်းလာတဲ့အခါ အာဏာရအောင်ယူပြီး အစ္စလာမ်နိုင်ငံတော် တည်ထောင်ရမယ်။ အစ္စလာမ်နိုင်ငံတော်အသစ်မှာ အထူးအရေးကြီးတဲ့ အချက်က 'ပညာရေးနဲ့ မီဒီယာဟာ အငြင်းပွါးဖွယ်မရှိ အစ္စလာမ်မစ်ကိုယ်ကျင့်တရားနဲ့ပြည့်စုံ၊ အစ္စလာမ်မစ် အသိဥာဏ်ဆိုင်ရာ ဥပဒေသတွေနဲ့ ပြည့်စုံတဲ့ လူတွေရဲ့ လက်ထဲမှာပဲ ရှိနေရမယ်' " လို့ ရေးသားထားပါတယ်။။ (Note-7)
(The Clash of Civilizations. Chap 11)

ဒီနေ့ထိုးမယ့် လက်ဝှေ့ပွဲစဉ်ပါ


ကနေဒါနိုင်ငံသား ဗုဒ္ဓဘာသာ မက်သရူးနှင့်မြန်မာနိုင်ငံသား အစ္စလာမ် မင်းမင်းထွန်းတို့ရဲ့ပွဲပါ....ဘယ်ဖက်ကနေ အားပေးကြမလဲဟေ့..."

ဟန်တင်တန်ရဲ့စီဗီလိုက်ဇေးရှင်းလိုင်းအရဆိုရင်တော့
လူမျိုးမတူပေမဲ့ ကိုးကွယ်မှု(စီဗီလိုက်ဇေးရှင်း)တူရင် ပေါင်းစည်းလို့ရတယ်။
လူမျိုးတူပေမဲ့ ကိုးကွယ်မှု(စီဗီလိုက်ဇေးရှင်း)မတူရင် ပေါင်းစည်းဖို့ခက်တယ် တဲ့။

ကထိန်အာနိသင်နဲ့လူ့ယဉ်ကျေးမှုပဋိပက္ခ


ကထိန်အာနိသင်နဲ့လူ့ယဉ်ကျေးမှုပဋိပက္ခကို ဘယ်လိုရအောင်ဆက်သွယ် သလဲတော့မသိဘူးပေါ့။
ညီတော်ရဟန်းတစ်ပါးက ဒီလိုဆိုလေရဲ့....
".......လူ့ယဉ်ကျေးမှုက ကထိန်တရားတွေမှာ အတော်လေးအသုံးဝင်နေတယ်၊ သုံးပွဲဟောပြီးပြီ"
သင့်သလိုသာသုံးတော့ ငါရှင်...
ဒါနဲ့စကားမစပ် နယူးကာဆယ်နဲ့ လီဗာပူးလ်က ပထမပိုင်းမှာ ဂိုးမရှိသရေပဲ မြို့ဦးဆရာတော်။

လူဝင်မှုကြီးကြပ်ရေး - (2)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူဝင်မှုကြီးကြပ်ရေး - (2)

၁၉၉၀ ခု စောစောပိုင်းနှစ်တွေအတွင်း ဥရောပထဲ ၀င်ရောက်နေထိုင်သူ လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ မွတ်စလင်တွေဖြစ်ပြီးလူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်လို့ ဥရောပနိုင်ငံတွေအပူပန်ဆုံးကလည်း မွတ်စလင်တွေနဲ့ ဆက်စပ်နေပါတယ်။စိန်ခေါ်မှုတစ်ခုက လူဦးရေဖြစ်ပါတယ်။ ၀င်ရောက်နေထိုင်လာသူတွေရဲ့ ကလေးမွေးဖွားနှုန်းက ဥရောပမှာ (၁၀)ရာခိုင်နှုန်းရှိနေပြီး အဲဒီအထဲက (၅၀) ရာခိုင်နှုန်းက ဘရပ်ဆဲမြို့မှာပါ။ နောက် စိန်ခေါ်မှုတစ်ခုက ယဉ်ကျေးမှု ဖြစ်ပါတယ်။ဂျာမဏီထဲက တူရကီ၊ ပြင်သစ်ထဲက အယ်(လ်)ဂျီးရီးယား မွတ်စလင်တွေဟာ ဒေသခံယဉ်ကျေးမှု ရှိသူတွေ နဲ့လိုက်လျောညီထွေ မရှိကြဘူး။ ဥရောပတိုက်ထဲမှာ ဒီလို ပူပန်စရာလက္ခဏာတွေ ရှိလာနေပါတယ်။ “ ဥရောပ (၁၃)နိုင်ငံတွေထဲမှာ ပျံ့နှံ့နေကြတဲ့ မွတ်စလင်တွေနဲ့ ပတ်သက်လို့ ဥရောပတစ်တိုက်လုံး စိုးရိမ်ပူပန်နေကြတယ် ” လို့ ဂျိန်း မာရီဒိုမိနာ့(ခ်ျ) ( Jean Marie Domenach ) က ၁၉၉၁ ခုနှစ်မှာ ပြောဆိုခဲ့ပါတယ်။

ဝင်ရောက်နေထိုင်လာသူတွေနဲ့ ပတ်သက်တဲ့အမြင်အပေါ် အမေရိကန် ဂျာနယ်လစ်တစ်ယောက်ကလည်း
ဒီလိုမှတ်ချက်ပေးတယ်။ “ ဥရောပသားတွေ အမြင်မကြည်တာက တချို့ကိုပါ၊ အရှေ့ဖက်ကနေ လှိမ့်ဝင်လာတဲ့ လူတွေနဲ့ပတ်သက်လို့စိုးရိမ်မှုဖြစ်တဲ့လူ ပြင်သစ်မှာ အနည်းငယ်ပဲ ရှိမှာပါ၊ တကယ်တော့ ပိုလန်လူမျိုးတွေက ဥရောပတိုက်သားဖြစ်သလိုကက်သိုလစ်လည်း ဖြစ်ကြပါတယ်။ ဥရောပတစ်တိုက်လုံးလိုလိုမှာ အာရပ်အာဖရိကန် မဟုတ်တဲ့လူတွေအပေါ် စိုးရိမ်စိတ်၊ကြည့်မရတဲ့စိတ် မဖြစ်ကြပါဘူး။ ရန်လိုမှုက အဓိကအားဖြင့် မွတ်စလင်တွေအပေါ် ဖြစ်တာပါ။ “ immigre ” ဆိုတဲ့ စကားကကိုအစ္စလာမ်နဲ့ သံတူကြောင်းကွဲပါ။ အခုဆိုရင် အစ္စလာမ်က ပြင်သစ်မှာ ဒုတိယလူဦးရေ အများဆုံးဘာသာဖြစ်လာနေပြီးပြင်သစ်သမိုင်းမှာ အစ္စလာယဉ်ကျေးမှု၊ မွတ်စလင်လူမျိုးရေးဝါဒတွေ ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီဆိုတာ ပြသလျက်ရှိနေပါတယ်။ (Note-24)

ဒါပေမဲ့ ပြင်သစ်တွေက လူမျိုးရေးအစွဲထက် ယဉ်ကျေးမှုအစွဲ ပိုကြီးကြပါတယ်။ သူတို့ရုံးကန်ကနားတွေထဲမှာ
ပြင်သစ်လို မွတ်နေအောင်ပြောနိုင်တဲ့ လူမည်းအာဖရိကန်တွေကို သူတို့လက်ခံပါတယ်။ သူတို့လက်မခံနိုင်တာက
မွတ်စလင်ကျောင်းသူတွေ ကျောင်းထဲ ခေါင်းမြီးခြုံတာကိုပါ။ ၁၉၉၀ ခုမှာ (၇၆) ရာခိုင်နှုန်း ပြင်သစ်လူထုက ပြင်သစ်မှာအာရပ်တွေ များလွန်းတယ်။ (၄၆) ရာခိုင်နှုန်းက လူမည်းတွေ များလွန်းတယ်။ (၄၀) ရာခိုင်နှုန်းက အာရှသားတွေများလွန်းတယ်။ (၂၄) ရာခိုင်နှုန်းက ဂျူးတွေများလွန်းတယ်လို့ ယူဆကြတယ်။ ၁၉၉၄ ခုနှစ်မှာ (၄၇) ရာခိုင်နှုန်း ရှိတဲ့ဂျာမန်လူထုက သူတို့အိမ်နီးချင်းနိုင်ငံတွေထဲမှာ အာရပ်တွေ နေထိုင်နေတာကို သဘောမတွေ့ဘူး၊ (၃၉) ရာခိုင်နှုန်းကပိုလန်တွေကို သဘောမတွေ့ဘူး၊ (၃၆) ရာခိုင်နှုန်းက တူရကီတွေ၊ (၂၂) ရာခိုင်နှုန်းက ဂျူးတွေကို သဘောမတွေ့ဘူး လို့ဆိုကြတယ်။(Note-25) အနောက်ဥရောပမှာ ဂျူးဆန့်ကျင်ရေးနေရာကို အာရပ်ဆန့်ကျင်ရေးက နေရာယူ လာနေပါတယ်။

လူဝင်မှုကြီးကြပ်ရေးအပေါ် လူထုက သဘောမတွေ့ဘူး၊ ၀င်ရောက်နေထိုင်သူတွေအပေါ် လူထုက အမြင်မကြည်ဘူးဆိုတာကို ၀င်ရောက်နေထိုင်လာသူတွေရဲ့ အဖွဲ့အစည်းတွေကိုရော၊ တစ်ဦးချင်းကိုပါ
ဒေသခံတွေရဲ့အကြမ်းဖက်မှုတွေက သက်သေခံလျက်ရှိနေပါတယ်။ အထူးသဖြင့် ၁၉၉၀ ခု စောစောပိုင်း နှစ်တွေအတွင်းဂျာမဏီမှာ ဖြစ်ပွားခဲ့မှုတွေ ဖြစ်ပါတယ်။ဒီထက်ပိုပြီး ထင်ရှားတာကတော့ လက်ယာပါတီ၊ အမျိုးသားရေးပါတီ၊ ၀င်ရောက်နေထိုင်သူ ဆန့်ကျင်ရေးပါတီတွေအနေနဲ့ လူထုထောက်ခံမဲတွေ ပိုရရှိလာခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ထောက်ခံမဲတွေက အများအားဖြင့်တော့အရေအတွက် အနည်းငယ် မျှသာပါ။ ဂျာမဏီ ရီပတ်ကလင်တန်ပါတီဟာ ၁၉၈၉ ခု ဥရောပတစ်တိုက်လုံး ရွေးကောက်ပွဲမှာ (၇)ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိပြီး ၁၉၉၀ ခု ပြည်တွင်း ရွေးကောက်ပွဲမှာတော့ (၂.၁) ရာခိုင်နှုန်းပဲ ထောက်ခံမဲ ရခဲ့ပါတယ်။

၁၉၀၁ ခုနှစ်တုန်းက မပြောပလောက်တဲ့ အမျိုးသားတပ်ဦး ( National Front ) ပါတီက ၁၉၈၈ ခုမှာ ထောက်ခံမဲ (၉.၆)ရာခိုင်နှုန်း ရရှိလာပြီး အဲဒီနောက်မှာတော့ ဒေသတွင်းရွေးကောက်ပွဲနဲ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ (၁၂) နဲ့ (၁၅)ရာခိုင်နှုန်းကြားမှာ ရှိနေခဲ့တယ်။၁၉၉၅ ခုနှစ်မှာတော့ အမျိုးသားရေးဝါဒီ သမ္မတလောင်း နှစ်ယောက်က ထောက်ခံမဲ (၁၉.၉) ရရှိပြီး Toulon နဲ့ Nice မြို့တွေအပါအ၀င် မြို့တော်ဝန်ရာထူးနေရာတွေကို အမျိုးသားရေးတပ်ဦးပါတီက ရယူနိုင်ခဲ့တယ်။ အီတလီနိုင်ငံကအမျိုးသားတပ်ပေါင်းစု ( MSI/ National Alliance ) ပါတီကလည်း ၁၉၈၀ ခုနှစ်တွေမှာ ထောက်ခံမဲ ၅ ရာခိုင်နှုန်းပဲရရှိရာကနေ ၁၉၉၀ ခုနှစ်တွေရောက်တော့ (၁၀) နဲ့ (၁၅) ရာခိုင်နှုန်းကြားမှာ ရှိနေခဲ့တယ်။ ဘယ်(လ်)ဂျီယံ နိုင်ငံက Flemish Bloc/ National Front ကို ထောက်ခံမှုကလည်း ၁၉၉၄ ခု ဒေသတွင်း ရွေးကောက်ပွဲမှာ (၉) ရာခိုင်နှုန်းတက်လာပြီး အန်တွ (Antwerp ) မှာ (၂၈) ရာခိုင်နှုန်းအထိ ရခဲ့တယ်။ အောစတီးရီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးမှာ Freedom ပါတီက ၁၉၈၆
ခုနှစ်မှာ (၁၀) ရာခိုင်နှုန်းအောက်ပဲ ရှိရာကနေ ၁၉၉၀ ခုမှာတော့ (၁၅) ရာခိုင်နှုန်း၊ ၁၉၉၄ ခုရောက်တော့ (၂၃)
ရာခိုင်နှုန်းနီးပါးအထိကို တိုးလာခဲ့တယ်။ (Note-26)

ဝင်ရောက်လာတဲ့ မွတ်စလင်ဆန့်ကျင်ရေး ဥရောပပါတီတွေဟာ အများအားဖြင့်တော့ မွတ်စလင် နိုင်ငံတွေထဲက
အစ္စလာမ်မစ်ပါတီတွေရဲ့ ရောင်ပြန်ဟပ်မှုပါ။ သူတို့ နှစ်မျိုးလုံးဟာ အပြင်လူတွေဖြစ်ပြီး လက်ရှိ အဖွဲ့အစည်းနဲ့ သူတို့ပါတီရဲ့ကိုယ်ကျင့်တရားပျက်မှုကို ဝေဖန်အပြစ်တင်ကြတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေကို ဖော်ထုတ်ကြတယ်။အထူးသဖြင့် အလုပ်လက်မဲ့ကိစ္စကို ဖော်ထုတ်ကြတယ်။ လူမျိုးရေး၊ ဘာသာရေး တောင်းဆိုမှုတွေ ပြုလုပ်ကြတယ်။ သူတို့လူ့အဖွဲ့အစည်းထဲ နိုင်ငံခြားသြဇာလွှမ်းမိုးမှုကို တော်လှန် တိုက်ခိုက်ကြတယ်။ အစ္စလာမ်မစ်ပါတီတွေနဲ့ဥရောပအမျိုးသားရေးပါတီတွေဟာ အများအားဖြင့်တော့ တစ်နိုင်ငံလုံး ဆိုင်ရာ ရွေးကောက်ပွဲတွေမှာထက် ဒေသတွင်းရွေးကောက်ပွဲတွေမှာ ထောက်ခံမှု ပိုရရှိကြပါတယ်။ မွတ်စလင်နဲ့ ဥရောပရဲ့ လက်ရှိ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း သူတို့နဲ့သံယောင်လိုက်ပြီး လှုပ်ရှားလာခဲ့ကြတယ်။ မွတ်စလင်နိုင်ငံတွေက အစိုးရတွေဟာ အခြေအနေနဲ့အညီ အသားကျအောင်ပြင်ဆင်ယူ လာကြရတယ်၊ သင်္ကေတ၊ ပေါ်လစီနဲ့ အလေ့အကျင့်တွေမှာ ပိုပြီး အစ္စလာမ်ဆန်လာခဲ့တယ်။ ဥရောပရဲ့အဓိကပါတီကြီးတွေကလည်း လက်ယာပါတီ၊ လူဝင်မှုဆန့်ကျင်ရေးပါတီတွေရဲ့ ၀ါဒတွေကို လက်ခံကျင့်သုံး လာကြတယ်။

ဒီမိုကရေစီကျကျ နိုင်ငံရေးစနစ်ကိုလည်း ကျင့်သုံးမယ်၊ အစ္စလာမ်မစ် (သို့) အမျိုးသားရေး ပါတီရဲ့ အတိုက်
အခံပါတီ နှစ်ပါတီထက်လည်း ပိုနေမယ်ဆိုရင် သူတို့အနေနဲ့ ထောက်ခံမဲအများဆုံး (၂၀) ရာခိုင်နှုန်းအထိ ရောက်ရှိသွားတတ်ပါတယ်။ အတိုက်အခံပါတီ (အစ္စလာမ်မစ်နဲ့ အမျိုးသားရေးပါတီ) အနေနဲ့ ထောက်ခံမဲ (၂၀) ရာခိုင်နှုန်းကိုကျော်သွားတယ်ဆိုတာ အတိုက်အခံပါတီ တူတူတန်တန်မရှိတဲ့အခါနဲ့ သူတို့မဟာမိတ်က အာဏာရနေတဲ့ အခါမျိုး တွေမှာသာဖြစ်နိုင်ပါတယ်။ အယ်လ်ဂျီးရီးယား၊ ဩစတြီးရီးယား နဲ့ အီတလီမှာ ဒါမျိုးအဖြစ်တွေ အထိုက်အလျောက် ကြုံတွေ့ကြရပါတယ်။

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/82q4nx
(6) http://tiny.cc/mi03nx
(7) http://tiny.cc/03q6nx
(8) http://tiny.cc/b8j8nx

လူဝင်မှုကြီးကြပ်ရေး - (1)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူဝင်မှုကြီးကြပ်ရေး - (1)

တကယ်လို့ လူဦးရေကသာ သမိုင်းရဲ့ ကံကြမ္မာဆိုရင် လူဦးရေအရွှေ့အပြောင်းဟာ သမိုင်းရဲ့ မောင်းနှင်အား ပါပဲ။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက မတူညီတဲ့ လူဦးရေတိုးပွားနှုန်း၊ စီးပွားရေးအခြေအနေနဲ့ အစိုးရ ပေါ်လစီတွေကြောင့် ဂရိတွေ၊ဂျူးတွေ၊ ဂျာမန်မျိုးနွယ်စုတွေ၊ စကင်ဒီနေးဗီးယန်းတွေ၊ တူရကီတွေ၊ ရုရှားတွေ၊ တရုတ်တွေနဲ့ အခြားလူမျိုးစုတွေရဲ့ နိုင်ငံရပ်ခြားဝင်ရောက်နေထိုင်မှုတွေ အများအပြားဖြစ်ပွားစေခဲ့တယ်။ ဒီလိုပြောင်းရွှေ့မှုတွေထဲမှာ အချို့က အေးအေးချမ်းချမ်းရှိပြီး အချို့ကအကြမ်းဖက်မှုတွေ ပါဝင်နေတတ်ပါတယ်။ ဒါပေမဲ့ ၁၉ ရာစုတွင်း ဥရောပတိုက်သားတွေဟာ လူဦးရေနဲ့နယ်မြေကျူးကျော်ခြင်းကို သူ့ထက်ငါ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြတယ်။ ၁၈၂၁ ခုနဲ့ ၁၉၂၄ ခုနှစ်အတွင်းမှာ ဥရောပသား ၅၅ သန်းလောက်ဟာ နိုင်ငံရပ်ခြားကို သွားရောက်နေထိုင်ခဲ့ကြပြီး အဲဒီအထဲမှာ ၃၄ သန်းဟာ အမေရိကန်မှာ နေထိုင်ကြတယ်။

အနောက်တိုင်းသားတွေက တိုက်ခိုက်အောင်မြင်တာတွေရှိတယ်။ အများအားဖြင့် အခြားလူမျိုးတွေကို ဖိနှိပ်ချေမှုန်းတယ်၊နယ်မြေသစ်တွေ ရှာဖွေပြီး လူဦးရေမထူထပ်တဲ့ နေရာတွေမှာ အခြေချနေထိုင်ကြတယ်။ သူတို့လူမျိုးတွေ နိုင်ငံရပ်ခြားသွားရောက် နေထိုင်ကြခြင်းဟာ ၁၆ ရာစုနဲ့ ၂၀ ရာစုအတွင်း အနောက်တိုင်း အင်အားတိုးတက်လာရေးအတွက်အရေးအကြီးဆုံး အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။၂၀ ရာစုနောက်ပိုင်းမှာတော့ အခြေအနေတွေတမျိုးတဖုံ ပြောင်းလဲလာခဲ့ပြီး နိုင်ငံခြား ၀င်ရောက်နေထိုင်လာ မှုက အရင်ထက်တောင်ပိုများပြားလာခဲ့တယ်။ ၁၉၉၀ ခုမှာ တရားဝင်နိုင်ငံရပ်ခြား ၀င်ရောက်သူအရေအတွက် သန်း ၁၀၀ ခန့် ရှိခဲ့ပြီးဒုက္ခသည် အရေအတွက် ၁၉ သန်းနဲ့ တရားမ၀င်နေထိုင်သူ အရေအတွက်က အနည်းဆုံး ၁၀ သန်း ရှိနေခဲ့ပါတယ်။ ဒီလိုနိုင်ငံရပ်ခြားနေထိုင်သူ များပြားလာခြင်းဟာ ကိုလိုနီဘ၀က လွတ်မြောက်ခြင်း၊ နိုင်ငံအသစ်တွေ ပေါ်ထွက်လာခြင်းနဲ့နိုင်ငံတွေရဲ့ပေါ်လစီတွေက နိုင်ငံရပ်ခြားနေထိုင်ဖို့ တွန်းအားရော၊ ဖိအားပါ ပေးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင်ခေတ်မီလာခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။ လမ်းပမ်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာခြင်းကလည်း နိုင်ငံရပ်ခြား သွားရောက်နေထိုင်ဖို့အတွက် ပိုလွယ်၊ ပိုမြန်၊ ပိုပြီးအကုန်အကျသက်သာစေတယ်။ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာခြင်း ကလည်း စီးပွားရေး အခွင့်အလမ်းသစ်တွေ

ရှာဖွေဖို့နဲ့ မွေးရပ်နိုင်ငံမှာ နေရစ်ခဲ့တဲ့ မိသားစုနဲ့ ဆက်ဆံရေးကို လွယ်ကူချောမွေ့စေပါတယ်။
ဒါ့အပြင် အနောက်ရဲ့ စီးပွားရေးတိုးတက်လာမှုက ၁၉ ရာစုအတွင်း နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုကို အားပေးအားမြှောက်ဖြစ်စေသလို အနောက်မဟုတ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုက ၂၀ ရာစုအတွင်း နိုင်ငံရပ်ခြားဝင်ရောက်နေထိုင်မှုတွေကို တိုးပွားစေပါတယ်။

နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်ခြင်းဟာ ကိုယ်ထူကိုယ်ထဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီး မိုင်ရွန် ဝေးနား ( Myron Weiner ) ပြောသလို “နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုမှာ ဥပဒေသတစ်ခုရှိနေမယ်ဆိုရင် အဲဒါဟာနေထိုင်လာသူတွေရဲ့စီးမြောမှုအားပါပဲ။ စလိုက်ပြီဆိုတာနဲ့ မဆုံးတော့ပါဘူး။ နိုင်ငံခြားမှာ ဘယ်လို ၀င်ရောက်နေထိုင်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးခြင်း၊ ပြောင်းရွှေ့နေထိုင်မှု အဆင်ပြေအောင် အထောက်အပံ့တွေ ပေးခြင်း၊အလုပ်ရှာဖို့၊ အိမ်ရှာဖို့ အကူအညီတွေပေးခြင်းတွေကို ပြုလုပ်နိုင်တယ်၊ နေရပ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေထံသတင်းအချက်အလက်တွေ ပို့ပေးနိုင်တယ် ” ဒီအနေအထား ကိုရောက်ပြီ ဆိုရင် ကမ္ဘာနဲ့ချီပြီး “ ပြဿနာတက်နေပါပြီ ”။(Note-21)

အနောက်တိုင်းသားတွေဟာ အနုမြူလက်နက် ပြန့်ပွားရေးကို အမြဲတန်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ထောက်ခံခဲ့ကြ ပေမဲ့ သူတို့ရဲ့ နိုင်ငံရပ်ခြား ၀င်ရောက်နေထိုင်မှုအပေါ် အမြင်ကတော့ တမူထူးခြားနေတယ်။၂၀ ရာစုရဲ့ နောက်ဆုံး နှစ် နှစ်ဆယ်မှာ ပါဝါချိန်ခွင်လျှာနဲ့ ဆက်စပ်ပြီး သဘောထား မတူညီမှုတွေ အထင်အရှား ရှိခဲ့တယ်။၁၉၇၀ ခုနှစ်တွေအထိ ဥရောပနိုင်ငံတွေဟာ ၀င်ရောက်နေထိုင်လာသူတွေနဲ့ ပတ်သက်ပြီး အများအားဖြင့် စိတ်လိုလက်ရရှိတတ်ကြပါတယ်။ ဒီအထဲမှာ အထင်ကရ အဖြစ်ဆုံးကတော့ သူတို့ရဲ့ ပြည်တွင်းလုပ်အားများ လျော့ကျလာခြင်းကြောင့် အားပေးအားမြှောက်တောင် ရှိခဲ့ပါတယ်။

အမေရိကန်ကလည်း ၁၉၂၀ ခုနှစ်တွေကတည်းကရှိခဲ့တဲ့ ဥရောပသားတွေလက်ခံမှုနှုန်းထား ဥပဒေကို ၁၉၆၅ ခုမှာပြင်ဆင်ရေးဆွဲခဲ့ပြီး ၁၉၇၀ ခုနဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း အသစ်ဝင်ရောက်နေထိုင်လာသူ များပြားရေး အတွက်လမ်းစတောင်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်တွေမှာတော့ အလုပ်လက်မဲ့ဦးရေ တိုးပွားလာခြင်း၊
ဝင်ရောက်နေထိုင်သူအရေအတွက် တိုးပွားလာနေခြင်းနဲ့ သူတို့ရဲ့ အမူအကျင့်တွေက ဥရောပသားတွေနဲ့ လုံးဝ
ဆန့်ကျင်နေတော့ ဒီပေါ်လစီနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေက စိတ်ပြောင်းသွားခဲ့ကြတယ်။ နောက် နှစ်အနည်းငယ်အတွင်းအမေရိကန်မှာလည်း အလားတူ အပြောင်းအလဲ ရှိလာခဲ့တယ်။

(၂၀) ရာစုနှောင်းပိုင်း ၀င်ရောက်နေထိုင်သူတွေနဲ့ ဒုက္ခသည်တွေဟာ အနောက်မဟုတ်တဲ့ နိုင်ငံတွေ အတွင်းမှာပဲ
တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးပြောင်းနေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ အနောက် လူ့အဖွဲ့အစည်းတွေထဲ ၀င်ရောက်နေထိုင်လာသူပမာဏက ၁၉ ရာစုထဲ အနောက်နိုင်ငံသားတွေ အခြား နေရာတွေမှာ သွားရောက်နေထိုင်ခဲ့တဲ့ အရေအတွက်ကို မီလာခဲ့တယ်။

၁၉၉၀ ခုမှာ အမေရိကန်နိုင်ငံထဲ ပထမဆုံး ၀င်ရောက်နေထိုင်သူ သန်း (၂၀)၊ ဥရောပတိုက်မှာ ၁၅ သန်းခွဲ၊ သြစတေးလျနဲ့ ကနေဒါမှာ (၈)သန်း ရှိခဲ့တယ်။ ၀င်ရောက်နေထိုင်သူ လူဦးရေ အရေအတွက်က ဥရောပနိုင်ငံကြီးတွေရှိ စုစုပေါင်းလူဦးရေရဲ့(၇) (သို့) (၈) ရာခိုင်နှုန်း အထိ ရောက်လာတယ်။ ၁၉၉၄ ခုမှာ အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်နေထိုင်သူဦးရေဟာ ၁၉၇၀ ကထက် နှစ်ဆတက်လာပြီး စုစုပေါင်းလူဦးရေရဲ့
(၈.၇) ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ နောက်ပြီး ကာလီဖိုးနီးယားမှာ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ နယူးယောက်မှာ ၁၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ ၁၉၈၀ ခုနှစ်တွေ အတွင်း အမေရိကန်နိုင်ငံထဲ ၀င်ရောက်နေထိုင်သူဦးရေ (၈.၃)သန်း ရှိပြီး ၁၉၉၀ ခုနှစ်တွေအတွင်း လေးနှစ်တာကာလထဲမှာတင်ပဲ (၄) သန်းခွဲ ၀င်ရောက်လာခဲ့ကြတယ်။

ဝင်ရောက်နေထိုင်လာသူ အများစုဟာ အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေက လူမျိုးတွေဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာဂျာမဏီထဲ ၀င်ရောက်နေထိုင်တဲ့ တူရကီလူမျိုး ၁,၆၇၅,၀၀၀ အထိ ရှိခဲ့ပြီး ယူဂိုစလားဗီးယား၊ အီတလီနဲ့ ဂရိနိုင်ငံတွေက၀င်ရောက်လာသူတွေကလည်း ဒုတိယအများဆုံး အရေအတွက်မှာ ရှိနေခဲ့တယ်။ အီတလီနိုင်ငံထဲ အဓိက၀င်ရောက်နေထိုင်လာသူတွေက မော်ရိုကို နိုင်ငံသားတွေဖြစ်ပြီး အမေရိကန်နိုင်ငံထဲကိုတော့ (အီတလီ အမေရိကန်တွေ သူတို့နိုင်ငံကို ပြန်သွားကြလို့ ထင်ပါရဲ့) တူနီးရှားနဲ့ ဖိလစ်ပိုင်တွေက အများဆုံး ဖြစ်တယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းရောက်တော့ပြင်သစ်နိုင်ငံထဲ မွတ်စလင်ဦးရေ လေးသန်းလောက် နေထိုင်နေပြီး အနောက်ဥရောပ နိုင်ငံအားလုံး ထဲမှာဆိုရင် မွတ်စလင် (၁၃) သန်းခန့် နေထိုင်လျှက် ရှိပါတယ်။

၁၉၅၀ ခုနှစ်တွေတုန်းက အမေရိကန်နိုင်ငံထဲ ၀င်ရောက်နေထိုင်သူ သုံးပုံနှစ်ပုံဟာ ဥရောပနဲ့ ကနေဒါတို့ ကသာဖြစ်ပြီး ၁၉၈၀ ခုနှစ်တွေမှာတော့ အကြမ်းဖျင်းအားဖြင့် အာရှတိုက်က ၃၅ ရာခိုင်နှုန်း လက်တင် အမေရိက နိုင်ငံတွေက ၄၅ ရာခိုင်နှုန်း၊ ဥရောပနဲ့ ကနေဒါက (၁၅) ရာခိုင်နှုန်းတောင် မရှိတော့ ပါဘူး။ အမေရိကန်ရဲ့ ကလေးမွေးဖွားနှုန်းက နည်းပြီး ဥရောပကတော့ သုညနီးပါးပါ။ ၀င်ရောက် နေထိုင်လာသူတွေရဲ့ ကလေးမွေးဖွား နှုန်းက မြင့်မားနေတော့ ကျဆင်းလာတဲ့ အနောက်လူဦးရေကို သူတို့က ဖြည့်ဆည်းပေးနေတယ်။ ဒါကြောင့် အနောက်တိုင်းသားတွေရဲ့ ပူပန်မှုတွေလည်း ပိုများလာခဲ့တယ်။ “ သူတို့ (အနောက်တိုင်းသားတွေ)ဟာ စစ်တပ်တွေ၊ တင့်ကားတွေနဲ့ ကျူးကျော်တိုက်ခိုက်မှုကို မခံရဘဲ ဘာသာစကားမတူ၊ ကိုးကွယ်မှုမတူ၊ ယဉ်ကျေးမှု မတူတဲ့ လူတွေဝင်ရောက်နေထိုင်လာခြင်းနဲ့ သိမ်းပိုက်မှုခံနေကြရပြီး သူတို့အလုပ်တွေ၊ မြေတွေ၊အစိုးရရဲ့ ထောက်ပံ့ကူညီမှု စနစ်တွေကို လုယူသွားမှာကိုလည်း စိုးရိမ်ကြတယ်။ နောက်ဆုံး သူတို့ ဘ၀နေနည်း ထိုင်နည်းတွေကိုပါ ဒီလူတွေက ခြိမ်းခြောက်လာနေတယ်လို့ ခံစားနေကြရတယ်။ ” (Note-22*) မိမိတို့လူဦးရေကျဆင်းလာမှုအပေါ် အမြစ်တွယ်နေတဲ့ ဒီလို စိုးရိမ်ကြောက်ရွံ့စိတ်တွေဟာ စင်စစ်အားဖြင့် ယဉ်ကျေးမှု ပဋိပက္ခအပေါ်မှာအခြေခံပြီး အမျိုးသားရေးလက္ခဏာတွေ ပျောက်ဆုံးသွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုကို ဖြစ်ပွားစေပါတယ်။” လို့ စတန်လေဟော့(ဖ်)မဲန်း ( Stanley Hoffmanm )က မှတ်ချက်ပြုပါတယ်။ (Note-23)

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/82q4nx
(6) http://tiny.cc/mi03nx
(7) http://tiny.cc/03q6nx

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (2)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (2)

“ ၁၉၄၈ ခု၊ ကုလသမဂ္ဂကြေငြာစာတန်းကို လက်ခံကျင့်သုံးခဲ့စဉ်က စလို့ ပထမဆုံးအကြိမ်အဖြစ် ဂျူး ခရစ်ယန်ရဲ့ ပညတ်ချက်တန်ဖိုးကို နားမလည်၊ သဘာဝနိယာမကို နားမလည်တဲ့ နိုင်ငံတွေ ရှေ့တန်းရောက်လာတယ်။ တစ်ခါမှ မကြုံဖူးတဲ့ ဒီအနေအထားက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ပေါ်လစီအသစ်တွေ သတ်မှတ် လာကြလိမ့်မယ်။ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းတွေလည်း ဆထိုးတက်လာလိမ့်မယ်။ ” လို့ အနောက်ရဲ့ အာရှအပေါ် ဝေဖန်မှုကလည်း အလားတူ ဆိုနေပြန်တယ်။ (Note-18)

နောက်လေ့လာသူတစ်ယောက်ကလည်း “ ဗီယင်နာမှာ အကြီးအကျယ်အနိုင်ရသွားသူကတော့ တရုတ်ပါပဲ၊ အနည်းဆုံး တခြားနိုင်ငံတွေကို မင်းတို့ ၀င်မရှုပ်နဲ့လို့ ခြိမ်းခြောက်မှုနဲ့ တိုင်းတာမယ်ဆိုရင်ပေါ့။ ဘေဂျင်းဟာ အင်အားသုံးပြီး အစည်းအဝေးတွေမှာ ထောက်ခံမှုတွေရအောင် ပြုမူခဲ့တယ် ” (Note-19) လို့ သုံးသပ်တယ်။

ဗီယင်နာမှာ မဲရှုံး၊ အင်အားရှုံးခဲ့တဲ့နောက် လ အနည်းငယ်ကြာတဲ့အခါမှာတော့ သိပ်အရေးမပါလှတဲ့ အောင်မြင်မှုတစ်ခု တရုတ်အပေါ် အနိုင်ရလိုက်တယ်။ သက္ကရာဇ် ၂၀၀၀ ဘေဂျင်း (ပီကင်း) အိုလံဗစ်ပွဲတော် ကျင်းပခွင့် ရရှိရေးဟာ တရုတ်အစိုးရရဲ့ အဓိကပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စ အောင်မြင်ဖို့အတွက်လည်း ငွေကုန်ကြေးကျ အများကြီးခံခဲ့တယ်။ တရုတ်ပြည်တွင်းသတင်းနဲ့ စာနယ်ဇင်းတွေကလည်း အိုလံပစ်ပွဲတော်အကြောင်း အကျယ်တ၀င့် ဖော်ပြနေတော့ လူထုရဲ့ မျှော်လင့်ချက်ကလည်း မြင့်မြင့်မားမား ရှိခဲ့တယ်။ တရုတ်အစိုးရက အခြားအစိုးရတွေအနေနဲ့ အိုလံပစ်အဖွဲ့ချုပ်တွေအပေါ် ဖိအားတွေပေးကြဖို့ စည်းရုံးလိုက်တော့ ထိုင်ဝမ်နဲ့ ဟောင်ကောင်က လည်း မဲဆွယ် စည်းရုံးရေးမှာ ပါဝင်ပူးပေါင်းကြတယ်။
အမေရိကန် ကွန်ဂရက်၊ ဥရောပ ပါလီမန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတွေက ဘေဂျင်းကို အိုလံဗစ်မြို့တော်အဖြစ် ရွေးချယ်ခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့ကြတယ်။ အိုလံပစ် ကော်မတီရဲ့ ရွေးချယ်ပုံစနစ်က လျှို့ဝှက်မဲစနစ်ကို အခြေခံပေမဲ့ ထောက်ခံ၊ ကန့်ကွက်မဲတွေကတော့ စီဗီလိုက်ဇေးရှင်းလိုင်းကြောင်းတွေအတိုင်းပဲ ရှိနေခဲ့ပါတယ်။

ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ရာမှာ အာဖရိကနိုင်ငံတွေရဲ့ ထောက်ခံမဲတွေကြောင့် ဘေဂျင်းက ပထမရပြီး ဆစ်ဒနီက ဒုတိယနေရာမှာ ရှိနေခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ အစ္စတန်ဘူ(လ်) ထွက်သွားရတဲ့အတွက် ကွန်ဖြူးရှပ်၊ အစ္စလာမ်နိုင်ငံတွေက ဘေဂျင်းကို မဲစုပေးလိုက်ကြတယ်။ နောက်ပြီး ဘာလင်နဲ့ မန်ချက်စတာတို့ ထွက်သွားရပြန်တော့ (အနောက်အုပ်စုနိုင်ငံတွေကလည်း) ဆစ်ဒနီကို စုပြီး ထောက်ခံခဲ့ကြပြန်တယ်။ စတုတ္ထအကြိမ် မှာတော့ တရုတ် အရှုံးရသွားပြီး အရှက်လည်း ရသွားခဲ့တယ်။ ဒီအတွက် အမေရိကန်လည်း အဝေဖန်ခံလိုက်ရတယ်။

[ ဇယား ဖော်ပြရန်၊ မူရင်း စာနှာ- ၁၉၇ ။]

“အမေရိကန်နဲ့ ဗြိတိန်ဟာ တရုတ်ကို အကောင်သေးသွားအောင် ပြုလုပ်နိုင်ခဲ့ကြတယ်။ အကြောင်း ပြချက်ကတော့ “ လူ့အခွင့်အရေး ” ပဲပေါ့။ ဒါပေမဲ့ တကယ့် အဖြစ်အမှန်ကတော့ နိုင်ငံရေးပါ၊ နိုင်ငံရေးသြဇာပြမှုပါ။ ” လို့ လီကွမ်ယုက ဝေဖန်ခဲ့တယ်။ (Note-20) ကမ္ဘာတစ်ဝှမ်းလုံးရှိ လူထုကတော့ လူ့အခွင့်အရေးထက် အားကစားကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ ဗီယင်နာနဲ့ အခြားနေရာတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခံခဲ့ရပြီးတဲ့နောက် မဆီမဆိုင် လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်အပေါ် သြဇာပြလိုက်တာကလည်း အနောက်ရဲ့အားနည်းမှုကို သတိပေးလိုက်ခြင်းမျိုး ဖြစ်နေပါတယ်။

အနောက်တိုင်းနိုင်ငံရေးပါဝါ ပျောက်ဆုံးသွားရုံတင် မကပါဘူး ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ၀ိဝါဒကွဲမှု တွေကြောင့် အနောက်ရဲ့ စစ်အေးလွန်ကမ္ဘာထဲ ဒီမိုကရေစီ ထွန်းကားလာအောင် ကျိုးစားလိုစိတ်ကိုလည်း လျော့ပါးစေပါတယ်။ စစ်အေးကာလ တွင်းမှာတော့ အနောက်နဲ့ အထူးသဖြင့် အမေရိကန်ဟာ “ ရင်းနှီးတဲ့ အာဏာရှင် ( Friendly tyrant ) ” ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတယ်။ စစ်အေးကာလအတွင်းမှာ ကွန်မြူနစ်အတိုက်အခံတွေ ဖြစ်ကြတဲ့ စစ်အစိုးရတွေ၊ အာဏာရှင် အစိုးရတွေကို (နိုင်ငံရေးမဟာဗျူဟာအရ အနောက်က)အသုံးချခဲ့တယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရေးက ချောချောမွေ့မွေ့ မရှိသလို သူတို့က လူသိရှင်ကြား လူ့အခွင့်အရေးတွေ ချိုးဖောက်တဲ့အခါ အရှက်ရစရာတွေလည်း မကြာမကြာ ကြုံရတတ်ပြန်ပါတယ်။

ဒါပေမဲ့ သူတို့နဲ့ ပေါင်းသင်းရတာက ကွန်မြူနစ်လောက် မဆိုးဘူးဆိုတဲ့ သဘောတော့ရှိပါတယ်။ ဒီ အစိုးရတွေဟာ အများအားဖြင့် ကွန်မြူနစ်တွေနဲ့လောက် ဖိနှိပ်ချုပ်ချယ်မှု မရှိဘူး။ ကွန်မြူနစ်တွေလောက် ကြာရှည်ခံမှာ မဟုတ်သလို အနောက်ကိုလည်း ကွန်မြူနစ်လောက် အန္တရာယ်မပေးနိုင်လောက်ဘူးလို့ မျှော်လင့် ထားနိုင်ပါတယ်။ ပိုအန္တရာယ်ရှိပြီး ရင်းနှီးကျွမ်းဝင်မှုလည်း မရှိသူနဲ့ နှိုင်းစာရင်ရင် သူ့လောက်အန္တရာယ်မရှိ၊ ရင်းနှီးကျွမ်းဝင်မှုလည်းရှိသူနဲ့ ပေါင်းသင်းရမှာပါပဲ။ စစ်အေးလွန်ကာလထဲမှာတော့ ရင်းနှီးတဲ့ အာဏာရှင် (friendly tyrant) နဲ့ မရင်းနှီးတဲ့ ဒီမိုကရေစီအကြား ရွေးချယ်မှုက ပိုပြီး ခက်ခဲလာခဲ့ပါတယ်။ အနောက်ရဲ့ အလွယ်နည်းကောက်ချက်က ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရတွေဟာ အနောက်ဖက်ကို ယိမ်းလိမ့်မယ်ဆိုတာဖြစ်ပြီး အဲဒီကောက်ချက်ဟာ မှားပါတယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေက အနောက်ဆန့်ကျင်ရေးအစိုးရတွေ၊ အမျိုးသားရေးဝါဒီအစိုးရတွေ၊ စာအုပ်ကြီးသမား အစိုးရတွေကို မွေးထုတ်ပေးလိုက်မှာပါ။

ဘာသာရေးစာအုပ်ကြီးပါတီ ဖြစ်တဲ့ FIS ပါတီက ၁၉၉၂ ခု ရွေးကောက်ပွဲ သေချာပေါက်နိုင်လောက်တဲ့ အနေအထားမှာ အယ်လ်ဂျီးရီးယားစစ်တပ်က ကြားဝင်ပြီး ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းလိုက်တော့ အနောက် နိုင်ငံတွေ တော်တော်စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ တူရကီက အစ္စလာမ်စာအုပ်ကြီးပါတီဖြစ်တဲ့ Welfare Party နဲ့ အိန္ဒိယက BJP အမျိုးသားရေးဝါဒီပါတီတွေလည်း ၁၉၉၅ ခုနဲ့ ၁၉၉၆ ခု ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီးမှ ပယ်ဖျက်ခြင်းခံလိုက်ရတော့ သူတို့ တော်တော်စိတ်အေးခဲ့ရပြန်တယ်။ အခြားတစ်ဖက်မှာလည်း အီရန်က သူ့ရဲ့ တော်လှန်ရေးနဲ့ ကြုံကြိုက်ခိုက်မို့ အစ္စလာမ်ကမ္ဘာမှာတော့ သူများထက် ဒီမိုကရေစီပိုကျတဲ့ အစိုးရ ရှိနေခဲ့တယ်။ ဆော်ရီအာရေးဗျ၊ အီဂျစ် အပါအ၀င် အခြားမွတ်စလင် နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကတော့ အနောက်တိုင်း အကျိုးစီးပွားထက် ဒီမိုကရေစီသိပ်မကျတဲ့ အရင်အစိုးရကို ပိုမိုစာနာမိတဲ့ အစိုးရအသစ်တွေကိုပဲ မွေးထုတ်ပေးပါလိမ့် မယ်။

လူကြိုက်များပြီး ရွေးချယ်တင်မြှောက်ခံရမယ့် တရုတ်အစိုးရကလည်း အမျိုးသားရေးဝါဒလွန်ကဲတဲ့ အစိုးရပဲ ဖြစ်နေနိုင်ပါတယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီလမ်းစဉ်က အနောက်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ အစိုးရတွေကိုပဲ မွေးထုတ်ပေးနေတယ် ဆိုတာကို အနောက်နိုင်ငံတွေက သဘောပေါက်သွားကြတော့ ရွေးကောက်ပွဲ တွေအပေါ် သြဇာလွှမ်းမိုးဖို့ကြိုးစားမှုရော ဒီနိုင်ငံတွေအတွင်း ဒီမိုကရေစီဖွံ့ဖြိုးလာစေဖို့ ကြိုးစားလိုစိတ်ပါ ပျောက်ဆုံး သွားကြတော့တယ်။

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/82q4nx
(6) http://tiny.cc/mi03nx

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (1)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (1)

အာစီယံနိုင်ငံတွေကလည်း မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ဆန္ဒမရှိခဲ့ကြဘူး။ ဒါ့အပြင် သူတို့ အာစီယံ အစည်းအဝေးထဲကို ပါဝင်ဖို့ ၁၉၉၄ - ခုမှာ လက်ခံကြိုဆိုခဲ့ကြတယ်။ ဥရောပသမဂ္ဂ ပြေရေးဆိုခွင့်ရှိသူရဲ့ စကားအရ ဆိုရင် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ဥရောပသမဂ္ဂရဲ့ ပေါ်လစီဟာ အောင်မြင်မှုမရှိဘူးဆိုတာ သူတို့ ကိုယ်တိုင် လက်ခံလာရပြီး မြန်မာနဲ့ပတ်သတ်လို့ အာစီယံနိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အညီ ပြုမူဆောင်ရွက်ဖို့ သဘော တူလာခဲ့ရတယ်။
(ဟန်တင်တန်)

**************************************

၁၉၇၀ နဲ့ ၁၉၈၀ - ခုနှစ်တွေ အတွင်းမှာ နိုင်ငံပေါင်း ၃၀ ကျော်ဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေ စီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြတယ်။ ဒီအပြောင်းအလဲတွေဟာ အကြောင်းအမျိုးမျိုးအပေါ် အခြေခံနိုင်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်ရာမှာ စီးပွားရေးတိုးတက်လာမှုဟာ ယုံမှားဖွယ်မရှိ အဓိက အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ အနောက်ဥရောပ အင်အားကြီး နိုင်ငံတွေအပါအဝင် အမေရိကန်ရဲ့ ပေါ်လစီနဲ့ ဆောင်ရွက်မှုအပြင် နိုင်ငံတကာအဖွဲ့ အစည်း အဝေး ကြီးတွေကလည်း စပိန် ၊ ပေါ်တူဂီ၊ လက်တင်အမေရိကနိုင်ငံ အများအပြား၊ ဖိလစ်ပိုင် ၊ တောင်ကိုးရီးယားနဲ့ ဥရောပ အရှေ့ပိုင်း ( နိုင်ငံတွေ ) အားလုံး ဒီမိုကရေစီစနစ် ကျင့်သုံးလာအောင် တွန်းအားတွေ ပေးနိုင်ခဲ့ပါတယ်။ ခရစ်ယာန်ဘာသာနဲ့ အနောက်တိုင်းလွှမ်းမိုးမှု အားကောင်းတဲ့နိုင်ငံတွေမှာ ဒီမို ကရေစီ ကျင့်သုံးခြင်းဟာ ပိုပြီး အောင်မြင်မှု ရှိပါတယ်။

အသစ်ပေါ်ထွက်လာတဲ့ ဒီမိုကရက်တစ် အစိုးရတွေထဲမှာ ကတ်သိုလစ်နဲ့ ပရိုတက်စတင်း အား ကောင်းတဲ့ တောင်ပိုင်းနဲ့အလယ်ပိုင်း ဥရောပကအစိုးရတွေဟာ တည်တည်ငြိမ်ငြိမ်ရှိဖို့ ရာနှုန်းပိုများပြီး လက်တင်အမေရိက နိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့လောက် မသေချာလှပါဘူး။ အရှေ့ အာရှထဲမှာ ကတ်သိုလစ်နဲ့ အမေရိကန် သြဇာ လွှမ်းမိုးမှုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၁၉၈၀ - ခုနှစ် တွေအတွင်း ဒိမိုကရေစီ စနစ်ကို ပြန်လည်ကျင့် သုံးခဲ့သလို တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်ရှိ ခရစ်ယန်ခေါင်းဆောင်တွေက ဒီမိုကရေစီ ထွန်းကားဖို့ အဓိကဦးဆောင်ခဲ့ကြတယ်။ ရှေ့မှာ ဖော်ပြခဲ့သလို ယခင်ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတွေထဲမှာလည်း ဘော်လ်တစ်ဒေသတွင်း နိုင်ငံတွေရဲ့ ဒီမိုကရေစီက တည်ငြိမ်အောင်မြင်ဖို့ ပိုများပြီး အော်သိုဒေါက်နိုင်ငံတွေရဲ့ ဒီမိုကရေစီဟာ ပုံစံအမျိုးမျိုး ကွဲပြားနေနိုင်ပြီး ရေရာမှုလည်း သိပ်မရှိလှပါဘူး။ မွတ်စလင်နိုင်ငံတွေ အတွင်း ဒီမိုကရေစီ ထွန်းကားရေးကတော့ အလားအလာ နည်းလွန်းလှပါတယ်။

၁၉၉၀ - ခုနှစ်တွေအတွင်းမှာ အာဖရိကက လွဲရင် နိုင်ငံတော်တ်ာများများဟာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ လူထုတွေဟာ အနောက်တိုင်း ခရစ်ယာန်ဘာသာဝင်တွေဖြစ်သလို ခရစ်ယာန် ဘာသာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေလည်း ဖြစ်နေပါတယ်။

ဒီမိုကရေစီအကူးအပြောင်းနဲ့ ဆိုဗီယက် ပြိုကွဲမှုကြောင့် အနောက်နဲ့ အထူးသဖြင့် အမေရိကန်နိုင်ငံထဲမှာ ဒီမိုကရေစီတော်လှန်ရေးဟာ အားကောင်းလာနေပြီဆိုတဲ့ ယုံကြည်မှု ရှိနေခဲ့ကြတယ်။ အနောက်တိုင်းရဲ့ လူ့အခွင့်အရေးသဘောထား၊ အနောက်တိုင်းရဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံသဏ္ဍန်ဟာ ကမ္ဘာ တစ်ဝှမ်းလုံး ရေပန်းစား နေပြီလို့ ယူဆလာကြတယ်။ ဒါကြောင့် ဒီမိုကရေစီထွန်းကားရေး အားထုတ်မှုဟာ အနောက်နိုင်ငံတွေရဲ့ ဦးစားပေး ရည်ရွယ်ချက် ပန်းတိုင် ဖြစ်လာခဲ့တယ်။ ဒါကို ဘု(ရှ်) အစိုးရက ထောက်ခံပြီး ၁၉၉၀ -ခု ဧပြီလထဲမှာ ပြည်ထဲရေး ဝန်ကြီး ဂျိန်းဘေကာ ( James Baker ) က “ သြဇာလွှမ်းမိုးမှု ကြိုးစား ခြင်းရဲ့ အခြားတစ်ဖက်မှာ ဒီမိုကရေစီ ရှိနေတယ်။ ” နောက်ပြီး စစ်အေးလွန်ကမ္ဘာအတွက် “ ဒီမိုကရေစီ ဖွဲ့ဖြိုးရေးနဲ့ ဒီမိုကရေစီ ရေရှည်တည်တန့်စေရေး ကိစ္စကို ဦးတည်ချက်ပန်းတိုင် အသစ်အဖြစ် သမ္မတ ဘု(ရှ်) က ချမျတ် ပေးခဲ့ပါတယ်လို့ ” ကြေငြာခဲ့တယ်။

၁၉၉၂ -ခု သမ္မတ ရွေးကောက်ပွဲ စည်းရုံးရေးကာလထဲမှာ ဘီ(လ်) ကလင်တန် ( Bill Clinton ) ကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကလင်တန် အစိုးရအနေနဲ့ အထူးဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့တယ်။ သူ့ရဲ့ စည်းရုံးရေးကာလတစ်လျှောက်လုံး ပြောခဲ့သမျှတွေထဲမှာ သူ့ရဲ့ အဓိက နိုင်ငံခြားရေးပေါ်လစီဟာ ဒီမိုကရေစီကျင့်သုံးကြဖို့ အားပေးခြင်းသာဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သမ္မတရာထူး ရလိုက်တယ်ဆိုရင်ပဲ ဒီမိုကရေစီ ဖွဲ့ဖြိုးရေးအတွက် အမျိုးသားထောက်ပံ့ငွေ ( National Endownment For Democracy ) သုံးပုံနှစ်ပုံ တိုးပေးဖို့ အကြံပြုခဲ့တယ်။ သူ့ရဲ့ အမျိုးသားရေး လက်ထောက်အရာရှိကလည်း သူတို့ရဲ့ အဓိကနိုင်ငံခြားရေးပေါ်လစီဟာ ဒီမိုကရေစီစနစ် ပိုမိုဖွဲ့ဖြိုးတိုးတက်ရေး (Enlargement Of Democracy) ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကလည်း ဒီမိုကရေစီဖွံ့ဖြိုးရေး အားထုတ်မှုဟာ အဓိက ဦးတည်ချက်လေးရပ်မှာ တစ်ရပ်ဖြစ်တယ်လို့ဆိုပြီး ဒီဦးတည်ချက် အထမြောက် အောင်မြင်စေဖို့ အဆင့်မြင့်ရာထူးတစ်နေရာ တိုးချဲ့ ခန့်အပ်ခဲ့တယ်။

အမေရိကန်တွေလောက် မသိသာလှပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး ကိစ္စတွေဟာ ဥရောပနိုင်ငံတွေရဲ့ အဓိကနိုင်ငံခြားရေး ပေါ်လစီဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်း ထိန်းချုပ်မှု အောက်မှာရှိတဲ့ နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းတွေကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေချေးငှားခြင်းမှာ ဒီကိစ္စကို အဓိက လိုအပ်ချက်အဖြစ် သတ်မှတ်ခဲ့ကြတယ်။

၁၉၉၅ - ခုနှစ်ထဲ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ပန်းတိုင်နှစ်ခုနဲ့ ပတ်သတ်တဲ့ ကြိုးပမ်းမှုကတော့ အတိုင်းအတာ တစ်ခုအထိသာ အောင်မြင်မှု ရရှိခဲ့တယ်။ အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်း အားလုံးလိုလိုက အနောက်ကပေးလာတဲ့ ဖိအားကို ငြင်းဆန်ခဲ့ကြတယ်။ ဒီအထဲမှာ ဟိန္ဒူ၊ အော်သိုဒေါက် ၊ အာဖရိကန်နဲ့ လက်တင်အမေရိက နိုင်ငံတစ်ချို့တောင် ပါဝင်ခဲ့ပါတယ်။ အနောက်ရဲ့ ဒီမိုကရေစီထွန်းကားရေးကို ခါးခါးသီးသီး ငြင်းဆန်ကြတာကတော့ အစ္စလာမ်ကမ္ဘာနဲ့ အာရှတိုက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီငြင်းဆန်မှုဟာ အစ္စလာမ်ဘာသာ နိုးထခြင်း၊ ( Islamic Resurgence ) နဲ့ အာရှရဲ့ ရပ်တည်ချက် သဘောထား ( Asian Affirmation ) တွေက စုစည်းပေးလိုက်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေး လှုပ် ရှားမှုကြီးတွေအပေါ် အခြေခံပါတယ်။

အာရှနိုင်ငံတွေနဲ့ ပတ်သတ်ပြီး အမေရိကန်တွေရဲ့ ကြိုးပမ်းမှု အရာမထင်ခြင်းဟာ သူတို့နိုင်ငံ အစိုးရတွေရဲ့ စီးပွားရေး ကြွယ်ဝချမ်းသာမှုနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်ချက်ပိုမို ခိုင်မာလာခြင်းကြောင့် ဖြစ်ပါတယ်။ အာရှ သတင်းသမားတွေကလည်း အာရှဟာ အနောက်အပေါ် မှီခိုနေရခြင်း၊ အနောက်ရဲ့ လက်အောက်ခံ ဖြစ်ရခြင်းဆိုတာတွေ အခုမရှိတော့ဘူး၊ ၁၉၄၀ - ခုနှစ်တွေမှာ ကမ္ဘာ့ စီးပွားရေးတစ်ဝက် လွှမ်းမိုးထားနိုင်မှု၊ ကုလသမဂ္ဂကိုဦးစီးထားမှုနဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြေငြာချက်စာတမ်း ဆိုတာတွေက လည်း သမိုင်းထဲမှာ ကျန်နေရစ်ခဲ့ပြီလို့ ထပ်တလဲလဲ သတိပေး ( ပြောဆိုရေးသား ) ခဲ့ကြတယ်။

စင်္ကာပူအရာရှိ တစ်ယောက်က ဒီလို စောဒကတက်တယ်။ “ အာရှတိုက်ထဲ လူ့အခွင့်အရေးတိုးတက်အောင် အားထုတ်နေမှုက စစ်အေးလွန်ကမ္ဘာမှာ အနောက်ရဲ့အင်အား ကျဆင်းလာနေတယ်ဆိုတာကို ညွှန်ပြနေတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှအပေါ် အနောက်ရဲ့ သြဇာလွှမ်းမိုးမှုဟာ သိသိသာသာ ကြီး ကျဆင်းလာနေတယ်" (Note – 13)

သူပြောတာမှန်ပါတယ်။ အနုမြူကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ကြားက သဘောတူညီမှု ပျက်ပြားခြင်းကို “ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် အလျှော့ပေးလိုက်ခြင်း (negociated surrender) ” လို့ စကားလှသုံးလို့ ရနိုင်ပေမယ့်လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ အခြားအင်အားကြီး နိုင်ငံတွေကို အလျှော့ပေးလိုက်ရတာကတော့ အကြွင်းမဲ့လက်မြှောက်လိုက်ရခြင်း (unconditional surrender) ဖြစ်သွားပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး တိုးတက်ကောင်းမွန်လာခြင်း မရှိဘူးဆိုရင် အထူးအခွင့်အရေးပေး ဆက်ဆံမှုကနေ ရပ်ပစ်ရလိမ့်မယ်လို့ တရုတ်ကို ခြိမ်းခြောက်လိုက် ပြီးတဲ့နောက် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်း(ပီကင်း) ကိုရောက်တော့ အရှက်ခွဲခံလိုက်ရတယ်ဆိုတာ ကလင်တန် အစိုးရအနေနဲ့ ပထမဆုံး ကြုံတွေ့လိုက်ရတယ်။ သူ့မှာ အရှက်ပြေ မျက်နှာဆယ်ခွင့် တောင်မရခဲ့ဘူး။ အဲဒီနောက် အရင်ကရှိခဲ့တဲ့ ပေါ်လစီကို ရုပ်သိမ်းပြီး အထူးအခွင့်အရေးပေးနိုင်ငံ (MFN= Mast Favored Nation) သတ်မှတ်ချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုကို တစ်သီးတစ်သန့်စီ ခွဲခြားလိုက်ရတော့တယ်။

တရုတ်ကတော့ ဒီအားနည်းချက်ကို အမိအရယူပြီး ကလင်တန်အစိုးရ ကန့်ကွက်မှုတွေကို မသိကျိုးကျွံပြုရင်း ပုံမှန်ပဲ လုပ်ဆောင်နေခဲ့တယ်။ စင်္ကာပူက အမေရိကန်လူမျိုးကို ကြိမ်ဒဏ်ပေးမှု၊ အရှေ့တီမောတွေအပေါ် အင်ဒိုနီးရှားက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမှာ လည်း ကလင်တန် အစိုးရဟာ အလားတူကြုံတွေ့ခဲ့ရတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး အနောက်ကပေးလာတဲ့ ဖိအားတွေကို အာရှအစိုးရတွေက တွန်းလှန်နိုင်တယ်ဆိုရာမှာ အချက်အလက် အများကြီးအပေါ်မှာ မူတည်နေပါတယ်။ အမေရိကန်နဲ့ ဥရောပ စီးပွားရေးသမားတွေက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အာရှမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်လျက် ရှိကြပြီး ဒါကြောင့် သူတို့နဲ့ အာရှစီးပွားရေးကို ထိခိုက်နစ်နာစေမယ့် ဖိအားတွေ မပေးမိစေဖို့ အစိုးရတွေအပေါ် ဖိအားတွေ ပြန်ပိနေစေတယ်။ ဒါတွေအပြင် အာရှနိုင်ငံတွေက အနောက်အစိုးရ တွေအနေနဲ့ အဲသလိုဖိအားတွေ ပေးနေခြင်းဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းလို့ လက်ခံထားကြပြီး အရေးပေါ်ကိစ္စပေါ်လာတိုင်း တစ်နိုင်ငံကိုတစ်နိုင်ငံ ထောက်ခံကြရင်း (တညီတစ်ညွတ်တည်း) တစ်သွေးတစ်ယောင်တည်း ရှိနေတတ်တယ်။ တရုတ်ပြည်ထဲမှာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားကြတဲ့ ထိုင်ဝမ်၊ ဂျပန်နဲ့ ဟောင်ကောင်စီးပွားရေးသမားတွေက တရုတ်ပြည်ကို အမေရိကန်ရဲ့ အထူးအခွင့်အရေးပေးနိုင်ငံအနေနဲ့ ဆက်လက်တည်ရှိနေရေးကို အကြီးအကျယ်လိုလားကြတယ်။ ဂျပန်အစိုးရက အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေးပေါ်လစီကနေ ခပ်ခွာခွာနေလာခဲ့တယ်။ တီယန်နန်မင် အရေးအခင်းဖြစ်ပြီး မကြာမီမှာပဲ ဂျပန်ဝန်ကြီးချုပ် ကီချီမီယာဇာဝါ ( Kiichi Miyazawa ) က လူ့အခွင့်အရေးသတ်မှတ်ချက်တွေကြောင့် သူတို့နဲ့ တရုတ်ပြည်ရဲ့ စီးပွားရေး အဆက်အဆံ အပျက်မခံနိုင်ဘူးဆိုတဲ့ အကြောင်း ပြောခဲ့တယ်။

အာစီယံနိုင်ငံတွေကလည်း မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ဆန္ဒမရှိခဲ့ကြဘူး။ ဒါ့အပြင် သူတို့ အာစီယံ အစည်းအဝေးထဲကို ပါဝင်ဖို့ ၁၉၉၄ - ခုမှာ လက်ခံကြိုဆိုခဲ့ကြတယ်။ ဥရောပသမဂ္ဂ ပြေရေးဆိုခွင့်ရှိသူရဲ့ စကားအရ ဆိုရင် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ဥရောပသမဂ္ဂရဲ့ ပေါ်လစီဟာ အောင်မြင်မှုမရှိဘူးဆိုတာ သူတို့ ကိုယ်တိုင် လက်ခံလာရပြီး မြန်မာနဲ့ပတ်သတ်လို့ အာစီယံနိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အညီ ပြုမူဆောင်ရွက်ဖို့ သဘော တူလာခဲ့ရတယ်။

နောက်ပြီး မလေးရှားနဲ့အင်ဒိုနီးရှားလို နိုင်ငံတွေကလည်း အားကောင်းလာတဲ့ စီးပွားရေး အင်အားကြောင့် သူတို့ အပေါ် ဝေဖန်ပုတ်ခတ်တဲ့၊ သူတို့တားမြစ်ထားမှုတွေကို လွန်ကျူးတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေအပေါ် တန်ပြန် ပေါ်လစီတွေ ကျင့်သုံးလာနိုင်တယ်။ (Note 14)

ယေဘူယျအားဖြင့် စီးပွားရေး အင်အား တိုးတက်လာမှုဟာ လူ့အခွင့်အရေး ဒီမိုကရေစီနဲ့ ပတ်သတ်လို့ အနောက်ကပေးလာတဲ့ ဖိအားတွေကနေ ပိုမို လွတ်မြောက်ဖို့ ဖန်တီးပေးလာတယ်။ ၁၉၉၄ - ခုနှစ်မှာ ရစ် ချက် နစ်(က်)ဆင် ( Richard Nircon ) က “ဒီနေ့ တရုတ်ပြည်ရဲ့ အင်အားက လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ တရုတ်ကိုပေးနေတဲ့ အမေရိကန်ရဲ့ သင်ခန်းစာဟာ မဆင်မချင် ပြုလုပ်မှု တစ်ခု ဖြစ်နေပြီး နောက်ဆယ်နှစ်ကြာတဲ့အခါ အံဝင်ခွင်ကျ မဖြစ်ဘူး ဆိုတာ ပြသလာလိမ့်မယ်” လို့ မှတ်ချက်ချခဲ့တယ်။ (Note 15)

ဒါပေမယ့် အဲဒီအချိန်ရောက်ရင် တရုတ်စီးပွားရေး အင်အား တိုးတက်လာမှုကြောင့် အနောက်တိုင်း သင်ခန်းစာတွေဟာ တရုတ်အတွက် လုံးဝမလိုအပ်ဘဲ ပေးခဲ့တာတွေဆိုတာ ဖြစ်စေပါလိမ့်မယ်။ စီးပွားရေးအင် အားတောင့်တင်းလာမှုကြောင့် အနောက် အစိုးရတွေနဲ့ ယှဉ်လိုက်ရင် အာရှအစိုးရတွေကို ပိုအားကောင်းလာစေပါတယ်။ ရေရှည်မှာဆိုရင် အာရှလူ့အဖွဲ့အစည်းကလည်း ပို အားကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် အာရှလူချမ်းသာ၊ လူ့လတ်တန်းစားတွေက ဒီမိုကရေစီကို လိုလိုလားလား ရှိလာနိုင်တဲ့အတွက် အာရှနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် အားကောင်းလာနိုင်ပါလိမ့်မယ်။

- ဆက်ရန်
ဇင်ဝေသော်

(မှတ်ချက်။ ။စာမျက်နှာ အချို့ ကျော်ထားသည်။ - အက်ဒမင်)

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (5)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (5)

စစ်အေးကာလအတွင်းက အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ သမိုင်းဝင်လက်နက် အပြိုင်အဆိုင် တပ်ဆင် ခဲ့ကြပြီး နည်းပညာအရ ခေတ်မီဆန်းသစ်တဲ့ အနုမြူလက်နက်တွေ၊ သူတို့ကို သယ်ဆောင် နိုင်မည့် ယာဉ်တွေ ကိုလည်း အဆင့်မြင့်နိုင်သမျှ မြင့်အောင် ကြိုးစားခဲ့ကြတယ်။ သူတို့ အားပြိုင်မှုဟာ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုဖြစ်ပါတယ်။ စစ်အေးလွန်ကာလရဲ့ လက်နက်ပြိုင်ဆိုင်မှုက တစ်မူထူးခြားနေပါတယ်။ အနောက်ကို ကြည့်မရတဲ့နိုင်ငံတွေက အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ လက်နက်ကြီးတွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ အနောက်က လည်း ဒီရည်ရွယ်ချက်တွေ အထမမြောက်ဖို့ ကြိုးစားဟန့်တားနေပါတယ်။ ဒီတော့ လက်ရှိအနေအထားက အပြန်အလှန်တပ်ဆင်နေခြင်း မဟုတ်တော့ဘဲ တပ်ဆင်ဖို့ကြိုးစားသူနဲ့ ဟန့်တားဖို့ ကြိုးစားသူတို့ရဲ့ အားပြိုင်ပွဲဖြစ်နေပါတယ်။ အနောက်ရဲ့ အနုမြူလက်နက်ပိုင်ဆိုင်မှုပမာဏနဲ့ စွမ်းဆောင်ရည်က စကားနိုင်လု ပြောနေကြတာကလွဲရင် လက်ရှိယှဉ်ပြိုင်မှုထဲမှာ ပါတောင်မပါဝင်ပါဘူး။ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုရဲ့ ရလာဒ်က နှစ်ဖက်စလုံးရဲ့ အခြေခံအရင်းအမြစ်တွေ ၊ ကြိုးစား လုပ်ဆောင်မှုတွေနဲ့ နည်းပညာအားပြိုင်မှုတွေအပေါ်မှာ မူတည်နေပါတယ်။ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒါနဲ့နှိုင်းစာရင် တပ်ဆင်သူနဲ့ ဟန့်တားသူတွေရဲ့ကြားက ရလာဒ် ကို ခန့်မှန်းဖို့က ပိုလွယ်ကူပါတယ်။ ဟန့်တားဖို့ကြိုးစားနေတဲ့ အနောက်ကြောင့် သူတို့လက်နက်တပ်ဆင်မှုတွေ နှေးကွေးကောင်း နှေးကွေးသွားနိုင်ပေမယ့် ရပ်တန့်ပစ်လိုက် ကြမယ်တော့ မဟုတ်ပါဘူး။

အနောက်မဟုတ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာမှု၊ အနောက်နိုင်ငံတွေရော အနောက်မဟုတ်တဲ့ နိုင်ငံတွေကပါလက်နက်တွေ၊ နည်းပညာကျွမ်းကျင်လိမ္မာမှုတွေကို ရောင်းချပြီး ငွေရှာလိုတဲ့ဆန္ဒ ၊ စီဗီလိုက်ဇေးရှင်းပဓာနနိုင်ငံတွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေက သူတို့လူမျိုးစုတွေကို အကာအကွယ် ပေးလိုတဲ့ နိုင်ငံရေးသဘောထား၊ ဒါတွေအားလုံးက ဟန့်တားဖို့ကြိုးစားနေတဲ့ အနောက်ရဲ့ အားထုတ်မှုကို ကပျက်ယပျက် ဖြစ်စေပါတယ်။
လက်နက်ထိန်းချုပ်မှုဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းထဲက နိုင်ငံအားလုံးရဲ့ အကျိုး စီးပွားနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်လို့ အနောက်အုပ်စုက ရှေ့တန်းတင်ပြောနေချိန်မှာ အနောက်မဟုတ်တဲ့ အခြား နိုင်ငံတွေကတော့ ဒါဟာ အနောက်ရဲ့ လွှမ်းမိုးမှုကို ကာကွယ်ထားခြင်းသာဖြစ်တယ်လို့ ယူဆကြပါတယ်။ လက်နက်ပျံ့နှံ့မှုအပေါ်အခြေခံပြီး အနောက် အထူးသဖြင့် အမေရိကန်တွေနဲ့ သူတို့ရဲ့ လုံခြုံရေးကို ထိပါးလာနိုင်စရာရှိတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်ပုံတွေကလည်း မတူညီကြဘူး။ ကိုးရီးယားကိုကြည့်ရင် ဒီအချက်က ပိုပြီး ထင်သာမြင်သာ ရှိပါတယ်။

၁၉၉၃- ခုနဲ့ ၁၉၉၄- ခုနှစ်တွေမှာ မြောက်ကိုးရီးယားရဲ့ အနုမြူလက်နက်နဲ့ ပတ်သတ်ပြီး အမေရိကန်တွေ ဆောက်တည်ရာမရဖြစ်နေခဲ့ကြတယ်။သမ္မတကလင်တန်က ၁၉၉၃-ခု နိုဝင်ဘာလထဲမှာ“ အနုမြူလက်နက် ပိုင်ဆိုင်သည်အထိ မြောက်ကိုးရီးယားကို လွှတ်ထားလို့ မရဘူး။ ဒီအတွက် ရပ်တည်ချက် အများကြီး ခိုင်မာကြရမယ်” လို့ ခပ်ရှင်းရှင်းပြောခဲ့တယ်။ လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တွေ၊ ဘု(ရှ်) အစိုးရရဲ့ အရာရှိဟောင်းတွေကလည်း လက်ဦးမှုရယူပြီး မြောက်ကိုးရီးယားရဲ့ အနုမြူဆိုင်ရာ ပစ္စည်းတွေကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပစ်ဖို့ ဆွေးနွေးခဲ့ကြတယ်။ မြောက်ကိုးရီးယားရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်တွေ စိုးရိမ်ပူပန်တာက တစ်ကမ္ဘာလုံးလက်နက်ပျံ့ပွားမှုနဲ့ ဆိုင်ပါတယ်။ (မြောက်ကိုးရီးယားက အနုမြူပိုင်ဆိုင်သွားလို့) အရှေ့အာရှအတွင်း အမေရိကန်တွေရဲ့ လှုပ်ရှားမှုအတွက် အကျပ်ရိုက်စေနိုင်တာကြောင့် တင်မဟုတ်ဘဲ တကယ်လို့သာ မြောက်ကိုးရီးယားက အနုမြူနဲ့ ဆိုင်တဲ့ နည်းပညာတွေ အနုမြူလက် နက်တွေကို အခြားနိုင်ငံတွေကိုပါ ရောင်းချလိုက်ရင် အရှေ့အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအထိ ထိခိုက်မှုရှိသွားနိုင်လို့ ( ပူပန်နေကြတာပါ)။

ဒါပေမယ့် တောင်ကိုးရီးယားကတော့ မြောက်ကိုးရီးယားရဲ့ အနုမြူလက်နက်ကို ဒေသတွင်း အကျိုးစီးပွား အတွက်လို့ ရှုမြင်တယ်။ တောင်ကိုးရီးယားအများစုက မြောက်ကိုးရီးယားရဲ့ အနုမြူဗုံးဟာ ကိုးရီးယား ( တောင်ရော မြောက်ပါ ) ရဲ့ ဗုံးလို့ ယူဆကြတယ်။ မြောက်ကိုးရီးယားက အနုမြူလက်နက်ကို တောင်ကိုးရီးယားနဲ့ ပတ်သက်ပြီး သုံးမှာမဟုတ်ဘူး၊ သုံးခြင်းသုံးရင် ကိုးရီးယားလွတ်လပ်ရေးနဲ့ ဂျပန်၊ အခြားနိုင်ငံတွေရဲ့ ရန်စကျူးကျော်မှုကို ကာကွယ်ဖို့အတွက်ပဲ အသုံးပြုလိမ့်မယ်လို့ ယူဆကြတယ်။

တောင်ကိုးရီးယား အရပ်ဖက်နဲ့ စစ်ဖက်အရာရှိတွေက တောင်မြောက်ပေါင်းစည်းမိသွားတဲ့ ကိုးရီးယားမှာ အနုမြူစွမ်းအင် ပိုင်ဆိုင်နေဖို့လည်း မျှော်လင့်ထားကြတယ်။ မြောက်ကိုးရီးယားက ငွေကုန်ကြေးကျခံ၊ အပြစ်တင်ခံပြီး ဗုံးရအောင်တီထွင်၊ ဒီလက်နက်ကို တောင်ကိုးရီးယားက နောက်ဆုံးပိုင်ဆိုင်မယ်။ မြောက်ပိုင်းက အနုမြူ လက်နက် စွမ်းအင်နဲ့ တောင်ပိုင်းက စက်မှုစီးပွားစွမ်းအင် ပေါင်းစပ်မိသွားရင် အရှေ့အာရှမှာ အဓိက အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြတယ်။ အကျိုးဆက်အနေနဲ့ကတော့ (၁၉၉၄) ခုနှစ်မှာ မြောက်ကိုးရီးယား ကျွန်းဆွယ်အတွင်း ပြဿနာတက်နေပြီလို့ ဝါရှင်တန်က ယူဆနေချိန် ဆိုး(လ်)ကတော့ ဘာပြဿနာမှ မရှိသလို သဘောထားခဲ့တယ်။ ဒီမှာတင်ပဲ မြို့တော်နှစ်ခုကြားမှာ “ပူပန်ပုံ မတူညီခြင်း-Panic gap” ဖြစ်ပွားတော့တယ်။ ၁၉၉၄-ခု ဂျွန်လထဲ ဖြစ်ပွားနေတဲ့ အနုမြူပြဿနာ အကျပ်အရိုက်ဆုံး အခြေအနေကို ဂျာနယ်လစ်(ဇ်) တစ်ယောက်က ဒီလို သုံးသပ်တယ်။ “အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားစဉ် နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တဲ့ တစ်မူထူးခြားမှုတွေထဲမှာ တစ်ခုကတော့ တစ်ပူပေါ်တစ်ပူဆင့်နေခြင်းပဲ ဖြစ်ပါတယ်။ ”အရှေ့အာရှမှာလည်း အမေရိကန်တွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား စိုးရိမ်မှုမတူညီခြင်း ပြဿနာ ရှိခဲ့ပါတယ်။ အနုမြူလက်နက် ပျံ့ပွားမှုနဲ့ ပတ်သတ်ပြီး အမေရိကန်တွေက ဒေသတွင်း အနုမြူ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထက် ပိုပြီး ပူပန်နေကြတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သူတို့ချင်း အနုမြူအန္တရာယ်ကို လက်ခံနိုင်ပေမယ့် အမေရိကန်တွေ အကြံပြုတဲ့ အနုမြူစွမ်းအင် ကန့်သတ်ဖို့၊ လျှော့ချဖို့ (ဒါမှမဟုတ်) အနုမြူအားလုံး ဖျက်ဆီးပစ်ဖို့ ဆိုတာကို လက်ခံလို့ မရဘူး ဖြစ်နေကြတယ်။ (Note – 10)

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေပျံ့ပွားမှု ထိန်းချုပ်ရေး ကြိုးပမ်းချက်ဟာ ဆက်လက်ရှိနေဦးမယ့် သဘောရှိသလို အောင်မြင်မှုလည်း သိပ်ရှိလှမယ် မဟုတ်ဘူး။ မြောက်ကိုးရီးယားကို အနုမြူလက်နက် ပိုင်ဆိုင်ခွင့် မပြုသင့်ဘူးလို့ သမ္မတ ကလင်တန် ပြောအပြီး တစ်လအကြာမှာ အမေရိကန် ထောက်လှန်းရေး အေဂျင်စီက မြောက်ကိုးရီးယားမှာ အနုမြူဗုံး တစ်လုံး၊ နှစ်လုံးအထိတောင် ရှိနေနိုင်ပြီလို့ သတင်းပို့ခဲ့တယ်။ (Note–11) အဲဒီနောက် မြောက်ကိုးရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီကလည်း ဒဏ်ပေးစနစ်ကနေ ဆုပေးစနစ်ကို ပြောင်းသွားပြီး အနုမြူလက်နက် မတိုးချဲ့ဖို့အတွက်ပဲ နားချကြတော့တယ်။ အလားတူပဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားခြင်းကို မရပ်တန့်နိုင်ခဲ့သလို အီရန်ရဲ့ အနုမြူအစီအစဉ်ကိုလည်း မဟန့်တားနိုင်ခဲ့ပါဘူး။

၁၉၉၅ - ခု၊ ဧပြီလထဲမှာ ကျင်းပတဲ့ အနုမြူလက်နက်ထိန်းချုပ်ရေး သဘောတူညီမှု (Nuclear Nonproliferation Treaty) ကွန်ဖရင့်မှာလည်း လက်နက်ထိန်းချုပ်ရေး သဘောတူညီမှု စာချုပ်ကို နှစ်အကန့် အသတ်မရှိ သတ်မှတ်မလား၊ ၂၅ နှစ် သတ်မှတ်မလားဆိုတဲ့ ကိစ္စဟာ အဓိက ဆွေးနွေးစရာ ကိစ္စဖြစ်နေခဲ့တယ်။ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်ရေးအဆိုကို အမေရိကန်တွေက ဦးဆောင်တင်ပြတယ်။ ဒါပေမယ့် နိုင်ငံ အများစုကတော့ လက်ရှိ အနုမြူပိုင်ဆိုင်ထားတဲ့ အင်အားကြီးငါးနိုင်ငံက သူတို့ရဲ့ အနုမြူစွမ်းအင်ကို သိသိသာသာကြီး လျှော့ချမှု မလုပ်ဘူးဆိုရင် သဘောမတူနိုင်ဘူးလို့ ဆိုလာကြတယ်။ ဒါ့ အပြင် အီဂျစ်ကလည်း ဒီသဘောတူညီမှုကို အစ္စရေးပါ လက်မှတ်ထိုးပြီး လုံခြုံရေးအတွက် ထောက်လှန်းစစ်ဆေးမှုကို လက်ခံမှ သဘောတူနိုင်မယ်လို့ ဆိုလာပြန်တယ်။ နောက်ဆုံးမှာတော့ လက်သိပ်ထိုး စည်းရုံးမှု၊ လာဘ်ပေးမှု၊ ခြိမ်းခြောက်မှု၊ မဟာဗျူဟာတွေကို အသုံးချပြီး နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်မှု အဆိုအတွက် အမေရိကန်တွေ အနိုင်ရလိုက်ကြတယ်။ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ အီဂျစ်နဲ့ မက္ကစီကိုနိုင်ငံတွေကလည်း စီးပွားရေးမှာ အမေရိကန်တွေအပေါ် မှီခို နေရလေတော့ လက်လျှော့ခဲ့ရတယ်။ အများစု သဘောတူညီမှုအရ နှစ်အကန့်အသတ်မရှိ တိုးချဲ့သတ်မှတ် ချက်ကို သဘောတူခဲ့ကြပေမယ့် မွတ်စလင် (၇) နိုင်ငံ (ဆီးရီးယား၊ ဂျော်ဒန်၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ အီဂျစ်နဲ့ မလေးရှား) အာဖရိက တစ်နိုင်ငံ ( နိုင်ဂျီးရီးယား) တို့ကတော့ နောက်ဆုံးစကား လက်ဆုံ ဆွေးနွေးပွဲမှာ သဘောမတူကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြတယ်။ (Note – 12)

အမေရိကန်တွေချမှတ်တဲ့ ပေါ်လစီအတိုင်း ၁၉၉၃ - ခုနှစ်ရောက်တော့ အနောက်ရဲ့ပေါ်လစီက လက်နက် ထိန်းချုပ်ရေးကနေ လက်နက်ပြန့်ပွားမှု တန်ပြန် ထောက်လှမ်းရေး ( Nonproliferation to Counterproliferation ) ပေါ်လစီကို ပြောင်းသွားတယ်။ အနုမြူပြန့်ပွားနေမှုက ရှောင်လွှဲလို့ မရတဲ့ကိစ္စမို့ ဒီပေါ်လစီ အပြောင်းအလဲက လက်တွေ့ကျပါတယ်။ ဒီအတိုင်းသာဆိုရင် လက်နက်ပြန့်ပွားမှုကို ထောက်လှန်းရေးပေါ်လစီကနေ လက်နက်ကို စနစ်တကျ တပ်ဆင်အသုံးပြုရေးပေါ်လစီအထိတောင် ဆက်လက်ပြောင်းသွားစရာရှိပါတယ်။
ဒါပေမယ့် ၁၉၉၅ - ခုနှစ်အထိ အမေရိကန်နဲ့ အနောက်အုပ်စုဟာ လက်နက်ပြန့်ပွားမှု ဟန်တား ရေး (hold-down) ပေါ်လစီကို လက်ကိုင်ထားကြဆဲ ဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့ကျရှုံးဖို့ ရှိနေပါတယ်။ အနုမြူနဲ့ အခြားဖျက်စီးရေး လက်နက်ကြီးတွေ ပြန့်ပွားနေမှုဟာ အချိန်ဆွဲထားလို့သာ ရပြီး စီဗီလိုက်ဇေးရှင်းစုံ ကမ္ဘာမှာ ဒီလက်နက်တွေ ပြန့်ပွားမှု ကို လုံးဝ တားဆီးလို့ မရနိုင်ပါဘူး။

ဆက်ရန် -
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx
(4) http://tiny.cc/x5d1nx
(5) http://tiny.cc/mi03nx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (4)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (4)

အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေ တိုးတက်ကောင်းမွန်လာဖို့ ပါကစ္စတန်နဲ့ အီရန်ကို တရုတ်ပြည်ရဲ့ အလွန်အမင်း အကူအညီတွေ ပေးနေပုံကိုကြည့်ရင် သူတို့သုံးနိုင်ငံအတွင်း သမားရိုးကျ အဆင့်ထက်ပိုတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ယူဆစရာဖြစ်နေတယ်။
သူတို့ချင်းပူးပေါင်းလုပ်ဆောင်မှုတွေ တိုးပွားလာခြင်း၊ အနောက်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်ခြေ ရှိခြင်းတို့ကြောင့် အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေ ပြန့်ပွားလာနေ မှု ကိစ္စဟာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအစီအစဉ်မှာ အရေးအကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာခဲ့တယ်။ (ဟန်တင်တန်)
*******************************************

လက်နက်ပြန့်ပွားမှုကိစ္စက ကွန်ဖြူးရှပ် အစ္စလာမ် ဆက်သွယ်ရေးကြားမှာ ပိုပြီး ပြင်းထန်သလို ပိုပြီးလည်း ခိုင်ခိုင်မာမာ ရှိနေတယ်။ မွတ်စလင်နိုင်ငံ အများအပြားဆီ သမားရိုးကျ လက်နက်တွေရော အနုမြူဆိုင်ရာ လက်နက်တွေကိုပါ ဖြန့်ဝေရာမှာ တရုတ်က အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ တရုတ်ရဲ့ လက်နက် ဖြန့်ဝေရောင်းချမှုဆိုရာမှာ သာမန်ကြည့်ရင် သုတေသနအတွက်။ ဒါပေမဲ့ အနောက်တိုင်းပညာရှင်တွေ ယုံကြည် ထားတာက ရေဒီယိုသတ္ထုကြွဓာတ်ပစ္စည်းတွေ ထုတ်လုပ်နိုင်တဲ့ အဆင့်အထိရှိနိုင်တဲ့ အနုမြူဓာတ်ပေါင်းဖို အယ်ဂျီးရီးယား ကန္တာရထဲမှာ တည်ဆောက်မှု၊ ဆော်ဒီအာရေးဗျနိုင်ငံအတွက် အလက်စားဒုံးကျည် CSS-2 ပံ့ပိုးကူညီမှု၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် မြောက်ကိုးရီးယားနိုင်ငံတွေကို အနုမြူ နည်းပညာနဲ့ အထောက်အကူ ပစ္စည်းတွေကို ကူညီပံ့ပိုးပေးမှု၊ သမား ရိုးကျ စစ်လက်နက် အများအပြား အီရက်နိုင်ငံကို ရောင်းချမှုတို့ ပါဝင်ပါတယ်။ တရုတ်ရဲ့လက်နက် အရောင်းအဝယ်ကိစ္စကို ထပ်ဆောင်းပေးတာက မြောက်ကိုးရီးယားရဲ့ Scud–C ဒုံးကျည် အမျိုးအစားတွေကို အီရက်နိုင်ငံကတစ်ဆင့် ဆီးရီးယားကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပြီး ဒုံးကျည်တွေ တင်ဆောင်ပစ်ခတ်နိုင်တဲ့ ယာဉ်တွေကို ဖြည့်ဆည်းပေးခဲ့တယ်။ (Note-6)
ကွန်ဖြူးရှပ်၊ အစ္စလာမ်မစ်နိုင်ငံတွေ လက်နက်အရောင်းအဝယ် ကွင်းဆက်မှာ အဓိက က တရုတ်ဖြစ်ပြီး သူ့နောက်မှာ မြောက်ကိုးရီးယားကတစ်ဖက် ပါကစ္စတန်နဲ့ အီရန်တို့ကတစ်ဖက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၁-ခုအကြား၊ တရုတ်ဆီက လက်နက်အများဆုံး ဝယ်ယူသူတွေဟာ အီရန်နှင့် ပါကစ္စတန်တို့ ဖြစ်ကြပါတယ်။ သူတို့နောက်မှာက အီရတ်ပါ။ ၁၉၇၀ ခုနှစ်တွေကစပြီး တရုတ်နှင့် ပါကစ္စတန် တို့ရဲ့ စစ်ရေးဆက်ဆံမှုက အလွန်အမင်း ရင်းရင်းနှီးနှီးရှိနေခဲ့ကြပါတယ်။ သူတို့ နှစ်နိုင်ငံဟာ လက်နက်အရောင်း အဝယ်ကိစ္စမှာ အတူပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ရေး၊ ပူးတွဲ လက်နက်ထုတ်လုပ် ရေး၊ နည်းပညာများ အပြန်အလှန်လဲလှယ်ရေး၊ နှစ်ဖက်သဘောတူညီနဲ့ တတိယနိုင်ငံကို လက်နက်ရောင်းချရေး သဘောတူညီမှု ဆယ်နှစ်စာချုပ် ၁၉၈၉ ခုနှစ်မှာ ချုပ်ဆိုလက်မှတ်ထိုးခဲ့ကြတယ်၊ နောက်ဆက်တွဲသဘောတူညီမှု အနေနဲ့ ပါကစ္စတန်က လက်နက်ဝယ်ယူရာမှာ တရုတ်ကအကြွေးပေးဖို့ သဘောတူညီမှု ၁၉၉၃-ခုမှာ လက်မှတ် ထိုးခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ “ တရုတ်ဟာ ပါကစ္စတန်ရဲ့ စိတ်အချရဆုံးနဲ့ အများဆုံး စစ်လက်နက် အကြမ်းထည်တွေကို ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံဖြစ်လာခဲ့ပြီး စစ်တပ်နဲ့ သတ်ဆိုင်တဲ့ ပစ္စည်းအမျိုးမျိုးနဲ့ ပါကစ္စတန်စစ်တပ်တွင်း တပ်ခွဲတိုင်းအတွက် လက်နက်ပစ္စည်းတွေ ရောင်းချပေးတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက် တိုက်လေယဉ်တွေ၊ တင့်ကားတွေ၊ အမြောက်လက်နက်တွေ၊ ဒုံးကျည်တွေထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ တရုတ်က ပါကစ္စတန်ကို ကူညီပံ့ပိုးပေးခဲ့ပြန်တယ်။
ယူရေနီယံဓာတ် ပွားများလာရေးအတွက် ပံ့ပိုးကူညီခြင်း ဗုံးဒီဇိုင်းအတွက် အကြံဉာဏ်များပေးခြင်း၊ သူတို့ရဲ့ အနုမြူစမ်းသပ်တဲ့နေရာမှာ အနုမြူဖောက်ခွဲစမ်းသပ်ခွင့်ပြုခြင်း စတဲ့ အနုမြူစွမ်းအင်တိုးတက်ရေး ကိစ္စတွေမှာ ပါကစ္စတန်ကို တရုတ်က အဓိက ကူညီပံ့ပိုးသူဖြစ်တယ်။ အမေရိကန်ကို ပေးထားတဲ့ ကတိကဝတ်ကို ချိုးဖောက်ပြီး ကီလိုမီတာ ၃၀၀ အကွာအထိ ပစ်နိုင်တဲ့ အဝေးထိန်းဒုံးကျည် M–11 ကိုလည်း ရောင်းချခဲ့တယ်။ ဒီဒုံးကျည်တွေဟာ အနုမြူလက်နက် အဖြစ်တောင် အသုံးပြုရနိုင်စရာ ရှိပါတယ်။ အပြန်အလှန်အနေနဲ့ ပါကစ္စတန်ဆီက ကောင်းကင်မှာ ဆီဖြည့်ခြင်းနည်းပညာနဲ့ စတင်းဂါးဒုံးကျည်တွေ တရုတ်ကိုယ်တိုင် ရရှိခဲ့တယ်။ (Note–7)
၁၉၉၀- ခုနှစ်တွေမှာ တရုတ်နဲ့ အီရန်တို့ အကြား လက်နက်အရောင်းအဝယ်ကိစ္စကလည်း ခြေသွက်လက်သွက် ရှိနေခဲ့တယ်။ ၁၉၈၀- ခုနှစ်တွေအတွင်းက အီရန်အီရတ်စစ်ပွဲကာလမှာ အီရန်ရဲ့ လက်နက်ဝယ်ယူမှု ( ၂၂ ) ရာခိုင်နှုန်းက တရုတ်ဆီမှဖြစ်ပြီး ၁၉၈၉ - ခုနှစ်ရောက်တော့ တစ်ဦးတည်း လက်နက်အများဆုံး ရောင်းချပေးသူ ဖြစ်လာခဲ့တယ်။ နောက်ပြီး အနုမြူပိုင်ဆိုင်ရေးကို လူသိရှင်ကြား ကြော်ငြာခဲ့ပြီး အနုမြူပိုင်ဆိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ အီရန်ကို တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကူညီခဲ့ပြန်တယ်။ တရုတ်-အီရန် ပူးပေါင်းဆောင်ရွက်ရေး ပဏာမသဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့နောက် သူတို့နှစ်နိုင်ငံဟာ ၁၉၉၀ - ခု ဇန်နဝါရီ လထဲမှာ သိပ္ပံပညာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်ရေးနည်းပညာများ အပြန်အလှန် လဲလှယ်ရေး ဆယ်နှစ်ကြာ နားလည်မှု စာချုပ် ချုပ်ဆိုခဲ့ကြပြန်တယ်။
၁၉၉၂ - ခု စက်တင်ဘာလရောက်တော့ အီရန်သမ္မတ ရပ်(ဖ်)ဆန်ဂျာနီ ( Rafsanjani ) ဟာ အီရန် အနုမြူ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပါကစ္စတန်ကနေတစ်ဆင့် တရုတ်ပြည်ကို သွားရောက်ပြီး အနုမြူ ပူးပေါင်းဆောင်ရွက် ရေးအတွက် သဘောတူညီမှု စာချုပ်အသစ် ချုပ်ဆိုခဲ့ပြန်တယ်။ ၁၉၉၃ - ခု ဖေဖေါ်ဝါရီလရောက်တော့ မီဂါဝပ် ၃၀၀ ရှိတဲ့ (300 – MW ) အနုမြူဓာတ်ပေါင်းဖို အီရန်နိုင်ငံထဲမှာ တည် ဆောက်ခဲ့တယ်။ ဒီသဘောတူညီမှု့နှင့်အညီ အနုမြူနည်းပညာနဲ့ သတင်းအချက်အလက်တွေကို အီရန်ကို မျှဝေပေးခဲ့တယ်။ အီရန်သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို လေ့ကျင့်သင်ကြားပေးတယ်။ ကယ်(လ်) ထရွန်ဓာတ် တိုးပွားစေနိုင်တဲ့ အထောက်အကူ ပစ္စည်းကိုလည်း ဖြည့်ဆည်းပေးတယ်။ ၁၉၉၅ - ခုနှစ်မှာ တော့ အဆက်မပြက်ပေးနေတဲ့ အမေရိကန်တွေဖက်က ဖိအားကြောင့် သုံးရာမီဂါဝပ်ရှိ အနုမြူဓာတ်ပေါင်းဖို ရောင်းချရေးအစီအစဉ်ကို (အမေရိကန်တွေအဆိုအရ) “ပယ်ဖျက်ခဲ့တယ”် (တရုတ် တို့အဆိုအရ) “ရပ်ဆိုင်းလိုက်တယ်။” ။
နောက်ပြီး ဒုံးကျည်နဲ့ ဒုံးကျည်နည်းပညာတွေ အီရန်ကိုရောင်းချရာမှာလည်း တရုတ်ဟာ အဓိက နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ ၁၉၈၀ - ခု နှောင်းပိုင်းတွေထဲမှာ မြောက်ကိုးရီးကနေတစ်ဆင့် Silkworm ဒုံးကျည်တွေ ရောင်းချခဲ့သလို ဒါဇင်ပေါင်း(သို့) ရာပေါင်းများစွာသော ဒုံးကျည်ထိန်းချုပ်နည်းစနစ်တွေနဲ့ ကွန်ပြူတာ ထိန်း စက်ပစ္စည်းတွေကိုလည်း ၁၉၉၄ နဲ့ ၁၉၉၅ - ခု အကြားမှာ ရောင်းချပေးခဲ့တယ်။ မြေပြင်ပစ် တရုတ် ဒုံးကျည်တွေ အီရန်နိုင်ငံထဲမှာ ထုတ်လုပ်ဖို့ လိုင်စင်လည်း တရုတ်ကချပေးခဲ့တယ်။ မြောက်ကိုးရီးယားက လည်း Scud ဒုံးကျည်တွေ အီရန်ထဲတင်ပို့ခဲ့သလို သူတို့ကိုယ်တိုင် ထုတ်လုပ်ဖို့ အကူအညီတွေလည်း ပေးခဲ့တယ်။ ၁၉၉၃ - ခုနှစ်မှာ မီတာ(၆၀၀) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေရောင်းချပေးဖို့ သဘော တူခဲ့တယ်။
သူတို့သုံးနိုင်ငံ တတိယအကြိမ်တွေ့ဆုံရာမှာတော့ အီရန်နဲ့ပါကစ္စတန်တို့ကလည်း အနုမြူကိစ္စမှာ ပါ ဝင်ပူးပေါင်းမှု့ ပိုများလာခဲ့ကြသလို ပါကစ္စတန်က အီရန်သိပ္ပံပညာရှင်တွေကို လေ့ကျင့်ပေးတယ်။ အနုမြူစီမံကိန်းတွေမှာ အတူတကွ လက်တွဲအလုပ်လုပ်သွားကြဖို့ ၁၉၉၂ - ခုနှစ်မှာ ပါကစ္စတန်၊ အီရန်နဲ့ တရုတ်တို့ သဘောတူခဲ့ကြတယ်။ (Note-8) အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေ တိုးတက်ကောင်းမွန်လာဖို့ ပါကစ္စတန်နဲ့ အီရန်ကို တရုတ်ပြည်ရဲ့ အလွန်အမင်း အကူအညီတွေ ပေးနေပုံကိုကြည့်ရင် သူတို့သုံးနိုင်ငံအတွင်း သမားရိုးကျ အဆင့်ထက်ပိုတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ယူဆစရာဖြစ်နေတယ်။
သူတို့ချင်းပူးပေါင်းလုပ်ဆောင်မှုတွေ တိုးပွားလာခြင်း၊ အနောက်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်ခြေ ရှိခြင်းတို့ကြောင့် အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေ ပြန့်ပွားလာနေ မှု ကိစ္စဟာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအစီအစဉ်မှာ အရေးအကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာခဲ့တယ်။ ဥပမာ အားဖြင့် ၁၉၉၀ - ခု ၅၉ ရာခိုင်နှုန်း အမေရိကန်လူထုက အနုမြူလက်နက် ပြန့်ပွားမှုကို တားမြစ်ခြင်းဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အရေးကြီးဆုံး ပန်းတိုင်ဖြစ်တယ်လို့ ခံယူကြတယ်။ ၁၉၉၄ - ခု ရောက်တော့ လူထုရဲ့ ၈၂- ရာခိုင်နှုန်း ၊ နိုင်ငံခြားရေးမူဝါဒခေါင်းဆောင် ( ၉၀ ) ရာခိုင်နှုန်းက အထက်ပါအတိုင်း ခံယူလာကြတယ်။ ၁၉၉၃- ခု စက်တင်ဘာလမှာ လက်နက်ထိန်းချုပ်ရေးကိစ္စဟာ အထူးအလေးပေးဆောင်ရွက်မယ့် ကိစ္စဖြစ်တယ်လို့ သမ္မတကလင်တန်က အသားပေးပြောကြားခဲ့ပြီး ၁၉၉၄- ခုဆောင်းဦးပေါက် ကာလရောက်တော့ “ နျူကလီးယား လက်နက်၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေနဲ့ ဒီလက်နက်တွေ အသုံး ချဖို့ နည်းလမ်းတွေ ပြန့်ပွား လာနေခြင်း အားဖြင့်” “အမေရိကန်ရဲ့ လုံခြုံရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးကဏ္ဍတွေကို ခြိမ်းခြောက်လာ နေတဲ့အတွက် ” ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေးဟာ “တစ်မျိုးသား လုံးရဲ့ အရေးပေါ်ကိစ္စ ” ဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့တယ်။ ၁၉၉၁ ခုနှစ်ထဲမှာ အမေရိကန်ထောက်လှန်းရေးအဖွဲ့ (CIA) က ဝန်ထမ်းတစ်ရာရှိတဲ့ လက်နက်ထိန်းချုပ်ရေး ဌာနချုပ်ကို ( Nonproliperation Center) ကို တည်ထောင်လိုက်ပြီး ၁၉၉၃ ခု ဒီဇင်ဘာလထဲရောက်တော့ ကာကွယ်ရေးဝန်ကြီး အက်စ်ပင် (Aspin) က လက်နက်ပြန့်ပွားမှု့ တန်ပြန် ထောက်လှန်းရေး စတင်ခြင်း၊ ကာကွယ်ရေးဗျူဟာအသစ်ကို ကြေ ငြာခဲ့ပြီး အနုမြူလက်နက်လုံခြုံရေးနဲ့ လက်နက်ပြန့်ပွားမှု တန်ပြန်ထောက်လှန်းရေးအတွက် ကာကွယ်ရေး ဒု ဝန်ကြီးရာထူး ခန့်အပ်ခြင်းကိုလည်း သတ်မှတ်ပေးခဲ့တယ်။ (Note – 9)

- ဆက်ရန်
ဇင်ဝေသော်

Previous posts
(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx
(3) http://tiny.cc/kveznx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (3)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (3)
မြောက်ကိုရီးယားတွေရဲ့ စစ်ရေးသဘောထားက “ အမေရိကန်တွေကို စစ်အင်အား စုစည်းချိန် မပေးနဲ့၊ လေကြောင်းတစ်ခွင်ကို မလွှမ်းမိုးမိစေနဲ့၊ သူတို့ လက်ဦးမှု မရရှိစေနဲ့၊ အမေရိကန် အသေအပျောက်နည်းနည်းနဲ့ တိုက်ပွဲမပြီးစေနဲ့ ” ဖြစ်ပါတယ်။

အိန္ဒိယရဲ့ သင်္ခန်းစာက ပိုလို့တောင် တိကျနေပါသေးတယ်။ “ နျူးကလီးယားလက်နက်မရှိ ဘဲ အမေရိကန်နဲ့ စစ်မဖြစ်နဲ့ ” (Note-2)

ဒီသင်္ခန်းစာက အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲတွေရဲ့ စိတ်ထဲမှာ စွဲနေပါတယ်။ ဒါတွေကို ခြုံငုံပြီး အကျိုးသင့် အကြောင်းသင့်ပြောတော့ “ မင်းမှာ အဏုမြူလက်နက် ပိုင်ဆိုင်ထားရင် အမေရိကန်တွေ လာမတိုက်တော့ဘူး ” ပဲ ဖြစ်ပါတယ်။

လောရင့် ဖရီးဒ်မန်း ( Lawrence Freedman ) က ဒီလို လေ့လာသုံးသပ်တယ် “ ကမ္ဘာ့နိုင်ငံရေးစနစ် အကွဲအပြဲကိစ္စမှာ ခါတိုင်းလို နိုင်ငံရေးအင်အား တိုးမြှင့်တာထက် အဏုမြူလက်နက်တွေက ပိုပြီး အခရာ ကျလာတယ်။ အဏုမြူလက်နက်ကြောင့် တစ်ချိန်က အင်အားကြီးနိုင်ငံတွေရဲ့ အခန်းကဏ္ဍလည်း သေးငယ်သွားတယ်၊ စစ်အေးလွန်ကာလ အနောက်တိုင်းရဲ့ အဏုမြူလက်နက်အခန်းကဏ္ဍဟာ စစ်အေးကာလ အတွင်းနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ သမားရိုးကျစစ်အင်အားနဲ့ နှိုင်းယှဉ်ရင် အားနည်းနေတဲ့ အနောက်ရဲ့စစ်အင်အားကို အဏုမြူလက်နက်နဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့တယ် လို့ ကာကွယ်ရေး ၀န်ကြီးဟောင်း လက်(စ်) လက်(စ်)ပင် ( Les Aspin ) က ထောက်ပြခဲ့တယ်။ စစ်အေးကာလတွင်းမှာ အနုမြူလက်နက်တွေဟာ စစ်အင်အားကို ညှိပေးလိုက်တဲ့အရာတွေ ဖြစ်ပါတယ်။ ( The equalizer ) (Note 3)

"ဒါပေမဲ့ စစ်အေးလွန်ကာလထဲမှာတော့ အမေရိကန်ဟာ သမားရိုးကျစစ်အင်အားမှာ ဘယ်သူနဲ့မှ ယှဉ်လို့ မရအောင် အားကောင်းနေတယ်။ ဒီတော့ အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့ကို စိန်ခေါ်သူတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါ စစ်အင်အား တန်းညှိခံရမယ့်သူတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်လာနေတယ်" လို့ အက်စ်ပင်က ဆက်လက်ထောက်ပြခဲ့ပါတယ်။

သူတို့ကိုယ်သူတို့ ကာကွယ်ရေးအတွက် ရုရှားက အနုမြူလက်နက် ပိုင်ဆိုင်ဖို့ အစီအစဉ်တွေ ချမှတ်လာတာ၊ ၁၉၉၅ ခုနှစ်မှာ ယူကရိန်းဆီကနေ ထပ်ဆောင်း အဝေးပစ် ဒုန်းကျည်တွေ၊ ဗုံးကျဲလေယဉ်တွေ ၀ယ်ယူဖို့ စီစဉ်ခဲ့တာဟာ အံ့သြစရာ မဟုတ်တော့ပါဘူး။ “ ၁၉၅၀ ခုနှစ်တွေတုန်းက ရုရှားကို ကျွန်တော်တို့က ပြောခဲ့သမျှ အခု သူတို့က ပြန်ပြောနေတာကို ကြားနေရပါတယ်၊ အခု ရုရှားတွေပြောနေတာက ‘ အမေရိကန်တွေရဲ့ သမားရိုးကျ စစ်အင်အားသာလွန်မှုကို ကာမိအောင် အနုမြူလက်နက် ပိုင်ဆိုင်ထားဖို့ လိုတယ်’ ဆိုတာ ဖြစ်ပါတယ်” လို့ အမေရိကန် လက်နက်ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြပါတယ်။ ဆန့်ကျင်ဖက်ဖြစ်နေပုံနဲ့ ပတ်သက်တဲ့ နောက်တစ်ချက်ကတော့ စစ်အေးကာလအတွင်းမှာ အမေရိကန်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေး အကြောင်းပြချက်နဲ့ အနုမြူလက်နက် စတင်မသုံးစွဲရေးဝါဒကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့တယ်။ စစ်အေးလွန် ကာထဲရောက်တော့ ရုရှားကလည်း အနုမြူစတင်မသုံးစွဲရေး ( not- fint-use ) ၀ါဒကို ၁၉၉၃ ခုနှစ်မှာ ပယ်ဖျက်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ပြည်ကလည်း စစ်အေးလွန်ကာလ ခုခံကာကွယ်ရေးအတွက် ကန့်သတ်ထားတဲ့ အနုမြူနည်းပညာတွေကို တိုးတက်လာအောင် ကြိုးစားလာနေရင်း ၁၉၆၄ ခုနှစ်က ထားရှိခဲ့တဲ့ အနုမြူစတင်မသုံးစွဲရေး ၀န်ခံကတိက၀တ်အပေါ် မေးခွန်းတွေ ထုတ်လာသလို ဒီအပေါ် အလေးအနက်ထားမှုလည်း လျော့ပါးလာနေတယ်။ (Note-4) သူတို့သာ အနုမြူလက်နက်တွေ၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေး လက်နက်ကြီးတွေ ပိုင်ဆိုင် သွားကြမယ်ဆိုရင် အခြားပဓာနနိုင်ငံတွေ၊ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကလည်း ဒီလမ်းအတိုင်း လိုက်လာ ကြမယ့် အနေအထားမှာရှိနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အနောက်ရဲ့ သမားရိုးကျ စစ်အင်အားသုံးစွဲလာမှုကို ခုခံကာကွယ်ဖို့ အင်အားအကောင်းဆုံး ပြင်ဆင်ထားရာ ရောက်ပါတယ်။

အနုမြူလက်နက်တွေဟာ အနောက်ကို တိုက်ရိုက်လည်း ခြိမ်းခြောက်လာနိုင်ပါတယ်။ တရုတ်နဲ့ ရုရှားတို့မှာ ဥရောပနဲ့ မြောက်အမေရိကအထိရောက်အောင် ပစ်လို့ရတဲ့ နျူးကလီးယားထိပ်ဖူးတပ် အဝေးထိန်း ဒုံးကျည်တွေ ပိုင်ဆိုင်နေကြပါပြီ်။ မြောက်ကိုရီးယား၊ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကလည်း ပိုပြီး ဝေးဝေးရောက်အောင် ပစ်နိုင်ဖို့ ကြိုးစားနေကြသလို တစ်ချိန်ချိန်မှာ အနောက်ကို ပစ်ခတ်နိုင်မယ့် အဆင့်အထိ ရောက်လာပါလိမ့်မယ်။ ဒါအပြင် နျူးကလီးယားလက်နက်ကို အခြားနည်းလမ်းတွေနဲ့လည်း အသုံးပြုလာနိုင်ပါတယ်။ စစ်အင်အားကို အထူးပြု လေ့လာသူတွေကတော့ အကြမ်းဖက်လှုပ်ရှားမှု၊ ပြောက်ကြားတိုက်ပွဲလို သာမန်စစ်ပွဲ အသေးလေးတွေကနေ အကန့်အသတ်တချို့နဲ့ စစ်ပွဲအလတ်စားတွေ၊ နောက်ဆုံး သမားရိုးကျ စစ်အင်အားကနေ အနုမြူစစ်ပွဲအထိ ဖြစ်လာနိုင်ခြေတွေ ရှိလာလိမ့်မယ်လို့ လေ့လာခန့်မှန်းကြပါတယ်။ သမိုင်းကြောင်းအရ အကြမ်းဖက်ဝါဒီတွေမှာ သမားရိုးကျစစ်အင်အား မပိုင်ဆိုင်တဲ့အတွက် လက်နက်အင်အား မတောင့်တင်းပါဘူး။ ဒုတိယကမ္ဘာစစ်ကတည်းက အနုမြူလက်နက်ဟာ သမားရိုးကျ စစ်အင်အား အားနည်းမှုကို ကာမိအောင် ထေပေးတဲ့ လက်နက်ဖြစ်နေခဲ့ပါတယ်။ အတိတ်တုန်းကဆိုရင် အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မှုကို အတိုင်းအတာတစ်ခုအထိသာ လုပ်နိုင်တယ်၊ ဟိုဟိုဒီဒီက လူနည်းစုကိုပဲ သတ်ဖြတ်နိုင်၊ ပစ္စည်း အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှု ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်ဖို့ အလွန်အင်အားကြီးတဲ့ စစ်အင်အား လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ လူနည်းစု အကြမ်းဖက်သမားတွေက ကြီးကြီးမားမား အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ပြုလုပ်လာနိုင်စရာ ရှိပါတယ်။ အကြမ်းဖက်ဝါဒနဲ့ အနုမြူလက်နက် မပူးပေါင်းမိသေးခြင်းဟာ အနောက်မဟုတ်တဲ့ အကြမ်းဖက်ဝါဒီတွေအတွက် အားနည်းချက်ဖြစ်ပြီး အဲဒီနှစ်ခုသာပေါင်းမိသွားရင် အားကောင်းလာပါလိမ့်မယ်။

စစ်အေးလွန်ကာလထဲမှာတော့ အစ္စလာမ်မစ်နိုင်ငံတွေနဲ့ ကွန်ဖျူးရှပ်နိုင်ငံတွေဟာ အစုလိုက်အပြုံလိုက် ပျက်စီးနိုင်တဲ့ လက်နက်ကြီးတွေ ပိုမိုအားကောင်းလာအောင် ကြိုးစားလာနေကြသလို ဒီလက်နက်တွေ အသုံးပြုဖို့ နည်းလမ်းတွေကိုလည်း တီထွင်ကြံဆလာနေကြတယ်။ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ အနုမြူလက်နက် အနည်းငယ် ပိုင်ဆိုင်နေပြီး မပိုင်ဆိုင်သေးဘူးဆိုရင်အောင် အချိန်တိုအတွင်းမှာ ပိုင်ဆိုင်လာဖို့ ရှိနေပါတယ်။ နောက်ပြီး အဝေးပစ်ဒုန်းကြည်တွေ ပိုင်ဆိုင်ဖို့နဲ့ အသုံးပြုနည်းလမ်းတွေကို ရရှိဖို့ ကြိုးစားရှာဖွေနေကြတယ်။ အီရတ်မှာ ဓာတုလက်နက်စွမ်းရည်တွေ ပိုင်ဆိုင်နေပြီး ဇီဝလက်နက်နဲ့ အနုမြူလက်နက်တွေ ပိုင်ဆိုင်ဖို့လည်း အသည်းအသန် ကြိုးပမ်းနေကြတယ်။ အီရန်ကလည်း အနုမြူလက်နက် ပိုင်ဆိုင်ရေးအတွက် စီမံကိန်းတွေ အကြီးအကျယ်ရေးဆွဲ အကောင်အထည်ဖော်နေသလို ဒီလက်နက်တွေ အသုံးပြုရေး နည်းလမ်းတွေကိုလည်း တိုးချဲ့ရှာဖွေ လာနေကြတယ်။

၁၉၈၈ ခုနှစ်မှာ (အီရန်သမ္မတ) ရပ်(စ်)ဆန်ဂျာနီ ( Rafsanjani ) က တိတိလင်းလင်း ကြေငြာခဲ့တယ်။ “ အီရန်တွေဟာ တိုက်ခိုက်ဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ဓာတုလက်နက်၊ ဇီဝလက်နက်နဲ့ ရေဒီယို သတ္ထုကြွလက်နက်တွေ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားကြရမယ်။ ” နောက်သုံးနှစ်ကြာတော့ သူ့ရဲ့ ဒုတိယသမ္မတက အစ္စလာမ်မစ် အစည်းဝေးမှာ “အစ္စရေးက အနုမြူလက်နက် ပိုင်ဆိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေလည်း ကုလသမဂ္ဂရဲ့ လက်နက်ထိန်းချုပ်ရေး ပေါ်လစီကို ဘေးဖယ်ထားပြီး အနုမြူလက်နက် ပိုင်ဆိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ ပြောခဲ့တယ်။ ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်အတွင်းမှာ အမေရိကန် ထိပ်တန်းထောက်လှမ်းရေးအရောရှိက အီရန်ဟာ အနုမြူလက်နက် တပ်ဆင်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပြီး ၁၉၉၅ ခုရောက်တော့ ပြည်ထဲရေးဝန်ကြီး ၀ါရင့် ခရစ္စတိုဖာ (Worren Christopher ) က “ ဒီနေ့ အီရန်ဟာ အနုမြူလက်နက် တိုးချဲ့ခြင်းအားဖြင့် အကျိုးမဲ့ အားထုတ်မှုတွေ လုပ်ဆောင်နေ တယ်” လို့ ဘွင်းဘွင်းကြီး ပြောခဲ့ပါတယ်။ အနုမြူလက်နက် တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ လစ်ဗျား၊ အယ်(လ်)ဂျီးရီးယား နဲ့ ဆော်ဒီအာရေးဗျတို့ ပါဝင်ပါတယ်။

အလီမာ(ဇ်)ရူးရဲ့ ကဗျာဆန်ဆန်ဝေါဟာရက “ လခြမ်းဟာ မှိုပွင့်သဏ္ဍန် တိမ်တိုက် (မီးခိုးလုံး) ရဲ့ အထက်မှာ ရှိတယ် ” ဖြစ်ပြီး ( အစ္စလာမ်ကမ္ဘာရဲ့ အနုမြူ ပိုင်ဆိုင်မှုဟာ ) အနောက်အပြင် အခြားနိုင်ငံတွေကိုပါ ခြိမ်းခြောက် နေနိုင်ပါတယ်။ အစ္စလာမ် စီဗီလိုက်ဇေးရှင်း (ထဲက အနုမြူလက်နက်) ဟာ “အရှေ့အာရှထဲက အိန္ဒိယ စီဗီလိုက်ဇေးရှင်းနဲ့ တစ်ဖက်၊ အရှေ့အလယ်ပိုင်းက ဂျူး စီဗီလိုက်ဇေးရှင်းနဲ့တစ်ဖက် အနုမြူလက်နက် ပစ်ခတ်တမ်း ” ကစားလာနိုင်စရာတောင် ရှိနေပါတယ်။ (Note-5)

- ဆက်ရန်
ဇင်ဝေသော်

(1) http://tiny.cc/8kkwnx
(2) http://tiny.cc/pyrxnx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (2)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (2)

နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ (ဟန်တင်တန်)
*******************************************************************

အစ္စလာမ်နဲ့ တရုတ်တို့ဟာ အနောက်ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ အများကြီးကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သူတို့စိတ်ထဲမှာလည်း သူတို့ယဉ်ကျေးမှုတွေက အနောက်ထက် လုံးဝသာတယ်လို့ ခံယူထားကြတယ်။ အနောက်နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့နှစ်ဦးစလုံးရဲ့ အင်အားနဲ့ ယုံကြည်မှုက တိုးပွားလာနေပြီး သူတို့နဲ့ အနောက်ကြားက တန်ဖိုးနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေက ပိုများလာနိုင်သလို ပိုလည်းတင်းမာ လာနိုင်တယ်။ အစ္စလာမ်မှာ ပဓာနနိုင်ငံမရှိတဲ့အတွက် သူတို့နဲ့ အနောက်ရဲ့ ဆက်ဆံရေးကလည်း တစ်နိုင်ငံချင်းစီကို မူတည်ပြီး မတူကွဲပြားနေမယ်။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်တွေကစလို့ အနောက်ဆန့်ကျင်ရေးဝါဒကတော့ ပုံမှန်လိုလို ရှိနေခဲ့တယ်။ အစ္စလာမ်စာအုပ်ကြီးဝါဒ အားကောင်းလာခဲ့တော့ မွတ်စလင်နိုင်ငံတွေမှာလည်း အနောက်ယိမ်းတဲ့ အစိုးရတွေထက် အနောက်ဆန့်ကျင်တဲ့ အစိုးရတွေ ပိုပိုများလာတယ်။ အစ္စလာမ်မစ်အုပ်စုတွေနဲ့ အနောက် အုပ်စုတွေကြားက အရပ်သားစစ်ပွဲတွေလည်း ဖြစ်ပွားနေတယ်။ စစ်အေးကာလအတွင်းမှာ လုံခြုံရေးအတွက် ပူးပေါင်းခဲ့တဲ့ မွတ်စလင်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကလည်း (စစ်အေးပြီးဆုံးသွားတော့) အားလျော့လာနေတယ်။ ကိစ္စတစ်ခုချင်းစီအပေါ်အခြေခံပြီး မတူညီတဲ့ အလေးထား ဆောင်ရွက်မှုတွေဟာ အနောက်နဲ့ ဆက်စပ်ပြီး အနာဂတ်ကို ပုံဖော်ရာမှာ ဒီစီဗီလိုက်ဇေးရှင်းတွေ ဘယ် ခန်းကဏ္ဍက ပါဝင်မလဲဆိုတဲ့အချက်ဟာ အဓိကကျတဲ့မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ (၂၁) ရာစုထဲက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေဟာ အနောက်တိုင်း ရဲ့ တန်ဖိုးတွေနဲ့ အကျိုးစီးပွားကိုပဲ ရောင်ပြန်ဟပ်စေမှာလား၊ ဒါမှမဟုတ် အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းတွေ ပုံဖော်ပေးလိုက်တဲ့အတိုင်းပဲ ဖြစ်လာမှာလား။

နိုင်ငံတကာဆက်ဆံရေး ယထာဘူတ၀ါဒအရ ဆိုရင်တော့ အနောက်တိုင်းလွှမ်းမိုးထားမှုနဲ့ အင်အား ချိန်ခွင်လျှာ ညှိယူဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းကြလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ တချို့ဒေသတွေမှာ ဒီအတိုင်းလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်ကြည့်ရင် အနောက်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့မှုဟာ မဝေးတဲ့အနာဂတ်မှာတော့ ဖြစ်ပေါ်လာမယ့်သဘော မရှိလှသေးပါဘူး။ အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းနှစ်ခု အကြားမှာလည်း ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုအဆောက်အဦ၊ ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ ဘ၀နေထိုင်နည်းတွေမှာ အခြေခံနားလည်သဘောပေါက်မှုတွေ မတူညီကြပါဘူး။ အနောက်နဲ့ သူတို့ကြားက ကွဲပြားမှုထက်တောင် သူတို့အချင်းချင်းကြားကွဲပြားမှုက ပိုပြီးကြီးမားကောင်းကြီးမားနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ဘုံရန်သူရှိခြင်းက ဘုံအကျိုးစီးပွားကိုလည်း ဖန်တီးပေးတတ်ပါတယ်။ အစ္စလာမ်နဲ့ တရုတ် လူ့အဖွဲ့အစည်း တွေက အနောက်အပေါ် အမုန်းပွားမှုခြင်းတူညီနေတော့ အနောက်ဆန့်ကျင်ရေးအတွက် အတူတူ ပူးပေါင်းကြဖို့ အကြောင်းတစ်ရပ် ရရှိသွားနိုင်ပါတယ်။ ဟစ်တလာကိုတော်လှန်ဖို့ စတာလင်တောင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။

မတူညီ များပြားတဲ့ ကိစ္စတွေကို အခြေခံပြီး သူတို့ချင်း ပူးပေါင်းမှု ဖြစ်ပွားနိုင်ပါတယ်။ ဒီကိစ္စတွေထဲမှာ လူ့အခွင့်အရေးအပေါ်သဘောထားနဲ့၊ အထင်ကရ အဖြစ်ဆုံးကတော့ ဒီ စီဗီလိုက်ဇေးရှင်းနှစ်ခုစလုံးက သူတို့ရဲ့ စစ်တပ်စွမ်းရည်တွေကို တိုးမြှင့်ဖို့ ကြိုးစားအားထုတ်မှုပါ။ အထူးသဖြင့်တော့ အနောက်တိုင်းရဲ့ သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်အောင် ဖျက်ဆီးရေးလက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေပိုင်ဆိုင်ဖို့ ကြိုးစား လာနေကြခြင်းပါပဲ။ ၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ကွန်ဖျူးရှပ် အစ္စလာမ်ဆက်ဆံရေး ( Confucian Islamic Connection ) ရှိခဲ့ကြတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကတစ်ဖက်၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ အယ်(လ်)ဂျီးရီးယားတို့ကတစ်ဖက် ပူးပေါင်းပြီး အထက်ပါကိစ္စတွေနဲ့ ဆက်စပ်ပြီး အနောက်ကို ရင်ဆိုင်နိုင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။

အနောက်နဲ့ အဲဒီလူ့အဖွဲ့အစည်းတွေကြားက ကွဲလွဲမှုကိစ္စဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းမှာ အလွန် အရေးကြီးပါတယ်။ အထင်ကရ အရေးအခင်း သုံးခုမှာ အနောက်ရဲ့ အားစိုက်ထုတ်မှုတွေ ပါဝင်ပတ်သက်နေပါတယ်။ အနောက်က
(၁) သူတို့ရဲ့ စစ်အင်အား အသာစီးရယူထားမှုကို တည်မြဲစေဖို့ လက်နက် ထိန်းချုပ်ရေး ပေါ်လစီနဲ့ အဏုမြူ၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေပိုင်ဆိုင်မှု၊ ဒီ လက်နက်တွေသုံးစွဲမှုကို တန်ပြန်ထိန်းချုပ်ရေး ပေါ်လစီများ ကျင့်သုံးခြင်း
(၂) အနောက်တိုင်းက လူ့အခွင့်အရေးကို အလေးထားသလို တခြားလူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့် အရေးကို လေးစားဖို့ ဖိအားတွေပေးခြင်း၊ အနောက်သတ်မှတ်တဲ့မူအတိုင်း အခြားလူ့အဖွဲ့အစည်းတွေလည်း ဒီမိုကရေစီစနစ်ကို မွေးစားကျင့်သုံးဖို့ ဖိအားတွေပေးခြင်းအားဖြင့် အနောက်နိုင်ငံရေးတန်ဖိုးနဲ့ ဖွဲ့စည်းပုံကို ဦးစားပေးခြင်း
(၃) အနောက်မဟုတ်တဲ့ လူမျိုးတွေ အနောက်နိုင်ငံတွေထဲ ၀င်ရောက်နေထိုင်ခွင့်၊ ဒုက္ခသည်အဖြစ် လက်ခံမှု ပမာဏ ကန့်သတ်ခြင်းအားဖြင့် အနောက်လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ လူမျိုးစု ပေါင်းစည်းမှုကို ကာကွယ်ခြင်း (တို့ ဖြစ်ပါတယ်)။

အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကနေ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အနောက်အတွက် အခက်အခဲတွေ ရှိနေခဲ့သလို ဆက်လည်း ရှိနေဦးမယ့် လက္ခဏာပါ။
လက်နက်များ ပြန့်ပွားခြင်း ( Weapons Proliferation )

စစ်ရေးစွမ်းရည်တွေ စီးဝင်ပျံ့နှံ့သွားမှုဟာ ကမ္ဘာ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုး တိုးတက်လာခြင်းရဲ့ အကျိုး ဆက်ဖြစ်ပါတယ်။ စီးပွားရေးအရ ပိုပြီးချမ်းသာလာကြရင် ဂျပန်၊ တရုတ်နဲ့ အခြား အာရှနိုင်ငံတွေရဲ့ စစ်အင်အားလည်း ပိုပြီးအားကောင်းလာကြမှာပါ။ တဖြည်းဖြည်းနဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေကလည်း လိုက်လာကြလိမ့်မယ်။ စီးပွားရေးပြုပြင်တည်ဆောက်မှု အောင်မြင်သွားမယ်ဆိုရင် ရုရှားလည်း လိုက်လာမှာပါ။ နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မှီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ ဒါတွေဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့ အမေရိကန်တွေရဲ့ စစ်အင်အား၊ ကမ္ဘာအပေါ် လွှမ်းမိုးထားနိုင်တဲ့ စီဗီလိုက်ဇေး ရှင်းကြီးရဲ့ စစ်အင်အားတွေပဲဖြစ်ပါတယ်။ မဝေးလှတဲ့ အနာဂတ်ကာလရဲ့ စစ်အင်အား ချိန်ခွင်လျာကတော့ အနောက်ဖက်ကို သိသိသာသာကြီး ယိမ်းလျက်ပဲ ရှိနေပါလိမ့်မယ်။

ပထမတန်းစား သမားရိုးကျ စစ်အင်အားပိုင်ဆိုင်ဖို့ အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ အသုံးစရိတ်တွေ လိုအပ် နေတာကြောင့် အနောက်ရဲ့သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်ဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ အခြား ဖြတ်လမ်းနည်းတွေရှာဖွေကြည့်ဖို့ အလွန်အမင်းစိတ်အားထက်သန်နေကြလိမ့်မယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဖြတ်လမ်းနည်း ကတော့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေပိုင်ဆိုင်ရေး ဒါတွေကို တပ်ဆင်အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ စီဗီလိုက်ဇေးရှင်းတွေရဲ့ ပဓာနနိုင်ငံကြီးတွေနဲ့ ဒေသတွင်းသြဇာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေဟာ ဒီလိုလက်နက်ကြီးတွေ ပိုင်ဆိုင်ဖို့ အထူး စိတ်အားထက်သန်နေကြပါတယ်။ ဒီလို လက်နက်ကြီးတွေရှိရင် (တစ်) သူတို့ စီဗီလိုက်ဇေးရှင်းထဲရှိ နိုင်ငံတွေနဲ့ ဒေသတွင်းမှာ သြဇာဖြန့်ကျက်ထားနိုင်ပါတယ်။ (နှစ်) သူတို့ စီဗီလိုက်ဇေးရှင်း အတွင်းရှိ နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအတွင်း အမေရိကန်(သို့)အခြားပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ၀င်ရောက် ဖက်စွက်မှုကို ဟန့်တားထားနိုင်ပါတယ်။

တကယ်လို့ အီရတ် အဏုမြူလက်နက် ပိုင်ဆိုင်သည်အထိ စောင့်ပြီးနောက် နှစ်နှစ် သုံးနှစ်လောက်ကြာမှ ဆဒ္ဒန်ဟူစိန်က ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်လိုက်မယ်ဆိုရင် ကူဝိတ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးအများကြီး ပိုရှိပြီး ဆော်ဒီရေနံတွင်းတွေတောင် သူ့လက်ထဲ ရောက်လာနိုင်ပါလိမ့်မယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေဟာ ပင်လယ်ကွေ့ စစ်ပွဲသင်ခန်းစာကို ကြေကြေညက်ညက် ရယူခဲ့ကြပါတယ်။

- ဆက်ရန်
ဇင်ဝေသော်

(1) http://tiny.cc/8kkwnx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ

"အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်"
"ဒီမိုကရေစီကို ထောက်ခံ အားပေးပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါ ရလာတော့ ဒီမိုကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက်ထိမ်းချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန်ဘူး" (ဟန်တင်တန်)

*******************************************************
အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆ
( Western Universalism )

ခေတ်သစ်ကမ္ဘာကြီးထဲရှိ စီဗီလိုက်ဇေးရှင်း မတူညီတဲ့ နိုင်ငံတွေ၊ အုပ်စုတွေကြား က ဆက်ဆံရေးဟာ နီးနီး စပ်စပ်မရှိနိုင်တဲ့အပြင် အခြေအနေ တင်းမာမှုတွေ မကြာမကြာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တချို့ စီဗီလိုက်ဇေးရှင်း တွေကြားက ဆက်ဆံရေးကတော့ အများထက်ပဋိပက္ခအသွင် ပိုဆောင်နေပါလိမ့်မယ်။ ဒေသ တွင်းအဆင့်မှာ အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားနိုင်တာက အစ္စလာမ် စီဗီလိုက်ဇေးရှင်းနဲ့ သူ့ရဲ့ အိမ်နီးချင်း အော်သိုဒေါက်(စ်)၊ ဟိန္ဒူ၊ အာဖရိကန်နဲ့ အနောက်တိုင်း ခရစ်ယန်နိုင်ငံတွေကြားမှာ ဖြစ်ပွားပါလိမ့်မယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်မှာတော့ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင် ငံတွေကြား (the west and the rest) မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ပြီး အတင်း မာဆုံး ပဋိပက္ခတွေကတော့ မွတ်စလင်နိုင်ငံတွေနဲ့ အာရှနိုင်ငံ တွေက တစ်ဖက်၊ အနောက်ကတစ်ဖက်၊ ဒီနှစ်ဖက်ကြားမှာ ဖြစ်ပွားပါလိမ့်မယ်။ အနာဂတ်ရဲ့ အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်။
စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ အနောက်တိုင်း စီဗီလိုက်ဇေးရှင်းဟာ အခြား စီဗီလိုက်ဇေးရှင်းတွေအပေါ် အကျိုးသက်ရောက်မှုကြီးမားတဲ့ စီဗီလိုက်ဇေးရှင်း ကြီး တစ်ခုဖြစ်သလို ဆိုးကျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ အနောက်ရဲ့ အင်အား၊ ယဉ်ကျေးမှု ( Power and culture ) နဲ့ အခြားနိုင်ငံတွေရဲ့ အင်အား ယဉ်ကျေးမှုကြားက ဆက်ဆံရေးဟာ ကမ္ဘာ့စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့နေပါလိမ့်မယ်။ အခြား စီဗီလိုက်ဇေးရှင်းတွေရဲ့ အင်အားက တိုးတက် လာတော့ အနောက်ယဉ်ကျေးမှု လွှမ်းမိုးထားနိုင်ခြင်းကလည်း အားလျော့လာ တယ်။ အနောက်မဟုတ်တဲ့ လူတွေကလည်း သူတို့ကိုသူတို့ ယုံကြည်မှုတွေ ပိုခိုင်မာလာပြီး သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အားကောင်းလာအောင် ကြိုးစား လာနေကြတယ်။ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား အဓိကပြဿနာက သဟဇာတမဖြစ်ခြင်း၊ အထူးသဖြင့်တော့ အနောက်ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဖြစ်လာအောင် အမေရိကန်တွေက ကြိုးစား အားထုတ်ခြင်းနဲ့ သူတို့ စွမ်းရည်တွေ ကျဆင်းလာနေခြင်းပဲ ဖြစ်ပါတယ်။

ကွန်မြူနစ်ဝါဒ ပျိုလဲသွားတဲ့နောက် လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီပြီး အောင် ပွဲခံလိုက်နိုင်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးကျင့်သုံးဖို့ သင့်လျော်တယ် ဆိုတဲ့ အမြင်နဲ့ သူတို့နိုင်ငံရေး အယူဝါဒကို ရှေ့တန်းတင်၊ အားသစ်လောင်းမိရာ က ဖြစ်ပွားလာတဲ့ သဟဇာတမကျမှု (အဆီအငေါ် မတည့်မှု) ကြီးဖြစ်ပါတယ်။ အနောက် အထူးသဖြင့် အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး၊ အာဏါအကန့်အသတ်သာပိုင်ဆိုင်တဲ့အစိုးရ၊ လူ့အခွင့်အရေး၊ ပုဂ္ဂလိက၀ါဒနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ အနောက်တိုင်းရဲ့ တန်ဖိုးတွေကို အနောက် မဟုတ် တဲ့ နိုင်ငံတွေလည်း ကျင့်သုံးသင့်တယ်။ သူတို့ လူ့အဖွဲ့အစည်းတွေကိုလည်း အနောက်ရဲ့ တန်ဖိုးတွေနဲ့အညီ ပုံစံသွင်းယူသင့်တယ်လို့ ယဉ်ကျေးမှုပျံ့ပွားရေးကို အမြဲကြိုးစားနေတတ်တယ်။ အခြားစီဗီလိုက်ဇေးရှင်းတွေထဲရှိ အနည်းစုနိုင်ငံတွေ က ဒါကိုလက်ခံကြိုဆိုပြီး ဒီတန်ဖိုးတွေကိုလည်း မြင့်လာအောင် အားထုတ်ကြ ပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဒီတန်ဖိုးတွေ အပေါ် သဘောထားကတော့ သံသ ယတွေနဲ့ ဆန့်ကျင်ဖက်ဆီကို ဦးတည်နေပါတယ်။ အနောက်ရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒဟာ အနောက်မဟုတ်တဲ့ အခြားသူတွေအတွက်တော့ ယဉ်ကျေးမှုနယ်ချဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိအနေအထားအတိုင်းတည်မြဲနေဖို့ အနောက်က ကြိုးစားနေသလို ဆက် လက်ပြီးတော့လည်း ကြိုးစားနေလိမ့်မယ်။ ဒီ အကျိုးစီးပွားတွေဟာ ကမ္ဘာ့မိသားစု တစ်ခုလုံး ( World Community ) ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ်ဖွင့်ဆိုရင်း သူတို့အကျိုးစီးပွားကို ရောင်ပြန်ဟပ်စေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ တရားဝင် အသိ အမှတ်ပြုမှုကို ဖြစ်စေဖို့အတွက် လွတ်လပ်သောကမ္ဘာ ( Free World ) ဆိုတဲ့ စကားလုံးနေရာမှာ ကမ္ဘာ့မိသားစုဆိုတဲ့ ( World community ) စကားလုံးနဲ့ အစားထိုးလာပါတယ်။ ဥပမာအားဖြင့် အနောက်နိုင်ငံတွေဟာ သူတို့လွှမ်းမိုး ထားတဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးစနစ်ထဲကို အနောက်မဟုတ် တဲ့ နိုင် ငံတွေပါ ပါဝင်ပူးပေါင်းလာကြဖို့ ကြိုးစားနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF – International Morretary Fund ) နဲ့ အခြားနိုင်ငံတကာ စီးပွားရေးအဖွဲ့တွေကနေတဆင့် စီးပွားရေး အကျိုး အမြတ်အတွက် ကြိုးစားနေကြသလို သင့်တော်မယ်ထင်တဲ့ အချို့ပေါ်လစီတွေကို အခြားနိုင်ငံတွေကပါ လိုက်နာကျင့်သုံးလာကြဖို့လည်း ဖိအားတွေပေးလာနေ ကြတယ်။ ဒါပေမဲ့ အနောက်မဟုတ်တဲ့ လူတွေအထဲမှာတော့ ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ကျန်လူနည်းစုကသာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ ကို ထောက်ခံကြပါလိမ့်မယ်။ ကျန်တဲ့လူတိုင်းလိုလိုကတော့ ဒါကို သဘောတူကြ မယ် မဟုတ်ပါ ဘူး။ သူတို့ကဆိုရင် ဂျော်ဂီအာဘာတော့(ဗ်)ရဲ့ IMF အရာရှိတွေ အပေါ် သတ်မှတ်လိုက်တဲ့ စကားကိုတောင် သဘော တူကြပါလိမ့်မယ်။
“IMF အရာရှိတွေဟာ လူထုရဲ့ငွေကြေးကို အလွဲသုံးစားပြုဖို့ ဆန္ဒတွေပြင်းပျ၊ ဒီမိုကရေစီမကျ၊ စည်းစနစ်မကျတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေတွေကို ထုတ်ပြန်၊ သူများတကာရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို ချုပ်ခြယ်နေတဲ့ ဘော်ရှီဗစ် လက်သစ်တွေသာ ဖြစ်တယ် ” Note-1

အနောက်တိုင်းရဲ့ မူနဲ့ လက်တွေ့ကျင့်သုံးမှု ကွာဟချက်ကို ထောက်ပြဖို့ အနောက် မဟုတ်တဲ့လူတွေက ပါးစပ် မတွန့်ကြဘူး။ "အယောင်ဆောင်" "မျှမျှတတမရှိ" "ဒါက ဒီလိုရှိပါတယ်” စတဲ့ ထိကပါးရိကပါး ဝေါဟာရတွေဟာ တစ်ကမ္ဘာလုံး ဆိုင် ရာဝါဒီတွေ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေပါ။ ဒီမိုကရေစီကိုတော့ ထောက်ခံ အားပေးတယ်။ ဒါပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါရလာတော့ ဒီမို ကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက် ထိမ်း ချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန် ဘူး။ လွတ်လပ်စွာကုန်သွယ်ခွင့်ကိုတော့ စီးပွားရေးလိုတရစနစ်တစ်ခုလို အမွှမ်း တင်ပြီး စိုက်ပျိုးရေးကိုကျတော့ ဘာမှ မပြောပြန်ဘူး။ တရုတ်ရဲ့ လူ့အခွင့်အရေး ကိစ္စကိုပုံကြီးချဲ့ပေမဲ့ ဆော်ဒီအာရေးဗျကိုကျတော့ ရေငုံနှုတ်ပိတ်နေပြန်ရော၊ ရေနံ ချမ်းသာတဲ့ ကူဝိတ်အပေါ် ကျူးကျော်လာသမျှကို ခေါင်းခံဖြေရှင်းပေးပြီး ရေနံမရှိ တဲ့ ဘော့စနီးယန်းတွေအပေါ် ကျူးကြော်လာမှုတွေကိုကျတော့ လက်ပိုက်ကြည့်နေပြန်တယ်။ တစ်ကမ္ဘာလုံးအဆင့်ရှိ မူဝါဒကိုလက်တွေ့ ကျင့်သုံး ရာမှာ အဆင့်အတန်းခွဲခြားမှုဟာ ရှောင်လွဲလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

နိုင်ငံရေးလွတ်လပ်မှုရပြီးတဲ့နောက် အနောက်မဟုတ်တဲ့နိုင်ငံတွေဟာ အနောက်ရဲ့ စီပွားရေး၊ စစ်ရေးနဲ့ ယဉ်ကျေးမှု လွှမ်းမိုးထားခြင်းကနေလည်း လွတ်မြောက်ချင်လာကြတယ်။ အရှေ့အာရှ အဖွဲ့အစည်းတွေဆိုရင် စီးပွားရေး အရ အနောက်နဲ့တန်းညှိဖို့ လမ်းကြောင်းပေါ်ရောက်နေကြပါပြီ။ အာရှနိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေ ကလည်း စစ်ရေးအရ အနောက်နဲ့အင်အားညှိဖို့ ဖြတ် လမ်းနည်းတွေ ရှာဖွေနေကြတယ်။ အနောက် စီဗီလိုက်ဇေးရှင်းရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒ မျှော်လင့်ချက်၊ အနောက်ရဲ့ အင်အားကျဆင်းဆုတ်ယုတ်လာ မှုနဲ့ အခြားစီဗီလိုက် ဇေးရှင်းတွေရဲ့ သူတို့ယဉ်ကျေးမှုကို ပြန်လည်အင်အားဖြည့် လာမှုတွေကြောင့် အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား ဆက် ဆံရေးကတော့ ယေဘုယျအားဖြင့် မချောမွေ့ဖို့ သေချာနေပါတယ်။ ဆက်ဆံရေးတွေရဲ့ တင်းမာမှုအတိုင်းအဆတွေကတော့ သိသိသာသာကွဲပြားနေပြီး ဖြစ်နိုင်ခြေ သုံးမျိုးရှိနေပါတယ်။

တစ်။ စိန်ခေါ်လာနေတဲ့ အစ္စလာမ်၊ တရုတ် စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်ရဲ့ ဆက်ဆံရေးဟာ အထစ်အငေါ့တွေ အမြဲရှိနေနိုင်ပြီး တစ်ခါတစ်ခါ အလွန် တင်းမာတဲ့ အခြေအနေမျိုးကိုတောင် ရောက်သွားနိုင်ခြေ ရှိပါတယ်။

နှစ်။ အနောက်နဲ့ လက်တင်အမေရိက၊ အာဖရိက၊ အနောက်ကို မှီခိုနေရတဲ့ စီဗီလိုက်ဇေးရှင်းငယ်လေး တွေရဲ့ကြားမှာတော့ မဆိုစလောက် ပြဿနာလေးတွေပဲ ရှိပါမယ်။ အထူးသဖြင့်တော့ အနောက်နဲ့ လက်တင် အမေရိက ဆက်ဆံရေးမှာပါ။

သုံး။ ရုရှား၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ အနောက်နဲ့ ဆက်ဆံရေးကတော့ အထက်နှစ်ခုရဲ့ အကြားမှာပဲ ရှိနေ မယ့်သဘောပါ။ ပူးပေါင်းမှုတွေရှိနိုင်သလို ပဋိပက္ခတွေလည်း ရှိနိုင်တယ်။ အဲဒီ စီဗီလိုက်ဇေးရှင်းသုံးခုဟာ တစ်ခါတခါ စိန်ခေါ်သူ စီဗီလိုက်ဇေးရှင်းတွေ (တရုတ်နဲ့ အစ္စလာမ်)နဲ့ ပေါင်းသလို တစ်ခါတခါ အနောက်နဲ့လည်း ပေါင်းလာနိုင် ပါတယ်။ သူတို့ဟာ တစ်ဖက်ကအနောက်၊ အခြားတစ်ဖက်က အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းကြားမှာ “ လေယူရာယိမ်း-Swing ” စီဗီလိုက်ဇေးရှင်းတွေ ဖြစ်နေပါလိမ့်မယ်။