Dislike ကလွဲရင် အိုကေ။


ကဲ ရပါပြီ။
ချစ်လို့ရ။ ဟားဟား လို့ရ။ ဝေါင်းလို့ရ။ ကြေကွဲလို့ရ။ စိတ်တိုလို့လည်းရ တဲ့။
Dislike ကလွဲရင် အိုကေ။ ဗုဒ္ဓဟူးနေ့ စပြီ။
ဝေါင်း ဝေါင်း ဝေါင်း......

ပါရာဒိုင်း ရှစ်ဖ်


အစဉ်အလာအရ ယုံကြည်မှုက တပိုတွဲလပြည့်မနက်ဟာ အေးလွန်းတော့ ဘုရားရှင်တောင် လက်တော်ကို မီးကင်တော်မူရသတဲ့။
ဒီအတွက် ကလေးဘဝ သနပ်ခါးတုံးတွေ စုကြရတာကို မှတ်မိသေးတယ်။
နောက်ပြီး အေးလှတဲ့ရာသီမို့ ပါစကဝမ်းမီးက အားကောင်းလွန်းလို့ အစာကြေခဲတဲ့ ထမင်းနှဲတွေ ထိုးစားကြတဲ့ ယဉ်ကျေးမှုကြီးကလည်း အခိုင်အမာရှိဆဲ။




ကဲ..ထမင်းနှဲထိုးစားကြတာက ဟုတ်ပါပြီ၊ အိမ်အပြင်က အပူချိန် ဘယ်လောက်ရှိနေသလဲ။
ဒေါက်တာထွန်းလွင်ခမျာ အပူချိန်သတိပေး စတေးတပ်တွေ တင်နေရတာနဲ့ ထမင်းနှဲပွဲမှ သတိရခဲ့ရှာလေလား မသိ။
ဘာဖြစ်ဖြစ် တပိုတွဲလပြည့်မှာ ထမင်းနှဲတော့ ထိုးကြရမှာပဲ။
ဟဲဟဲ ပါရာဒိုင်း ရှစ်ဖ်တော့ ဖြစ်နေပြီ။

ဘုရားရှင်ကတော့ "ဒီလပြည့်မှာတော့ လက်တော်မီးကင်ဖို့ မလုပ်ကြပါနဲ့ကွယ် တို့၊ သောက်တော်ရေ အေးအေးလေးတစ်ခွက်သာ ကပ်ပါ"
လို့များ မိန့်တော်မူလေမလား မသိ။

ပေးကမ်းရက်ရောမှု


မြန်မာပြည်က ပေးကမ်းရက်ရောမှုမှာ အမေရိကန်နဲ့အတူ တစ်မှာ ရှိတယ်ပေါ့။
ဒီလိုတွက်ချက်ရာမှာ အဓိကပါဝင်နေတဲ့အချက်က ဘုန်းကြီး၊ သီလရှင် အရေအတွက်။ ဘာဖြစ်ဖြစ် ဘယ်လိုတွက်ချက်တယ်ဆိုတာ သိသင့်တာပေါ့။
ဒါကို ပြောသူ၊ သိသူ နည်းတယ်။

မြန်မာဗျည်းတွေက အင်္ဂလိပ်အသံတိုင်းကို ဖလှယ်နိုင်တယ်ပေါ့။ ဘာသာဗေဒကို နားလည်ရင် မဆိုးလှပါဘူး။
ဒါပေမဲ့ မြန်မာအများစုက Earth လို Girl လို မှာပါတဲ့ (အသံအုပ်) သရသံကို မှန်အောင် အသံမထွက်တတ်ဘူး။ Girl နဲ့ Car သရအသံ မကွဲဘူး။ တချို့က မတူမှန်းကို မသိတာ။
အသံဖွင့်နဲ့ပဲ ဆော်နေကြတယ်။ ဖိုနစ်တစ်မှာ "3:" နဲ့ ပြတယ်။

ရေတစ်ဝက်ပဲ ရှိတဲ့ဖန်ခွက်


၁။ အဆိုးမြင်သမားက တစ်ဝက်လျော့တဲ့။
၂။ အကောင်းမြင်သမားက တစ်ဝက်ပြည့်တဲ့။ (ဒါက လူသိများတယ်)
၃။ အင်ဂျင်နီယာက ဖန်ခွက်ဟာ ရှိသင့်တာထက် တစ်ဆပိုကြီးနေတယ် တဲ့။
၎။ မြန်မာပြည် တန်ဖိုးမဲ့အိမ်ယာ ကန်ထရိုက်တွေက ဖန်ခွက်လုပ်တဲ့လူတွေနှယ် ညံ့တာ တဲ့။



မြန်မာပြည်က တံတားတွေ လမ်းတွေရဲ့သက်တမ်း


တစ်။ နေရာတိုင်းမှာ အိမ်သာတွေ ရှိနေရမယ်။ လူတေကိုလည်း အိမ်သာထဲမှာပဲ အပေါ့အပါးသွားဖို့ ပညာပေးရမယ်။

နှစ်။ လူတွေပြီးရင် လူနဲ့အနီးဆုံး ခွေးတွေ ကြောင်တွေအတွက် အိမ်သာတွေ လုပ်ပေးရမယ်။ သူတို့ကိုလည်း အိမ်သာထဲမှာပဲ သွားဖို့ လေ့ကျင့်ပေးရမယ်။

ဒါဆိုရင် မြန်မာပြည်က တံတားတွေ လမ်းတွေရဲ့သက်တမ်း သိသိသာသာကြီး ရှည်လာလိမ့်မယ်။

ဘိန်းပမာဏ


ဆရာခင်ညွန့် အတွင်းရေးမှူး တစ် ဘဝက ဖျက်ဆီးလိုက်တဲ့ ဘိန်းခင်းတွေ၊ မီးရှို့ပြလိုက်တဲ့ ဖမ်းဆီးမိ ဘိန်းတွေ။
ပြသနာက ဖမ်းဆီးမိ ဘိန်းပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုပိုများနေခြင်းပဲ။
ကပေါက်တိ ကပေါက်ချာ အတော်နိုင်တဲ့လူတွေ။

ရေပြတ်လပ်မှု


အိန္ဒိယရဲ့ ရေပြတ်လပ်မှု။
တောတောင် မြစ်ချောင်းတွေ သတ်ပစ်လာတဲ့ မြန်မာအစိုးရ စနစ်ဟောင်း။
လာမယ့်အနှစ် ၅၀ နဲ့ ၁၀၀။ အနာဂတ်မျိုးဆက်ကို ရေမငတ်စေပါနဲ့။

သေချာပါပြီ


မုဆိုးနှစ်ယောက် တောလိုက်ထွက်ကြတယ်။
တောထဲရောက်တော့ ဘာကြောင့်မှန်းမသိ တစ်ယောက်က မူးမေ့ပြီး လဲကျသွားရော။ မျက်လုံးကြီးကပြူး၊ အသက်ရှုသေးသလား မရှုတော့ဘူးလားလည်း မသေချာတော့ဘူး။

ဒါနဲ့ ကျန်တဲ့တစ်ယောက်က စိုးရိမ်တကြီးနဲ့ အရေးပေါ် လူနာဌာနကို ဖုန်းဆက်ပေါ့...
"ကျနော့် သူငယ်ချင်း အသက်ရှိသေးလားမသိဘူး၊ ကျနော် ဘာဆက်လုပ်ရမလဲ"
"စိတ်အေးအေးထားပါ။ ပထမဆုံး သူ အသက်မရှူတော့တာ တကယ် မှန်ကြောင်း သေချာဖို့လိုပါတယ်"
"ဒါဆို ခဏ"
ဒိုင်း ဒိုင်း ဒိုင်း
"သေချာပါပြီ။ သူ လုံးဝ အသက်မရှူတော့ပါဘူး။ ကျနော် ဘာဆက်လုပ်ရမလဲ ပြောပြပါ။ ကျနော် စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ်"

ပွင့်လင်းရာသီမှာ


အဖိနှိပ်ခံဘဝ၊ စနစ်ဆိုးဘဝအောက်မှာ အနုပညာတွေ တစ်သီတစ်တန်းကြီး ဖန်တီးနိုင်ခဲ့တဲ့ ရုရှား အနုပညာရှင်တွေထက်
ပွင့်လင်းရာသီမှာ အနုပညာပါပါ တေးဂီတတွေ ဖန်တီးနိုင်တဲ့ အိုင်ရစ်တွေကို ကျနော်ပိုချစ်မိတယ်၊ ပိုလည်း လေးစားမိတယ်။
တော်လှန်ရေးကိုဖွဲ့သီမှ အနုပညာမြောက်တဲ့ ကဗျာ၊ ဂီတဖြစ်မယ်ဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။

လူနဲ့ စူပီးရီးယား ကွန်ပလက်စ် (နှစ်)


ဒါကတော့ လူတွေ ရယ်မောတတ်၊ ရယ်မောဖို့ ဖန်တီးတတ်တဲ့ ဟာသတွေနဲ့ ဆက်စပ်ပါတယ်။
အခြားလူတစ်ယောက် ဘယ်လောက် တော်တယ်၊ ဘယ်လောက် ဖြတ်ထိုးဉာဏ် ရှိတယ် ဆိုတာမျိုးကို လူတွေက သိပ်မရယ်တတ်ကြဘူး။ ရယ်စရာလို့လည်း သိပ်မထင်ဘူး။
ဒါပေမဲ့ အခြားလူတစ်ယောက်ရဲ့ အလွဲအမှားတွေ၊ အရေးမကြီးလှတဲ့ ကံမကောင်း အကြောင်းမလှ ကြုံတွေ့ရမှုတွေကိုတော့ လှိုက်လှိုက်လှဲလှဲ ရယ်မောတတ်ကြတယ်။ ဒီရယ်မောမှုမှာ သရော်လိုဟန်တွေ မပါကြပါဘူး၊ ရိုးရိုးပဲ ရယ်မောကြတာပါ။
ဒီအချက်ကို သံသယရှိရင် မြန့်မာပျက်လုံး၊ ကမ္ဘာ့ပျက်လုံးတွေကို လိုက်ကြည့်ပါ။ ဇာတ်လမ်းတွေ၊ ဟာသတွေထဲမှာ ဇာတ်ကောင်ရဲ့အမှန်ထက် ဇာတ်ကောင်ရဲ့ အမှားအကြောင်းတွေ ပိုများသလို လူတွေကလည်း ဒါကိုပဲ ရယ်မောကြတာပါ။
သူတစ်ပါးရဲ့ အမှားလေးတွေကို ရယ်စရာလို့ ထင်မှတ်နေကြခြင်းဟာ အတွင်းမှာ မသိမသာ ရှိနေတဲ့ လူရဲ့ စူပီးရီးယား ကွန်ပလက်စ်ကြောင့်လို့ သိပ္ပံကဆိုပါတယ်။

ဇင်ဝေသော်