လှပတဲ့ တွေ့ဆုံဆွေးနွေးမှု


"အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်) ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်"

ပထမ ပေါ်လစီအကြမ်း(Proposal)
ဗုဒ္ဓ။ ။ အဒသနေ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်ပါ အရှင်၊ ဘာသာရေးပွဲလမ်းတွေမှာ အမျိုးသမီးတွေ က ရှေ့ဆုံး၊ အမျိုးသမီးတွေက အများစုပါ။ အမျိုးသမီးတွေကို မကြည့်နဲ့ဆိုတဲ့ပေါ် လစီဟာ ရေရှည်အနာဂတ်အကျိုးစီးပွားအတွက် အလုပ်မဖြစ်နိုင်ပါ အရှင်။ တစ်ဆင့် လျှော့တော်မူပါဦး။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့နေ့စဉ် ၆ နာရီ ၄၅ ဝတ်ပြုချိန်၊ တနင်္ဂနွေမနက်ဝတ်ပြုချိန်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ သုံးပုံနှစ်ပုံကျော်ပါတယ်ဘုရား)

ဒုတိယ ပေါ်လစီအလတ် (In that case)

ဗုဒ္ဓ။ ။ အနာလာပေါ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်သေးပါ အရှင်၊ သူတို့နဲ့ စကားမပြောဘဲနေလို့ ရလိမ့် မည် မဟုတ်ပါ။ အချို့ပြောဖွယ်ဆိုရာတွေဟာ သူတို့နဲ့ပြောမှ ပိုအဆင်ပြေပါတယ်၊ ဒီပေါ်လစီကို လက်တွေ့ကျင့်သုံးဖို့ အနာဂတ်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဖွယ်ရှိပါတယ်အရှင်"
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော် ဒကာကြီး တစ်ယောက်ဆိုရင် ဖုန်းဆက်လို့သူဖြေတာတောင် "ရော့ နင်ဖြေလိုက်၊ ငါ စကား မပြောတတ်ဘူးဆိုပြီး" သူ့ဇနီးကို ထိုးပေးတတ်ပါတယ်၊ သူနဲ့တပည့်တော်ကြား ဘာပြသနာမှ မရှိပါ။ သူကိုယ်တိုင်ဆွမ်းလာပို့တတ်တဲ့ ရှားရှားပါးပါး ဒကာကြီး တစ်ယောက်ပါ)

တတိယပေါ်လစီ အနု(အတည်ပြု)
ဗုဒ္ဓ။ ။ Be mindful အာနန္ဒ။
အရှင်အာနန္ဒာ။ ။ သင့်တော်ကောင်းမြတ်ပါ၏၊ အပ်ပလီကေဘယ်ဖြစ်ပါ၏အရှင်၊ ညီတော်များသည် အမျိုးသမီးများအပေါ် အမေစိတ်၊ အမ၊ ညီမစိတ်တို့ဖြင့် ကြည့်စေရ၊ ပြောဆိုစေရပါမည်။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့ခေတ်မှာ အပြင်မှာသာမက အွန်လိုင်းမှာပါ အမေ၊ အမ၊ နှမတွေရှိနေကြရပါတယ် ဘုရား။ အရှင်ဘုရား အဆိုပြုချက်တွေကို စူပါလိုက်ခ်၊ စူပါထောက်ခံပါတယ်။ You got my vote ပါဘုရား)

ဗုဒ္ဓက ဓမ္မသာမိ၊ တရားအရှင်။
အရှင်အာနန္ဒာက ဓမ္မဘဏ္ဍာဂါရိက၊ တရားဘဏ္ဍာစိုး။
ဘုရားက ထည့်စေဆိုတိုင်း အရှင်အာနန္ဒာက ထည့်လိုက်မှာမဟုတ်သလို ထုတ်ခဲ့ လို့ မိန့်မှာတိုင်း သော့တွဲကိုင်ထုတ်ယူလာမည်မဟုတ်ပါ။ သူ့စည်းကိုယ့်စည်း ရှိတော်မူကြ၏။ အရှင်အာနန္ဒာမှာ ပြန်လည်လျှောက်ထားတင်ပြခွင့် ရှိကိုရှိ၏။

အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်)ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်။ အထက်ပါ ပေါ်လစီနှစ်ခု လျှော့ပေါ့ပြဌာန်းခြင်းကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။

ရှင်အရဟံနေ့


သီရီလင်္ကာယဉ်ကျေးမှုအရ မနေ့က သင်္ဃမိတ္တနေ့ပေါ့။ သီဟိုဠ်ကျွန်းကို ဘုရင့် သမီးတော် ရောက်တဲ့နေ့။
အဲသလိုပဲ ပုဂံကို ရှင်အရဟံရောက်တဲ့နေ့ကို တွက်ချက် (မှန်းဆ) ပြီး ရှင်အရဟံနေ့ သတ်မှတ်ထားရရင် မဆိုးလောက်ဘူး။
သမိုင်းပညာရှင်တွေနဲ့ညှိပြီး မဘသဆရာတော်တွေ ဦးဆောင်ကြည့်ရင် ဖြစ်နိုင် တယ်။




ပြန်ကိုပြန်ရမယ့် ကွန်မင့်


Par Par "ဝိနည်းတတ် ကြက်သတ် ဆိုတာကကော ရှင်းပြပါ ဘုရား"

ဒီ စကားပုံက နည်းနည်းတော့ လက်လွန်တယ်ထင်ပါတယ်။ ဝိနည်းသိရင် တချို့ အပြစ်ကို ရှောင်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
ဥပမာ။ ။ သာမဏေတွေနဲ့ တစ်မိုးထဲကျောင်းအောက်မှာ "တစ်ညလုံး" အတူ"မအိပ်ရ" ဆိုပါစို့။ ဒါက ဥပဒေ။
ဒီဥပဒေမှာ "တစ်ညလုံး" ဆိုတာကို ထောက်ကြည့်ရင် ညဝက်တော့ရတယ်ပေါ့။
ဒီတော့ မဖြစ်မနေ အိပ်ရတော့မယ်ဆိုတဲ့ရဟန်းက "အာရုံမတက်ခင်" အိပ်ယာက "ထ" လိုက်တယ်။
အပြစ်လည်းလွတ်၊ အားလုံးလည်းအဆင်ပြေပေါ့။ ဒါမျိုးပါ။ ကြက်သတ်လို့တော့ ရမယ်မထင်ဘူး။

ရဟန်းဝိနည်းလူ့ဝိနည်း


(ဤစာကို ပုဂ္ဂိုလ်ရေးထက်သံဃာကို ကိုယ်စားပြုသည့်စာဟုဖတ်ရှုလျင် ဒကာ၊ ဒကာမများအတွက် သဒ္ဓါပွားဖွယ် ပိုဖြစ်စေပါလိမ့်မည်။)



ဤသို့ ဖြစ်ခဲ့ဖူး၏။ ထိုင်ဝမ်ခရီးစဉ်မှာ အစားအသောက် အချိန်မမှန်ခြင်း၊ စားရ သည့်ဆန်များက စေးလွန်းခြင်းကြောင့် ကာလရှည်ကြာ ဒုက္ခပေးနေခဲ့သည့် အစာ အိမ်ရောဂါ ပြန်ထလာသည်။ သို့ဖြင့်ထိုင်ပေအရောက်တွင် ဆရာဝန်နှင့်တွေ့ဖို့ အထိ အကြောင်းဖန်လာခဲ့လေတော့သည်။ ထိုင်ဝမ်မှာ တစ်ခုခုဆိုလျင် ရောဂါကြီး သည် ငယ်သည် ပဓာနမထားဘဲ ဆေးရုံသို့သာသွားတတ်ကြသည်၊ ဆေးခန်းများ သိပ်ပြီးခေတ်မစားလှဟု ခရီးလမ်းညွှန်က ရှင်းပြသည်။ ရှိစေ။

ဆေးဝါးကုသမှုခံယူအပြီး ကုန်ကျငွေဘောင်ချာကို ထိုခရီးလမ်းညွှန်က ပေး ပြီး ကျောင်းဥက္ကဋ္ဌနှင့်ရှင်းကြသည်။ စင်္ကာပူရောက်လျှင် ဆက်လက်လုပ်ဆောင် သင့်သည့် ကိစ္စများကိုလည်း ထိုဝမ်ဆရာဝန်က လမ်းညွှန်လိုက်သည်။
ပြောချင်သည်က ဤကိစ္စဖြစ်ပါသည်။ ခရီးသွားစဉ် ကျန်းမာရေးစသည့်အာမခံ (အင်ရှူးဝါးရင့်စ်)များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဖြစ်လေသည်။ဆက်လက်လုပ်ဆောင်စရာများကို တစ်ပတ်အတွင်း အပြီးလုပ်ဆောင်ပြီး စုစုပေါင်းကုန်ကျငွေကို အာမခံကုမ္ပဏီမှတောင်းခံ မည်ဖြစ်ကြောင်း ကျောင်းအပြန်လမ်းပေါ်မှာ ဥက္ကဋ္ဌက လျှောက်ထားသည်။

ဤမှာ စဉ်းစားစရာဖြစ်သွားပါတော့သည်။
ကျန်းမာရေးအာမခံ (အင်ရှူးဝါးရင့်စ်) များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဆိုသည့် လူ့ဥပဒေအရ ဤကိစ္စက အမှန်ပင်ဖြစ် သည်။ ရသင့်၊ ယူသင့်သည့် အခွင့်အရေးဖြစ်သည်။ သို့သော် ရဟန်းဝိနည်းအရ စဉ်းစားစရာဖြစ်လာသည်။
၁။ ဒီရောဂါက ထိုင်ဝမ်ခရီးစဉ်ကြောင့် ဖြစ်ရတဲ့ရောဂါလား၊ မဟုတ်ပါ။ ကာလရှည်ကြာဖြစ်နေခဲ့သည့် ရောဂါဖြစ်သည်။ ထိုင်ဝမ်ခရီးစဉ် တိုက်ရိုက်မဆိုင်။
၂။ သို့ဖြစ်လျှင် လူ့ဥပဒေအရ ဤသို့တောင်းခံသော် ရဟန်းဥပဒေနဲ့ ပြစ်မှုလွတ်၊ မလွတ်။ လိမ်လည်မှုလေလား။

လိမ်လည်မှုတစ်မျိုးဟုထင်ပါသည်။ ထိုင်ဝမ်ခရီးစဉ်အတွင်း ကားအက်ဆီးဒင့်ဖြစ် သဖြင့် ဆေးရုံးရောက်ခဲ့ရသည့်အဖြစ်မျိုးဆိုလျင် တောင်းခံရန်သင့်သော်လည်း ထိုင်ဝမ်မသွားခင်ကတည်းကရှိနေပြီးသား ဤရောဂါအတွက် အာမခံကုမ္ပဏီ မှတောင်းခံခြင်းမျိုးကမူ မသင့်တော့ပါ။ လူ့ဥပဒေအရ မှန်ပြီး ရဟန်းဥပဒေအရ မှား၏။
ထို့ကြောင့် ဒေါ်လာလေး တစ်ရာနှစ်ရာနဲ့ ရဟန်းသိက္ခာ မထိစေလိုကြောင်း ရှင်းပြတော့ ဥက္ကဋ္ဌကသဘောပေါက်သွားပြီး
"မှန်တယ် ဘန္တေ၊ ဤသို့တောင်းခံခြင်းသည် လူအတွက်သာမှန်ပြီး ရဟန်းတစ်ပါး အတွက် မှားနေတယ်"
ဆိုကာ သူသာ စိုက်ပေးလိုက်တော့သည်။
(အမှန်မူ ဤစာမျိုးကို တန်ဆောင်မုန်းလပြည့်၊ သာမညဖလနေ့မျိုးမှာ တင်သင့်၏၊ ဒုတိယသက္ခာပုဒ်က သိမ်မွေ့လွန်းသည်၊ အကဲစမ်းလို့ မရ)

အဘိဓမ္မာစာမေးပွဲ မေးခွန်းလွှာ




(စင်္ကာပူစာဖြေဌာန၊ မင်္ဂလဝိဟာရကျောင်း၊ ဒီနေ့ တစ်နာရီမှာ အဘိဓမ္မာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ထူးရှယ်။)

၁။ မိဘပြည်သူများခင်ဗျား ဟုပြောနေသော ဦးသိန်းစိန် သဏ္ဍာန်၌ ဖြစ်ပေါ်နေေ သာ စိတ်အမည်ကို အဘိဓမ္မာအမြင်အရ တိကျစွာ ဖော်ပြခဲ့ပါ။

၂။ တစ်လင်တစ်မယားစနစ် ဥပဒေရေးဆွဲသူတို့သဏ္ဍာန်၌ဖြစ်ပေါ်နေသော စေ တသိက်အမည်ကိုဖော်ပြပြီး ယင်းနှင့်ယှဉ်ဖက်စိတ်တို့ကို မလွဲအောင်တွဲစပ်ပြပါ။

၃။ ပရမတ္ထတရားလေးပါးရှိသလို လေးပွင့်ဆိုင်ဆွေးနွေးပွဲရှိနိုင်၊ မရှိနိုင်အထောက် အထားပြဖြေဆိုခဲ့ပါ။

၎။ ဘယ်အစိုးရတက်တက် အလုပ်သမားက အလုပ်လုပ်ရမယ်၊ ဘုန်းကြီးက တရားဟောရမယ်(တချို့က အွန်လိုင်း၊ အော့ဖ်လိုင်း)။ တို့နဲ့ မဆိုင်ဆိုသူ၏ စိတ်ကို ဥပေက္ခာစိတ်အမည် ပေးလို့ရ၊ မရ အကြောင်းပြဖြေဆိုခဲ့ပါ။

၅။ လောက၌ ရွေးကောက်ပွဲဝိမုတ္တိ (ရွေးကောက်ပွဲဝင်ခွင့်မရှိသူ) ရှိသည်ဟု ဆိုကြ ၏။ ထို့အတူ ခန္ဓာမှလွတ်သောတရား ရှိပါသလား။ နိဗ္ဗာန်သည် ဘယ်ခန္ဓာထဲမှာ ပါသနည်း။ တိကျစွာဖြေဆိုခဲ့ပါ။

(ဒါဆို အောင်မှတ်ရပြီ)

အေးကြည်မနဲ့ သာရီ့သားရဟန်း


ရွာကဒေသသုံးလေးအကြောင်း ပြောချင်တယ်၊ ရွာမှာ အသက်ကြီးသွားတဲ့ အမျိုးသမီးကြီးတွေကို ဒေါ်တပ်ခေါ်ရင် ရိုင်းတယ်။ "မ" ကို နာမည်နောက် ထားခေါ်မှ မှန်တယ်။ ဥပမာ အမေ့နာမည် ဒေါ်သိန်းညွန့်။ "သိန်းညွန့်မ" လို့ခေါ် ကြသလို အဲသလိုခေါ်မှ ယဉ်ကျေးတယ်လို့လည်း ယူဆကြတယ်။ ဒေါ်သိန်းညွန့် ဆိုရင် တော်တော်ကြီးကို ရိုင်းသွားတာ။
ဒီယဉ်ကျေးမှုက တစ်နေရာစ နှစ်နေရာစတော့ ရှိတတ်ပါတယ်။ သေချာတာက ဧရာဝတီတိုင်းက ရွာတချို့မှာ ရှိတယ်။
၁၉၈၀ ခုနှစ်တွေတုံးက(ထင်တာပဲ) မောင်ကြေးမုံရေးပြီး ဟင်္သာတထွန်းရင်ဆိုတဲ့ "ကျွန်တော်သိတဲ့ အေးကြည်မ" ဆိုတဲ့ သီချင်းခွေ ရှိခဲ့တယ်။ သူ့ရဲ့ "အေးကြည်မ" ကြောင့် ကျေးလက်တွေမှာ မ နောက်ဆွဲနာမည်တွေ ခေတ်စားဖူး တယ်။ ဒါပေမဲ့ အများစု မ နောက်ဆွဲခေါ်ပုံကတော့ ချစ်စနိုး၊ သရော်တော်တော် အဓိပ္ပါယ်မျိုးပါ။
ဥပမာ ခွေးပုမ၊ ဘုတ်ဆုံမ၊ အကျင့်ပုတ်မ၊ ဖက်တီးမ စသည်။ ရွာယဉ်ကျေးမှုက အဓိပ္ပါယ်အားဖြင့် ထူးတယ်။
****************************************************************************
နောက် ဘုန်းကြီးရဟန်းတွေကို ရွာမှာ ဘွဲ့တပ်မခေါ်ကြဘူး၊ အဖေ (သို့) အမေ နာမည်တွေနဲ့ တွဲခေါ်ကြတယ်။(ဒီ ယဉ်ကျေးမှုကတော့ တော်တော် များများတွေ့ရ ပါတယ်။)
ဥပမာ သီဟနာဒဆိုရင် "သိန်းညွန့်မ ဦးဇင်း၊ သိန်းညွန့်မ ကိုယ်တော်" အဲသ လို ခေါ်ကြတယ်။ အစပိုင်း စိတ်ထဲမှာ တစ်မျိုးပဲ၊ ဘွဲ့ရှိလျက် ဘွဲ့မခေါ်လို့။ ဒါပေမဲ့ "သာရီပုတ္တ" ရဲ့ အဓိပ္ပါယ်ကို ကျကျနနသိတော့ သဘောကျသွားတယ်၊ ကိုယ်နဲ့ မတန်သလိုလိုတောင် ခံစားရတယ်။ (နာမည်က မိုက်စ်လွန်းနေတာကိုး)။

ဘုရားရဲ့ ရိုက်ဟန့်ဒ်၊ ပညာတွေ အတော်ဆုံး၊ အတတ်ဆုံးဆိုတဲ့ ကိုယ်တော်ကြီး မှာ ကိုယ်ပိုင်နာမည် မတွင်ရှာဘူး၊ အရှင်မြတ် ဘာကြီးပဲဖြစ်နေဖြစ်နေ သူ့နယ်က သူ့ကို သာရီရဲ့သာကြီး (ပါဠိလို သာရီပုတ္တ) လို့ပဲခေါ်ကြတယ်။ သူနာမည်ရင်းက မှတ်ပုံတင်ထဲမှာပဲ ရှိတာ။ ကိုယ်တော်ကြီးကို အားနာစရာကောင်းထှာ၊ (သူ့ ပါစင်နယ် နိမ်းကို ဘူမ ခေါ်ဘူးရယ်)။
ဘုရားရှင်ကတောင် ဒီယဉ်ကျေးမှုကိုလိုက်ပြီး "သာရီ့သားရဟန်း" က ငါ့ ညာလက်ရုံး လုပ်ချတော်မူလိုက်သေး။ ဒါက ဒေသသုံးပဲ။

ဘာသာရေးဘောင်ထဲက ဘဝလား ၊ ဘဝထဲက ဘာသာရေး တန်ဖိုးလား


ပထမဆုံး မေးမိတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကိုဖြေဖို့ ဗုဒ္ဓရှင်တော်ရဲ့ လူမှုရေးရာ(ဆိုရှယ် ဒိုင်မင်းရှင်းလို့ခေါ်တတ် ကြ) နာမည်ကျော် သုတ်တော်နှစ်သုတ်ကို ချဉ်းကပ်ကြည့်လိုက်ပါတယ်။ ဒီသုတ်တွေက သိဂါင်္လောဝါဒသုတ်နဲ့ မင်္ဂလသုတ်ပါ။
သိဂါင်္လောဝါဒသုတ်ကို ဦးစားပေးရင် ဘာသာရေးဘောင်ထဲက ဘဝဖြစ်မယ်။
မင်္ဂလသုတ်ကို ဦးစားပေးရင် ဘဝထဲက ဘာသာရေးတန်ဖိုးဖြစ်မယ်။
သိဂါင်္လောဝါဒသုတ်ကို အပိတ်ဒေသနာလို့ အမည်ပေးလိုက်ပြီး မင်္ဂလသုတ်ကို အဖွင့် ဒေသနာလို့ သတ်မှတ်လိုက်ပါတယ်။
အပိတ်ဆိုတာက တာဝန်နဲ့ဝတ္တရားတွေ တိတိကျကျသတ်မှတ်းထားလို့ပါ။

ဘာဖြစ်လို့ ဒီတာဝန်နဲ့ဝတ္တရားတွေကို လိုက်နာဖို့ ခက်သွားတာလဲ။
သိဂါင်္လောဝါဒသုတ်ဟာ ပရမတ္ထသဘောတရားမဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု အခြေခံသဘောဖြစ်နေလို့ပါ။
လူမှုရေး၊ ယဉ်ကျေးမှုအခြေခံသဘောဖြစ်နေရင် လူအဖွဲ့အစည်းရဲ့ပုံစပြောင်း သွားတာနဲ့ တာဝန်နဲ့ဝတ္တရားတွေလည်း ပြောင်းသွားပါတယ်။
လင်ရော မယားပါ အလုပ်ကိုယ်စီ၊ ဝင်င္ဗေကိုယ်စီခေတ်ကြီးထဲမှာ "အိပ်သော်ကားနောက်၊ ထသော်ကား ရှေ့" ကို ဇနီးတွေ လိုက်နာဖို့ ခက်သွား ပါပြီ။

ဒီထက်ရှင်းတာက မင်္ဂလသုတ်ကို ဥရောပ၊ အမေရိကဗုဒ္ဓဘာသာတွေ လိုက် နာနိုင်ပေမဲ့ သိဂါင်္လောဝါဒသုတ်လာ ဝတ္တရားတွေကို သူတို့ယဉ်ကျေးမှုနဲ့ လိုက် ဖို့အတော်ကြီး ခက်သွားပါပြီ။
ဒါဟာ ဒေသနာချင်းရန်တိုက်ပေးတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဒေသနာရည်ရွယ်ချက်တော်ကို ခပ်ရဲရဲချဉ်းကပ်ကြည့်ခြင်းသာပါ။

ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့


"ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့" လို့ ဘုန်းကြီးက မိန့်တော့ ဒကာက
"ဘယ်မှာ အထောက်အထားရှိလို့လဲ ဘုရား"လို့ ပြန်လျှောက်တယ်။
"ခန္တီစ သောဝစ္စသတာ၊ သမဏာနဉ္စ ဒသနံ" လို့ ဖြေတယ်။
"အဓိပ္ပါယ်ရှင်းပါအုံးဘုရား" ဆိုတော့
"ရဟန်းနဲ့မတွေ့ခင် သည်းခံတတ်ဖို့ အရင်လုပ်ထားရမယ်၊ ခန္တီစက သမဏာနဉ္စ ဒသနံ ရှေ့ကလာတယ်" တဲ့။
ဘုရားကတော့ ကုသိုလ်ရဖို့မိန့်တာပါ။
"ဒါကိုထောက်တော့ ရဟန်းတွေက စိတ်တိုအောင် အတော်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်များ ရောက်သွားလား မသိဘူး" ပြောမိတော့ တရုတ်တွေတော့ ရယ်ကြတာပဲ။

သရဏဂုံရွတ်ဆိုရာမှာ


သရဏဂုံရွတ်ဆိုရာမှာ ပီသနေရမယ်ဆိုတာက အရေးကြီးတဲ့စကားမို့ နားလည် မှု လွဲမသွားစေဖို့ ချမှတ်ထားတဲ့လမ်းညွှန်ချက်ပါ(အတင်းစည်းရုံးထားတာ မဟုတ်၊ သူ့သဘောနဲ့သူ အာမခံပြီးဝင်လာတာဆိုတာမျိုး၊ ဘုရာလည်း ဒီလို ကွန်ပလိန်းတွေရင်ဆိုင်ခဲ့ရတယ်၊ ဒါ့ကြောင့် ခံစစ်စည်းလိုင်း တားထားတာ)။
ဆောင့်ဆောင့်အော်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ဘယ်ထေရဝါဒနိုင်ငံ မှာ မှ ဆောင့်ဆိုတာမျိုးမတွေ့ရဘူး။ မှတ်မိသေး တယ်။ ဒေးဝန်းဆရာတော်ကြီး ကမ္မဝါ ဖတ်တော့ ငြိမ်ငြိမ်လေး၊ နာလို့လည်းကောင်းတယ်။
ချက်ချင်းကြီး ကီးမြှင့်ဆိုတဲ့အသံ မှန်၊ မမှန်။
ကီးမြင့်လွန်းသွားပြီး ဆိုလိုတဲ့အဓိပ္ပါယ်ကို နားလည်ရခက်သွားရင်တော့ မူရင်း စကားတော်နဲ့ သွေဖီသွားပြီ။ ဒါက သေချာတယ်။

ဥခွံဖောက်အတွေး


နယူးယောက်တိုင်းမ် ဘက်ဆဲလား စိတ်ပညာဒေါက်တာ M. Scott Peck ရဲ့ လူလျှောက်နည်းတဲ့လမ်း (The Road less Traveled.) စာအုပ်ထဲက ဝါကျလေးနှစ်ကြောင်းပါ။
Thinking too little is your problem.
Thinking too much is somebody Else's problem.
တွေးတောမှုအားနည်းလွန်းခြင်းက သင့်ပြသနာ၊ တွေးတောမှု များလွန်းခြင်းက အခြားတစ်ယောက်ရဲ့ ပြသနာ လို့ ပြန်လိုက်ပါတယ်။

လူဟာ ဦးနှောက်ရှိနေတဲ့အတွက် တွေးတော့တွေးကြပါတယ်၊ ဒါပေမဲ့ ရှုထောင့်ပြောင်းပြီး မတွေးတဲ့အတွက် သူ့အတွေးက ပုံစံတူ ထပ်တလဲလဲ ပဲဖြစ်နေပြီး မသစ်တော့တဲ့သဘော၊ ဖန်တစ်ရာတေသဘောရှိနေပါတယ်။




ဗုဒ္ဓစာပေက ဥပမာယူပြောရရင် ဥခွံမပေါက်တာပဲဖြစ်ပါတယ်။ ဥခွံမပေါက်သေးတဲ့ ကြက်ငယ်ဟာ ဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား ဥခွံထဲမှာပဲ ရှိနေတယ်။ ဥခွံပေါက်မှ အများကြီးကျယ်ပြန့်တဲ့ လောကအမြင်ကို သူရလိမ့်မယ်။
ဘုရားရှင်ကတော အဝိဇ္ဇဏ္ဍကောသံ အဝိဇ္ဇာတည်းဟူသောဥခွံ လို့ လှလှပပ ဥပမာပြုခဲ့တယ်။

ဘာရယ်မဟုတ်ပါ။ ဥခွံမပေါက်ရင် စဉ်းစား၊ စူးစမ်းမှုဆိုတဲ့ နာမ်တရား တစ်ခုတောင် ထောင်ကျနေတတ်တယ်ဆိုတာ တွေးမိလို့ပါ။
ကိုယ့်သံတိုင်နဲ့၊ ကိုယ့်သော့နဲ့ ပြန်ခပ်မိတဲ့ ကိုယ်ပိုင်ထောင်။
ပိုဆိုးတာက လူဟာ သူထောင်ကျနေမှန်း မသိတတ်ဘူး။

ဗုဒ္ဓေါ၊ လောက (ခွေးအိုလူနာနှင့်ရဟန်းသိက္ခာ)

မာစီကေလင်း (Mercy killing) ဟုလည်းကောင်း၊ ယူသနေရှား (Euthanasia) ဟုလည်းကောင်း၊ ထိုမှတဆင့် လစ်ဗင်း ဝေ(လ်) (Living will) ဟုလည်းကောင်း လူတစ်ယောက်၊ သတ္တဝါတစ်ကောင်၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍ ပြောကြဆိုကြသော စကားလုံးများ တော်တော်တွေ့ရ၏။ တစ်ချို့က တစ်ခမ်းတနား စာပေတစ်ဖွဲ့ရေးကြ၏။

လက်တွေ့သဘောအရမူ အလွန်ဆုံးဖြတ်ရခက်သော ကိစ္စများဖြစ်ကြ၏။ အထူးသဖြင့် ပြန်လည်ကောင်းမွန်လာရန် လုံးဝအခွင့်အလမ်းမရှိသော လူမမာသည် ကျေးဇူရှင်တစ်ယောက်ဖြစ်ခဲ့သော် ပို၍ခက်ခဲ၏။ ပြန်လည်ကျန်းမာရန် အခွင့်မရှိတော့သော မိခင်(သို့) ဖခင်ကို ဆေးရုံတင်ကြ၏။ ဆေးကုကြ၏။ အသက်ကယ်ဆေး၊ အသက်ကယ်ကိရိယာတို့ဖြင့် အသက်ကိုဆွဲဆန့်၊ ဒုက္ခကို ဆွဲဆန့်ကြ၏။ လိုက်(ဖ်) ပရိုလောင်း လုပ်ကြရ၏။ ငွေကုန်ကြေးကျကား များလွန်း၏။ စုဆောင်းထားသောငွေများ( လူလတ်တန်းစားများကို ဆိုလို) ကုန်သောအခါ ထိုလူမမာလည်း ဘဝဆုံးလေတော့၏။

ထိုကိစ္စများ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ အထက်ပါ မာစီကစ်လင်း(န်)နှင့် ယူသနေရှား တို့လည်း ပေါ်ပြူလာဖြစ်လာရတော့သည်။

ဆေးရုံတက်မှု၊ ဆေးကုသမှုစရိတ်ကြီးလွန်းသော စင်္ကာပူ၌ ဤကိစ္စမျိုး မကြာမကြာ တွေ့ရ၏။ သားသမီးများအတွက် အလွန်ကုသိုလ်ရသောကိစ္စဟု ထင်သည်။ ငွေလည်း အလွန်ကုန်၏။ ထိုလူနာသည် တစ်လကိုးသတင်း အသက်ရှင်နေသော် ရှိစုမဲ့စု ကုန်လေတော့၏။ သို့သော် တသက်မှာတစ်ခါ အစွမ်းကုန်ပြုစုခွင့်တော့ ရ၏။ ထိုလူနာ ဆုံးပါးသွားသည့်တိုင် နောင်တရစရာမရှိတော့။ ဘဝလုံ၏။

လူမျိုးခြားကြား၌ နေရသော ရဟန်းတစ်ပါးအနေနှင့် အတန်ကြာမှ သဘောပေါက်သောကိစ္စတစ်ခုရှိသည်။

လူနာအတွက် ရဟန်းတစ်ပါးကိုပင့်၍ ဗောဇ္ဈင်္ဂသုတ်ချီးမြှင့်ရန် ပင့်ဆောင်ရာ၌ လူနာပြန်လည်ကျန်းမာရေးအတွက်သာဟု အစက ထင်မိ၏။ မဟုတ်၊ မှားလေ၏။ လမ်းကြုံရင်း မေးကြည့်တော့မှ “ ပြန်လည်ကျန်းမာလာရေးအတွက် မဟုတ်၊ လျောလျောလျူလျူ အသက်ထွက်ရန်” ဟု ဖြေလေ၏။

မသိတော့၊ ဘာပရိတ်ရွတ်ရမှန်း တကယ်ကို မသိတော့။ ကျန်းမာရေးအတွက် ဗောဇ္ဈင်္ဂသုတ် ရွတ်ကြရ၏။ လျောလျောလျူလျူ အသက်ထွက်ဖို့ ရွတ်ရမည့်ပရိတ် မရှိ။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဗောဇ္ဈင်သုတ်ပဲ ရွတ်လိုက်ရ၏။

ဤ၌ ကိုယ်တိုင်ဘုရားတခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြောချင်သည်။

ထိုသူက သီရိလင်္ကာလူမျိုး စင်္ကာပူစီတီဇင် ဖြစ်၏။ စင်္ကာပူမှာမွေးသဖြင့် သီဟိုဠ်စကားလည်း မတတ်။ အင်္ဂလိပ်နှင့် မလေးစကားသာ တတ်၏။

သူ့မှာ ခွေးကြီးတစ်ကောင်ရှိသည်။ အလွန်လိမ်မာသော ခွေးကြီးဖြစ်သည်။ အရင်နှစ်တွေက ကျန်းကျန်းမာမာနှင့်တွေ့နေရသော ထိုခွေးကြီး၏ကျန်းမာရေးတစ်စတစ်စ ယိုယွင်းလာသည်ကို တွေ့ရ၏။ နောက်ဆုံးတွေ့စဉ် သူ့ခွေးကြီး မျက်စိနှစ်ဘက်ပင် ကွယ်သွားပြီဖြစ်သဖြင့် လမ်းလျှောက်ခေါ်၍မရတော့ဟု ဆိုလေသည်။

သိပ်မကြာပါ၊ ထိုပုဂ္ဂိုလ် အကြံဥာဏ်တောင်းချင်လို့ဟုဆိုကာ ကျောင်းရောက်လာ၏။

       “ အရှင်ဘုရား၊ တပည့်တော့် ခွေးကြီးကို မှတ်မိသလား”

       “ မှတ်မိတယ် ဒကာ၊ ဘာဖြစ်လို့လဲ”

“အဲဒီခွေးကြီးက အခု နောက်ဆုံးအချိန်ရောက်နေပြီ။ အလေး၊ အပေါ့လည်း အခန်းထဲမှာပဲ ကိစ္စပြီးရတယ်။ ညညဆိုလဲ မအိပ်ဘူး၊ တစ်အော်ထဲပဲ အော်နေတယ်။ တပည့်တော်လည်း အိပ်ရေးတွေပျက်လှပြီ၊ မခံနိုင်တော့ဘူး။ အဲဒါ ဘာလုပ်ရမလဲလို့ အရှင်ဘုရားဆီ အကြံဥာဏ်လာတောင်းတာပါ။ ”

       “ရဟန်းတစ်ပါးအနေနဲ့ကတော့ ဒီကိစ္စမျိုးကို ဘာမှ ဝင်မပြောသင့်ဘူးထင်တယ် ဒကာတော်။”

       “ဗုဒ္ဓဘာသာက ဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ”

    “ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ ပြောရရင် သူ့သက်တမ်းကုန်လို့ သေသွားတာပဲ လက်ခံပါတယ် (Natural Death)၊ နို့မို့ ပါဏာတိပါတက မလွတ်ပါဘူး”

       “ဒါဆိုရင် ဗုဒ္ဓဘာသာက မာစီကေလင်းကို လက်မခံဘူးပေါ့”

       “လက်မခံပါဘူး။ မာစီက မာစီ၊ ကေလင်းက ကေလင်းပါ။ မလုပ်အပ်ပါဘူး”

“သူသာ နောက်ထပ် တစ်လလောက် ဒီအတိုင်းဆိုရင် တပည့်တော် သေမှာပဲ၊ ဗုဒ္ဓဘာသာက ခွေးကိုတော့သနားတယ်၊ လူကိုတော့ မသနားဘူးပေါ့။”

“မဟုတ်ပါဘူး ဒကာ၊ လူကိုလည်း သနားပါတယ်။ ဦးဇင်း စောစောက ပြောခဲ့ပါပြီ၊ ကိုယ်ဆုံးဖြတ်သင့်တယ်ထင်လို့ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ဘာသာရေး ဝင်မပါစေချင်ပါဘူး။ ဘယ်ဘုန်းကြီးကမှ ခင်ဗျားခွေးကို တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနကို ပို့လိုက်ပါ၊ သူတို့ ကြည့်ရှင်းလိမ့်မယ်လို့ ပြောမှာမဟုတ်ပါဘူး”

       “ဒါဆို တပည့်တော်ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့”

       “ဟုတ်ပါတယ် ဒကာ”

       “ဟုတ်ပြီ၊ ဆုံးဖြတ်ပြီးရင် ဘယ်လိုသဘောထားရမှာလဲ”

“ကောင်းမှုတစ်ခုဖြစ်ရင် စိတ်ထဲမှာထားပြီး အထပ်ထပ်သတိတရ ဖြစ်ရပါတယ်။ ကုသိုလ်ပွါးအောင်လို့ပါ။ အကုသိုလ်တစ်ခုခုကို မလွဲသာမရှောင်သာ လုပ်ရရင်လည်း မေ့ဖျောက်လိုက်ဖို့ ပြောပါတယ်။ အကုသိုလ်အသစ် မဖြစ်အောင်လို့ပါ”

       “ကျေးဇူးပါ အရှင်ဘုရား၊ ရပြီ။ တပည့်တော်လိုနေတာ အဲဒါပါပဲ”

ဘယ်လိုသဘောပေါက်သွားသည် မသိ၊ ဝမ်းပန်းတသာဖြင့် ယင်းဒကာ ပြန်သွားလေတော့သည်။ အရင်ကနှင့်စာလျှင် ထိုပုဂ္ဂိုလ်လည်း အတန်ငယ် ပိန်ကျသွားသည်ကို သတိထားမိသည်။ ရဟန်းအနေနဲ့လည်း ဤကိစ္စမျိုး စကားရှည်ရှည် မပြောအပ်။ လူကို သနား၊ ခွေးကိုတော့ မသနား။ ခွေးကို သနား၊ လူကိုတော့ မသနား ကိစ္စက အလွန်ရှင်းရခက်၏။

       သို့ဖြင့်ပင်...

       ကာလအတန်ကြာသောအခါ အသုဘတစ်ခုသွားခိုက် ထိုဒကာမောင်းသောကားကို စီးခွင့်ရတော့၏။

       စကားစပ်မိရင်း...

       “ဒါနဲ့ ဒကာတော်ရဲ့ ခွေးကြီးရော ကျန်းမာရေးအခြေအနေ ဘယ်လိုနေသေးလဲ”

       “အရှင်ဘုရားက မေ့နေပြီ၊ အရှင်ဘုရားရဲ့ သြဝါဒအတိုင်း ခွေးကြီးကို သတ်ပစ်လိုက်ပြီလေ”

       ဗုဒ္ဓေါ!

ဗုဒ္ဓေါကိစ္စက ဤမျှဆိုလျှင် ရှင်းပြီဟုထင်သည်။ သူ့ခွေကိုသတ်ဖို့ ဤရဟန်းက သြဝါဒပေးလိုက်သည် ဟူသတတ်။
ပြုံးမိ၏။

စကား၊ ကိုယ်ချင်းစာမှု၊ တဖက်သား၏စကားကို ဘာသာပြန်ဆိုမှု။ ထိုလူ၏ ဘာသာပြန်ဆိုမှုအရ သီဟနာဒသည် ခွေးအိုတစ်ကောင်ကို သတ်ပစ်ရန် သြဝါဒပေးခဲ့ဖူး၏။

        လောက…….။


သီဟနာဒ





(on 5/04/2012)


Copyright © 2012 ကမ်းလက်. All rights reserved.

ပုခေယီဆိုတော့ ပုခေယီပေါ့


(ယဉ်ကျေးမှုမှ မတူတာ၊ ထမ်းဆိုလည်း ထမ်းလိုက်ပေါ့)

ထိုင်ဝမ်က ပြီးကာစ ဧရာမကျောင်းသစ်ကြီးထဲမှာ (စေ့စေ့စပ်စပ်ကြည့်မယ်ဆို တစ်ပတ်အတွင်း မပြီးဘူးဆိုပဲ၊ ကြီးတာကတော့ တကယ့်ကို ကြီးတာ) ပန်ချီကား တစ်ချပ်တွေ့ရတယ်။
ဘုရားရှင်ရဲ့ မိဘကျေးဇူးဆပ်ခန်းအကြောင်း ရေးထားတာပါ။ မိခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အခန်းမှာ မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဟောကြားပုံပါတယ်။ ဒါက ထေရဝါဒနဲ့ မကွဲပြားဘူး။
ဖခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အခန်းမှာတော့ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးရဲ့ ရုပ်အလောင်းကိုမီးသင်္ဂြိင်္ုဟ်ဖို့ ဘုရားရှင်ကိုယ်တော်တိုင် ပခုံးနဲ့ထမ်းပြီး သယ်လာ တာတွေ့ရပါတယ်။ အားနဲ့မာန်နဲ့ပဲ။
ကျောင်း ဥက္ကဋ္ဌက (သူကလည်း သီဟိုဠ်၊ ကလနီယတက္ကသိုလ် ဒေါက်တာ ဘွဲ့တော့ရပြီးသား၊ နာမည်ရှေ့ ဒေါက်တာတပ်တာတော့ မတွေ့မိဘူး)
"ဟေ့ လာကြည့်ကြ၊ တို့ ထေရဝါဒမှာ မတွေ့ရဘူး" တဲ့၊ ပြုံးစိစိနဲ့။
"ဘန္တေ၊ ဘယ်လို သဘောရသလဲ" လှည့်မေးနေလို့
"ယဉ်ကျေးမှုမှ မတူတာ၊ ထမ်းဆိုလည်း ထမ်းလိုက်ပေါ့" လို့ပဲ ဖြေလိုက်တယ်။
ဒီတော့ သူအပြုံးက "ဟား ဟား ဟား" ဖြစ်သွားရော။
သူရောကိုယ်ရော ဓာတ်ပုံရိုက်မယ်လုပ်တော့ ဓာတ်ပုံမရိုက်ရ ဆိုတဲ့ သင်္ကေတကို သွားတွေ့ရတယ်။ ဒါနဲ့ မရိုက်ရ၊ ပုံ မတင်ရတော့ဘူး။
အင်း ပုခေယီဆိုတော့လည်း ပုခေယီပေါ့လေ၊ ဟုတ်ဘူးလား။

ပြည်သူ့ငွေနဲ့အဖွဲ့အစည်းများ


ဒီခေါင်းစဉ်အောက်မှာ အခြားအဖွဲ့အစည်းတွေ အများအပြားရှိနိုင်ပေမဲ့ အထင်ရှား ဆုံး အဖွဲ့အစည်းနှစ်ခုကိုပဲ ဆွဲထုတ်လိုက်ပါတယ်။
၁။ အစိုးရ
၂။ ဘာသာရေးအဖွဲ့အစည်းများ(ဘာသာစုံ)
အစိုးရငွေက ပြည်သူ့ဆီက အခွန်စတဲ့ပုံစံတစ်မျိုးမျိုးနဲ့ဝင်လာတာဖြစ်ပြီး ဘာသာရေးအဖွဲ့အစည်းပိုင်ငွေတွေက အလှူငွေအနေနဲ့ ပြည်သူ့ဆီက ဝင်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့က....
* ပြည်သူ့အတွက်ပြန်လည်သုံးစွဲရင် မှန်ကန်ပြီး(အလွန်အမင်း သာဓုခေါ်နေစရာ မလိုလှသေးပါ)
*မသုံးစွဲရင် မှားပါ တယ်(ကဲ့ရဲ့၊ အရေးယူထိုက်တယ်)။

ဒီငွေတွေဟာ အစိုးရ (သို့) ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အလှူငွေ မဟုတ် ပါ။ ပြန်လည် သုံးစွဲငွေသာ ဖြစ်ပါတယ်။ ဘယ်အစိုးရက၊ ဘယ်ဘာသာရေးအဖွဲ့ အစည်းက ဘာလှူတယ်ဆိုတဲ့ စကားတွေဟာ ဝေါဟာရအားဖြင့်သာမှန်ပြီး အနှစ် သာရအားဖြင့် မမှန်ပါ။ အကြောင်းကတော့ အမှန်တကယ် အလှူရှင်က ပြည်သူ သာဖြစ်ပြီး သူတို့က စီမံခန့်ခွဲသူသာ ဖြစ်နေလို့ပါ။ (ကာယအလှူ၊ ဉာဏအလှူ၊ ဓမ္မအလှူ ဘယ် သွား ထားမလဲဆိုတဲ့ ကိစ္စဟာ ဆွေးနွေးလိုရင်း မဟုတ်ပါ)

အန္တရာယ်ကင်းအောင် စင်္ကာပူက ရွှေကျောင်းဆရာတော်ကို သာဓက ထုတ်ပါ မယ်။ သူဟာ အဖွဲ့အစည်းများစွာကို ဦးဆောင်မှုလည်း ပေးစွမ်းနိုင်၊ သူတော်ကောင်းစိတ်လည်းရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖွဲ့အစည်းရဲ့ အလှူငွေ ဟာ သူ့အလှူငွေတော့ မဟုတ်ပါ။

ဒါဖြင့် သူ့ကိုယ်ပိုင်အလှူ မရှိနိုင်တော့ဘူးလား။ ရှိပါတယ်။ ဒါကို ( အတင်းအကြပ် ကြီးကို) စင်္ကာပူဥပဒေက ဖြည့်ဆည်းပေးထားပါတယ်။ ဒီအဖွဲ့အစည်းတွေ ရဲ့ နာယက၊ စီအီးအိုအဖြစ်(မဖြစ်မနေ)သူ့ကို ပေးရမယ်လစာ(လုပ်အားခ) ရှိပါတယ်။ ဥပမာ ဒေါ်လာနှစ်သောင်း။ အဲဒီ နှစ်သောင်းကိုပဲ
*အားလုံး(သို့)အဲဒီ နှစ်သောင်းထဲ က အချို့ကို ပြန်လှူရင်တော့ သူ့ကိုယ်ပိုင်အလှူဖြစ်သွားပါတယ်(ချီးမွမ်းထိုက်ပါတယ်)
*မလှူဘူး (မချီးမွမ်းထိုက်ပေမဲ့ ကဲ့ရဲ့စရာ မဟုတ်)။
(လူ့ ဥပဒေအရ ယူတယ်၊ ဘုရား ဥပဒေအရ ပြန်လှူတယ်)
လီရှန်လွန်း၊ ဦးသိန်းစိန်ကိုလည်း ဒီအတိုင်းပဲ ကြည့်နိုင်ပါတယ်။

ဘာရယ်မဟုတ်ပါ။ အင်အားကောင်းလာနေတဲ့ ဘာသာခြားတွေကြားမှာ စနစ်ကျ၊ တင်းကြပ်၊ ဝိနည်းလည်းလက်ခံတဲ့ ဥပဒေများ Charity Acts ရှိလာရင် ကောင်း မှာလို့ တွေးမိလို့ပါ။ ဒါ့ကြောင့် သာသနာမကွယ်တဲ့အပြင် ပိုပြီးတောင် အားကောင်းလာနိုင်ပါတယ်။

မှတ်ချက်။ ။ စင်္ကာပူ ရွှေကျောင်းဆရာတော်ဆိုတာ တိုက်ဆိုင်လို့ထုတ်ပြတဲ့ သာဓကသက်သက်မျှသာဖြစ်ပါတယ်။ ဥပဒေမဲ့ ရိုးသား မြင့်မြတ်တဲ့ မြန်မာ ဆရာတော်တွေ အများကြီး ရှိပါတယ်။

သီလနဲ့အက်သစ် (၂)


ဒုတိယမေးခွန်းက ကိုနေလင်းအတွေ့အကြုံနဲ့ တိုက်ရိုက်တူနေပါတယ်။
"ခြင်သတ်မှု၊ အခြား ဗိုင်းရပ်ပိုးတွေကိုသတ်မှုလည်း ပါဏာတိပါတလို့ သိရပါ တယ်၊ ဒီသတ္တဝါတွေကိုသာမသတ်ရင် ကမ္ဘာဟာ ကပ်ရောဂါတွေနဲ့ ပြည့်နေ ပါလိမ့်မယ်။ ဒီအတွက် ဗုဒ္ဓဘာသာရဲ့အဖြေက ဘာပါလဲ" ဆိုတာဖြစ်ပါတယ်။
ဒီလိုနေရာတွေမှာ အလွယ်တကူဖြေလို့မရ၊ လွဲသွား၊ ကျဉ်းသွားရင် ဘာသာခြားတွေကပါ ဖေ့စ်ဘုတ်၊ ယူကျု၊ သတင်းစာကနေဆော်လာမှာကို သတိထားရပါတယ်။ အစိုးရရုံးမှာ သွားရှင်းရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ သုံးသပ်မှု ကျယ်ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ခိုင်မာတဲ့ရပ်တည်ချက်ကိုတော့ တစ်ပြားမှ လျှော့စရာမလိုပါဘူး။

ရှင်းခဲ့တာက......
၁။ ဗုဒ္ဓဘာသာရဲ့ သီလ၊ သမာဓိနဲ့ပတ်သက်တဲ့ ဖွင့်ဆိုမှု။ သမာဓိက မနောကံ (စိတ်) ကို ထိန်းတာ၊ သီလက ကာယကံနဲ့ဝစီကံ (ကိုယ်နဲ့နှုတ်) ကို ထိန်းတာဖြစ်တယ်။
မနောကံက ပုဂ္ဂလိကနဲ့သာဆိုင်တယ်၊ ကာယကံနဲ့ဝစီကံက လုပ်ပြီ ပြောပြီမို့ အကောင်း အဆိုး ပတ်ဝန်းကျင်ဆီကို ရိုက်ခတ်မှုရှိသွားတယ်။ ဆိုလိုတာက စိတ်နဲ့သတ်တယ်၊ သီလမကျိုးဘူး၊ သမာဓိ ကျိုးတယ်။ စိတ်ပါလက်ပါသတ်တယ်၊ သီလ၊ သမာဓိနှစ်ပါးလုံး ကျိုးတယ် ပေါ့။ ဒီတော့ ကမ္ဘာ့စံ(ဗုဒ္ဓဘာသာရဲ့ စံ လည်းဖြစ်ပါတယ်)ကို ဆွဲထုတ်ကြည့်နိုင်တယ်။

သီလကို
၁။ တစ်ကိုယ်ရေ သီလ(Individual)
၂။ ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) လို့ ခွဲခြားနိုင်ပါတယ်။

ငါးပါးသီလကို တစ်ကိုယ်ရေအနေနဲ့ကျင့်သုံးရင် ဘာမှ ပြသနာ မရှိဘူး။ ဥပမာ မင်းကွန်းဆရာတော်ကြီး၊ သီဟိုဠ်က နာရဒမထေရ်တိုဟာ သူတို့ရောဂါပျောက်ဖို့ ပဋိဇီဝဆေးတွေ သုံးစွဲခွင့် မပြုခဲ့ကြဘူး။ ရောဂါပျောက်ဖို့ ဗိုင်းရပ်ပိုးတွေ သေရမှာ ကို မလိုလားကြဘူး။ သီလကျိုးတယ်လို့ ခံယူတယ်။ ဒါက အရှင်မြတ်တွေကိုယ် တိုင် ရဟန်းတော်တွေဖြစ်နေလို့ နောက်ပြီး ဗိုင်းရပ်ပိုးက သူတို့ကိုသာ ဒုက္ခပေးပြီး ပတ်ဝန်းကျင်ကို ဒုက္ခမပေးလို့ ရာနှုန်းပြည့်မှန်တယ်။

ဒါပေမဲ့ သူတို့က အရှင်မြတ်တွေမဟုတ်ဘဲ နိုင်ငံတော်အစိုးရ ဖြစ်နေမယ်၊ ဗိုင်းရပ် ပိုးကလည်း ခြင်လို၊ ကြွက်လို၊ အီဘိုလာလို ပိုးတွေဖြစ်နေမယ်ဆိုရင် အဖြေက တစ်မျိုးဖြစ်သွားတယ်။ (ဘာဖြစ်ဖြစ် ခြင်၊ ကြွက်၊ အီဘိုလာကို မသတ်နဲ့လို့ ပြော မိရင်တော့ သေပေတော့ပဲ၊ စင်္ကာပူလိုနိုင်ငံမှာ တရားဟောခွင့်၊ နေထိုင်ခွင့်တွေ ပိတ်သွားလိမ့်မယ်။ ဒီလောက်မှ မပါးရင် စင်္ကာပူတက္ကသိုလ်မှာ တရားဟောဖို့ လည်း မစဉ်းစားနဲ့ ပဲ)
ဒါက ဗုဒ္ဓဘာသာနဲ့ ကိုက်ညီသလား။ ကိုက်ညီတယ်။ ဘုရားလောင်း ရသေ့နဲ့ ဘုရားလောင်းဘုရင် သီလအပေါ်ရှုမြင်ပုံ မတူဘူး။ တူလို့လည်း မရဘူး။ ဘုရင် လုပ်ရင် စစ်တိုက်ရမှာပဲ၊ မတိုက်ချင်ရင် မလုပ်နဲ့၊ မလုပ်ဘူး။ (ဥပမာ တေမိ မင်းသား)
အဖြေက ...
ငါးပါးသီလကို တစ်ကိုယ်ရေ သီလ(Individual)အနေနဲ့ကျင့်ရင် ချွင်းချက် မရှိ ရနိုင်ပေမဲ့ ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) အနေနဲ့ကျင့်ရင် လိမ်မာဖို့ လိုလာတယ်။ ဗုဒ္ဓဘာသာဘုရင်က သူ့အတွက် ဘယ်သူ့မှ မသတ်ဘူး၊ ဒါပေမဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ဘယ်သူ့ကိုမဆို အညှာပေးမယ်မဟုတ်ဘူး။ သူ့စေတနာက ရန်သူကိုသတ်တာ မဟုတ်၊ သူ့သားသမီးကို ကာကွယ်တာပဲဖြစ် တယ်။ ဒါပေမဲ့ ကုသိုလ်က ကုသိုလ်၊ အကုသိုလ်က အကုသိုလ်၊ ပါဏာတိပါတ က ပါဏာတိပါတအနေနဲ့ပဲရှိမယ်။ ဒါကိုလည်း ဗုဒ္ဓဘာသာဘုရင်က သဘောပေါက်တယ်။ ဒါကို မဟာယာနစာပေမှာ ဥပါယ ကောသလ္လ (နည်းပရိယာယ်လိမ်မာမှု) လို့ ခေါ်ပါတယ်။
(ဦးဇင်းမကြာမကြာပြောပါတယ်၊ ဘာသာခြားတွေနဲ့ ရင်ဆိုင်ရရင် မဟာယာနဟာ မိသားစုဝင်၊ စီဗီလိုက်ဇေးရှင်းတူ ညီအကို၊ ရန်ဖြစ်နေစရာ အကြောင်း တစ်စက်မှ မရှိဘူး)

အဆုံးသတ် ရပ်တည်ချက်....
ခြင်ကြောင့် ငှက်ဖျားဖြစ်နိုင်တယ်၊ ဒန်ကီဖြစ်နိုင်တယ်၊ ဟုတ်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် သေချာသလား။ ခြင်ကိုက်တိုင်း ဒီရောဂါတွေ ဖြစ်သလား။ ရာနှုန်း မပြည့်ဘူး။ မင်းတို့က ရိုက်သတ်လိုက်ရင်တော့ အဲဒါ ရာနှုန်းပြည့် သေချာသွားပြီ။
သူက ကိုယ့်သွေးတစ်စက်ကို စုပ်ရုံနဲ့ သူ့အသက်တစ်ချောင်းလုံး ပြန်ယူလိုက်တာ တရားနည်းလမ်း ကျ၊ မကျ။ ဘုရားကတော့ မကျဘူးလို့ ဖြေပါတယ်။ ဒါပေမဲ့ မင်းတို့က ဆရာဝန်၊ စစ်သား၊ အစိုးရ ဗုဒ္ဓဘာသာတွေဆိုရင်တော့ ပါဏာတိပါတကို ဥပါယ ကောသလ္လနဲ့တွဲပြီး ကျင့်သုံးမှ ရလိမ့်မယ်။

ဗုဒ္ဓဘာသာတွေရော၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ကလေးတွေပါ သာဓုမခေါ်ဘဲ လက်ခုပ်တီးကြပါတယ်။ သူတို့ ကျေနပ်လို့ဖြစ်မယ်လို့တော့ ယူဆရတာပါပဲ။

နောက်တစ်ခါဆိုရင် ငြိမ်းကျော်မောင်စကားနဲ့ အဆုံးသတ်ရမယ်။ ဒါပေမဲ့ Spiritual Advisor ဆိုတော့ "ဟီးးးး" ဆိုတာတော့ ဖြုတ်ထားမှ သင့်မယ် ထင်တယ်။
ကိုအံ့ထူးနိုင်ပြောတဲ့ ပဉ္စမမြောက်ပုဂ္ဂိုလ်ကိုယ်တိုင်ကြိုးဖြတ်က ရာနှုန်းပြည့် မှန်နေတော့ မေးခွန်းတက်စရာ မရှိတော့ဘူး။ ကိုနေလင်းက တစ်ကိုယ်ရေ သီလ(Individual) ကနေကြည့်တာ။ ကိုဝန်းသိုက ဝန်းကျင်နဲ့ဆက်စပ်တဲ့သီလ (Societal) ကနေကြည့်တာပဲ ထူးပါတယ်။ ဗုဒ္ဓဘာသာဟာ တရားသေကြီး မဟုတ်ပါဘူး။ ကမ္ဘာ့စံထဲ မပြောင်းဘဲ ဝင်လို့ရပါတယ်။

အမှာ။ ။ ဒီအဖြေဟာ မဆိုးဘူးဆိုတာကလွဲလို့ အကောင်းဆုံး လုံးဝ မဟုတ်နိုင်ပါ။

တည်ဆောက်ဆဲ နိုင်ငံတော်အတွက် ကိုယ့်နယ်ပယ်နဲ့ကိုယ် ရေးသင့်တယ် (ဦးအေးငြိမ်း)


ဦးအေးငြိမ်းက သူ့သူငယ်ချင်း အသက် ၅၀ တန်း အင်ဂျင်နီယာတွေကို နည်းပညာ ရပ်ဆိုင်ရာ စာအုပ်တွေ ရေးကြဖို့ တိုက်တွန်းထားတယ်။ မှန်တာပေါ့။ တည်ဆောက်ဆဲ နိုင်ငံတော်အတွက် ကိုယ့်နယ်ပယ်နဲ့ကိုယ် ရေးသင့်တယ်။
ဥပမာ ဆရာဝန်တွေက ဆေးပညာနဲ့ဆိုင်တဲ့ စာအုပ်တွေ ရေး၊
အင်ဂျင်နီယာတွေက နည်းပညာရပ်ဆိုင်ရာ စာအုပ်တွေ ရေး၊
အဲ ဘုန်းကြီးတွေက ကမ္ဘာ့နိုင်ငံရေး စာအုပ်တွေ ရေး၊ (ဒါတော့ ဆင်ဆာ လွတ်အောင် နည်းနည်း ပြင်လိုက်ရတယ်)

သီလနဲ့အက်သစ်


၁။ တောင်တက်သမား အက်သစ် (ပါဏာတိပါတ)။
ဥပမာ။ တောင်တက်သမား ငါးယောက်ဟာ ခြေချော်လက်ချော်ဖြစ်ပြီး ကြိုးတန်း လန်းနဲ့ ဒုက္ခရောက်နေကြတယ်။ အဲဒီကြိုးရဲ့ တာရှည်ခံနိုင်မှုက လေးယောက်ပဲ။ ဒီတော့ တစ်ခုတည်းသော ဖြေးရှင်းနည်းက အောက်ဆုံးမှာရှိနေတဲ့လူကို သူ့ အထက်မှာရှိနေတဲ့ စတုတ္ထမြောက် တောင်တက်သမားက ကြိုး ဖြတ်ချခြင်းပဲဖြစ် ပါတယ်။ ဖြတ်မချဘူးဆိုရင် ငါးယောက်စလုံး ကြိုးပြတ်ကျပြီး သေတော့မယ်။ ဒီမှာ တောင်တက်သမား အက်သစ်က "စတုတ္ထမြောက် တောင်တက်သမားဟာ အက်သစ်အရ မှန်တယ်" လို့ဆိုတယ်။

ကဲဒါဆို ဗုဒ္ဓဘာသာရဲ့ ငါးပါးသီလက ဘာပြောမလဲ။
ဒါဟာ ပါဏာတိပါတလား။
စေတနာမပါလို့ မဟုတ်ဘူးဆိုရင် ဖြတ်ချလိုက်လို့သေမယ်ဆိုတာ သူ မသိဘူး လား။
ဒါကို ဗုဒ္ဓဘာသာက ချီးမွမ်းသလား၊ ကဲ့ရဲ့မလား။

တစ်နေ့က (NUS) ကျောင်းသားတစ်ယောက်မေးတဲ့ မေးခွန်းနှစ်ခုထဲက တစ်ခုပါ။ စနစ်တကျ စဉ်းစားခြင်း (Critical thinking) ဆီက ထွက်လာတဲ့မေးခွန်းပေါ့။ တစ်ခုသိထားရမှာက အဲဒီကျောင်သားဟာ ပါဏာတိပါတမြောက်ဖို့ အင်္ဂါတွေကို သိထားသူပါ။
သူ့မေးခွန်းအတွက် အဖြေတွေက ကွဲနေမှာဖြစ်သလို အမှား၊ အမှန်လည်း မရှိပါဘူး(ယူနီဗာဆယ် စတန်းဒတ်နဲ့ ဆုံးဖြတ်လို့ မရဘူး)။
ဒီမေးခွန်းက ဘယ်ကျမ်းက ဘာဆိုတယ်ဆိုတာထက် လက်တွေ့ ယုတ္တိဗေဒကို ပို တောင်းဆိုပါတယ်။

စိတ်ဝင်စားရင် (ကွန်မင့်မရေးရင်တောင်) ကိုယ်တိုင် ဖြေကြည့်ကြပါလား။ ဗုဒ္ဓဘာသာက ငါးပါးသီလဟာ လူတိုင်းကျင့်သုံးလို့ရတယ်လို့ ဆိုတတ်ကြတော့ ကမ္ဘာထဲဝင်မယ့် ဗုဒ္ဓဘာသာလည်း ဒီမေးခွန်းမျိုးတွေကို သေချာပေါက် ရင်ဆိုင် ရမှာဖြစ်ပါတယ်။

==============================
"တောင်တက်တဲ့အားကစားကိုဝေါင်ဝေါင်ရှေးပါ့မယ် ဟီးးး"

ဘယ်လိုပဲဖြေဖြေ အမှားအမှန် တိတိကျကျ မရှိလှပါဘူး။ ဒါပေမဲ့ အဖြေအားလုံးရဲ့ အပြီးမှာ အဆုံးသတ်သင့်တာက Nyein KyawMaung ရဲ့ အဖြေလို့ထင်ပါတယ်။ "တောင်တက်တဲ့အားကစားကိုဝေါင်ဝေါင်ရှေးပါ့မယ် ဟီးးး"
သူ့ဥပမာနဲ့ သူ့ပြန်ချည်ပြီး "ဗုဒ္ဓဘာသာအဆုံးအမကတော့ ကြိုးဖြတ်ရမယ့်နေ ရာရော၊ အဖြတ်ခံရမယ့်နေရာကိုပါမရောက်ရအောင်ဆင်ခြင်နေပါ"
ပြောပါတယ်လို့ဖြေရင် ပရိသတ်ပါ ပွဲကျပြီး တသောသော ဖြစ်သွားမှာပါ။ (မနက်ဖြန်ပို့စ်ပြီးရင် သုံးသပ်မှုတချို့ တင်ပေးပါမယ်)

မွေးစားခြင်း သီအိုရီ



စလုံး သီလရှင်တစ်ပါး၏ အခက်အခဲနဲ့ပတ်သက်ပြီး ဆောင်းပါးရေးဖူးသည်။ ယင်းဆောင်းပါးကို အောက်မှာ ပြန်လည်ဖော်ပြပေးထားသည်။ အခု ပြောချင် သည်က သူမအကြောင်းမဟုတ်၊သူမ ပရိက္ခရာအကြောင်းဖြစ်ပါသည်။
လူစကားဖြင့်ဆိုလျင် ကျောင်းမှာ အစမ်းခန့်ကာလအနေနဲ့ သူမရောက်ရှိနေပြီဖြစ် ပါသည်။ ထိုအခါ သူမနဲ့အတူ သူမ ပရိက္ခရာလည်းပါလာသည်။ ပုံကိုကြည့်ပါ။ ပြုံးမိသည်။
လေးထောင့်စပ်စပ် ယွန်းခွက်လိုခွက်က သူမ သပိတ်ဖြစ်လေသည်။ ယခင်လို အဝိုင်းမဟုတ်တော့။ ၂၁ ရာစုမှာ သပိတ်လည်း ဝိုင်းရာမှ လေးထောင့်ဖြစ်သွား ခဲ့ပြီ။
ဆွမ်း၊ ခေါက်ဆွဲ၊ ဟင်း၊ သစ်သီးထည့်စရာ ခွက်လေးတွေ သီးသန့်ပါသည်။
သူမ တစ်နပ်စာအတွက် ကွက်တိဖြစ်လေသည်။
ခေတ်မီလာတိုင်း အဆုံးအမနဲ့ ဝေးသွားတာ မဟုတ်။
*******************************************************************

နိုင်ငံခြားမှာ ဒါတွေရှိတယ် (၂)

မနေ့က တရုတ်၊ စလုံးသီလရှင် မဒီပင်္ကရာရောက်လာသည်။ သူမကြုံတွေ့နေ ရသည့် အခြေအနေကို ရှင်းပြရင်း အကူအညီတောင်းခံရန် ရောက်ရှိလာခြင်း မျိုးဖြစ်သည်။
သူမမှာ မိခင်ကြီးရှိခဲ့သည်။ ထေရဝါဒသီလရှင်ဘဝဖြင့် ဘယ်ကျောင်းမှာမှ မနေ၊ သူမအိမ်ခန်းမှာပဲ မိခင်နှင့်အတူနေရင်း သတိပဋ္ဌာန် ပွားနေသူဟု သိရသည်။ သူမကို သိသည်ကတော့ ၅နှစ် ၆နှစ်ရှိပြီဟုထင်သည်။ ၁၉၉၆ မှာ သီလရှင် ဝတ်ခဲ့ သည်ဟု သိရသည်။
ယခု သူမ မိခင်ကြီး မရှိရှာတော့၊ ဆုံးပါးသွားလေပြီ။ ထို့နောက် ဒုတိယပြသနာက သူမအဆိုအရ အိမ်မှာ သူမတစ်ယောက်ထဲ နေခွင့်မရှိ။ အာဏာပိုင်များက အခြား တစ်ယောက်နဲ့ အတူနေရမည်ဟု ညွှန်ကြားလာသည်ဟု ဆိုပါသည်။
ဤကို ထောက်ဆပြီး အိမ်က သူမ အပိုင်မဟုတ်၊ အစိုးရအထောက်အပံ့ဖြင့် ငှားရမ်းနေနေသော အိမ်ဟု ယူဆရပါသည်။ မိခင်နှင့်အတူနေရာမှာ ပြသနာ မရှိသော်လည်း သူစိမ်းတစ်ယောက်နဲ့ အတူနေဖို့ကျတော့ သီလရှင်ဖြစ်နေသည့် အတွက်(အိပ်ချိန်၊ စားချိန် မတူညီကြခြင်း စသည်)အခက်ကြုံနေရကြောင်း ဆိုပါ သည်။
ယခု သူမ အိမ်အပိုင် ဝယ်လိုသည်။ သို့သော် သူမမှာ ငွေက လုံလုံလောက်လောက် မရှိ။ အစိုးရဆီက ချေးငွေရရန် သူမမှာလက်ရှိ လစာရသည့် အလုပ်ရှိနေရမည်။
ထို့ကြောင့် မိမိတို့ကျောင်းအနေနဲ့ သူမကို အလုပ်ခန့်လို့ ရ၊ မရ အကူအညီတောင်းခံခြင်းမျိုး ဖြစ်လေသည်။

သူမနဲ့ ဆင်ဆင်တူ ရဟန်းတစ်ပါးကိုတော့ ရဟန်းဖြစ်နေသဖြင့် အပြီး လက်ခံထားဖို့ သဘောတူခဲ့သည်။ ယခုဆိုလျင် သူ၏ မင်ဒရင်း(တရုတ်)ဘာသာနဲ့ ထေရဝါဒသင်တန်းများ အရှိန်အဟုန် အတော်ကြီး ကောင်းနေပေပြီ။ ထေရဝါဒအဆုံးအမကို စင်ကာပူမှာ တရုတ်လို ဖြန့်ဝေနိုင်သည့် ပထမဆုံး သင်တန်းဟုပင် ဆိုကြသည်။ သာဓုခေါ်ဖွယ်ပင်ဖြစ်ပါ၏။ နိုင်ငံခြားသား(အမှန်မူ ဤနိုင်ငံက သူတို့နိုင်ငံသာ မဟုတ်ပါလား) ဝင်လာမှာ မကြောက်တတ်သည့် မိမိ၏ မူရင်းစိတ်နဲ့ဆုံးဖြတ်ချက် မှန်သည်ဟု ယူဆရပါသည်။ စရိုက်သဘာဝများ ကွဲပြားသော်လည်း နားလည်မှုက ညှိနှိုင်းလို့ ရပါသည်။
*********************************************************************

အသက်၊ အတွေ့အကြုံငယ်သေးသည့် ညီငယ်၊ ညီမငယ်တို့အတွက် သင်္ခန်းစာ။ (ဆရာကြီး၊ ဆရာမကြီးများအတွက် မဟုတ်ဟုဆိုလိုသည်)
ဤသဘောတရားကို ပါမောက္ခကြီးများရေးသည့် ကမ္ဘာ့နိုင်ငံရေး စာအုပ် ထူထူကြီးတွေထဲမှာ "မွေးစားခြင်း သီအိုရီ(သို့)သူ့ယဉ်ကျေးမှု ကိုယ်ပိုင်ပြုခြင်း" လို့ ဆိုကြပါသည်။ ဘာမှမဟုတ်ပါ။ ခေတ်မှီပစ္စည်းများကို မိမိတို့မူလ ယဉ်ကျေးမှုနဲ့ အည်ီ အသုံးပြုခြင်း၊ မိမိယဉ်ကျေးမှုကို မကွယ်စေဘဲ ခေတ်မှီအောင် ကြိုးစားခြင်း သာဖြစ်ပေသည်။

ပဝါရဏာ ( သို့ ) ဗုဒ္ဓ၏ ဆိုရှယ် ဆိုင်းယင့်စ်

ပဝါရဏာ ဆိုသည် ဝိနည်းတော်ထဲမှာ တွေ့ရသည့် ဆိုရှယ် ပညာရပ် တစ်ခုဖြစ်သည်။ ယနေ့ ခေတ်စကားဖြင့်ဆိုလင် ရဟန်းတော် အချင်းချင်း ဖဲယားဝဲလ် နှုတ်ဆက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ သို့သော် ဗုဒ္ဓ၏ ဖဲယားဝဲလ် ယဉ်ကျေးမှုက ကိုယ်ကျင့်တရား ရေးရာများ ပါဝင်နေသည်။ ဝါတွင်း သုံးလပတ်လုံး အတူတူ သီတင်းသုံးခဲ့ကြရပြီးနောက် တစ်ပါးကို တစ်ပါး၊ တစ်ပါးနှင့် တစ်ပါး ပုထုဇဉ် ရဟန်းတော်များ ပီပီ စိတ်အမြင်မတူမှုများ သေချာပေါက် ရှိနိုင်ပေသည်။ ထို့ကြောင့် ဝါလကျွတ်၍ ကိုယ့်ခရီးကို လျှောက်ကြရာ ထိုထို စိတ် အခန့်မသင့်မှု၊ အမြင်မတူမှုများ ပါမသွားရလေအောင် တစ်ပါးကိုတစ်ပါး ဝန်ခံကြ၊ တောင်းပန်ကြ၊ ခွင့်လွှတ်ကြ၏။ နောက်နောင် အမြင်မတော်မှု တွေ့ပါက ရိုးသား ပွင့်လင်းစွာ ထောက်ပြ လမ်းညွှန်ရန် ဖိတ်မံကြရသည်။

ဘုရားလက်ထက်တော်တုန်းကမူ ဤသို့ လမ်းခွဲပြီးနောက် တစ်ပါးနှင့် တစ်ပါး ပြန်လည်ဆုံတွေ့ရန် ခက်ခဲပေမည်။ ယနေ့ခေတ်မှာတော့ အများအားဖြင့် နှစ်ရှည် လများ အတူတကွ သီတင်းသုံးနေကြသဖြင့် ရဟန်းတော်ချင်း ပိုမို အကျွမ်းတဝင် ရှိကြသည်။ မည်သို့ဖြစ်စေ " ပဝါရဏာ " ယဉ်ကျေးမှုက ရဟန်းအဖွဲ့အစည်း ဥပဒေတော်သည် အလွန်ခေတ်မီပြီး စီဗီလိုက်ဇေးရှင်း သက်တမ်းလည်း အရှည်ကြဆုံး ဖြစ်တန်ရာကောင်း၏ ဟု ဂုဏ်တော်ကို မှန်း၍ ကြည်ညိုမိသည်။
(posted on 10/30/2012 and 19/10/2013 )

သီဟနာဒ

ဒီဆောင်းပါးဘယ်မှာဆုံးမယ်မသိပေမဲ့ စတော့စလိုက်တယ်။ ဆုံးချင်တဲ့နေရာမှာ ဆုံးတော့။


(တစ်) ရှားနေပြီ

သူ့ဘွဲ့က ဦးပညာနန္ဒ၊ ပြည်သား၊ ရန်ကုန် နပသ ထွက်။ ၂၀၀၀ ဝန်းကျင်က မဟာသန္ထိသုခနေစဉ်မှာရင်းနှီးခဲ့တာ။ ရဟန်း ၂၁ ပါးမှာ လိုချင်မှု၊ ပူပန်မှု အနည်းဆုံးလို့ သူ့ကိုပြောရင် ဘယ်သူမှ ငြင်းချက်ထုတ်နေမှာမဟုတ်ဘူး။
ကျောင်းပိုင်ဖို့ မစဉ်းစားသလို အားစိုက်မှုလည်း ဘာမှမလုပ်ဘူး။ ဒီနေ့ ဒီ ကိုယ်တော်က မင်္ဂလာဒုံမှာ ကျောင်းဝင်းကြီးနဲ့ ကျောင်းနဲ့။ ပျံတော်မူသွားတဲ့ဆရာတော်က သွေးတစ်ဆက်မှမတော်တဲ့ သူ့ကို ဝိနည်းအစစ်အတိုင်း ပေးထားခဲ့တာ။ ငွေတစ်ပြားမှမကုန်သလို ကုန်ရမယ်ဆိုရင်လည်း သူ့မှာ ငွေဒီလောက် ဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ဘူး။ သူ့ကံက ရှားသလို အဲဒီဆရာတော်မျိုးကလည်း ဒီခေတ်မှာ မရှိသလောက်ပဲ။
ဒီသတင်းကြားပေမဲ့ သူ့ဆီမရောက်ဖူးဘူး။ ဒါနဲ့ ဒီနှစ် စာအုပ်မိတ်ဆက်ပွဲအကြောင်း သူ့ကို မပြောတော့ဘူး။ ပြောလို့ သူရောက်လာရင် သူ့နေရာကို ကိုယ်ကသွားဖြစ်မှာ မဟုတ်တော့ဘူး။
သူ့ကံအကြောင်း၊ ဘာကြောင်းညာကြောင်းတွေပြောရင်း
"ကိုယ့်လူလည်း စင်္ကာပူမှာ မနေတော့ရင်(သို့) နေမရတဲ့ အနေအထားရောက်ရင် (၂၀၀၇ တုံးက စင်္ကာပူ ဘလက်ခ် စာရင်းထဲ ပါခဲ့တာကို သူသိလို့ဖြစ်မယ်) ဘယ်မှာ နေမှာလဲ၊ ရန်ကုန်မှာ ကျောင်းလေးဘာလေး လုပ်ထားသလား" လို့မေးတယ်။
"တပည့်တော်ဖြင့် ဒီကိစ္စကို စဉ်းကိုမစဉ်းစားမိတာ" ဖြေလိုက်လို့ စကားစ ဒီမှာပြတ်သွားတယ်။

(နှစ်) ဘိက္ခု ဉာဏိန္ဒလားဓမ္မဂင်္ဂါလား

ညပိုင်းရောက်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ပဲ ဘိက္ခု ဉာဏိန္ဒပါးစပ်က ပွင့် လာပြန်ရော။ သုံးဆယ်ကျော်၊ လေးဆယ်ကျော် တကယ်အလုပ်လုပ်ရမယ့် အချိန်တွေ မှာ ကျောင်းဆောက်ဖို့လုပ်ရ၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့ အချိန်ကုန် ရ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။
ဓမ္မဂင်္ဂါလည်း ဒီအဓိပ္ပါယ်မျိုးဆောင်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်မှတ်ပါတယ်။ သူကတော့ ဆရာဝန်တစ်ယောက်စကားကို ကိုးကားထားတာလို့ သတိရမိတယ်။
ဒါပေမဲ့ ဒါက မြန်မာပြည်ရဲ့ လက်ရှိရေစီးဖြစ်နေတယ်။ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် အကောင်ထွားလာလေလေ ကပ်နေဖို့ ခက်လေလေမဟုတ်လား။ သူတို့စကားတွေကြောင့် အထက်က မိတ်ဆွေကိုပေးခဲ့တဲ့အဖြေက ပိုခိုင်မာ သွားတယ်။

(သုံး) အနာဂတ်

တကယ်လို့ မြန်မာပြည်ရဲ့ မြို့ပြစနစ်က စင်္ကာပူလိုဖြစ်လာရင် ကိုယ်လုပ်ချင်ရာ တစ်ခုတည်းကို အားစိုက်လုပ်လိုတဲ့ ကျောင်းပိုင်မရှိ၊ ပိုင်ဖို့လည်းမကြိုးစားချင်တဲ့ ရဟန်းလတ်တွေအတွက် အဖြေရသွားနိုင်တယ်။
အခန်းတစ်ခန်း ငှား၊ သာသနာ့အလံ ထောင်၊ ဘုရားဆင်းတု တစ်ဆူထား ကိုးကွယ်၊ စာကြည့်၊ စာရေး၊ ကွန်ပျူတာစားပွဲ တစ်လုံးနဲ့ ဝါသနာပါရာ၊ ယုံကြည်ရာ လုပ်။ စာသင်တာ ဝါသနာပါရင် ဟောခန်းတွေ နာရီနဲ့ငှား၊ ကလေးတွေကို အင်္ဂလိပ်စာလိုဟာတွေ သင်ပေး။ ဒါဆိုရင် အုတ်၊ ထုံး၊ သဲ၊ ကျောက်တွေနဲ့လည်း အချိန်ကုန်စရာ မလို၊ မေတ္တသုတ်ထဲကလို သလ္လေခဝုတ္တိ၊ ကုလေသွနနုဂဒ္ဓေါ လည်းဖြစ်၊ ပြောင်းဆိုလည်း ပြောင်းလိုက်ပေါ့။

ခေတ်မှီလာတိုင်း ဘုရားအဆုံးအမနဲ့ဝေးသွားတာ မဟုတ်ဘူးဆိုတာ တွေးမိလို့ပါ။
စင်္ကာပူ တိုက်ခန်းတွေက သစ်တစ်ပင်၊ ဝါးတစ်ပင်နဲ့ ပိုတူတယ်။ ဒီနေ့ရှိလို့ မနက်ဖြန်ရှိမယ်ယူဆလို့မရဘူး။ ပြောင်းဆို ပြောင်းရတာ။ သစ်တစ်ပင်၊ ဝါးတစ် ပင်ဆိုတာတွေကို တစ်ယောက်ယောက်က လာခုတ်ယူသွားနိုင်သလို မျိုးပေါ့။

တကယ်က ဘာမှမရေရာတဲ့ အနတ္တအခွံမာနဲ့ဘဝထဲမှာ အဲသလောက် စဉ်းစားနေတာကကို လွန်နေပြီထင်တယ်။

ဒီနေ့လည်း ဘာသာရေးဆိုင်တဲ့ ခပ်စပ်စပ်မေးခွန်းတစ်ခု တင်လိုက်ပါတယ်။


တလောလေးက ဗုဒ္ဓဘာသာဖြစ်သွားတဲ့ ကမ္ဘာသိ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို စာရင်းပြုထားတဲ့ ပို့စ်တစ်ခုတက်လာပါတယ်။
ဝမ်းသာစရာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ မေးစရာတွေရှိနေပါတယ်။
၁။ သူတို့ဟာ ဘယ်လိုဗုဒ္ဓဘာသာတွေလဲ။
၂။ ဘယ်သူတွေရဲ့ သာသနာပြုမှုကြောင့် သူတို့ ဗုဒ္ဓဘာသာဖြစ်သွားတာလဲ။

လက်ရှိအချိန်မှာ အနောက်နဲ့ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနေတာက တိဗက်နဲ့ဇင် ဗုဒ္ဓဘာသာတွေ ဖြစ်ကြပါတယ်။
သူတို့ကြောင့် ဗုဒ္ဓဘာသာဖြစ်သွားမှုတွေအပေါ် ဂုဏ်ယူရဲရင် သူတို့ကို လေးစား၊ ဂုဏ်ပြုဖို့လည်း မမေ့အပ်ပါဘူး။
မဟာယာန၊ တန္တရ၊ မန္တရ၊ ဇင်ဆိုပြီး ဝေဖန်၊ ပုတ်ခတ်တဲ့ ( နိုင်ငံဖြန့်) မဂ္ဂဇင်းက လည်း မြန်မာပြည်မှာပဲ ရှိမယ်ထင်ပါတယ်။ ပုဂံခေတ်က ပါလာတဲ့ဒဏ်ရာကို မကုစားနိုင်သေးခြင်းကြောင့် အလွန်အမင်းကာကွယ်လိုရာကနေ သူတစ်ပါးကို အထင်သေးမိသွားခြင်း ဖြစ်ဟန်တူပါတယ်။
အများစု အခြေခံလက်ခံမှုကလည်း ငါတို့ဟာမှငါတိုဟာ ဖြစ်နေတတ်ပါတယ်။
မိမိတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးကို ထိမ်းသိမ်းလိုတာနဲ့ ယဉ်ကျေးမှုမတူသူတွေကို အထင်သေးနေစရာမလိုပါဘူး။ ညီရင်းအကိုစိတ်ထားနိုင်မှ သူတို့အောင်မြင်မှုက ကိုယ့်မိသားစုရဲ့အောင်မြင်မှုဖြစ်နိုင်ပါတယ်။ ဂုဏ်လည်း ယူသင့်ပါတယ်။

သမိုင်းတန်ဖိုး
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို မဝင်ရသေးတဲ့ အမေရိကန်တွေက သူတို့ဟာ ဥရောပနဲ့မတူဘူးလို့ ဆိုကြပါသတဲ့။
အာရှနဲ့မွတ်စလင်ကမ္ဘာထဲကို ဝင်သွားပြီးတော့မှ ပိုပြီးကွဲလွဲနေမှုတွေကို တွေ့ရ ရင်း သူတို့နဲ့ဥရောပကြားက ဘုံတူညီမှုတွေကို ရှာတွေ့ကြပါသတဲ့။
ဘာသာစုံနိုင်ငံတွေ၊ ဘယ်ဘာသာမှ အခွင့်ထူးမရတဲ့နိုင်ငံတွေမှာနေပြီး ဘာသာ စုံ၊ ယဉ်ကျေးမှုစုံ အသည်းအသန်စည်းရုံးနေကြရတဲ့ အခြေအနေကိုကြုံတွေ့ရမှ တိဗက်၊ ဇင်နဲ့ထေရဝါဒရဲ့ ဘုံတူညီမှုတွေကို ပိုပြီးအလေးထားလာမှာမို့ ခဏတော့ စောင့်ကြရဦးမယ့်သဘောပါပဲ။

ဒါက အရေးကြီးသလား၊ ဒီထက်အရေးပါတာတွေက ဘာလဲ။ ဉာဏ်မမီဘူး။
ရွှေစည်ဦးနဲ့အိန့်မြတ်သူရေ
တန်ဖိုးသတ်မှတ်မှု၊ အရေးကြီး၊ မကြီးဆုံးဖြတ်မှုတွေဟာ တစ်ဦးချင်းဆီရဲ့ အယူ အဆသာဖြစ်ပါတယ်။
ဥပမာ။
ဒီနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်တွေမှာ မပါမပြီးခေါင်းစဉ်တွေက ဂေး၊ လက်စ်ဘီး ယန်းကိစ္စတွေပါ။
ဒါမျိုးကောက်ရေးလို့ မြန်မာစာဖတ်ပရိသတ်က ဘလော့ဂ်မှာ "မရောင်ရာဆီလူး" လို့ ကွန်မင့်ပေးပါးတယ်။
"လုံးစုံများစွာ သတ္တဝါလို့" ဆိုကြပေမဲ့ ကိုယ့်ဝန်းကျင်က သူတို့ဘဝဒုက္ခနဲ့လူရာ မဝင်မှုတွေကို မေ့နေကြတယ်။
အခရာ မကျလှဘူးဆိုရင်လည်း အခရာကျတာကို မသိတဲ့အတွက် နားလည်ပေး ကြပါ။