ရဟန်းဝိနည်းလူ့ဝိနည်း


(ဤစာကို ပုဂ္ဂိုလ်ရေးထက်သံဃာကို ကိုယ်စားပြုသည့်စာဟုဖတ်ရှုလျင် ဒကာ၊ ဒကာမများအတွက် သဒ္ဓါပွားဖွယ် ပိုဖြစ်စေပါလိမ့်မည်။)



ဤသို့ ဖြစ်ခဲ့ဖူး၏။ ထိုင်ဝမ်ခရီးစဉ်မှာ အစားအသောက် အချိန်မမှန်ခြင်း၊ စားရ သည့်ဆန်များက စေးလွန်းခြင်းကြောင့် ကာလရှည်ကြာ ဒုက္ခပေးနေခဲ့သည့် အစာ အိမ်ရောဂါ ပြန်ထလာသည်။ သို့ဖြင့်ထိုင်ပေအရောက်တွင် ဆရာဝန်နှင့်တွေ့ဖို့ အထိ အကြောင်းဖန်လာခဲ့လေတော့သည်။ ထိုင်ဝမ်မှာ တစ်ခုခုဆိုလျင် ရောဂါကြီး သည် ငယ်သည် ပဓာနမထားဘဲ ဆေးရုံသို့သာသွားတတ်ကြသည်၊ ဆေးခန်းများ သိပ်ပြီးခေတ်မစားလှဟု ခရီးလမ်းညွှန်က ရှင်းပြသည်။ ရှိစေ။

ဆေးဝါးကုသမှုခံယူအပြီး ကုန်ကျငွေဘောင်ချာကို ထိုခရီးလမ်းညွှန်က ပေး ပြီး ကျောင်းဥက္ကဋ္ဌနှင့်ရှင်းကြသည်။ စင်္ကာပူရောက်လျှင် ဆက်လက်လုပ်ဆောင် သင့်သည့် ကိစ္စများကိုလည်း ထိုဝမ်ဆရာဝန်က လမ်းညွှန်လိုက်သည်။
ပြောချင်သည်က ဤကိစ္စဖြစ်ပါသည်။ ခရီးသွားစဉ် ကျန်းမာရေးစသည့်အာမခံ (အင်ရှူးဝါးရင့်စ်)များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဖြစ်လေသည်။ဆက်လက်လုပ်ဆောင်စရာများကို တစ်ပတ်အတွင်း အပြီးလုပ်ဆောင်ပြီး စုစုပေါင်းကုန်ကျငွေကို အာမခံကုမ္ပဏီမှတောင်းခံ မည်ဖြစ်ကြောင်း ကျောင်းအပြန်လမ်းပေါ်မှာ ဥက္ကဋ္ဌက လျှောက်ထားသည်။

ဤမှာ စဉ်းစားစရာဖြစ်သွားပါတော့သည်။
ကျန်းမာရေးအာမခံ (အင်ရှူးဝါးရင့်စ်) များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဆိုသည့် လူ့ဥပဒေအရ ဤကိစ္စက အမှန်ပင်ဖြစ် သည်။ ရသင့်၊ ယူသင့်သည့် အခွင့်အရေးဖြစ်သည်။ သို့သော် ရဟန်းဝိနည်းအရ စဉ်းစားစရာဖြစ်လာသည်။
၁။ ဒီရောဂါက ထိုင်ဝမ်ခရီးစဉ်ကြောင့် ဖြစ်ရတဲ့ရောဂါလား၊ မဟုတ်ပါ။ ကာလရှည်ကြာဖြစ်နေခဲ့သည့် ရောဂါဖြစ်သည်။ ထိုင်ဝမ်ခရီးစဉ် တိုက်ရိုက်မဆိုင်။
၂။ သို့ဖြစ်လျှင် လူ့ဥပဒေအရ ဤသို့တောင်းခံသော် ရဟန်းဥပဒေနဲ့ ပြစ်မှုလွတ်၊ မလွတ်။ လိမ်လည်မှုလေလား။

လိမ်လည်မှုတစ်မျိုးဟုထင်ပါသည်။ ထိုင်ဝမ်ခရီးစဉ်အတွင်း ကားအက်ဆီးဒင့်ဖြစ် သဖြင့် ဆေးရုံးရောက်ခဲ့ရသည့်အဖြစ်မျိုးဆိုလျင် တောင်းခံရန်သင့်သော်လည်း ထိုင်ဝမ်မသွားခင်ကတည်းကရှိနေပြီးသား ဤရောဂါအတွက် အာမခံကုမ္ပဏီ မှတောင်းခံခြင်းမျိုးကမူ မသင့်တော့ပါ။ လူ့ဥပဒေအရ မှန်ပြီး ရဟန်းဥပဒေအရ မှား၏။
ထို့ကြောင့် ဒေါ်လာလေး တစ်ရာနှစ်ရာနဲ့ ရဟန်းသိက္ခာ မထိစေလိုကြောင်း ရှင်းပြတော့ ဥက္ကဋ္ဌကသဘောပေါက်သွားပြီး
"မှန်တယ် ဘန္တေ၊ ဤသို့တောင်းခံခြင်းသည် လူအတွက်သာမှန်ပြီး ရဟန်းတစ်ပါး အတွက် မှားနေတယ်"
ဆိုကာ သူသာ စိုက်ပေးလိုက်တော့သည်။
(အမှန်မူ ဤစာမျိုးကို တန်ဆောင်မုန်းလပြည့်၊ သာမညဖလနေ့မျိုးမှာ တင်သင့်၏၊ ဒုတိယသက္ခာပုဒ်က သိမ်မွေ့လွန်းသည်၊ အကဲစမ်းလို့ မရ)

Post a Comment