မယားကြီးနှင့် ဒုလ္လဘရဟန်း (သုံးသပ်ချက်)


တစ်ခုတည်းသော ဝိနည်ပညတ်ချက်အောက်မှာ နေထိုင်ကျင့်သုံးနေကြ သည့် ထေရဝါဒ ရဟန်းတော်များ၊ သံဃာ့အဖွဲ့အစည်းများ တူညီကြသော် လည်း လက်တွေ့ ကျင့်သုံးမှုမှာ အနည်းငယ် ကွဲလွဲနေကြသည်။
၂၀၁၁ ခုနှစ်ကထင်သည်၊ ကျောင်းမှာ ဒုလ္လဘရဟန်းခံပွဲလုပ်တော့ သီဟိုဠ် ရဟန်းများကသာမက သီဟိုဠ်ယဉ်ကျေးမှုနှင့် အကြွမ်းတဝင်ရှိသည့် တရုတ် ဒကာ၊ ဒကာမအချို့ကပါ သာမန်လူတစ်ယောက်က ချက်ချင်း ရဟန်းဝတ်လို့ ရပါသလားဟု မေးကြသည်။ 
အမှန်ကတေတာ့ ရပါသည်ဟု ဖြေရပါလိမ့်မည်၊ သို့သော်......
သီဟိုဠ်ယဉ်ကျေးမှုအရ ရဟန်းမဝတ်ခင်ကတည်းက လူထွက်မည့်ရက် တွဲပါလာလျင် လုံးဝ ရဟန်းခံမပေးပါ။ နောက်မှ အကြောင်းကြောင်းကြောင့် လူထွက်ခြင်းက အပြစ်ဆိုဖွယ် မရှိသော်လည်း မဝတ်ခင်က လူထွက်မည့် ရက် တစ်ပါတည်း ပါလာခြင်းကတော့ မဖြစ်သင့်ဟု (သံဃာကိုပင် စော် ကားမော်ကား လုပ်ရာရောက်သည်ဟု တချို့က ယူဆကြ) ယူဆပြီး ထိုပုဂ္ဂိုလ်ကို ရဟန်းဘောင် တက်မပေးကြခြင်း ဖြစ်ပေသည်။
မြန်မာ့ယဉ်ကျေးမှုက ရိုးစင်းသည်၊ ရဟန်း ဝတ်လိုသူ မည်သူ့ကိုမှ မတား ဆိုသည့် အယူအဆရှိပြီး ရက်ပိုင်းအတွင်း ဝတ်မည့်သူကိုပင် သာမဏေ ခဏဝတ်အပြီး ရဟန်းခံပေးလိုက်သည်။ 
ယခုခေတ် မတော်တရော် ဒုလ္လဘများ ပိုများလာချိန်၌ ရဟန်းဖြစ်ခွင့် ဈေးချို လွန်းသလို ဖြစ်သွားနိုင်ပေသည်။
ထို တစ်နှစ်သာ ဒုလ္လဘရဟန်းခံပွဲ ပြုလုပ်ဖြစ်ပြီး မလုပ်ဖြစ်တော့ပါ၊ ကုသိုလ် ရချင်ရင် သာမဏေဘဝ၊ ဆယ်ပါးသီလထိန်းရင်း ကုသိုလ်ယူပါ၊ ဝိနည်း မသိ၊ ဘာမသိ အပြစ်မဖြစ်ပါစေနဲ့ဟုသာ ပြောဖြစ်တော့သည်။
ရဟန်းဝတ် လိုသူ မှန်သမျှကို မတားမြစ်အပ်သော်လည်း မဝတ်ခင်က လူ ထွက်မည့်ရက် ပါလာသူကို ရဟန်းပြုပေးအပ်၊ မပေးအပ်နှင့် ပတ်သက်၍ ကား ယဉ်ကျေးမှုကြီးနှစ်ခု အယူအဆ မတူကြပါပေ။

သီဟနာဒ
ဒီခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ပြောရဦးမယ်။ အခု အသက် အကြီးဆုံး၊ ဝါအငယ်ဆုံး အတူနေ စလုံးဘုန်းကြီးဘွဲ့က ရာဇ တဲ့။ ဦးရာဇပေါ့။ သံသယရှိလို့ ဘွဲ့အရှည်က ဘာလဲ၊ ဒါပဲလားမေးတော့ ဒါပဲတဲ့။ ရှေ့ကလည်း မပါ၊ နောက်ကလည်း မပါဘူး တဲ့။ မဟာစည်ဌာနချုပ်မှာ ရဟန်းဖြစ်ခဲ့တာ။ အချင်းချင်းဆိုတော့ ပြုံးမိတယ်။ ခဏတဖြုတ်ဝတ်မယ့် ဒုလ္လဘလို့ ယူဆပြီး ဘွဲ့ကတောင် တိုနံ့နံ့ပဲ။ အခု ဦးရာဇက ဆယ်ဝါတောင် အတော် ကျော်နေပြီ။ အခု ဘွဲ့က နည်းနည်းတိုနေသလိုလို။


ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုသင်တန်း


အောင်လက်မှတ်နဲ့ ဆုလွယ်အိပ် ပေးအပ်ပွဲ
ကလေးတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ဘုန်းကြီးသုံးပါး
(ဒီနှစ် ကရင်လွယ်အိပ် ပေးသတဲ့၊ မနှစ်က ရှမ်းလွယ်အိပ်ထင်တာပဲ)


သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး


ဒီနေ့ တရုတ်ပြက္ခဒိန်အရ New Moon ပေါ့။ အရင် ဒု ဝါဆိုလပြည့်နေ့က ဓမ္မစက္ကပဝတ္တနသုတ် ရွတ်ပြီး အလှည့်ကျ ဒီညမှာ သစ္စဝိဘင်္ဂသုတ်ကို ရွတ်ကြတယ်။
အဓိပ္ပါယ်ကို ကျကျနန သူတို့ နားမလည်ကြပါဘူး၊ ဒါပေမယ့် ရွတ်နေကြပုံက သိပ်ပြီးအားရပါးရရှိတယ်။ သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး။

တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ


အနာဂါမ် ဆရာသက်ကြီး တရားပြလာခဲ့ဖူးသည်။
ထိုမှနောက် လူပုဂ္ဂိုလ်မျာ ဆက်တိုက်လိုလို တရားပြလာခဲ့ကြသည်။
ကမ္ဘာအထိတရားခြေဆန့်သွားသူက ဆရာကြီး ဦးဂိုအင်ကာ
မျက်မှောက်ခေတ် ဒေါက်တာမင်းတင်မွန်ကအစ များစွာ တရားပြသူပြ၊ အဘိဓမ္မာ ပို့ချသူ ပို့ချ။

မနေ့က သူများတက်သဖြင့် ဖတ်လိုက်ရသည့် စတေးတပ်တစ်ခုမှာ လူအလုပ်ကို ဘုန်းကြီးလုပ်လို့ရပေမဲ့ ဘုန်းကြီးအလုပ် လူလုပ်လို့ မရဟန် ရေးထားတာကို ဖတ်လိုက်ရသည်။
တကယ်က ခေတ်အဆက်ဆက်မှာ ရောထွေးယှက်တင်ဖြစ်မှု ရှိပါသည်။
တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ အရေးကြီးသည်။

ဒါက မြန်မာ့ ယဉ်ကျေးမှု အောက်မှာပဲ ရှိသေးသည်။

ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြ


တစ်
၁၉၉၄ ၁၉၉၅ ၀န်းကျင်က ဖြစ်မည်ထင်ပါသည်။ ထိုကာလတွေတုန်းက ကျွန်ုပ်တို့ ရဟန်းငယ် အုပ်စုလေးထဲမှာ တာရာမင်းဝေနှင့် လေးဖြူတို့ကလည်း သင်ခန်းစာများလို ထူထူထဲထဲ လွမ်းမိုးမှု ရှိခဲ့သည်။ တစ်ညနေမှာတော့ (ညနေဟုထင်သည်) စိတ်ထဲမှာပဲ ညည်းလိုက်မိသည်ထင်သည့် သီချင်းတစ်ပုဒ် ပါးစပ်းထဲမှ ထွက်ကျသွားခဲ့သည်။

"ဘ၀အသစ်တစ်ခု ရှိနေတယ်. လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ်
အတိအကျ မသိနိုင်လည်း ရည်ရွယ်ရာသို့ ရောက်နိုင်တယ်"

ထို့နောက် ရှက်နိုးစွာ ဘေးဘီလှည့်ကြည့်
မည်သူမှတော့ မရှိ။ တော်သေးသည်။ ဘယ်သူမှ မကြားလိုက်မိဘူး ထင်သော်လည်း အနည်းဆုံး နှစ်ယောက်ကတော့ ကြားသွားခဲ့သည်။
သူတို့က မော်ဒန်နှင့် သကျ။

နှစ်
အမြဲလိုလို ဘုရားရှိခိုးနောက်ကျသူအတွက် ထိုနေ့ကလည်း စောမရောက်ခဲ့ပါ။ နောက်ကျနေသဖြင့် ခပ်သုတ်သုတ် ခန်းမထဲအ၀င် ရှေ့တည့်တည့်မှာထိုင်ပြီး ဒေသနာကြားနေသည့် ရဟန်းနှစ်ပါးကို တွေ့ရသဖြင့် အံ့သြတကြီး လှည့်ကြည့် ရပ်ကြည့်ခဲ့ရသေးသည်။
သူတို့ ဒေသနာကြားနေသည့် ဘာသာစကားက အင်္ဂလိပ်လို။
သူတို့နှစ်ပါးကလည်း သကျနှင့် မော်ဒန်

သုံး
ထို့နောက် သူနဲ့ မဟာသန္တိသုခမှာ
အိန်ဒိယမှာ
စင်္ကာပူမှာ
ယနေ့ သူ့ပါဠိကောလိပ်မှာ
ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြီ။




သီဟနာဒ

မရွေးခဲ့မိသည့် လမ်း


ထမံသီမှာ တောင်တန်းသာသနာပြုတာဝန်ကျစဉ် မန္တလေးပြန်ရောက်ခိုက် သိန်းသန်းဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ မိန့်ကြားခဲ့သည့် စကားတော်(သို့) ပေးခဲ့သည့် အခွင့်အရေးတို့ကို သတိရမိသည်။
"ထမံသီလို ရွာမှာတော့ မလွယ်ဘူးကွ မောင်ရ၊ ဟုမ္မလင်းမြို့လို ခန္တီးမြို့လိုနေရာမှာ နှစ်လမ်းသွား ပညာရေးကျောင်း ထောင်ပါလား။ ဒါကလည်း သီးသန့်လုပ်မှ ရမှာ၊ သာသနာရေးဝန်ကြီးဌာနနဲ့ တွဲလိုက်ရင်တော့ ပျက်ကုန်မှာ၊ တို့မှာ ရဟန်းဒကာကြီး၊ ရဟန်းဒကာမကြီးတွေက အမွေပေးထားခဲ့တဲ့ အိမ် ၂၆ လမ်းမှာရှိတယ်။ အဲဒီအိမ်ကို ကပ္ပိရင် မင်းလိုတဲ့ငွေ ရနိုင်တယ်။ မင်းလုပ်ရမှာက ကလေးတွေမွေး၊ လောကီအားသန်တဲ့ ကလေးတွေကို လောကီစာသင်၊ လောကုတ္တရာ အားသန်တဲ့ကလေးတွေကို တို့ဆီပို့ဖို့ပဲ၊ တို့က ဉာဏ်ကောင်းတဲ့ ကလေးတွေကို သာမဏေကျော်လိုင်း တင်ပေးမယ်။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်"
"တင်ပါး၊ မပြောပါဘုရား၊ ဒါပေမဲ့ တပည့်တော်ကို စဉ်းစားချိန် ပေးပါဘုရား"
"အေး မင်း စဉ်းစားပြီးရင် တို့ဆီကို အကြောင်းပြန်"
၁၉၉၈ ဝန်းကျင်ကဆိုတော့ ကြာခဲ့ပြီကော၊ ဆရာတော်၏ မွန်မြတ်သောကမ်းလှမ်းမှုကို မယူခဲ့မိ။ သို့သော် စွန့်လွှတ်ရဲသော၊ ခေတ်အမြင်ရှိသော ဆရာတော်ကိုမူ ပို၍ ကြည်ညိုမိ၏။
ခွင့်လွှတ်ပါဘုရား၊ မည်သူ့ကိုမှ မပြောဖြစ်သော်လည်း လူမှုကွန်ယက်ပေါ်မှာတော့ ရေးလိုက်မိပြီ။

သီဟနာဒ

ဂျင်းရိုင်းမြစ်နှင့် သင်္ဘောပင်ငယ်


လွန်ခဲ့သော ခြောက်လခန့်က ခြံအလုပ်သမားနှင့်အတူ ဤသင်္ဘောပင်လေးကို စိုက်ပျိုးခဲ့ပါသည်။ ထိုနေရာမှာ အရင်က တံတိုင်းကာရံသည့် သဘောဖြင့် စိုက်ထားသည့် ဂျင်းအနွယ်ဝင်အပင်များ ရှိခဲ့ဖူးသည်။ ဘာပင်ခေါ်သလဲ မသိပါ၊ သိသည်က စိုက်လိုက်မိလျှင် အမြစ်ပြတ်အောင်သတ်ဖို့ အလွန်ခက်ခဲသော အပင်ဖြစ်သည်ဆိုတာပဲ ဖြစ်ပါသည်။
ထို အပင်များမရှိတော့သော်လည်း သူတို့အမြစ်များက ရှိနေဆဲပင်။ ဆိုလိုသည် မှာ စိုက်သာစိုက်ခဲ့ရသော်လည်း သင်္ဘောပင်လေးနှင့် ပတ်သက်သည့် မျှော် လင့်ချက် ကြီးကြီးမားမား ကျနော့်ဆီမှာ မရှိဆိုတာသာဖြစ်ပါသည်။

သို့သော် မြေကိုအနည်းငယ် ပြင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သဖြင့် တစ်လနှစ်လ အတွင်းလောက်မှာတော့ အရွက်တဖားဖား၊ လက်တံ တကားကားနဲ့ တက် လာခဲ့သည်။ ထိုအခါ သီးများသီးလေဦးမလားဟု သင်္ဘောပင်လေးအပေါ် မျှော် လင့်ချက်ပြန်ထားလာမိသည်။

သို့သော် တစ်လနှစ်လလွန်သည့်အခါမှာတော့ အလွန်ခက်မာလှသည့် ဂျင်းရိုင်းအမြစ်ဒဏ်ကို သူ ခံရရှာတော့သည်။ ကျနော်တို့ မြေဩဇာကျွေးလျင် ဂျင်းရိုင်းမြစ်တွေက စားသုံးသွားသည်၊ ရေလောင်းလျင်လည်း ဂျင်းရိုင်းမြစ်တွေ က သောက်သုံးသွားသည်။ သို့ဖြင့် ယခုပုံအတိုင်း ဖြစ်နေရှာတော့သည်။



တစ်နေ့က ခြံအလုပ်သမား ဂေါဝိန္ဒက
"ခုတ်ပစ်ရအောင်လား၊ သီးမှာ မဟုတ်တော့ဘူး" ဟု ဆိုလာသည်။
"မခုတ်ပါနဲ့၊ သူစွမ်းသရွေ့ ရှင်နေပါစေ၊ ဒါပေမဲ့ ဂျင်းရိုင်းမြစ်တွေရဲ့ဒဏ်ကို သူ ကြာကြာခံနိုင်မှာတော့မဟုတ်ဘူး" ဟု ပြန်ပြောမိပါသည်။

အမှန်မူ ဂျင်းရိုင်းမြစ်များရှိသည့်နေရာမှာ သူတို့ထက် စွမ်းအားကောင်းသည့် အုန်းပင်လိုမျိုး စိုက်ပျိုးနိုင်မှ ရှင်သန် သီးပွင့်နိုင်ပေမည်။
ဤ သင်္ဘောပင်လေးက သီးပွင့်လာလေဦးမလားဆိုသည့် သံသယဆန် ဆန်မျှော်လင့်ချက် ယခု ကျနော့်ဆီမှာ မရှိတော့ပါ။

ကိုယ်ကျင့်တရား ပျက်မှု၊ အတ္တထူပြောမှုနှင့် ငတေမာပြီးရော စိတ်ဓာတ်တို့သည် ဂျင်းရိုင်းမြစ်များနှင့် တူသည်ဟု မနေ့က စာတစ်ပုဒ်ထဲမှာ
ဖတ်လိုက်ရသည်................................။

Make sure that you are present where really matters


တစ်လလွန် ကဆုန်လပြည့်အတွက် ယနေ့ ခြေကုန်လက်ပန်းကျကုန်ပြီး သည့်နောက် မနက်ဖြန် ခြေကုန်လက်ပန်းကျနိုင်ရန် အားသစ်မွေးကြလေ ကုန်ပြီ။ သို့သာ် လူ သုံးထောင်မှ ငါးထောင်ခန့်အတွက် ချက်ပြုတ်နေကြသည့် အဘွားကြီးအုပ်စုကတော့ တစ်ညလုံး မအိပ်ရရှာ။ ခဏတဖြုတ်ဆင်းပြီး ရယ်မောစရာပြောရင်း အားပေးဖို့လောက်တော့ လုပ်ပေးရဦးမည်။
"Make sure that you are present where really matters"
(မစ္စတာ ဖို့ဒ်၊ ဖို့ဒ် ကားကုမ္ပဏီ တည်ထောင်သူ၊ ဥက္ကဋ္ဌ)


Reading between the lines


၁။ ချစ်သားတို့ ခရီးထွက်ကြ၊ တစ်ကြောင်းတည်းသောခရီးမှာ နှစ်ပါးမသွားနဲ့။
၂။ ဝါတွင်း သုံးလကာလအတွင်း ခွင့်ပြုထားသောအကြောင်းမျာမှလွဲ၍ ခရီးမထွက်ရ။

ဘုရားဖြစ်စ၊ သံဃာထောင်စမှာ သာသနာပြန့်ပွားဖိုအတွက် (၁) ကို မိန့်ခဲ့ပြီး (ထိုစကားကို အကြိမ်ကြိမ်မိန့်ခဲ့သည်မဟုတ်၊ အနေအထားကိုကြည့်၍ မိန့်သည်ဟု ပညာရှင်တို့ ယူဆကြသည်)။သံဃာအရေအတွက်များ၊ ခရီးထွက်များလာသည့်အခါ မသိမသာပင် ပြန်ပိတ်ခဲ့ရသည် "Open and close policy" (၂) ဟု ယူဆနိုင်ပါသည်။ ခရီးထွက်ခြင်းကို ဘုရားအားပေး၊ မပေးကိစ္စက ဘာအတွက် ခရီးထွက်သလဲနဲ့သာ သက်ဆိုင်ပါလိမ့်မည်။

တရားမမှားဘူး၊ နေရာမှားတယ်


ငွေကြေးအပါအဝင် ရုပ်ဝတ္ထုတွေအားလုံးသေရင် အကုန်ထားခဲ့ရမှာလို့ ပြော ကြသလို (သားသမီး၊ ဆွေမျိုး၊ တစ်စုံတစ်ယောက်အတွက်ချန်ထားခဲ့ရတာ ကုသိုလ်မဟုတ်လား) ငါတို့ကိုယ်တိုင် ရှေးရှေးလူတွေ တည်ထောင်၊ စုဆောင်း ထားတဲ့ ရုပ်ဝတ္ထုတွေအပေါ် (နည်းပညာအပါအဝင်) မှီခို၊ သုံးစွဲနေရတာလို့ ပါပြောရင် ပိုပြီးပြည့်စုံမယ်။
ဘုရား အသုဘမှာဟောတဲ့တရားက မင်္ဂလာဆောင်ထဲရောက်နေရင် တရားမမှားဘူး၊ နေရာမှားတယ်။

အမေနေ့၊ အမေသို့......................(ရဟန်းတစ်ပါးရေးသည့်) ဆော့ဝဲလ် ပရိုဂရမ်းမင်းဝတ္ထု


 (၁)
 “သင့်ရဲ့လွတ်လပ်မှုတွေအားလုံးဟာ အခုထိငါ့ရဲ့ လက်ထဲမှာပဲ ရှိနေဆဲပါ” ဟု မပစ်လွှတ်မီ လေးညှို့က မြားတံလေးကို တိုးတိုးလေးဆို၏။(တဂိုလ်း)

မှန်ပါတယ်အရှင်၊ ဒါပေမယ့် သင့်ရင်ခွင်မှာ ထာဝရထွေးပိုက်မထားနိုင်တော့ သင်ထိမှန် စေချင်တဲ့အရာကို ထိမှန်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်တစ်ခုပါ” ဟု မြှားတံကလေးက လေးညှို့ကို စကားပြန်ဆို၏။( သီဟနာဒ)

          အမေကို ဘာနဲ့မှ မတိုင်းတာနဲ့ဟုဆိုခဲ့သည့် သူငယ်ချင်းကဗျာဆရာကတော့ သဘောတူ လိမ့်မည်မထင်။ သူရေးခဲ့သည့် “ အမေ” ကဗျာလေးကို ပြန်လည်လက်ယပ်ခေါ်မိ၏။ စကားလုံး လေးတွေက သူတို့ကို မေ့ရပါ့မလားဆိုပြီး စိတ်ကောက်နေဟန်တူ၏။ ရှောရှောရှူရှူ မလာကြတော့။ ဝမ်းနည်းမိ၏။ မေ့လျော့သူ၏ အပြစ်သာ။

          “အမေဟာ “လ” မဟုတ်၊
          ဆန်း၊ ဆုတ်သည် မရှိ။
          အမေဟာ “ပန်း” မဟုတ်၊
          နွမ်းပုပ်သည် မရှိ။
          အမေဟာ “စမ်း” မဟုတ်၊
          ခမ်း၊ ယုတ်သည် မရှိ။

မရတော့။ စကားလုံးလေးတွေ အမှန်ပင် စိတ်ကောက်နေကြပြီ ဖြစ်၏။ ခွင့်လွှတ်တော့ စကားလုံးလေးတွေနဲ့ မောင်သစ်ဝေ (မြင်းခြံ) ရေ။
         
          အမေ့အသားသည် ညိုညက်၏။ အမေ့ပါးသည် မနီထွေး၊ အမေ့လက်မောင်းများသည် သေးပိန်၏။ အမေ့ပါးစပ်သည် စကားလုံးများဖြင့် ရှုပ်ပွမနေ။ အမေ့ခန္ဓာကိုယ်သည် ပါးလျ၏။ အမေသည် စာမဖတ်တတ်၊ အမေသည် ဆုံးမစကားမပြောတတ်။ ထိုအမေသည် သူမ၏သားကို စင်္ကြာမင်းထင်၏။ သူမသားနှင့် လက်ဆက်နိုင်လောက်သည့် မိန်းကလေး ကမ္ဘာပေါ်တွင်မရှိဟုထင်၏။ အမေ့နားသည် ထောင်ရန်အသင့်ရှိနေတတ်၏။


          “ ကိုရင် အိမ်ကြွခဲ့ဦး”
          ရွာရောက်ခိုက် ထိုစကားမပါလည်း မနက်တစ်ခေါက်၊ ညတစ်ခေါက် အိမ်ကိုကြွ၏။ သို့သော် တစ်ခါတစ်ခါ မှာတတ်၏။ “ ကိုရင် အိမ်ကြွခဲ့ဦး”

          “ ဘာဖြစ်လို့ အိမ်ကြွခဲ့ဖို့ မှာတာလဲ”
          “ မကြွမှာစိုးလို့” ဟုသာ ဖြေ၏။

          ထူးခြားမှုတစ်ခုခု ရှိလေမလားဟု စဉ်းစား၏။ ဘာအဖြေမှ မရ။ ဘာထူးခြားမှုမှ မရှိ။ တစ်ခုတော့ ရှိ၏။ အမေမှာ၍ အိမ်ကြွသွားသောအခါတိုင်း အိမ်နီးနားချင်းလင်မယား တစ်တွဲမဟုတ် တစ်တွဲ  ရန်ဖြစ်နေသည်နှင့် ကြုံတွေ့ရမြဲဖြစ်၏။ သူတို့ လင်မယားရန်ဖြစ်တာနှင့် သာမဏေကို အိမ်ကြွဖို့ ပင့်ခြင်းကလည်း နည်းနည်းလေးမှ ဆက်စပ်၍မရ။

          မေးလွန်းမက မေးတော့မှ အမေကဖြေသည်။
          “ကိုရင်၊ နားထောင်။ ဟိုလင်မယား ရန်ဖြစ်ပြန်ပြီ။ လူ့ဘဝဆိုတာ အဲဒါပဲ”
          ဒါသည် ပညာမတတ်သောအမေ မသိမသာခေါ်ခေါ်ပြသည့် မက်ဆေ့တစ်ခုဖြစ်သည်။ သူမသိ၏။ သူမသားကို သူမတစ်သက်လုံး ထွေးပိုက်ထား၍မရ။ သူမ သိ၏။ သူမ၏သား ကို ထိမှန်စေချင်သော ပစ်မှတ်။

          ထို့နောက် ကိုရင် သဘောပေါက်သွားသည်။ ကိုရင် အိမ်ကြွခဲ့ဦးဆိုလျှင် လင်မယားတစ်တွဲတွဲ ရန်ဖြစ်နေပြီဟု။ ထို့အတူ ကိုရင်သိလိုက်၏။ အမေဟူသော လေးညှို့သည် သားဟူသော မြားတံကို အဘယ်ရပ်ဝန်းကို ဦးတည်ထားသည်ဆိုသည်ကို။
         
(၂)
 ဖြစ်နိုင်ခြေတို့ကို ပျက်ရယ်ပြုတတ်သောအရာသည် ဘဝဖြစ်သည်။ ထို “ဘဝ” ကို ဘာဘာ ညာညာစသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထိုဘဝ၏ ပျက်ရယ်ပြုခြင်းကို ခံရမည်။
          ထိုကိုရင်သည် ဝါဆိုလပြည့်နေ့၌ ရဟန်းဖြစ်၏။

          ကျန်းမာရေး မကောင်းသဖြင့်၊ ဘဝ၏ နောက်ဆုံးအချိန်ကို ရောက်နေသည်ဟုထင်ရသောမိတ်ဆွေတစ်ယောက်က ရဟန်းသစ်ကို ဖူးတွေ့လို၍ ကြွခဲ့ပါဟုဆို၏။ သို့သော် ဝါဆိုရတော့မည်ဖြစ်သဖြင့် ဆရာတော်က မလွှတ်။ ရဟန်း၏ ခမည်းတော်တစ်ယောက်တည်းသွားရန်သာ ဆရာတော်က မိန့်သည်။

          ထို့ကြောင့် အဖေတစ်ယောက်တည်း မတ္တရာသို့ ခရီးသွား၏။

          ထိုလူနာက ပြန်လည်ကျန်းမာသွားပြီး ငှက်ဖျားရောဂါ အပြင်းအထန်ဖြင့် အဖေပြန် ရောက်လာ၏။ အကောင်းဆုံးဟုဆိုသော အပြင်ဆေးခန်း၌ ဆေးကု၏။ အဖေ့ အသက်ကို ကယ်နိုင်တော့ မလို၊ မကယ်နိုင်တော့သလို ဖြစ်နေ၏။ နောက်ဆုံး ဆရာဝန်ကြီးက လက်လျှော့သည်ဟု မပြော၊ ရွာပြန်ခေါ်သွားရန်သာ ပြော၏။

          အဖေ ရွာရောက်၍ (၃) ရက်ခန့်ကြာသောအခါ ယောက်ဖတစ်ယောက် ရောက်လာပြီး အကြောက်လန့်ဆုံး သတင်းကိုပေး၏။

          “ကိုရင့် ဒကာကြီး ဆုံးပြီ”
          ရဟန်းငို၏။ ယောက်ဖကို ပြန်နှင့်၊ မနက်ဖြန်မှ လိုက်ခဲ့မည်ဟု ဆိုလိုက်၏။ ရဟန်းဖြစ်၍ (၂၇) ရက်မြောက်နေ့တွင် ရဟန်းခမည်းတော်(အဖေ) ဆုံးပါးရှာ၏။

          အဖေ ဆုံးပြီ။ သူဘာလုပ်ရမည်ဆိုတာကို ရဟန်းငယ်သိ၏။ သူ့မိသားစုသည် မိဘနှစ်ပါး၊အစ်မခြောက်ယောက် ရဟန်းဟူသော သားတစ်ယောက်ဖြင့် ဖွဲ့စည်းထားသော မိသားစု ဖြစ်သည်။ ယခု အဖေမရှိတော့။ ရဟန်း ဆုံးဖြတ်ချက်ချ၏။ အင်္ကျီနှစ်ထည်ဝယ်ပြီး ရွာပြန်ခဲ့၏။

          ထိုရဟန်း အိမ်ရောက်သောအခါ ထိုအိမ်သည် ဘာမှမဖြစ်သောအိမ်ကဲ့သို့ ဖြစ်နေ၏။ ငိုကြွေးနေသူမရှိ၊ အော်ကြီးဟစ်ကျယ် ဝမ်းနည်းနေသူမရှိ။ ပကတိမှ တကယ့် ပကတိ အိမ်ဖြစ်၏။ တစ်ခုခုများ မှားယွင်းလေသလား။ အမေက ခရီးဦးကြို၏။ အမေ့မျက်နှာ၌ အပူရုပ်မရှိ၊ မျက်ရည်မရှိ။ အစ်မတွေက ခရီးဦးကြို၏။ သူတို့မျက်နှာ၌လည်း မျက်ရည်မရှိ၊ အပူရုပ်မရှိ။

          မှားတော့ မမှားယွင်း။ အသက်မဲ့နေသော အဖေ့ခန္ဓာကိုယ်သည် မလှုပ်ယှက်တော့။ ဒါဆို အမေနှင့်အစ်မတို့က အဖေ့ကိုတကယ်မချစ်တာလား။ မဖြစ်နိုင်။ သို့သော် သူတို့ငိုမနေသဖြင့် ရဟန်းလည်းငို၍ မရတော့။ အေးအေးဆေးဆေးဖြင့်ပင် အဖေ့ဈာပန ပြီးသွားသည်။

          သူ့ဆုံးဖြတ်ချက်ကို ပြောသောအခါ အမေကခါးခါးတူးတူး ငြင်း၏။ ဦးဇင်းဒကာကြီး ရှိတုန်း ကလည်း သူ့အသက် သူ့အရွယ်နှင့် အိမ်အတွက်ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင် တော့။ အဖေမရှိ တော့ခြင်းသည်ဘာမှအရေးကြီးသောကိစ္စမဟုတ်။ အစ်မများကလည်း အမေနှင့်တသံတည်းထွက် နေ၏။ ဦးဇင်းဘာမှ ပူနေစရာမလို။ တပည့်တော်တို့ဝမ်း တပည့်တော်တို့ကျောင်းနိုင်သည်ဟု ဆိုကြ၏။

          မည်သို့ဆိုစေ ရဟန်းငယ်ရင်၌ တာဝန်ပေါ့သွားသည်။

          ထို့ကြောင့် ရဟန်းငယ်သည် အင်္ကျီင်္ီနှစ်ထည်ကိုပေးကာ မန္တလေးသို့ ပြန်သွားတော့သည်။ အဖေဆုံးပါးပြီး ကာလအတန်ကြာသည့်အခါ ရွာမှဆရာ ရဟန်းမန္တလေးသို့ကြွလာ၏။

          “ မင်းအမေက ခန္ဓာကိုယ်ကသာသေးသေး၊ စိတ်ဓာတ်တော်တော်မာတာကွဲ့”
          “ ဘာဖြစ်လို့လဲဘုရား”
          “ မင်းဒကာကြီးဆုံးလို့ မင်းပြန်လာတော့ သူကအိမ်သားတွေကို တစ်ချက်လွှတ်အမိန့်ထုတ်ထားတာ။ မင်းရှေ့မှာ ဘယ်သူမှမငိုရဘူးတဲ့။ သူတို့ငိုနေရင်သူ့သားရဲ့ဘဝ သေချာပေါက်ယိမ်းယိုင်လိမ့်မယ်တဲ့။ ငိုတဲ့သူ သူ့သမီးမဟုတ်။ ဒီမောင်ရဟန်းရဲ့အစ်မလည်းမဟုတ်တဲ့။ သူကိုယ်တိုင်လည်း တစ်ချက်မှ ငိုမသွားဘူး။ မင်းပြန်မှ ငိုကြတာကွဲ့။ မိဘကျေးဇူးဆပ်ပေါ့ကွယ်။

          ဤသည်မှာ စာမဖတ်သောအမေ၊ ပိန်သေးသေးအမေ၏ နှလုံးသားစွမ်းအင်များ ဖြစ်သည်။ ညိုသောအမေ့အသားအရေသည် ဖြူစင်သောမေတ္တာရုပ်ကြွင်းတည်း။


          အမေသည် စကားများများမပြောတတ်။ သို့သော် ထိုအမေပေးလိုက်သော မက်ဆေ့ကား ရဟန်းငယ်၏ရင်၌ သံမှိုဖြင့်ရိုက်ထားသလို မြဲလျှက်ရှိနေလေ၏။
(၃)
          အားလုံးကြည်ကြည်လင်လင်ဖြစ်၍ ရဟန်းအိမ်ပြန်သောအခါ ရဟန်းက သူ့အမေကိုစ၏။
          “ စိတ်မကောင်းဘူးအမေရာ၊ အမေ့ဘဝရဲ့တစ်ခုတည်းသော လိုအပ်ချက်ကို ဖြည့်မပေးနိုင်ဘူး”
          “ ဘာကို ပြောတာလဲ ဦးဇင်း”

          “ ချွေးမလေ။ သားတစ်ယောက်ရှိ၊ ရှိတဲ့သားက ရဟန်းဝတ်။ ဒီတော့ အမေ့ဘဝမှာ ချွေးမဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး”

          “ မလိုချင်ပါဘူး ဦးဇင်း၊ ဦးဇင်းက ချွေးမရှာလာမလို့လား။ နှစ်ယောက်စလုံးကို အိမ်ထဲကို အဝင်မခံဘူး” ဟု ဆို၏။

          သို့သော်-
          “ ငါ့သားများ မပျော်လို့လူထွက်ရင် အဖေ့ဆီကအမွေရတဲ့ ဘုရားယာက ငါ့သားကို လက်ဖွဲ့ဖို့။ နင်တို့ သမီးတွေနဲ့ မဆိုင်” ဟု အစ်မတို့ကို ပြောခဲ့သည်ဟူသတတ်။

          သို့သော်ထိုစကား ထိုရဟန်းငယ်ကို မပြော၊ အစ်မတို့ကိုသာ ပြောခဲ့သဖြင့် ထိုရဟန်းငယ်သည် ယနေ့အထိ ရဟန်းဝတ်ဖြင့် ရှိနေဆဲပင်ဖြစ်၏။

          အမေကား မရှိတော့။

  အမေ ဒေါ်သိန်းညွှန့်သို့ အမှတ်တရ







 သားရဟန်း

သီဟနာဒ
 




01/02/2012










Copyright © 2011 ကမ်းလက်. All rights reserved.

ကဆုန်လပြည့်ကတော့ တစ်လအထိကွာသွားပြီ


ခါတိုင်း လပြည့်လကွယ်က တစ်ရက်လောက်ပဲ ကွာတတ်တာ။
ကဆုန်လပြည့်ကတော့ တစ်လအထိကွာသွားပြီ။
သီဟိုဠ်၊ မြန်မာက ကဆုန်လပြည့် (Wesak) ရောက်နေပြီ။
တရုတ်ပြက္ခဒိန်က တစ်လလိုသေးတယ်။

ဖျားနာခြင်း လေးမျိုး

၁။ Homesick ကိုတော့ လူတိုင်းသိကြပြီး ဖြစ်သည်။
၂။ Seasick ကိုလည်း သိကြသည်။

၃။ Meditation-sick ကို သိပ်မသိကြဟုထင်သည်။ နိုင်ငံခြားသားတွေထဲမှာ အဖြစ်များသော ရောဂါဖြစ်ပြီး အထူးသဖြင့် မဟာစည် သတိပဋ္ဌာန် ရှုမှတ် နည်းနှင့် ပို၍ဆက်စပ်သည်ထင်၏။ တရားစခန်းများမှာ တရား တယ်ထိုင်ရာ တွင် ပထမ နှစ်ရက် သုံးရက်က ရုပ်အားဖြင့် အသားမကျ၊ နာမ်အားဖြင့် လည်း မရှုမှတ်နိုင် အတော်ခံကြရလေသည်။ သုံး လေး ရက်ကျော်မှ အဆင်ပြေတတ်၏။
တရားရှုမှတ်ခြင်း အတွေ့အကြုံ မရှိသော လူတစ်ယောက်က နှစ်ရက် သုံး ရက် တရားစခန်းများကို ဝင်ပြီးအပြန် ဘာမှ မရဘဲ နာကျင်ကိုက်ခဲမှုကိုသာ ရခဲ့လေရကား Meditation-sick ဖြစ်လေတော့သည်။ တခါတည်းနှင့် တရား ထိုင်ဖို့ ကြောက်သွားလေတော့၏။ တစ်ရက်က မဆိုးလှ၊ အများကြီး မရသော် လည်း လူက ခံနိုင်ရည်အပြည့်ရှိသေး၏။
ထို့ကြောင့် နှစ်ရက် သုံးရက် တရားစခန်းများကို မဝင်ကြနှင့် Meditation- sick ဖြစ်တတ်သည်ဟု သတိပေးရ၏။
ငါး ရက်လည်း မဆိုး ဝေဒနာ ကျော်ဖို့ အချိန်ရှိသည်။ ၇ ရက်မှ ၁၀ ရက် ပိုကောင်း၏။ (ကြာလေ ကောင်းလေဖြစ်၏)

၎။ Singapore-sick ကလည်း ရွှေမြန်မာတို့ကြားမှာ ဖြစ်တတ်၏။ အကြောင်း အမျိုးမျိုးဖြင့် ရောက်လာကြပြီး မမျှော်လင့်သည့် နည်းဖြင့် (နှလုံးသွင်းလည်း တိန်းပါးမည်ဆိုပါက) အိမ်ပြန်ကြရရာ စင်္ကာပူကို စိတ် အနာကြီးနာပြီး Singapore-sick ဖြစ်လေတော့သည်။ အထူး စာနာဖွယ်ကောင်းသည်မှာ မိဘများ၏ မရှိမဲ့ ရှိမဲ့လေးများကို ထုခွဲရင်းနှီးပြီး ရောက်လာတတ်ကြသည့် လူငယ်လေးများပင်။ အလုပ်ရှာမရ၊ ပတ်စ်မကျ စသည်ဖြစ်သောအခါ အရှုံး သက်သက်ဖြင့် အိမ်ပြန်ကြရတတ်သည်။ စိတ်ခိုင်သူတို့အတွက် ခွန်အား အ သစ်ဖြစ်စေသော်လည်း အနည်းနဲ့အများ Singapore-sick တော့ ဖြစ်ကြရ သည်။
ဒီ စင်္ကာပူကို ဘယ်တော့မှ ခြေဦးမလှည့် ဟူသတတ်။

ဖျားနာခြင်း အမျိုးမျိုး ကင်းဝေးကြပါစေသတည်း။
မေတ္တာဖြင့်
သီဟနာဒ

16/08/201

အစွန်းရှောင်ရင်း အစွန်းရောက်သွားတတ်ခြင်း


(လွန်ခဲ့တဲ့ ၇ နှစ်က AGM မှာ ပြောခဲ့တာပါ)

ဒီအယူအဆက အဓိကအားဖြင့် ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ပတ်သက် ပါတယ်၊ ဒါပေမဲ့ အခြားအဖွဲ့အစည်းကြီးတွေနဲ့လည်း သက်ဆိုင်မှုရှိပါလိမ့်မယ်။
ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုမှာ စတင်တည်ထောင်သူက ဆရာတော် ကြီး တစ်ပါးပါးဖြစ်နေတတ်ပါတယ်။ သူဟာ ဩဇာတိက္ကမကြီးတယ်၊ အရေး ကိစ္စအားလုံးအတွက် ဆုံးဖြတ်ချက်ချသူကလည်း သူပဲဖြစ်နေတတ်ပါတယ်။

ဖွင့်ပြောဖို့ဝန်လေးတဲ့ ဗုဒ္ဓဘာသာတပည့်အများစုက သူတို့ သိပ်သဘောမတူ ဘူးဆိုရင်တောင် ဆရာတော်ကြီးမိန့်တာပဲလေဆိုပြီး လိုက်နာကြ၊ လုပ်ဆောင် ကြပါတယ်။ ဒါပေမဲ့ သာသနာချစ်စိတ်လည်းရှိ၊ အမျှော်အမြင်လည်းရှိတဲ့ ဗုဒ္ဓ ဘာသာ တပည့်တွေရဲ့စိတ်ထဲမှာ ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲလို့ သူတို့ချင်း တိုင်ပင်တတ်၊ ဆွေးနွေးတတ်ပါတယ်။ ဆရာတော်ကြီး သက်ရှိထင်ရှား ရှိနေသေးသရွေ့ "ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲ" ကို အကောင်အထည် မဖော်တတ်ကြဘူး။ သူတို့စိတ်ထဲမှာပဲရှိတယ်။

ဆိုပါတော့။ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ။ ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ ဗုဒ္ဓဘာသာတပည့်တွေ (သို့) ဥပဋ္ဌာကအဖွဲ့က အရင်လို ဘုန်းကြီးမှာ "Too much power" ရှိနေတဲ့အဖြစ်ဆီ အရောက်မခံတော့ဘဲ ဝင်ထိန်းပါတော့တယ်။
ကောင်းပါတယ်၊ ဒါပေမဲ့ အရင်လိုဖြစ်မှာစိုးလို့ ထိန်းရင်းထိန်းရင်းနဲ့ တဖြည်းဖြည်း ဒုတိယတက်လာတဲ့ဘုန်းကြီးမှာ ဆုံးဖြတ်ပိုင်ခွင့်မဲ့သွားပြီး အစွန်းတစ်ဖက် ပြန်ရောက်သွားပါတော့တယ်။ ကြည့်ရဲရင် မြန်မာပြည်က ဘာသာရေးအဖွဲ့အစည်းကြီးတွေကို ကြည့်နိုင်ပါတယ်(ကိုယ်ပိုင်ကျောင်းကို မဆိုလိုပါ)။ ဒီ သဘောတရား တွေ့ရပါတယ်။ အချိန်ကြောင့် ဒုတိယဘုန်းကြီး က ဒီအခြေအနေကို တည့်မတ်လို့ မရတတ်ပါဘူး။ တည့်မတ်ဖို့ ကြိုးစားတာ ထက် ခပ်ထက်ထက် ဒုတိယဘုန်းကြီးက ကိုယ်ပိုင် ကျောင်းခွဲ၊ အဖွဲ့အစည်း ခွဲတတ်ပါတယ်။ စွမ်းမယ်ဆိုရင် တတိယ၊ စတုတ္ထတက်လာတဲ့ ဘုန်းကြီး ကတော့ ဆရာ၊ ဒကာကြားက ဒီဟန်ချက်ကို ပြန်ညှိပေးလို့ ရတတ်ပါတယ်။



အဖွဲ့အစည်းတစ်ခုအောက်မှာ တွင်တွင်ကျယ်ကျယ်နဲ့ ရေရှည်သာသနာပြုဖို့ ဆိုရင် ဆရာ၊ ဒကာဟန်ချက် ညီနေရတတ်ပါတယ်။
"ဥဘော အညောညနိသိတာက" က ပစ္စည်းလေးပါး လှူသူနဲ့ ပစ္စည်းလေးပါး ယူသူထက် အဓိပ္ပါယ်ပိုကျပြန့်တယ်လို့ ခံယူမိပါတယ်။

သီဟနာဒ

ရှက်ရယ်


တချို့အတွေ့အကြုံတွေက ကြုံတွေ့ရခိုက်လေးမှာ အူတက်မတတ် ရယ်ရပေ မယ့် ပြန်ပြောရင် မရယ်ရတော့ဘူး။ ဘာဖြစ်ဖြစ် ပြောကြည့်အုံးမယ်။

မိတ်ဆွေရဟန်းတစ်ပါးနဲ့ ကိုရီးယားသွားတုန်းကပါ။ ဂိတ်တွေအားလုံးဖြတ်ပြီး လေယာဉ်ပေါ်တက်ဖို့စောင့်နေချိန် နှစ်ပါးစလုံးနဲ့သိတဲ့ နိုင်ငံခြားသားဘုန်းကြီးလည်း ရောက်လာတယ်။ ဒီအဖြစ်အပျက်မှာ သူက အဓိကဆိုတော့ သူနဲ့ဆက်ဆံရေးကို နည်းနည်းတော့ပြောမှရလိမ့်မယ်။ ဆိုလို တာက သူ့ကိုတွေ့လိုက်ရလို့ ဝမ်းသာသွားတာမျိုးမဟုတ်ဘူး၊ နည်းနည်းတောင် မသက်မသာခံစားလိုက်ရတဲ့ ဆက်ဆံရေးမျိုးပေါ့။ ဒါက နှစ်ပါးစလုံးမှာ ရှိနေတဲ့ ခံစားမှု။ တွေ့တာနဲ့ အလ္လာပသလ္လာပလေးပြောပြီး လေယာဉ်ပေါ်တက်ကြရော။
လေယာဉ်ထွက်ပြီးခဏနေတော့ ကိုယ်ကပဲ အိမ်သာအရင်သွားတယ်။ ဘာမှရည်ရွယ်ချက်မရှိဘဲ အိမ်မ်သာကအထွက် မျက်စေ့ဝေ့ဝိုက်ကြည့်လိုက်ေ တာ့ ခုနက နိုင်ငံခြားသားဘုန်းကြီးကို မတွေ့မိဘူး။ ဒါနဲ့ ဘေးကမိတ်ဆွေရဟန်းကို
"ဟေ့ကောင်၊ ဟိုကိုယ်တော်ကြီးကို ရိုရိုးတန်းမှာ မတွေ့ဘူးဗျ" ပြောမိတယ်။ သူကလည်း
"ဟာ ဟုတ်လို့လား၊ ရှိမှာပါဟာ၊ သေချာပြန်ကြည့်စမ်းပါအုံး"
ချက်ချင်းပဲ အဲဒီကိုယ်တော်ကလည်း အိမ်သာသွားမလို့ထင်ပါရဲ့ ထလိုက်တော့ သူကတွေ့သွားပြီး
"ပြောသားပဲ၊ ဟိုမှာ မတွေ့ဘူးလား" ဆိုပြီး သက်တောင့်သက်သာဖြစ်သွား ဟန်နဲ့ ပြောတယ်။


picture source

ဒါပါပဲ။ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ် လိုက်ရတာ အူတွေကိုနာနေတာပဲ။ ဘာကိုရယ်တာလည်းဆိုရင် ရှင်းပြလို့ မရဘူး။ ရှက်ရယ်လို့တော့ထင်တာပဲ။ သူ ဘစ်စနစ်ကလပ်က စီးလာမှာကို မဆီမဆိုင် ညှိနှိုင်းမထားဘဲ နှစ်ယောက်ပြိုင်တူ အတွင်းပူပူနေကြတယ်။ အဲဒီ ဣသာ၊ မစ္ဆရိယ အနုသယကိလေသာကို နှစ်ယောက်လုံး ရုတ်တရက် မဖုံးလိုက်နိုင်ဖြစ်သွားတာကိုတွေးပြီး ရယ်ဖြစ်ကြတာထင်တာပဲ။ ရယ်ရတာတော့ တစ်လမ်းလုံးလိုလို၊ စဉ်းစားမိလိုက် ရယ်လိုက်ပဲ။

သီဟနာဒ

ဘုန်းကြီးကျောင်းထဲက နိုင်ငံရေးသဘောတရားများ ၂


မြင်မကောင်း၊ ကြားမကောင်းသောအရာများကို ဖုံးဖုံးဖိဖိထားခြင်းသည် "တိဏဝတ္ထာရက" မည်၏။
ယင်းနဲ့ အဓိပ္ပါယ်ဆင်ဆင်ကို အနောက်တိုင်းက "အင်ထယ်လေးဂျင့် အော် ပရေးရှင်း (Intelligent Operation)" ဟုဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ယင်းက "ဘူဒိုဇာနဲ့ထိုးရှင်းခြင်း" ဟု အဓိပ္ပါယ်ရလေသည်။

နားလည်မှု တည်ဆောက်၊ မာစတာကီး ကိုင်ထားရင် စွန့်လွှတ်


ဒီနေ့ ကျောင်းရဲ့ AGM (နှစ်ပတ်လည် အစည်းအစည်းအဝေး) မှာ ပြောမယ့် စကားပါ။

တစ်ချိန်က မိမိရဲ့ အခန်းသော့က မာစတာကီးဖြစ်နေပြီး အခန်းတိုင်း ဖွင့်လို့ ရနေကြောင်း
နားလည်မှုရှိကြစဉ် မာစတာကီးနဲ့ပတ်သက်ပြီး ပြသနာ မရှိကြ။ သော့မေ့၊ သော့ပျောက်အခါမျိုးတွေမှာပင် မိမိသော့ကို ငှားဖွင့်လို့ရကြောင်း

နားလည်မှုလွဲပြီဆိုတာနဲ့ အဲဒီ မာစတာကီးက ပြသနာကြီးဖြစ်သွားရ
ဟိုဖက်ကလည်း "သူ့မှာ မာစတာကီးရှိနေမှတော့ သော့ခတ်နေလည်း အပိုပဲ" ဖြစ်
ဒီဖက်ကလည်း "သူ့တို့ဘာသာ နေရာထားမှားတာကိုတောင် ငါက တရားခံဖြစ်ရမယ့်ကိန်း" ဖြစ်။
ဒါနဲ့ သော့တွေအကုန်ပြောင်း၊ တစ်ချောင်းစီ ကိုင်။ မာစတာကီးကို ရုံးထဲမှာပဲထား။ သံသယကင်းသွားကြတယ်။



ဒီမှာ မာစတာကီးဆိုတာ အရာရာကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ထိန်းချုပ်ထားလိုမှု အာဏာလောဘလို့ အဓိပ္ပါယ်ကောက်ရင်လည်း ရနိုင်ကြောင်း
ဘယ်လိုပဲဆိုဆို ဗုဒ္ဓအဆုံးအမအရ ပျော်ရွှင်မှုဟူသည် ညီညွတ်ခြင်း
ညီညွတ်ဖို့ နားလည်မှုလိုကြောင်း
နားလည်မှုတည်ဆောက်ဖို့ မာစတာကီးကို စွန့်လွှတ်သင့်က စွန့်လွှတ်ရမည်ဖြစ်ကြောင်း။ ။

သီဟနာဒ

သဘာဝကျကျ ရှင်သန်ဖို့


ဒီ ဗောဓိပင်လေးက အိုးထဲမှာအကြာကြီးနေခဲ့ရပြီး ညောင်ပင်ကြီးလဲလို့ သူ့ကို မြေပေါ်ချစိုက်ထားတာ။ ဖွံ့ဖြိုးချင်လျက် မဖွံ့ဖြိုးရတဲ့အခြေအနေ ကနေ မြေပေါ်လည်းရောက်ရော ရုတ်တရက်ကြီးဖွံ့ဖြိုးလိုက်တော့ သူ့ အကိုင်းတွေက သဘာဝမကျဘူး၊ နွဲ့နှောင်းနေတယ်။ သူ့အကိုင်းတွေကို သူမနိုင်ဘူးလည်းဖြစ်နေလို့ ဒေါက်တိုင်တွေ၊ ကြိုးတွေသုံးပြီး တည့်မတ်ပေး ထားရတယ်။ သူ သဘာဝကျကျ ရှင်သန်ဖို့ နှစ်အနည်းငယ်တော့ လိုမယ့် သဘောပါပဲ။
အရာခပ်သိမ်းဟာ ဒီသဘောအတိုင်းပဲလေလား။



ကျောင်းက (Youth Group) အဖွဲ့က မဆီမဆိုင် ဝိနည်းသိက္ခာပုဒ်တွေ ဖတ်ပြီး ဆွေးနွေးနေကြသတဲ့


ခေါင်းဆောင်က ဥက္ကဋ္ဌသမီး မေဓါ။
ပါစိတ်ပါဠိတော် အင်္ဂလိပ်ပြန်ကိုရောက်နေကြပြီ။ ရဟန်း မြေမတူးရတွေကို ရောက်နေပြီ။ ကလေးတစ်ယောက်မေးခွန်းကိုတော့ သူမနိုင်လို့ ဖော်ဝါ့ဒ်လုပ်လိုက်တယ်။
အားလုံး ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေချိန်မျိုးမှာတောင် ရဟန်းက မြေမတူး၊ စိုက်ပျိုးရေး မလုပ်လား တဲ့။

လောကဝဇ္ဇ (သဘာဝအရ အပြစ်)
ပဏ္ဏတ္တိဝဇ္စ (ပညတ်ချက်ကြောင့်သာ ဖြစ်ရတဲ့အပြစ်) ကို ရှင်းပြပြီး
သိက္ခာပုဒ် တစ်ခုတည်းပေမဲ့ ရဟန်တစ်းပါးချင်းဆီမှာ ဆုံးဖြတ် လုပ်ဆောင် ချက်တွေ တူနိုင်မယ်မဟုတ်ကြောင်း....
ဘာဖြစ်ဖြစ် သိက္ခာပုဒ်မပေါက်စေရဆိုတဲ့ ရဟန်းတွေရှိကြောင်း... (ဝိနယာဓိက)၊
အငတ်ဘေးကနေ လူအများစုကို အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင် မယ်ဆိုရင် အာပတ်ငယ်ကို နောက်မှ ဖြေယူမယ်ဆိုတဲ့ ရဟန်းတွေလည်း ရှိနိုင်ကြောင်း.... (ကရုဏာဓိက)
မိမိကိုယ်တိုင်အတွက် အစာရေစာရဖို့ဆိုရင်တော့ မသင့်တော်လှကြောင်း...
ဝိနည်းလည်းမလွတ် ခေတ်နဲ့လည်း မကွာဟလှအောင် အဖြေပေးလိုက်ရပါ တယ်။
ဒီထက် ကောင်းတဲ့အဖြေများရှိကြရင် သာသနာဝိုင်းပြုကြပါဦး။ ဝိနည်း ငါးကျမ်း အကုန်ဖတ်သွား၊ ဆွေးနွေးသွားကြမှာ တဲ့။

သင်္ကြန်သည် ယဉ်ကျေးမှုသာဖြစ်သည်

ကမ္ဘာ့အရှည်ဆုံး ပုံပြော တီဗွီ ရှိုး

တစ်ထောင့်တစ်ည ပုံပြင်များ ဒဏ္ဍာရီထဲ နေရစ်ခဲ့ပြီ။ နီပေါလူမျိုး၊ အမေရိ ကနေ အသက် ၃၆ နှစ်ရှိ RabiLamichhane ဆိုသူက ဘုရားရှင်နီပေါမှာ မွေး ဖွားသည်" the Lord Buddh Was Born In Nepal " ဆိုသည့် ခေါင်းစဉ်ဖြင့် ခတ္တမန္ဒု တီဗွီ အစီအစဉ်မှာ ပြောသွားရာ ၆၂ နာရီ၊ ၁၂ မိနစ် ကြာခဲ့သည်။ သူမတိုင်မီ အရှည်ဆုံး စကားပြော တီဗွီ ရှိုးက ၅၂ နာရီကြာပြီး ယူကရိန်း လူ မျိုး တင်ခဲ့သော စံချိန်ဖြစ်သည်။ ယခုနေပါလီ (နီပေါလူမျိုး) က ယင်းစံချိန်ကို ချုးလိုက်ခြင်း ဖြစ်သည်။ ပြောသူရော ထုတ်လွှင့်ပေးသည့် တီဗွီလိုင်းကိုပါ ချီးကြူးရပေလိမ့်မည်။

သင်္ကြန်သည် ယဉ်ကျေးမှုသာဖြစ်သည်

ပါဠိအားသန်သော ပညာရှင်တို့က သင်္ကြန်သည် သင်္ကန္တဆိုသည့် ပါဠိမှ ဆင်း သက်သည်ဟု တညီတညွတ်ဆိုကြ၏။ စိတ်ဝင်စားစရာက ထိုင်းနှင့် မြန်မာတို့ မှာ ယဉ်ကျေးမှုတူနေခြင်းသာမက အခေါ်အဝေါ်ပါဆင်နေလေသည်။ သူတို့က Songkara ဟု ခေါ်သည်ဆို၏။ မြန်မာတို့ ပါဠိသံဖလယ်သည့် နည်း အတိုင်းဆိုလျင် သွန်ကရ ဖြစ်မည်။ (Sasana ကို မြန်မာတို့က သာသနာဟု အသံထွက်သည်ကိုထောက် )။ ကရ ကို မြန်မာမှုဆက်ပြုလျင် ကြ ဖြစ်မည်။ သို့ဆိုလျင် သွန်ကြဟု ဆိုနိုင်၏။ ( ပါဠိသက်ဝေါဟာရကို ပြောရာ၊ ရေးရာ၌ ရခိုင်လူမျိုးက ပို၍ စနစ်ကျ၊ မူရင်းကျသည် )


ရေကစားခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ရာ၌ နှစ်ဟောင်းက အညစ်အကြေး များကို သန့်ရှင်းစင်ကြယ်စေခြင်းဟု ဆိုကြသည်။ ထို့ကြောင့် ဤရေက စားခြင်းယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာထက် ဗြဟ္မဏဝါဒနှင့် ပို၍နွှယ်သွားေ လတော့သည်။
တချို့က ဆဒ္ဒန်ဆင်မင်းဇာတ် စတာတွေကို ကိုးကားပြီး ရေကစားခြင်းကို ပင် ထေရဝါဒ အဆုံးအမထဲ မရ အရ ထည့်သွင်းဖို့ ကြိုးစားကြသည်။ မသင့် လှဟုထင်သည်။ ယဉ်ကျေးမှုအနေဖြင့်သာ ရှိသင့်၏။

ထေရဝါဒ အဆုံးအမက စိတ်အညစ်အကြေးကို ရေဖြင့်ဆေးရသည်ဟု မဆို၊ စိတ်ဖြင့်သာ ဆေးရမည်ဟု ဆို၏။ သိုသော် ဗြဟ္မဏဝါဒက ဤယုံကြည်မှုရှိ သည်။ ဂင်္ဂါမြစ်ရေကို ဟိုးလီးဝါတားဟုဆိုကာ ရေချိုးပွဲတော်လည်း ကျင်းပကြ သည်။
အားနာစရာတော့ အနည်းငယ်ကောင်းသည်။
"မကောင်းမှုတွေ စင်ကြယ် ဖို့ ရေဖြင့်ဆေးလို့ရသည်ဆိုလျင် ရေဖြင့်ဆေး ခိုက် ကောင်းမှုတွေလည်း ရေနှင့်အတူ ပါသွားပေလိမ့်မည် "
ဘုရားရှင်က မှတ်သားဖွယ်၊ ပြုံးချင်စဖွယ် မိန့်ဖူးသည်။
မည်သို့ဆိုစေ ရေသည်လည်ကောင်း၊ နှစ်ဟောင်းက အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်ခြင်းည်လည်ကောင်း မွန်မြတ်သော အစဉ်အလာသာ ဖြစ် ပါ၏။

ယဉ်ကျေးမှုနှင့် ဘာသာတရားကို လေးစားသော ရှေးရှေး ရဟန်း၊ လူ ပညာ ရှင် သူတော်ကောင်းတိုက ဗြဟ္မဏဝါဒမှ ခွာထွက်ရန် ဆင်းတုတော်များ ရေ သပ္ပါယ်ခြင်း၊ သက်ကြီးရွယ်အိုတို့ကို ရေချိုး၊ ခေါင်းလျှော်ပေးခြင် စသည့် ကု သိုလ်အမှုတို့ကို ကြိုးစားမိတ်ဆက်ပေးခဲ့ကြ၏။ သို့သော် အတိုင်းအတာ တစ် ခုလောက်အထိသာ အောင်မြင်သည်ဟု မှတ်ယူရပေတော့မည်။

သမိုင်းအတိအကျ ညွှန်မရလောက်အောင် ရှေးကျသော ဤယဉ်ကျေးမှု ကို ဝေဖန်လိုမှုမဟုတ်ဘဲ ထေရဝါဒအဆုံးအမနှင့် တော့ နှီးနွှယ်နေခြင်းမရှိဟု ထင်မြင်မိရုံမျှသာဖြစ်သည်။ ယဉ်ကျေးမှုအနေနှင့် ရန်မဖြစ်ကြသေးသရွေ့၊ အသေအပျောက် မရိုသေးသရွေ့ ကောင်းမွန်သော ယဉ်ကျေးမှုဖြစ်ပါ၏။



သီဟနာဒ  
15/04/2013