ခမ်းနားတဲ့အတိတ်တွေမို့ မမေ့လျော့စေချင်


(Home and Services ဂျာနယ်မှာ ဆရာ နေသစ်နီ(ဆရာတစ်ယောက်ရဲ့ ကလောင်ခွဲဖြစ်ဟန်တူ) ရေးထားတဲ့ ဆောင်းပါးကို ဖေ့စ်ဘုတ်မူနဲ့ညီအောင် အကျဉ်းချုံးပြီး တင်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ဖွင့်ပြောမှုနည်းတဲ့ ဇင်ဝေသော်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ချုံ့ထားသည်ဆိုစေ အတန်ငယ် ရှည်လျားဆဲပါ၊ ဒါ့ကြောင့် နှစ်ပိုင်း ခွဲတင်ပေးလိုက်ပါတယ်။)

ရန်ကုန်မှာရှိစဉ် ဘာသာသွေးမဂ္ဂဇင်းမှာ ဆရာတော်ရော မိမိပါ ရေးဖူးပေမယ့် မသိခဲ့ကြပါ။ ထိုကတည်းက ဆရာတော့် အတွေးတွေက ထူးခြားနေရာ ဆ ရာတော့်ကို လေးစားသွားခဲ့မိသည်။ နောက်တော့ ဆရာတော် သီတင်းသုံး ရာ စင်္ကာပူနိုင်ငံ၊ Eunos ဘူတာအနီး၊ မင်္ဂလာဝိဟာရကျောင်းမှာ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းမှာ ယဉ်ကျေးမှုဘာသာရပ်ကို သင်ပေးဖို့ တာဝန်ယူဖြစ်ခဲ့သည်။ ဆရာတော့်သင်တန်းကပင် ”အနာဂတ်ကို သဲကြီးမဲကြီးလိုက်ရင်း ပစ္စုပ္ပန်ကို လျှောက်လှမ်းနေရာမှ ကြီးကျယ် ခမ်းနားခဲ့ သည့် အတိတ်က အဖြစ်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာ စိုးလို့ ဒီသင်တန်းကို ဖွင့်ခဲ့ပါတယ်“
(မူရင်းဆောင်ပုဒ်က "ပစ္စုန်ကို မကျေနပ်လို့ အနာဂတ်နောက်ကိုလိုက်ရင်း ခမ်းနားတဲ့ အတိတ်က အမွေအနှစ်တွေ မေ့ ကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ပါတယ်" ဖြစ်ပါတယ်)
ဟု ကြွေးးကြော်ခဲ့ရာအတိတ်က ကြီးကျယ်ခမ်းနားခဲ့သည့် ကျွန်တော်တို့ နိုင်ငံ ၏ သမိုင်းတွေကို တူးဆွဖော်ထုတ်ရတာ့မည်ဖြစ်ကြောင်း သဘောပေါက် လိုက်မိပါသည်။

စင်ကာပူရောက်ကလေးတွေ၊ တစ်နည်းအားဖြင့် ပြည်ပနိုင်ငံမှာ အခြေချနေ သည့် ကလေးတွေဟာ အမိနိုင်ငံ၏ အတိတ်က ကြီးကျယ်ခမ်းခဲ့ပုံတွေကို မသိနိုင်သူများ ဖြစ်နေကြသည်။ ထိုသို့မသိခဲ့သည့်အတွက် အမိနိုင်ငံနှင့် ပတ်သက်ပြီး အထင်ကြီးစိတ်တွေလည်း ဝေးလွင့်နည်းပါးခဲ့ရသည်။ ဒါဟာ ယေဘုယျသဘောသာ ဖြစ်ပြီး တစ်ချို့ကလေးမိဘတွေကိုယ်၌က ကိုယ့်နိုင်ငံအပေါ် အထင်ကြီးမှုတွေ ပျောက်ကွယ်ခဲ့ကို တွေ့နေရပါသည်။ တချို့ကလည်း သည်နိုင်ငံကဘွဲ့နှင့် အလုပ်လုပ်စားလို့ မရဘူးဟု ကျေးဇူး ကန်းပေမယ့် တကယ်တမ်းမှာ ထိုဘွဲ့လက်မှတ်နှင့်ပင် စင်ကာပူမှာ အလုပ် လုပ်နေရခြင်း ဖြစ်သည်။ အလုပ်၏ သဘောသဘာဝကို နားလည်သွားလျှင် အလုပ်ဖြစ်သွားပြီး အင်္ဂလိပ်စာတော့ ပိုကောင်းဖို့လိုပါသည်။ ဟိုမှာသန်တန်းေ တွ ထပ်တက်နိုင်ပြီး အင်္ဂလိပ်စကားပြောလေး အဆင်ပြေလျှင် စင်ကာပူ လိုနေရာမှာ အလုပ်လုပ်လို့ ပိုပြီးနေရာရသည်။ အမေရိကန်လိုနေရာမှာတော့ မပြောတတ်ပါ။

ဘာပဲဖြစ်ဖြစ်ဆရာတော့်သင်တန်းမှာ ကလေးတွေကို ကျွန်တော်တို့ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်းပေးခဲ့ကြသည်။ သင်တန်းက တနင်္ဂနွေ တစ်ရက်သာရှိပြီး ညနေငါးနာရီမှ ခုနစ်နာရီအထိဖြစ်သဖြင့် အချိန်ကတော့ နည်းလွန်းလှ၏။ သံဃာတွေက ဘာသာရေးသင်ပြီး ကျွန်တော်တို့က ယဉ်ကျေးမှုကိုသင်ရသည်။



ဆရာဖြစ်သူ ဒေါက်တာခင်မောင်လတ်၊ ကိုအောင်ခိုင်ဆွေ၊ ဖြူဖြူလှိုင်၊ ယဉ် မင်းသူ၊ မနီနီတင်ကနှင့် မိမိတိုက မြန်မာ့သမိုင်း၊ မြန်မာ့ဂီတ၊ မြန်မာ့ရာသီ ဥတု၊ မြန်မာ့ကျောက်မျက်၊ မြန်မာ့ပွဲတော်၊ ၁၂ လ ရာသီ ပန်းဖွဲ့၊ ပန်းဆယ်မျိုး စသည်တို့ကို မိတ်ဆက်သင်ကြားပေးခဲ့ကြသည်။
နောက်ပိုင်း ဆရာမ ဒေါ်အေးအေးခိုင် ရောက်လာပြီး အငယ်တန်းတွေ အတွက် မြန်မာစာကိုမောင်းရတော့သည်။ တစ်လမှ လေးရက်သာရပြီး အချိန်ကလည်းတိုလွန်းဖြစ်ရာ မိဘတွေကိုပါ အိမ်မှာ ဝိုင်းကူခိုင်းရတော့ သည်။ နောက်ပိုင်း စင်ကာပူက ပြန်လာသည့်အခါ ဘာသာရေးနှင့်ယဉ်ကျေးမှု သင်တန်းလည်း ကျန်ဆရာတွေနှင့် ဆက်လက် မောင်းနှင်ခဲ့ကြသည်။


ဤသည်မှာ မိမိနှင့်ဆရာတော်ဦးစိတ္တရတို့ ရေစက်ဆုံခဲ့ပုံဖြစ်၏။ ထိုရေစက်မှာ ထိုမျှနှင့်မပြီးပါ။ မြန်မာပြည် ပြန်ရောက်အပြီး ဆရာတော်ရေးသည့် လီကွမ်ယု၏ “နားဝင်မချိုသော အမှန်တရား” စာအုပ်တွေ၊ ဟန်တင်တန် ၏”လူ့ယဉ်ကျေးမှုပဋိပက္ခနှင့် ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း” စာအုပ်မိတ် ဆက်ပွဲအပြီးမှာပဲ ဆရာတော်စင်ကာပူကို ပြန်ကြွသွားခဲ့သည်။

သူ၏လီကွမ်ယုစာအုပ်သည် ပြုပြင်ပြောင်လဲနေသည့် မြန်မာပြည်အတွက် အလွန်လိုအပ်သော စာအုပ်ဖြစ်ပြီး မကြာမကြာ ထပ်ရိုက်ရသော စာအုပ်လည်းဖြစ်လာခဲ့သည် (၇ ကြိမ်မြောက်ပါပြီ)။ “လူ့ယဉ်ကျေးမှုပဋိပက္ခ” စာအုပ်ကပို၍ လေးနက်သော်လည်း ဒုတိယပိုင်းမထွက်သေးသည့်အတွက် ဝယ်လိုအားနည်းနေခဲ့သေးသည်။

(ဆက်ရန်)

Post a Comment