ဖိုးစိန်ဆင့်သား အငယ်ကောင် ကြွေတဲ့ ည


ဓမ္မဘေရီ ဆရာတော်ကြီးကလည်း ဒီကိုကြွလို့
ဖန်သားပေါ်မှာလည်း မန်ယူက ဆရာကျလို့
အဘိုး ဆရာတော်ကြီး နှုတ်တော်ကလည်း ဝါကျအသစ်တွေ ဖြာကျလို့
ဝါကျအသစ်တစ်ခု ပွင့်လာတိုင်း
(ဟိုက်ဖိုက် လုပ်မရတော့)
ဂင်္ဂါနဲ့ ကိုယ်က ခြေသလုံးကို တစ်ခါ နှိပ်ပေးကြလို့
(ခဏဆို တကယ် ခဏလေး)
နောက်မှ သွားတိုက်တော့မယ်ဆိုပြီး
ဓမ္မဂင်္ဂါက ကွမ်းတွေ ဝါးလို့။




ထွေးရတာခက်လို့ မစားတာပါ ဆိုပြီး
စည်တော်ကြီးကလည်း ကွမ်းရွက်ကို ထုံးသုတ်လို့
ဓမ္မဂင်္ဂါကလည်း သူ့အဘိုးအတွက် ကွမ်းသီးလေးတွေ
အစိတ်စိတ် ညှပ်ပေးလို့
မနက်မှ ပြန်တော့မယ်ကွာဆိုလို့
အောက်ထပ်အခန်းကို လိုက်ပို့ကြလို့။ ။

ဇင်ဝေသော်

Post a Comment