အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ - (1)
အာစီယံနိုင်ငံတွေကလည်း မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ဆန္ဒမရှိခဲ့ကြဘူး။ ဒါ့အပြင် သူတို့ အာစီယံ အစည်းအဝေးထဲကို ပါဝင်ဖို့ ၁၉၉၄ - ခုမှာ လက်ခံကြိုဆိုခဲ့ကြတယ်။ ဥရောပသမဂ္ဂ ပြေရေးဆိုခွင့်ရှိသူရဲ့ စကားအရ ဆိုရင် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ဥရောပသမဂ္ဂရဲ့ ပေါ်လစီဟာ အောင်မြင်မှုမရှိဘူးဆိုတာ သူတို့ ကိုယ်တိုင် လက်ခံလာရပြီး မြန်မာနဲ့ပတ်သတ်လို့ အာစီယံနိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အညီ ပြုမူဆောင်ရွက်ဖို့ သဘော တူလာခဲ့ရတယ်။
(ဟန်တင်တန်)**************************************
၁၉၇၀ နဲ့ ၁၉၈၀ - ခုနှစ်တွေ အတွင်းမှာ နိုင်ငံပေါင်း ၃၀ ကျော်ဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေ စီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြတယ်။ ဒီအပြောင်းအလဲတွေဟာ အကြောင်းအမျိုးမျိုးအပေါ် အခြေခံနိုင်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်ရာမှာ စီးပွားရေးတိုးတက်လာမှုဟာ ယုံမှားဖွယ်မရှိ အဓိက အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ အနောက်ဥရောပ အင်အားကြီး နိုင်ငံတွေအပါအဝင် အမေရိကန်ရဲ့ ပေါ်လစီနဲ့ ဆောင်ရွက်မှုအပြင် နိုင်ငံတကာအဖွဲ့ အစည်း အဝေး ကြီးတွေကလည်း စပိန် ၊ ပေါ်တူဂီ၊ လက်တင်အမေရိကနိုင်ငံ အများအပြား၊ ဖိလစ်ပိုင် ၊ တောင်ကိုးရီးယားနဲ့ ဥရောပ အရှေ့ပိုင်း ( နိုင်ငံတွေ ) အားလုံး ဒီမိုကရေစီစနစ် ကျင့်သုံးလာအောင် တွန်းအားတွေ ပေးနိုင်ခဲ့ပါတယ်။ ခရစ်ယာန်ဘာသာနဲ့ အနောက်တိုင်းလွှမ်းမိုးမှု အားကောင်းတဲ့နိုင်ငံတွေမှာ ဒီမို ကရေစီ ကျင့်သုံးခြင်းဟာ ပိုပြီး အောင်မြင်မှု ရှိပါတယ်။
အသစ်ပေါ်ထွက်လာတဲ့ ဒီမိုကရက်တစ် အစိုးရတွေထဲမှာ ကတ်သိုလစ်နဲ့ ပရိုတက်စတင်း အား ကောင်းတဲ့ တောင်ပိုင်းနဲ့အလယ်ပိုင်း ဥရောပကအစိုးရတွေဟာ တည်တည်ငြိမ်ငြိမ်ရှိဖို့ ရာနှုန်းပိုများပြီး လက်တင်အမေရိက နိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့လောက် မသေချာလှပါဘူး။ အရှေ့ အာရှထဲမှာ ကတ်သိုလစ်နဲ့ အမေရိကန် သြဇာ လွှမ်းမိုးမှုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၁၉၈၀ - ခုနှစ် တွေအတွင်း ဒိမိုကရေစီ စနစ်ကို ပြန်လည်ကျင့် သုံးခဲ့သလို တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်ရှိ ခရစ်ယန်ခေါင်းဆောင်တွေက ဒီမိုကရေစီ ထွန်းကားဖို့ အဓိကဦးဆောင်ခဲ့ကြတယ်။ ရှေ့မှာ ဖော်ပြခဲ့သလို ယခင်ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတွေထဲမှာလည်း ဘော်လ်တစ်ဒေသတွင်း နိုင်ငံတွေရဲ့ ဒီမိုကရေစီက တည်ငြိမ်အောင်မြင်ဖို့ ပိုများပြီး အော်သိုဒေါက်နိုင်ငံတွေရဲ့ ဒီမိုကရေစီဟာ ပုံစံအမျိုးမျိုး ကွဲပြားနေနိုင်ပြီး ရေရာမှုလည်း သိပ်မရှိလှပါဘူး။ မွတ်စလင်နိုင်ငံတွေ အတွင်း ဒီမိုကရေစီ ထွန်းကားရေးကတော့ အလားအလာ နည်းလွန်းလှပါတယ်။
၁၉၉၀ - ခုနှစ်တွေအတွင်းမှာ အာဖရိကက လွဲရင် နိုင်ငံတော်တ်ာများများဟာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ လူထုတွေဟာ အနောက်တိုင်း ခရစ်ယာန်ဘာသာဝင်တွေဖြစ်သလို ခရစ်ယာန် ဘာသာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေလည်း ဖြစ်နေပါတယ်။
ဒီမိုကရေစီအကူးအပြောင်းနဲ့ ဆိုဗီယက် ပြိုကွဲမှုကြောင့် အနောက်နဲ့ အထူးသဖြင့် အမေရိကန်နိုင်ငံထဲမှာ ဒီမိုကရေစီတော်လှန်ရေးဟာ အားကောင်းလာနေပြီဆိုတဲ့ ယုံကြည်မှု ရှိနေခဲ့ကြတယ်။ အနောက်တိုင်းရဲ့ လူ့အခွင့်အရေးသဘောထား၊ အနောက်တိုင်းရဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံသဏ္ဍန်ဟာ ကမ္ဘာ တစ်ဝှမ်းလုံး ရေပန်းစား နေပြီလို့ ယူဆလာကြတယ်။ ဒါကြောင့် ဒီမိုကရေစီထွန်းကားရေး အားထုတ်မှုဟာ အနောက်နိုင်ငံတွေရဲ့ ဦးစားပေး ရည်ရွယ်ချက် ပန်းတိုင် ဖြစ်လာခဲ့တယ်။ ဒါကို ဘု(ရှ်) အစိုးရက ထောက်ခံပြီး ၁၉၉၀ -ခု ဧပြီလထဲမှာ ပြည်ထဲရေး ဝန်ကြီး ဂျိန်းဘေကာ ( James Baker ) က “ သြဇာလွှမ်းမိုးမှု ကြိုးစား ခြင်းရဲ့ အခြားတစ်ဖက်မှာ ဒီမိုကရေစီ ရှိနေတယ်။ ” နောက်ပြီး စစ်အေးလွန်ကမ္ဘာအတွက် “ ဒီမိုကရေစီ ဖွဲ့ဖြိုးရေးနဲ့ ဒီမိုကရေစီ ရေရှည်တည်တန့်စေရေး ကိစ္စကို ဦးတည်ချက်ပန်းတိုင် အသစ်အဖြစ် သမ္မတ ဘု(ရှ်) က ချမျတ် ပေးခဲ့ပါတယ်လို့ ” ကြေငြာခဲ့တယ်။
၁၉၉၂ -ခု သမ္မတ ရွေးကောက်ပွဲ စည်းရုံးရေးကာလထဲမှာ ဘီ(လ်) ကလင်တန် ( Bill Clinton ) ကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကလင်တန် အစိုးရအနေနဲ့ အထူးဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့တယ်။ သူ့ရဲ့ စည်းရုံးရေးကာလတစ်လျှောက်လုံး ပြောခဲ့သမျှတွေထဲမှာ သူ့ရဲ့ အဓိက နိုင်ငံခြားရေးပေါ်လစီဟာ ဒီမိုကရေစီကျင့်သုံးကြဖို့ အားပေးခြင်းသာဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သမ္မတရာထူး ရလိုက်တယ်ဆိုရင်ပဲ ဒီမိုကရေစီ ဖွဲ့ဖြိုးရေးအတွက် အမျိုးသားထောက်ပံ့ငွေ ( National Endownment For Democracy ) သုံးပုံနှစ်ပုံ တိုးပေးဖို့ အကြံပြုခဲ့တယ်။ သူ့ရဲ့ အမျိုးသားရေး လက်ထောက်အရာရှိကလည်း သူတို့ရဲ့ အဓိကနိုင်ငံခြားရေးပေါ်လစီဟာ ဒီမိုကရေစီစနစ် ပိုမိုဖွဲ့ဖြိုးတိုးတက်ရေး (Enlargement Of Democracy) ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကလည်း ဒီမိုကရေစီဖွံ့ဖြိုးရေး အားထုတ်မှုဟာ အဓိက ဦးတည်ချက်လေးရပ်မှာ တစ်ရပ်ဖြစ်တယ်လို့ဆိုပြီး ဒီဦးတည်ချက် အထမြောက် အောင်မြင်စေဖို့ အဆင့်မြင့်ရာထူးတစ်နေရာ တိုးချဲ့ ခန့်အပ်ခဲ့တယ်။
အမေရိကန်တွေလောက် မသိသာလှပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး ကိစ္စတွေဟာ ဥရောပနိုင်ငံတွေရဲ့ အဓိကနိုင်ငံခြားရေး ပေါ်လစီဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်း ထိန်းချုပ်မှု အောက်မှာရှိတဲ့ နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းတွေကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေချေးငှားခြင်းမှာ ဒီကိစ္စကို အဓိက လိုအပ်ချက်အဖြစ် သတ်မှတ်ခဲ့ကြတယ်။
၁၉၉၅ - ခုနှစ်ထဲ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ပန်းတိုင်နှစ်ခုနဲ့ ပတ်သတ်တဲ့ ကြိုးပမ်းမှုကတော့ အတိုင်းအတာ တစ်ခုအထိသာ အောင်မြင်မှု ရရှိခဲ့တယ်။ အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်း အားလုံးလိုလိုက အနောက်ကပေးလာတဲ့ ဖိအားကို ငြင်းဆန်ခဲ့ကြတယ်။ ဒီအထဲမှာ ဟိန္ဒူ၊ အော်သိုဒေါက် ၊ အာဖရိကန်နဲ့ လက်တင်အမေရိက နိုင်ငံတစ်ချို့တောင် ပါဝင်ခဲ့ပါတယ်။ အနောက်ရဲ့ ဒီမိုကရေစီထွန်းကားရေးကို ခါးခါးသီးသီး ငြင်းဆန်ကြတာကတော့ အစ္စလာမ်ကမ္ဘာနဲ့ အာရှတိုက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီငြင်းဆန်မှုဟာ အစ္စလာမ်ဘာသာ နိုးထခြင်း၊ ( Islamic Resurgence ) နဲ့ အာရှရဲ့ ရပ်တည်ချက် သဘောထား ( Asian Affirmation ) တွေက စုစည်းပေးလိုက်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေး လှုပ် ရှားမှုကြီးတွေအပေါ် အခြေခံပါတယ်။
အာရှနိုင်ငံတွေနဲ့ ပတ်သတ်ပြီး အမေရိကန်တွေရဲ့ ကြိုးပမ်းမှု အရာမထင်ခြင်းဟာ သူတို့နိုင်ငံ အစိုးရတွေရဲ့ စီးပွားရေး ကြွယ်ဝချမ်းသာမှုနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်ချက်ပိုမို ခိုင်မာလာခြင်းကြောင့် ဖြစ်ပါတယ်။ အာရှ သတင်းသမားတွေကလည်း အာရှဟာ အနောက်အပေါ် မှီခိုနေရခြင်း၊ အနောက်ရဲ့ လက်အောက်ခံ ဖြစ်ရခြင်းဆိုတာတွေ အခုမရှိတော့ဘူး၊ ၁၉၄၀ - ခုနှစ်တွေမှာ ကမ္ဘာ့ စီးပွားရေးတစ်ဝက် လွှမ်းမိုးထားနိုင်မှု၊ ကုလသမဂ္ဂကိုဦးစီးထားမှုနဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြေငြာချက်စာတမ်း ဆိုတာတွေက လည်း သမိုင်းထဲမှာ ကျန်နေရစ်ခဲ့ပြီလို့ ထပ်တလဲလဲ သတိပေး ( ပြောဆိုရေးသား ) ခဲ့ကြတယ်။
စင်္ကာပူအရာရှိ တစ်ယောက်က ဒီလို စောဒကတက်တယ်။ “ အာရှတိုက်ထဲ လူ့အခွင့်အရေးတိုးတက်အောင် အားထုတ်နေမှုက စစ်အေးလွန်ကမ္ဘာမှာ အနောက်ရဲ့အင်အား ကျဆင်းလာနေတယ်ဆိုတာကို ညွှန်ပြနေတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှအပေါ် အနောက်ရဲ့ သြဇာလွှမ်းမိုးမှုဟာ သိသိသာသာ ကြီး ကျဆင်းလာနေတယ်" (Note – 13)
သူပြောတာမှန်ပါတယ်။ အနုမြူကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ကြားက သဘောတူညီမှု ပျက်ပြားခြင်းကို “ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် အလျှော့ပေးလိုက်ခြင်း (negociated surrender) ” လို့ စကားလှသုံးလို့ ရနိုင်ပေမယ့်လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ အခြားအင်အားကြီး နိုင်ငံတွေကို အလျှော့ပေးလိုက်ရတာကတော့ အကြွင်းမဲ့လက်မြှောက်လိုက်ရခြင်း (unconditional surrender) ဖြစ်သွားပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး တိုးတက်ကောင်းမွန်လာခြင်း မရှိဘူးဆိုရင် အထူးအခွင့်အရေးပေး ဆက်ဆံမှုကနေ ရပ်ပစ်ရလိမ့်မယ်လို့ တရုတ်ကို ခြိမ်းခြောက်လိုက် ပြီးတဲ့နောက် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်း(ပီကင်း) ကိုရောက်တော့ အရှက်ခွဲခံလိုက်ရတယ်ဆိုတာ ကလင်တန် အစိုးရအနေနဲ့ ပထမဆုံး ကြုံတွေ့လိုက်ရတယ်။ သူ့မှာ အရှက်ပြေ မျက်နှာဆယ်ခွင့် တောင်မရခဲ့ဘူး။ အဲဒီနောက် အရင်ကရှိခဲ့တဲ့ ပေါ်လစီကို ရုပ်သိမ်းပြီး အထူးအခွင့်အရေးပေးနိုင်ငံ (MFN= Mast Favored Nation) သတ်မှတ်ချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုကို တစ်သီးတစ်သန့်စီ ခွဲခြားလိုက်ရတော့တယ်။
တရုတ်ကတော့ ဒီအားနည်းချက်ကို အမိအရယူပြီး ကလင်တန်အစိုးရ ကန့်ကွက်မှုတွေကို မသိကျိုးကျွံပြုရင်း ပုံမှန်ပဲ လုပ်ဆောင်နေခဲ့တယ်။ စင်္ကာပူက အမေရိကန်လူမျိုးကို ကြိမ်ဒဏ်ပေးမှု၊ အရှေ့တီမောတွေအပေါ် အင်ဒိုနီးရှားက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမှာ လည်း ကလင်တန် အစိုးရဟာ အလားတူကြုံတွေ့ခဲ့ရတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး အနောက်ကပေးလာတဲ့ ဖိအားတွေကို အာရှအစိုးရတွေက တွန်းလှန်နိုင်တယ်ဆိုရာမှာ အချက်အလက် အများကြီးအပေါ်မှာ မူတည်နေပါတယ်။ အမေရိကန်နဲ့ ဥရောပ စီးပွားရေးသမားတွေက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အာရှမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်လျက် ရှိကြပြီး ဒါကြောင့် သူတို့နဲ့ အာရှစီးပွားရေးကို ထိခိုက်နစ်နာစေမယ့် ဖိအားတွေ မပေးမိစေဖို့ အစိုးရတွေအပေါ် ဖိအားတွေ ပြန်ပိနေစေတယ်။ ဒါတွေအပြင် အာရှနိုင်ငံတွေက အနောက်အစိုးရ တွေအနေနဲ့ အဲသလိုဖိအားတွေ ပေးနေခြင်းဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းလို့ လက်ခံထားကြပြီး အရေးပေါ်ကိစ္စပေါ်လာတိုင်း တစ်နိုင်ငံကိုတစ်နိုင်ငံ ထောက်ခံကြရင်း (တညီတစ်ညွတ်တည်း) တစ်သွေးတစ်ယောင်တည်း ရှိနေတတ်တယ်။ တရုတ်ပြည်ထဲမှာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားကြတဲ့ ထိုင်ဝမ်၊ ဂျပန်နဲ့ ဟောင်ကောင်စီးပွားရေးသမားတွေက တရုတ်ပြည်ကို အမေရိကန်ရဲ့ အထူးအခွင့်အရေးပေးနိုင်ငံအနေနဲ့ ဆက်လက်တည်ရှိနေရေးကို အကြီးအကျယ်လိုလားကြတယ်။ ဂျပန်အစိုးရက အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေးပေါ်လစီကနေ ခပ်ခွာခွာနေလာခဲ့တယ်။ တီယန်နန်မင် အရေးအခင်းဖြစ်ပြီး မကြာမီမှာပဲ ဂျပန်ဝန်ကြီးချုပ် ကီချီမီယာဇာဝါ ( Kiichi Miyazawa ) က လူ့အခွင့်အရေးသတ်မှတ်ချက်တွေကြောင့် သူတို့နဲ့ တရုတ်ပြည်ရဲ့ စီးပွားရေး အဆက်အဆံ အပျက်မခံနိုင်ဘူးဆိုတဲ့ အကြောင်း ပြောခဲ့တယ်။
အာစီယံနိုင်ငံတွေကလည်း မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ဆန္ဒမရှိခဲ့ကြဘူး။ ဒါ့အပြင် သူတို့ အာစီယံ အစည်းအဝေးထဲကို ပါဝင်ဖို့ ၁၉၉၄ - ခုမှာ လက်ခံကြိုဆိုခဲ့ကြတယ်။ ဥရောပသမဂ္ဂ ပြေရေးဆိုခွင့်ရှိသူရဲ့ စကားအရ ဆိုရင် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ဥရောပသမဂ္ဂရဲ့ ပေါ်လစီဟာ အောင်မြင်မှုမရှိဘူးဆိုတာ သူတို့ ကိုယ်တိုင် လက်ခံလာရပြီး မြန်မာနဲ့ပတ်သတ်လို့ အာစီယံနိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အညီ ပြုမူဆောင်ရွက်ဖို့ သဘော တူလာခဲ့ရတယ်။
နောက်ပြီး မလေးရှားနဲ့အင်ဒိုနီးရှားလို နိုင်ငံတွေကလည်း အားကောင်းလာတဲ့ စီးပွားရေး အင်အားကြောင့် သူတို့ အပေါ် ဝေဖန်ပုတ်ခတ်တဲ့၊ သူတို့တားမြစ်ထားမှုတွေကို လွန်ကျူးတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေအပေါ် တန်ပြန် ပေါ်လစီတွေ ကျင့်သုံးလာနိုင်တယ်။ (Note 14)
ယေဘူယျအားဖြင့် စီးပွားရေး အင်အား တိုးတက်လာမှုဟာ လူ့အခွင့်အရေး ဒီမိုကရေစီနဲ့ ပတ်သတ်လို့ အနောက်ကပေးလာတဲ့ ဖိအားတွေကနေ ပိုမို လွတ်မြောက်ဖို့ ဖန်တီးပေးလာတယ်။ ၁၉၉၄ - ခုနှစ်မှာ ရစ် ချက် နစ်(က်)ဆင် ( Richard Nircon ) က “ဒီနေ့ တရုတ်ပြည်ရဲ့ အင်အားက လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ တရုတ်ကိုပေးနေတဲ့ အမေရိကန်ရဲ့ သင်ခန်းစာဟာ မဆင်မချင် ပြုလုပ်မှု တစ်ခု ဖြစ်နေပြီး နောက်ဆယ်နှစ်ကြာတဲ့အခါ အံဝင်ခွင်ကျ မဖြစ်ဘူး ဆိုတာ ပြသလာလိမ့်မယ်” လို့ မှတ်ချက်ချခဲ့တယ်။ (Note 15)
ဒါပေမယ့် အဲဒီအချိန်ရောက်ရင် တရုတ်စီးပွားရေး အင်အား တိုးတက်လာမှုကြောင့် အနောက်တိုင်း သင်ခန်းစာတွေဟာ တရုတ်အတွက် လုံးဝမလိုအပ်ဘဲ ပေးခဲ့တာတွေဆိုတာ ဖြစ်စေပါလိမ့်မယ်။ စီးပွားရေးအင် အားတောင့်တင်းလာမှုကြောင့် အနောက် အစိုးရတွေနဲ့ ယှဉ်လိုက်ရင် အာရှအစိုးရတွေကို ပိုအားကောင်းလာစေပါတယ်။ ရေရှည်မှာဆိုရင် အာရှလူ့အဖွဲ့အစည်းကလည်း ပို အားကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် အာရှလူချမ်းသာ၊ လူ့လတ်တန်းစားတွေက ဒီမိုကရေစီကို လိုလိုလားလား ရှိလာနိုင်တဲ့အတွက် အာရှနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် အားကောင်းလာနိုင်ပါလိမ့်မယ်။
- ဆက်ရန်
ဇင်ဝေသော်
(မှတ်ချက်။ ။စာမျက်နှာ အချို့ ကျော်ထားသည်။ - အက်ဒမင်)
Previous posts
(1)
http://tiny.cc/8kkwnx(2)
http://tiny.cc/pyrxnx(3)
http://tiny.cc/kveznx(4)
http://tiny.cc/x5d1nx