အနောက်တန်ဖိုးလူ့တန်ဖိုး။ ။ ညီအကိုနိုင်ငံရေး သီအိုရီ


၁။ အနောက်တန်ဖိုးမဟုတ်၊ လူ့တန်ဖိုးပါ

အရင်အပတ်က အမေရိကန် ကာကွယ်ရေးဦးစီးချုပ် နှုတ်ထွက်တယ်(သို့)နေရာ အရွှေ့အပြောင်းရှိခဲ့တယ်။ ဒီအပတ်(ဒီနေ့သတင်းစာမှာ)လူမည်းလေး ကို ပစ် သတ်မှုအတွက် ရဲအရာရှိတစ်ယောက် နှုတ်ထွက်တယ်။
ကာချုပ်ရဲ့ကိစ္စက ကြီးကျယ်ပေမဲ့ ရဲအရာရှိနဲ့ပတ်သက်လို့တော့ အကြမ်းဖက်မှု၊ အသေခံ ဗုံးခွဲမှုတွေကြောင့် သူ့ကို အပြစ်တင်သူ အတော်နည်းပါတယ်။ ဒါပေမဲ့ သိက္ခာကိုတန်ဖိုးထားသူတွေဟာ ဒီလိုပဲဆုံးဖြတ်ကြပါတယ်။ ဒါက အနောက် တန်ဖိုးပဲ မဖြစ်သင့်ပါဘူး၊ သိက္ခာရှိတဲ့ လူ့တန်ဖိုးဖြစ်သင့်ပါတယ်။ ဒီလိုပြောလို့ မြန်မာအစိုးရအရာရှိတွေ သိက္ခာမရှိဘူးဆိုတဲ့အဓိပ္ပါယ်ရောက်သွား ပါသလား။ စိတ်မကောင်းပါ၊ မရည်ရွယ်ပါ။

၂။ ညီအကိုနိုင်ငံရေး သီအိုရီ


ပို့စ်လည်းတင်ခဲ့ပါတယ်၊ နီးစပ်ရာကိုလည်း စပ်မိတိုင်းပြောပါတယ်။
နိုင်လောက်ရင်"ပြည်သူ့ဆန္ဒအရ"ဆိုပြီး ဦးသိန်းစိန် ရွေးကောက်ပွဲဝင်မှာ"လို့။ ဒါက သမ္မတရဲ့ လတ်တလောလေသံကိုနားထောင်ရင် မှန်သလိုလိုပါ။
"ဦးရွှေမန်းနဲ့ဦးသိန်းစိန်က သိပ်အစေးမကပ်လှဘူး" ဆိုတဲ့ လေသံတွေလည်း ထွက်တတ်ပါတယ်။ ဒါက မှန်၊ မမှန်ပါ။
နိုင်ငံရေးမှာ ဘုံရန်သူရှိနေရင် အကျိုးတူပူးပေါင်းမှုလည်းရှိတတ်ပါတယ်။ သူတို့ ဘုံရန်သူက အဖွဲ့ချုပ်ပါ (ဘုံရန်သူဆိုတဲ့ဝေါဟာရကိုသုံးလို့ မခံမရပ်နိုင် မဖြစ်ကြပါ နဲ့၊ နိုင်ငံရေးသီအိုရီမှာ အတိုက်အခံကို ဘုံရန်သူလို့ သုံးကြပါတယ်။) ဒီထက်တိကျအောင်ပြောရရင် သူတို့ ဘုံရန်သူကဒေါ်စုပါပဲ။ အဖွဲ့ချုပ်(သို့) ဒေါ်စု အားနည်းသွားပြီး သူတို့ကိုမခြိမ်းခြောက်နိုင်တော့ဘူးဆိုရင်တော့ ဘုံရန်သူ မရှိတော့တဲ့အတွက် သူတို့ချင်း ကွဲလွဲမှုက ပိုကြီးသွားနိုင်ပါတယ်။
(ဒီကောက်ချက်က ညီအကို အိမ်တွင်းမှာ တကျက်ကျက်ပေမဲ့ အပြင်က သူတို့ အရွယ်တူတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် သူတို့ချင်းပေါင်းမိသွားမယ်၊ အိမ်ပြန်ရောက်ရင် ဟင်းလု၊ အရုပ်လု၊ ဘာလု၊ ညာလုရင်း ရန်ပြန်ဖြစ်ကြမယ် ဆိုတဲ့ သီအိုရီပါ)

နောက်အယူအဆတစ်ခုက "ဦးရွှေမန်းနဲ့ဒေါ်စု ပေါင်းမိသွားနိုင်တယ်၊ ဦးသိန်းစိန် ကို ဘေးထုတ်လိုက်ကြမယ်" ဆိုတာပါ။ ဒါကတော့ အကောင်းမြင်တာ များလွန်း သွားတယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။
ဘာလို့လဲရဲ့အဖြေနဲ့ "ဦးရွှေမန်းနဲ့ဦးသိန်းစိန်က သိပ်အစေးမကပ်လှဘူး" ရဲ့အဖြေက အတူတူပါ။

သူတို့နှစ်ယောက်ကို ဇာတ်ဆရာက မတူညီတဲ့ပုံစံနဲ့ လူထုကို မိတ်ဆက်ပေးထား တယ်၊
ဘယ်သူ့ကိုရှေ့တင်ရင်နိုင်လောက်မလဲ?
(တနည်း) ဘယ်ကာရိုက်တာကို လူထုက ပိုလက်ခံမလဲ အရွေးခိုင်းထားတယ်။

၁။ နိုင်ခြေရှိသူက ရွေးကောက်ပွဲဝင်မယ်၊ ကျန်သူက နောက်ဆုတ်ပေးမယ်။
၂။ နှစ်ယောက်ပေါင်းမှ နိုင်လောက်မယ်ထင်ရင် ပါတီတောင် ခွဲချင် ခွဲလိုက်ကြ မယ်၊ ရွေးကောက်ပွဲပြီးမှ ပြန်ပေါင်း၊ ပါတီကွဲ၊ ရည်ရွယ်ချက်တူ၊ အကျိုးစီးပွားတူ။ (ဖြစ်နိုင်ခြေ အထိုက်အလျောက်ရှိ)
၃။ ၂၀၁၅ မတိုင်မီ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်က ရုပ်ပျက်ဆင်း ပျက်ဖြစ်းသွားမယ်ဆိုရင် လက်ရှိကာချုပ်(သို့)အခြားတစ်ယောက်နဲ့ အစားထိုး မယ်။((ဖြစ်နိုင်ခြေ အလွန်နည်း)
(ဒါကတော့ ဟန်တင်တန်ရဲ့ ဝှက်ဖဲ သီအိုရီပါ။ ညီအကိုနှစ်ယောက် အပြင်က ရန်သူနဲ့တွေ့တဲ့အခါ ( နိုင်ခြေလည်းရှိရင်) နိုင်ခြေရှိသူနဲ့ အဖိုက်ခိုင်းပြီး ကျန် တစ်ယောက်က ရပ်ကြည့်အားပေးမယ်။ မနိုင်လောက်ရင် နှစ်ယောက်စလုံး ဝင်ဆော်မယ်ဆိုတဲ့ သီအိုရီပါ။)

ဒါဖြင့် ဒီ ညီအကို ဘာလို့ ဒီလို ပြုမူတာလဲ။
သူတို့ခြေထောက်ပေါ်သူတို့ မရပ်နိုင်သေးလို့၊ အရွယ်မရောက်သေးလို့၊ အုပ်ထိန်း သူ(ကြီး)ရှိနေသေးလို့ပါ။ သူတို့သာ အရွယ်ရောက်သူတွေဆိုရင် ဒီသီအိုရီ လွဲ သွားနိုင်ပါတယ်။

နိုင်ငံရေးဆိုရင်တော့ အဖြေက နိုင်ငံရေးမို့ပါ။

အမှာ။ ။ ၁ နဲ့ ၂ က ဆက်စပ်မှု လုံးဝမရှိပါ။ သင်ကိုယ်တိုင်ရအောင်ဆက်မှု၊ မဆက်မှုက စာရေးသူနဲ့ မဆိုင်ပါ။

Post a Comment